ဘဒ္ဒန္တ၀ိစိတ္တာဘိသံသ “၀ီရသူ-မစိုးရိမ်” အတ္ထုပ္ပတ္တိ ( သို ) ကိုယ်ရေးရာဇ၀င်အကျဉ်း

ဘဒ္ဒန္တ၀ိစိတ္တာဘိသံသ “၀ီရသူ-မစိုးရိမ်” ၏  အတ္ထုပ္ပတ္တိ

( သို့ )

ကိုယ်ရေးရာဇ၀င်အကျဉ်း

 

မွေးသက္ကရာဇ်

ခရစ်နှစ် ၁၉၆၈ ခုနှစ် ဇွန်လ ၂၆ ရက်၊ မြန်မာသက္ကရာဇ် ၁၃၃၀ ခုနှစ်၊ ၀ါဆိုလဆန်း (၂ ) ရက်၊ ဗုဒ္စဟူးနေ့။

ဇာတိ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၊ အောက်ချိုင်းရပ်၊ ပြည့်သူ့ဆေးရုံကြီး။

မိဘနှစ်ပါး

အဘ- ဦးခင်မောင်ဝင်း

ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်၊ ကျုံမငေးမြို့။

စက်မူလယ်ယာ၊ ထွန်စက်မောင်းဝန်ထမ်း။

အမိ- ဒေါ်တင်တင်ဦး

မန္တလေးတိုင်း ၊ကျောက်ဆည်မြို့ ၊အောက်ချိုင်းရပ်။

အလုပ်အကိုင်- အိမ်သူ (မှီခို)။

မွေးချင်း ( ၈ ) ယောက်

(၁) မချို (ခ) ခင်မေဦး (ကချင်ပြည်နယ်၊ ဖားကန့်၊ ဗြူတီပါလာ)

(၂) မောင်ဝင်းခိုင်ဦး (မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ စာချ။ နာယက)

(၃) မ၀ါဝါစိုး (မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ မြင်စိုင်းရွာ၊ တောင်သူ)

(၄) ဖိုးသောကြာ (မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ မြင်စိုင်းရွာ၊ လက်သမား)

(၅) မနှင်းဝါ၀ါထွေး (ဧရာဝတီတိုင်း၊ ကျုံမငေးမြို့၊ တောင်သူ)

(၆) မောင်မိုးအောင်ဖြိုး (ထိုင်းနိုင်ငံ၊ နယ်စပ်၊ သစ်လုပ်ငန်း)

(၇) ကိုကိုနိုင် (ဧရာဝတီတိုင်း၊ ကျုံမငေးမြို့၊ အရောင်းအ၀ယ်)

(၈) မနီလာလွင် (မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ မြင်စိုင်းရွာ၊ အိမ်သူ မှီခို)

ဤ မွေးချင်း (၈)ယောက်တွင် အရှင်ဝီရသူသည် ဒုတိယမြောက်သားကောင်းရတနာ ဖြစ်ပြီး၊ ငယ်နာမည်မှာ မောင်ဝင်းခိုင်ဦး ဖြစ်သည်။

မောင်ဝင်းခိုင်ဦးသည် ငယ်စဉ်ကမြောင်းမြမြို့ စက်မူလယ်ယာထွန်စက်စခန်းတွင် မိဘများနှင့်အတူ နေထိုင်ခဲ့ပါသည်။ ဖခင်ဖြစ်သူဦးခင်မောင်ဝင်းမှာ ထွန်းစက်မောင်းသမားဖြစ်သောကြောင့် ဖခင်နှင့်အတူ နယ်ပြောင်းတိုင်း လိုက်ပါသွားရပါသည်။ ထိုအချိန်က မိုဘိုင်း(လ်)စာသင်ကျောင်းလည်း မရှိသေးသောကြောင့် ကျောင်းထားနောက်ကျ ခဲ့ရပါသည်။ ၁၉၇၆ ခု ဧရာဝတီ မုန်တိုင်းတိုက်ခတ်ချိန်က မောင်ဝင်းခိုင်ဦးသည် သူငယ်တန်းကြီးကျောင်းသားဘ၀ဖြင့် မြောင်းမြမြို့မှာပင် ရှိပါသေးသည်။

ထို့နောက်မိခင်၏ ဇာတိဖြစ်သောကျောက်ဆည်မြို့သို့ ပြောင်းရွှေ့အခြေချကာ သမ္မာအာဇီဝလုပ်ငန်းများဖြင့် လုပ်ကိုင်စားသောက်ပါသည်။ မောင်ဝင်းခိုင်ဦးသည် ငယ်စဉ်အခါကပင် မိဘများ၏အလုပ်များကို ကူညီလုပ်ကိုင်ရင်း ကျောင်းတက်ခဲ့သူ ဖြစ်ပါသည်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်ထိ ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက် အ.မ.က(၆) တွင်လည်းကောင်း၊ ၁၉၈၂ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ ကျောက်ဆည်မြို့ အောက်ချိုင်းရပ်ကွက် အ.ထ.က(၁) တွင်လည်းကောင်း၊ အခြေခံပညာရေးနှင့်ပတ်သက်သော ကျောင်းစာများ သင်ကြားခဲ့ပါသည်။

၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်၊ ၁၃၄၆ ခု တန်ပေါင်းလကွယ်နေ့၊ တနင်္လာနေ့တွင်၊ ကျောက်ဆည်မြို့ စုကြီးရပ်ကွက် ရွှေလှံထောင်ကျောင်းတိုက်တွင် ဘကြီးတော်စပ်သူ ရွှေလှံထောင်ကျောင်းဆရာတော် ဘဒ္ဒန္တပညာသာမိ မထေရ်ကို ဥပဇ္ဇျာယ်ပြု၍ သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပါသည်။ ပစ္စည်းလေးပါးအလှူရှင် ရှင့်ဒါယိကာမမှာ သီလရှင်ဆရာကြီး ဖွားမာလာထေရ် ဖြစ်ပါသည်။ ရှင်သာမဏေ၀တ်စဉ် ဘကြီးတော်စပ်သူ ဘဒ္ဒန္တပညာသာမိမထေရ်၏ ဆုံးမလမ်းညွှန်အမှုဖြင့် ကျောင်းပိတ်ရာသီသုံးလနီးပါးကို တရားစာဖတ်ခြင်း၊ ကျောင်းတိုက်ဝေယျာဝစ္စပြုလုပ်ခြင်း၊ တရားနာခြင်း၊ တရားထိုင်ခြင်းတို့ဖြင့် ကုန်ဆုံးစေခဲ့ပါသည်။ ဘကြီးတော်သူဘဒ္ဒန္တပညာသာမိမဟာထေရ်မြတ်ကြီးသည် ယခုအခါ သက်တော် (၈၅)နှစ်ထဲသို့ ၀င်ရောက်နေပြီး ကျေးဇူးရှင် ဝေဘူဆရာတော်ကြီး၏ တပည့်ရင်းတစ်ပါးဖြစ်ပါသည်။ ကျေးဇူးရှင်ဝေဘူဆရာတော်ဘုရားကြီးကိုဥပဇ္ဖျာယ်ပြု၍ ရဟန်းခံခဲ့ပြီး ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးထံမှာ ၂၅ နှစ်တိတိ နိသာယည်းယူကာ တရားအားထုတ်ခဲ့သူ ဖြစ်ပါသည်။ ကျောင်းသားလေး မောင်ဝင်းခိုင်ဦးသည် အဆိုပါ ဘကြီးတော်ထံမှ ဝေဘူဆရာတော် ဘုရားကြီး၏ ဥပနိဿယည်းကိုရရှိခဲ့ပြီး တရားဘာဝနာနှင့်မွေ့လျော်သည့် “ကိုရင်ဝိလာသ” ဖြစ်လာခဲ့ပါ သည်။

သာသနာတော်၌ အမြဲနေဖို့အစီအစဉ်မရှိ။  ကျောင်းပိတ်ရာသီ အခိုက်အတန့်သာ ကိုရင်ဝတ်ဖို့စိတ်ကူးခဲ့သော်လည်း ကျောင်းဖွင့်သည့်အခါ လူဝတ်မလဲတော့ပါ။ ကျောင်းလည်းမတက် တော့ပါ။ ရှစ်တန်းအောင် ကိုးတန်းတက်ရမည် ဖြစ်သော်လည်း ကျောင်းဆက်မတက်တော့ဘဲ သာသနာ့ဘောင်မှာပဲ ထူးချွန်သည့် သာသနာ့သားကောင်းတစ်ပါးဖြစ်အောင် ကြိုးစားတော့မည်ဟု သန္နဋ္ဌာန်ချခဲ့ပါတော့သည်။ ကျောင်းဖွင့်လျှင် လူပြန်ထွက်လိမ့်မည်ဟု မှတ်ထင်ထားသည့် ဆွေမျိုးများသည် လုံးဝလူမထွက်တော့သည့်အခါ တုန်လှုပ်ခြောက်ခြားသွားကြပါတော့သည်။ ကိုရင်အမြဲဝတ်ဖို့ သဘောမတူကြတော့ပါ။ ထိုသို့သဘောမတူကြသူများမှာ အုပ်စုနှစ်စု ဖြစ်နေသည်ကို တွေ့ခဲ့ရပါသည်။

ပထမအုပ်စုမှာ ဆယ်တန်းလည်းမအောင် သာသနာ့ဘောင်မှာလည်းမမြဲဘဲ ဟိုမရောက် သည်မရောက် ဖြစ်မှာစိုးသည့်အုပ်စုဖြစ်ပြီး၊  ဒုတိယအုပ်စုမှာ ကျောင်းနေဘွဲ့ရ ပညာတတ်ကြီးဘ၀ဖြင့် မိဘကိုလုပ်ကျွေးရမည် ဆိုသည့်အုပ်စု ဖြစ်ပါသည်။ ထိုဒုတိယအုပ်စုတွင် ဖခင်ဖြစ်သူ ဦးခင်မောင်ဝင်းက ထိပ်ဆုံးကဖြစ်ပြီး သင်္ကန်းဆွဲမချွတ်ရုံတမည် ခြိမ်းခြောက်ပြီး လူဝတ်လဲခိုင်းပါသည်။ လုံးဝမရသည့်အခါ နံရံကိုလက်တီးနှင့်ထိုးပြီး ငိုယိုသွားခဲ့ပါတော့သည်။ ကိုရင်ဝိလာသ လူထွက်မည် မထွက်မည်ကို တရားထိုင်ပြီးစအခါများတွင် ခေါင်းအေးအေး စိတ်အေးအေးထားပြီး သုံးလနီးပါး အချိန်ယူစဉ်းစားခဲ့ပြီးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ကိုရင်ဝိလာသ သုံးလအတွင်း စဉ်းစားကြည့်ရာ

“လူ့ဘောင်က ပူသည် ၊ သာသနာ့ဘောင်က အေးသည်။

လူ့ဘောင်က ပညာရှာရခက်သည်  သာသနာ့ဘောင်က ပညာရှာရလွယ်ကူသည်။

လူ့ဘောင်က ထူးချွန်ဖို့မလွယ်၊ သာသနာ့ဘောင်က ထူးချွန်ဖို့လွယ်သည်။”

ဤအချက်သုံးချက်ကို တွေ့ရှိခဲ့ပါသည်။ ဤသို့ ထူးချွန်သောဘုရားသားတော်တစ်ပါး ဖြစ်လိုသောကြောင့် သာသနာ့ဘောင်မှာ အမြဲနေတော့မည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ကိုရင်ဝိလာသ လူမထွက်တော့ကြောင်း သိသွားသောအခါ ဘကြီးတော်စပ်သူ ဆရာတော်ကြီးက ကိုရင်ဝိလာသကို စာသင်တိုက်သို့ ပို့ပါတော့သည်။

ကိုရင်ဝိလာသသည် မြန်မာသက္ကရာဇ် ၁၃၄၇ ခုနှစ် ပထမ၀ါဆိုလဆုတ် (၁၅ )ရက်၊ ခရစ်နှစ် 1985ခုနစ် ဇွန်လ (17) ရက်နေ့တွင် ကျောက်ဆည်မြို့ မင်းတုန်းမဟာစာသင်တိုက်ကြီးသို့ ပညာတော်သင် ရောက်ရှိလာပါတော့သည်။ မင်းကုန်းကျောင်းတိုက်သို့ ရောက်ရှိလာသည့်အခါ မင်းကုန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသ (သကျသီဟ ဓမ္မာစရိယ) မထေရ်မြတ်ကြီးက ကိုရင်ဝိလာသ နှစ်ပါးဖြစ်နေသောကြောင့် နောက်မှရောက်လာသူ ကျောင်းသားသစ် ကိုရင်ဝိလာသအား “ကိုရင်ဝိစိတ္တ”ဟု ဘွဲ့အမည်ပြောင်းလဲပေးခဲ့ပါသည်။

ကိုရင်ဝိစိတ္တသည် ၎င်းနှစ် အခြေပြုမူလတန်းကို ကျောက်ဆည်တစ်မြို့နယ်လုံးမှာ ပထမ အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့ပါသည်။ ကျောင်းပိတ်ရာသီတွင် အတန်းသစ်အတွက် စာကြိုကျက်ခြင်း၊ ၀ိနည်းစာပြန်ပွဲအတွက် စာဝါလိုက်ခြင်း၊ စာကျက်ခြင်း၊ တရားစာများဖတ်ခြင်းဖြင့် တန်ဖိုးရှိသောဘ၀ကို ငယ်စဉ်အခါကပင် တည်ထောင်နိုင်ခဲ့သူ ဖြစ်ပါသည်။

ကိုရင်ဝိစိတ္တအတွက် ဘ၀တစ်လျှောက်လုံး အကောင်းဘက်ကိုဦးတည်စေဖို့ရန် အထောက်အကူ များစွာပြုခဲ့သော စာအုပ်မှာ ဓမ္မာစရိယ ဦးဌေးလှိုင်ရေးသားသည့် ‘ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ’စာအုပ် ဖြစ်ပါသည်။ ထိုစာအုပ်လာ မထေရ်မြတ်တို့၏ အကျင့်ကောင်း၊ အစဉ်အလာကောင်းများသည် ပါရမီဓာတ်ခံရှိသော ကိုရင်ဝိစိတ္တထံ ကူးစက်သွားကာ ကိုရင်ဝိစိတ္တသည် လယ်တီဆရာတော်၊ တောင်ပုလုဆရာတော်တို့၏ ဓုတင်ကျင့်ဝတ်ကို ဆောက်တည်နိုင်ခဲ့ပါသည်။ ညအခါ လူခြေတိတ်ချိန် ကျောင်းတောင်ဘက် ဇီးတောထဲသွားကာ တရားထိုင်လေ့ရှိပါသည်။ တစ်နေ့မှာ ကျောင်းတိုက်ထဲခွေးဝင်၍ ခဲဖြင့်ပေါက်ကာ လိုက်ခြောက်သောသံဃာများက ကိုရင်ဝိစိတ္တကိုတွေ့ရှိသွားရာမှ ကိုရင်ဝိစိတ္တ တရားလုပ်မှန်း သိရှိသွားခြင်းဖြစ်ပါသည်။ ထိုစာအုပ်ထဲကအတိုင်း ညဘုရားဝတ်တက်သည့်အခါ ကျေးဇူးရှင်ဆရာသမားများကို တစ်ပါးစီမှန်း၍ ရှစ်ခိုးဦးချခြင်း၊ မေတ္တာပို့ဆုတောင်းခြင်း၊ ပစ္စည်းလေးပါး ဒကာ ဒကာမများကို မေတ္တာပို့ခြင်းများ စွဲမြဲစွာ ပြူလုပ်လာခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။

စာကြိုးစားသောကိုရင်ဝိစိတ္တသည် ကျောင်းတွင်းစာမေးပွဲများ၊ မြို့နယ်လုံးဆိုင်ရာ ၀ိနည်းစာပြန်ပွဲများ ၎င်း၌ အမြဲတန်း ပထမ၊ ဒုတိယ၊ တတိယ ဆုများ ရရှိလေ့ရှိပါသည်။ ဤသို့ဖြင့် ကိုရင်စိတ္တသည်

1986 (၁၃၄၇ ) မူလတန်း၊

1987 (၁၃၄၈ ) ပထမငယ်တန်း၊

1988 (၁၃၄၉ ) ပထမလတ်တန်း၊ များကိုအောင်မြင်တော်မူခဲ့ပါသည်။

1988 ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး မဖြစ်ခင် လပိုင်းအလို 1988 ခုနှစ် ဇွန်လ 29 ရက်၊ ၁၃၅၀ ခုနှစ် ပထမ ၀ါဆိုလ္ဆုတ် (၁)ရက်၊ ဗုဒ္စဟူးနေ့တွင် ကျောက်ဆည်မြို့၊ လေသာပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တဇ၀နမထေရ်ကို ဥပဇ္ဖျာယ်ပြု၍ ရဟန်းဘ၀သို့ ရောက်ရှိခဲ့ပါသည်။ ပစ္စည်းလေးပါးအလှူရှင် ရဟန်းဒါယိကာမကြီးမှာ ဒေါ်မြချစ် (ထမင်းဆိုင်) ပိုင်ရှင် မုဆိုးမကြီးဖြစ်ပါသည်။

ရဟန်းခံပြီးမကြာမီတွင် ခမည်းတော် ဦးခင်မောင်ဝင်း သေဆုံးပါသည်။ ရွှေတောမှာ ရွှေကျင်ရင်း သေဆုံး သွားသောကြောင့် ရွှေတောမှာပင် သဂြုင်္ိလ်ခဲ့ကြပါသည်။ အလောင်းကိုလည်း မမြင်လိုက်ရပါ။ ဓါတ်ပုံမှတ်တမ်း လည်းမရှိပါ။

ခမည်းတော်ဖြစ်သူသည် မယ်တော်ဖြစ်သူနှင့် ကွာရှင်းပြီးမှ ရွှေတောမှာ သေဆုံးခဲ့ခြင်း ဖြစ်သောကြောင့် ခမည်းတော်မသေဆုံးသေးချိန်မှာပင် မယ်တော်ဖြစ်သူသည် နောက်အိမ်ထောင်ပြုနေပြီး ဖြစ်ပါသည်။ ခမည်းတော်က ဆုံးပါး၊ မယ်တော်က အိမ်ထောင်ပြုသွား၊ အစ်မဖြစ်သူက အိမ်ထောင်ကျသွား၍၊ အပျိုရွယ်နှမငယ်နှင့် ညီငယ် နှမငယ်လေးများသည် ခိုကိုးရာမဲ့ ဖြစ်ခဲ့ရပါသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် အပြင်မှာအရေးအခင်းဖြစ်နေသလို၊ အဖေသေ အမေဆုံး ဘ၀ရောက်ရှိခဲ့ရသောကြောင့် ရှင်ဝိစိတ္တ၏ရင်ထဲမှာလည်း အရေးအခင်းကြီးတစ်ခု ဖြစ်နေလေတော့၏။ မိခင်ကိုနာကျည်းခြင်း၊ မိမိဘ၀ကိုနာကျည်းခြင်း၊ ဆွေမျိုးတွေကို နာကျည်းခြင်းဖြင့် အမုန်းတရားတွေကို ထွေးပွေ့၊ သောကကိုမျိုသိပ်ကာ နေ့စဉ်နှင့်အမျှ ရဟန်းဘ၀ကိုမှအားမနာ မျက်ရည်နှင့်မျက်ခွက် ငိုကြွေးခဲ့ရသောနေ့ရက်တွေကား မရေမတွက်နိုင်အောင် ရှိခဲ့ရလေသည်။

လူမထွက်၍လည်းမဖြစ်၊ လူလည်းမထွက်ချင် ရဟန်းအစ်မကြီးဒေါ်မြချစ်မှာ သူ့ဦးပဉ္ဇင်း လူထွက်မည်စိုး၍ အမြဲတမ်းငိုကြွေးလျက်သာ နေလေတော့၏။

ရှင်ဝိစိတ္တမှာလည်း ဆွေမျိုးတွေကိုအားကိုးမရ၍ ‘ဘုရားမှတစ်ပါး အားကိုးရာမရှိ’ ဟုခံယူ၍ ညစဉ် ပဋ္ဌာန်းရွတ်၍ ဆုတောင်းနေရပေတော့၏။

ကံကောင်းသည်ဟု ဆိုရလေမည်လော မပြောသာပြီ။ အဖေ၏အစ်ကိုကြီးထံမှ စာရောက်လာ လေ၏။ “အဖေသေဆုံးစဉ် ပေးပို့သောကြေးနန်းစာသည် အရေးအခင်းပြီးမှ ရောက်လာကြောင်း။ ကြေးနန်းစာရသည်နှင့်   လင်မယား နှစ်ယောက် ချက်ချင်းတက်လာခဲ့ကြကြောင်း၊ သူတို့စီးလာသည့် သင်္ဘောကို ကျောင်းသားများ အပိုင်စီးသည်နှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ရဲများကပစ်ခတ်ကြသောကြောင့် အမျိုးသမီးများမှာ ကြောက်ရွံ့နေကြကြောင်း၊ ရန်ကုန်ရောက်သည့် အခါ၌လည်း အာဏာသိမ်းပြီးကာစ နိုင်ငံရေးမငြိမ်သက်မူများ  ဖြစ်ပေါ်နေသောကြောင့် ဇနီးဖြစ်သူမှ ရန်ကုန်မှာလည်းမနေရဲ၊ မီးရထား လက်မှတ်ကလည်း ခက်ခဲနေသောကြောင့် ကျုံမငေးပြန်သွားခဲ့ရကြောင်း၊ ကလေးများအခက်အခဲရှိက မွေးစားမည် ဖြစ်ကြောင်း” ပါဝင်လေသည်။

ဦးကြီးဖြစ်သူထံမှ စာရရှိသည့်အခါ အရှင်ဝိစိတ္တသည် အလွန်ဝမ်းသာသွားပြီး ကျုံမငေးမြို့သို့ စုံစမ်းရေးခရီး ထွက်ခဲ့ရပါသည်။ ရန်ကုန်မြို့ကြီးမှာလည်း အသိမိတ်ဆွေဟူ၍မရှိ ကျုံမငေးဆိုသည်မှာလည်း သူငယ်တန်း ကျောင်းသားဘ၀မှာသာ နေခဲ့ဖူးသည့်မြို့တော်ဖြစ်သောကြောင့် အစိမ်းသက်သက်လိုဖြစ် နေသော်လည်း ရထားပေါ်မှာ တွေ့ဆုံရသော ဦးဇင်းများကို အကူအညီတောင်းကာ ရန်ကုန်မှာတစ်ည အိပ်ပြီး ကျုံမငေးသို့ ရေလမ်းခရီး ဆက်ခဲ့ရလေသည်။

ထိုအချိန်က 144 အမိန့်ထုန်ပြန်ထားသောကြောင့် သင်္ဘောကမ်းသို့ဆိုက်ထားသော်လည်း မနက် ၄ နာရီ မထိုးသေး ကြောင့် ခရီးသည်များဆင်းခွင့်မရသေးပါ။ မနက် ၄ နာရီထိုးသည့်အခါ သင်္ဘောပေါ်မှဆင်းကာ မေးမြန်းစုံစမ်း၍ ဦးကြီးတော်စပ်သူအိမ်ရှေသို့ ရောက်ရှိခဲ့ပါတော့၏။ ဆောင်းတွင်းကာလ မနက် ၄ နာရီသည် အိပ်ယာထဲမှာ လူတွေ ကွေးကောင်းနေချိန်ဖြစ်သောကြောင့် အိမ်တံခါးများမဖွင့်ကြသေးပါ။ အိမ်ရှေ့တွင် အထုပ်အပိုးများချပြီး ဟိုဟိုဒီဒီ လိုက်ကြည့်ရပါသည်။ ခွေးဟောင်သံများဆူညံနေ၍ အမျိုးသမီးကြီးတစ်ယောက် ထွက်ကြည့်သည်နှင့်ကြုံရာ ဓာတ်မီးထိုး၍ အကူအညီ တောင်းခဲ့ရပါသည်။

“ဦးဇင်းဦးခင်မောင်ဝင်းသားပါ ဦးတင်ဦး+ဒေါ်ညိုအိမ် ဒီနားလေးမှာဆိုလို့ ပြောပေးပါ။”                အမျိုးသမီးကြီးမှာ အစပထမတွင် ကြောင်ပြီးကြည့်နေသော်လည်း “ဦးခင်မောင်ဝင်းသားပါ” ဆိုမှ ပြာပြာသလဲဆင်းလာကာ အိမ်တံခါးခေါက်ပေးပါသည်။ နှုတ်ဖြင့်လည်း “အညို ဟဲ့အညို ဒီမှာခင်မောင်ဝင်းသားတဲ့ ဦးဇင်းတစ်ပါးရောက်လာတယ်” ဟု ပြောကာ မိတ်ဆက်ပေးပါသည်။

ခေါက်တွန့်အသားတံခါး ဖွင့်သံကြားပြီး မကြာခင်အိပ်ရှင်များထွက်လာကြပြီး ကြိုဆိုကြပါသည်။   ဦးကြီးဖြစ်သူမှာ ၀ါးခယ်မမြို့သို့ ရုံးသွားတက်နေသောကြောင့် မတွေ့ရသေးပါ။ ဦးကြီး၏ဇနီး ကြီးကြီးဒေါ်ညိုနှင့်သာ တွေ့ခွင့်ရပါသည်။ ‘ခင်မောင်ဝင်းသားက ခင်မောင်ဝင်းနှင့်အတော်တူတာဘဲ’ ဟု မှတ်ချက်ချကာ ဖြစ်ကြောင်းကုန်စင် မေးမြန်းပါတော့၏။

ဦးကြီးဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့သည် ဥယျာဉ်စိုက်ခြင်းလုပ်ငန်း လုပ်ကိုင်အသက်မွေးကြပါသည်။ ၀ါးခယ်မမြို့ လယ်ယာစိုက်ပျိုးရေးဌာနမှာလည်း မန်နေဂျာအဆင့် ၀န်ထမ်းတာဝန်ယူထားရသူ ဖြစ်ပါသည်။ လှေဖြင့် ဥယျာဉ်စိုက်ပျိုးရာ သွားရောက်ကြည့်ရှုခဲ့သည်တွင် အလုပ်သမားများအပေါ် အဆင့်အတန်းမခွဲခြားဘဲ၊ အလုပ်သမားများနှင့် ထမင်းတစ်ဝိုင်းတည်း အတူစားခဲ့သည်ကို တွေ့ခဲ့ရပါသည်။ ထိုအခါ အရှင်ဝိစိတ္တစိတ်ထဲ၌ ‘ညီတွေ ညီမတွေကို မွေးစားမည့် ဦးကြီးနှင့် အဒေါ်အပေါ်တွင် ပို၍ယုံကြည်စိတ်ချရပါတော့သည်။

ဤသို့ဖြင့် ကလေးများကိုပြန်ခေါ်ကာ ကလေးများနေသားကျအောင် လနှင့်ချီ အတူနေထိုင်ခဲ့ ရသောကြောင့် ထိုနှစ်စာမေးပွဲဖြေဆိုခွင့် မရခဲ့ပါ။ အရှင်ဝိစိတ္တ၏ပညာရေး တစ်နှစ် နစ်နာဆုံးရှုံးခဲ့ရ ပါတော့သည်။

အရှင်ဝိစိတ္တသည် ပညာရေးအရာ၌ထူးချွန်သောကြောင့် ဦးကြီးဖြစ်သူ၏ လွန်စွာအားထားမူကို ရခဲ့ပါသည်။ “သားဖြစ်သူလည်း ဘွဲရတာမထူးချွန်ဘူး။ သမီးဖြစ်သူကလည်း စာသာကြိုးစားတာ ဆယ်တန်းကိုမအောင်နိုင်ဘူး။ ဦးဇင်းတစ်ပါးကိုပဲ အားကိုးရတော့မယ်။ ဦးဇင်းစာသာကြိုးစား။ ကလေး တွေကိုနောက်ဆံ မတင်းနဲ့” ဟု အစချီကာ အားပေးစကားပြောသူမှာ ဦးကြီးဦးတင်ဦးဖြစ်ပါသည်။ ဦးကြီးရော အဒေါ်ပါ စိတ်ရင်းကောင်းကြပြီး အရှင်ဝိစိတ္တလူထွက်မှာကို မလိုလားကြပေ။

အဒေါ်ဖြစ်သူကလည်း “ဦးဇင်းနော် လူမထွက်ရဘူး၊ ဦးဇင်းလူထွက်မှာစိုးလို့ ကလေးတွေကို မွေးစားတာနော် ဦးဇင်းလူထွက်ရင် ကလေးတွေကိုပြန်ပေးမှာနော်”ဟု မကြာခဏပြောရှာလေသည်။ ကလေးလေးယောက်ထားခဲ့သော်လည်း အပျိုအရွယ်ညီမဖြစ်သူ မ၀ါဝါစိုးမှာ မပျော်ဟုဆိုကာ ကျောက်ဆည်သို့ ပြန်လာတော့ပါသည်။ အစ်မဖြစ်သူက တာဝန်ယူနိုင်၍သာ သူမအတွက်မပူပင်ခဲ့ရခြင်း ဖြစ်ပါသည်။

ဤသို့ဖြင့် အရှင်ဝိစိတ္တသည် ၁၃၅၁ခု (1989)ခုနှစ်၌ ပထမကြီးတန်းအောင်မြင်ခဲ့ပါသည်။  ယခင်က အရှင်ဝိစိတ္တ၏ ရည်ရွယ်ချက်မှာ မြင့်မားလှသည်ဟူ၍မဆိုသာသောအဆင့်တွင် ရှိခဲ့ပါသည်။ “အကြီးတန်းအောင်လျှင် ဓမ္မာစရိယတန်းတက်မည်။ ဓမ္မာစရိယဘွဲ့ရလျှင် ကျောင်းထိုင်စာချမည် “ဤမျှသာဖြစ်ပါသည်။ သို့သော် ကျုံမငေးမြို့သို့ ရောက်ရှိပြီးသည့်နောက်ပိုင်း၌ကား အရှင်ဝိစိတ္တ၏ ရည်ရွယ်ချက်ကား လုံးဝပင်ပြောင်းလဲသွားခဲ့တော့၏။ ထိုရည်ရွယ်ချက်မှာ အရှင်ဝိစိတ္တစာသင်ရာ မင်းကုန်းမဟာစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသ မထေရ်မြတ်ကြီး၏ ပညာအမွေ၊ ဓမ္မအမွေကို ဆက်ခံနိုင်မည့် အရည်အချင်းပြည့်ဝရေးပင် ဖြစ်ပါတော့သည်။

အရှင်ဝိစိတ္တ၏ ဆရာရင်းဖြစ်သော ဘဒ္ဒန္တဇနိတာဘိဝံသနည်းတူ သကျသီဟဓမ္မာစရိယ (အဘိဝံသ)ဘွဲ့ ရရှိလိုခြင်း၊ မင်းကုန်းကျောင်းတိုက်ကြီးကို အမွေခံကာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက် သာသနာပြုသောအားဖြင့် မိဘနှစ်ပါးနှင့် ဇာတိမြေကို ကျေးဇူဆပ်လိုခြင်း ဖြစ်ပါသည်။ ထိုသို့ရည်မှန်း ချက်ကြီးမားစွာဖြင့် အကြီးတန်းအောင်စာရင်းမထွက်ခင်မှာပင် သကျသီဟစာသင်တန်းအတွက် စာများကြိုတင်ကျက်မှတ်အားထုတ်ထားသော်လည်း မန္တလေးတက်၍ စာသင်ကြားဖို့ရာ အခက်အခဲများစွာ တွေ့ခဲ့ရပါလေတော့၏။

ပထမအချက်မှာ ဆရာဖြစ်သူဘဒ္ဒန္တဇနိကာဘိဝံသမထေရ်မြတ်ကြီးက ခွင့်မပြုခြင်းဖြစ်၏။ ခွင့်မပြုရခြင်းအကြောင်းမှာ ရှေ့လူများနည်းတူ မအောင်မြင်ဘဲ ပျက်စီး၍ပြန်လာမည်ကို မလိုလားသောကြောင့်ဖြစ်၏။ “ဖွတ်မရ ဓားမဆုံးး” အခြေအနေမျိုး မရောက်စေလိုသောကြောင့်ဖြစ်၏။

အရှင်ဝိစိတ္တ၏ရှေ့မှာ အရှင်ဝိစိတ္တထက် ဉာဏ်ကောင်းသော၊ စာတော်သော၊ ထက်မြက်သော၊ ဦးပဉ္ဇင်းများကို ဆရာတော်ဘဒ္ဒန္တဇနိတာဘိဝံသကိုယ်တိုင် လိုက်လံအပ်နှံခဲ့ဘူးပါသည်။ ပစ္စည်းလေးပါးလိုလေးသေးမရှိစေရအောင် ထောက်ပံ့ခဲ့ဖူးပါသည်၊၊ သို့သော်အဆိုပါဦးပဉ္ဇင်းများတွင် အချို့မှာလွတ်လပ်ခြင်ဒဏ် မခံနိုင်ခြင်း၊ ရည်မှန်ချက်မကြီးမားခြင်း၊ ယုံကြည်ချက်မထက်သန်ခြင်းတို့ကြောင့် ပွဲလမ်းသဘင်အပျော်အပါးဘက်မှာသာ မွေ့လျော်ပျောက်ပိုက်ကာ မူလ ရည်ရွယ်ချက်ပျောက်ဆုံးခဲ့ရ သည်ကို တွေ့ရပါသည်။ ရှင်ဝိစိတ္တကိုလည်း သူတို့လိုမဖြစ်စေချင်သောကြောင့် ဆရာသမားက မန္တလေးသို့ မလွှတ်လိုခြင်းဖြစ်ပါသည်။

ဤသို့ဖြင့် ပထမအကြိမ်လျှောက်ထားပါသည်။ မအောင်မြင်ခဲ့ပါ။ ဒုတိယအကြိမ် တတိယအကြိမ် လျှောက်ထားသော်လည်း ထိုနည်းတူပင်ဖြစ်ပါသည်။ မအောင်မြင်ခဲ့ပြန်ပါပေ။ စတုတ္ထအကြိမ်၌ကား မင်းဒီလောက်တောင် စိတ်အားထက်သန်နေရင် ပို့ပေးမယ်။ ဒါပေမဲ့ ပြဋ္ဌာန်းစာပါဠိတွေအားလုံး တစ်နှစ်ကျက်ရမယ်၊ အားလုံးရမှပို့ပေးမယ်ဟူ၍ ဖြစ်ပေသည်။ သိန်းထီ ပေါက်သလိုဝမ်းသာသွားပြီး စာကျက်အားပိုကောင်းလားပါတော့သည်။    ပြဌာန်းစာပါဠိများ ကျက်ခြင်း ပြန်ဆိုခြင်း၊ စာဝါအချို့ တက်ခြင်းဖြင့် တစ်နှစ်တာကုန်ဆုံးသွားသော်လည်း မန္တလေးတက်ခြင်းကိစ္စက မရေရာလှသေးပါ၊ ထိုသို့မရေရာရခြင်းမှာ  အရှင်ဝိစိတ္တ စာမရသည်လည်းမဟုတ်ဘဲ နိုင်ငံရေးအခြေအနေကြောင့် ဖြစ်လေသည်။

မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတိုက်များကို စစ်တပ်ဖြင့်ဝိုင်း၍ ပိတ် ဆို့ထားကား ရိက္ခာဖြတ်ခြင်း၊ အငတ်ထားခြင်း၊ ကျောင်းတိုက်များကိုဝင်စီးခြင်း၊ သေတ္တာများကိုရိုက်ချိုးဖျက်ဆီးခြင်း၊ သံဃာများကို ရိုက်နှက်ဖမ်းဆီးခြင်း၊ ဆရာတော်ကြီးများအား သင်္ကန်းချွတ်ထောင်ချခြင်းတို့ကို စစ်အစိုးရက ရက်ရက်စက်စက် ပက်ပက်စက်စက် ကျုးလွန်ထားသောကြောင့် မစိုးရိမ်တိုက်သစ်မှာ သံဃာများမနေရဲ တော့ဘဲ ပျက်စီးသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

ကံကောင်းထောက်မစွာပင်၊ မဟာနာယကဆရာတော်သုံးပါးအနက် တစ်ပါးသာထောင်ကျသွားခြင်း ဖြစ်သောကြောင့် ကျန်မဟာနာယကဆရာတော်နှစ်ပါးက တိုက်ကို ကောင်းစွာထိမ်းသိမ်းစောင့် ရှောက်နိုင်ခဲ့ပေသည်။ ထိုနှစ်ပါးအနက် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ မထေရ်မြတ်ကြီးမှာ တာဝန်အကြီးဆုံး တာဝန်အရှိဆုံး ဖြစ်သည့်အားလျှော်စွာ တာဝန်ယူ တာဝန်ခံစိတ်ရှိလေသောကြောင့် တာဝန်လုံးဝ အပျက်မခံဘဲ ဇွဲစိတ်သန်စွာ ထိမ်းသိမ်းစောင်ရှောက်နိုင်ခဲ့ပါသည်။

ထိုဆရာတော်ကြီး ဘဒ္ဒန္တသီရီန္ဒာဘိဝံသထံတော်သို့ အရှင်ဝိစိတ္တ ပညာရည်နို့သောက်စို့ဖို့ရန် ရောက်လာပေတော့၏   ကျောက်ဆည်မှလိုက်ပို့သော ရဟန်းဒကာမကြီး အမေချစ်မှာ သားဦးပဉ္ဇင်းကို မန္တလေးမြို့တော်ကြီးမှာ မျက်စိသူငယ် နားသူငယ်ဖြင့် ထားရစ်ခဲ့ရသောကြောင့် ဝမ်းနည်းပက်လက်ဖြစ်ကာ မျက်ရည်စက်လက်ဖြင့် ပြန်ခဲ့ရသည်ကို အရှင်ဝိစိတ္တ တွေ့မြင်ခဲ့ရပေသည်။

မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်ကြီး ဘဒ္ဒန္တသီရီန္ဒာဘိဝံသ မထေရ်မြတ်ကြီးက သိက္ခာမေး၍ ‘သုံးဝါရပါပြီဘုရား’ဟု ဖြေကြားသည်တွင် မထေရ်မြတ်ကြီးက ‘ဟ ကြီးလှပေါ့’ဟု မိန့်တော်မူသဖြင့်  အရှင်ဝိစိတ္တ၏စိတ်ထဲ အနည်းငယ်အားငယ်သွားမိပေသည်။ ဆရာတော်ကြီးပြောလည်း ပြောစရာပင် သကျသီဟစာမေးပွဲကို ဖြေဆိုသူ မှန်သမျှသည် အကျော်အမော်များဖြစ်ကြပြီး၊ သိက္ခာတော်အနေဖြင့်လည်း ငယ်ရွယ်သူများ ဖြစ်ကြပါသည်။ အချို့ဆိုလျှင် ရဟန်းမခံမီ ကိုရင်ဘဝဖြင့်ပင် ကြိုတင်ပြင်ဆင်ထားကြသည်ကို တွေ့ရပါသည်။ အရှင်ဝိစိတ္တမှာ သူတို့လို နိုင်ငံကျော်လည်းမဟုတ်၊ အသက်ကြီးမှဝတ်လာသူလည်းဖြစ်သောကြောင့် မြို့အရောက်နောက်ကျရခြင်းဖြစ်ရကာ အားငယ်စရာများ ဖြစ်လာရလေသည်။

ထို့နောက် မဟာနာယကချုပ်ဆရာတော်ကြီးက ကျက်ပြီးတက်ပြီးသောစာများကို မေးမြန်းပါသည်။ အရှင်ဝိစိတ္တ သင်ပြီး ကျက်ပြီး ကျမ်းစာအမည် ပြဌာန်းစာအမည်များကို လျှောက်ထားသည့်အခါ ဆရာတော်ကြီးက ရေးမှတ်ရင်း ‘ဟ မင်းဟာက ပြဋ္ဌာန်းစာတွေ အကုန်ရနေပြီပဲ’ ဟု မိန့်တော်မူပါသည်။

ထိုအခါမှ အရှင်ဝိစိတ္တရင်ထဲ တစ်ဆို့နေသော အလုံးကြီးတစ်ခု လျှောရှူစွာကျသွားရသလို ခံစားရပါတော့သည်။   “သည်လိုစာမေးပွဲ တော်ရုံတန်ရုံဝိရီယမျိုးနှင့် ဘယ်အောင်မလဲ”ဟု ဆရာတော်ကြီးကထပ်မိန့်ပါသည်၊၊ ‘မှန်ပါ့ ကြိုးစား ပါမယ်ဘုရား’ဟု ဖြေကြားလျှောက်ထားခဲ့ရပါသည်။ အရှင်ဝိစိတ္တမစိုးရိမ်တိုက်သစ်ရောက်စတွင် အခက်အခဲ များစွားနှင့် ကြုံခဲ့ရပါသည်။ အသိမိတ်ဆွေမရှိခြင်း၊ ဆွမ်းခံအိမ်မရှိခြင်း၊ စာဝါအဆင့်အတန်းကမြင့်နေ၍  အခြေခံမကောင်းသော အရှင်ဝိစိတ္တမှာ စာဝါများလိုက်မမီခြင်း ညဦးပိုင်းတွင် မီးပုံမှန်မလာ၊ လာလျှင်လည်းအားမပြည့်၍ သန်းခေါင်ကျော်မှ စာထကျက်ရခြင်းနှင့် အတူနေသီတင်းသုံးဖော်များက သူစိမ်းဆန်စွာ ဆက်ဆံရေးခေါင်းပါးခြင်းတို့ကြောင့် ပြန်ပြေးချင်စိတ်ပင် ပေါ်ပေါက်ခဲ့ဘူးလေသည်။

ပိုဆိုးသည်မှာ သွေးခွဲ သပ်လျှိုသော ကုန်းတိုက်စကားများကို အဟုတ်ထင်ကာ ဆရာသမားဖြစ်သူကိုယ်တိုင်က အထင်အမြင်လွဲမှားခြင်း၊ အထင်အမြင်လွဲမှား၍ အရှင်ဝိစိတ္တ၏ မကောင်းကြောင်းများကို သံဃာတော်များအား သြဝါဒပေးရာတွင် ထည့်သွင်းဟောကြားခြင်းတို့ပင် ဖြစ်ပါသည်။

စာကြိုးစားပါလျက် မကြိုးစားဟုထင်၍လည်ကောင်း၊ တစ်ကိုယ်ရည်တစ်ကာယ တစ်ကောင်ကြွက် အထီးကျန် ဘဝဖြင့် ညှိုးငယ်စွာနေထိုင်ရပါလျှက် အသိုင်းဝိုင်းများထူထောင်လျက် ဆရာကြီးလုပ်ကာ အသုံးအဖြုန်း ကြီးနေသည်ဟု ထင်၍လည်းကောင်း၊ ကျောက်ဆည်မြို့ရှိ ဆရာရင်းဖြစ်သူ ဘဒ္ဒန္တဇနိတာဘိဝံသကိုယ်တိုင် ကဲ့ရဲ့ရှုတ်ချစကား ပြောကြားလာခြင်း၊ သံဃာများကိုသြဝါဒပေးရာတွင် ထည့်သွင်းဟောကြားခြင်းပင် ဖြစ်ပါသည်။

ဤသတင်းကို ကြားသိရသည်နှင့်တစ်ပြိုင်နက် အရှင်ဝိစိတ္တသည် ချုံးပွဲချ၍ ငိုကြွေးမိလေသည်။ ကျောက်ဆည်မြို့ မင်းကုန်းကျောင်းတွင် သံဃာတစ်ရာကျော်ရှိသည်တွင် သူငယ်ချင်းနှစ်ပါးနှင့် ညီအရင်း ကိုရင်တစ်ပါးသာ အရှင်ဝိစိတ္တ၏ သီတင်းအမှန်ကို သိကြသူများဖြစ်ပါသည်။ အရှင်ဝိစိတ္တသည် ဆရာသမားကိုလည်းနာကျည်း၏။ မဟုတ်မဟတ် လုပ်ဇာတ်ခင်း၍ လုပ်ကြံတိုင်ကြားသူများကိုလည်း နာကျည်း၏။ အစပထမတွင် စာအုပ်များကိုသိမ်းကာ ကျောက်ဆည်ပြန်ဖို့ စီစဉ်မိသေး၏။ သို့သော် လောကဓံကိုအန်တုကာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတုန့်ပြန်ဘဲ ငုံ့ခံခဲ့မိလေသည်၊ သို့သော် စာရေးဆရာပီပီ မကျေနပ်ချက်များကို စာရေးကာ ဆရာသမားထံပို့ဖို့ ရင်ဖွင့်ထားသည့် စာတစ်စောင်ကိုတော့ ယ္ခုအချိန်အထိ မပေးမိဘဲ သိမ်းထားမိပေသည်။ ပြိုင်ဆိုင်သူများ၊ တိုက်ခိုက်သူများ၊ ထိုးနှက်သူများက ကံကြမ္မာ၏ မျက်နှာသာပေးခြင်းကို ခံကြရလေသည်။ ကရုဏာမဲ့သော ကံထူးသူများဖြစ်ကြ၏၊ အကြောင်းမှာ ထိုနှစ်တွင် အရှင်ဝိစိတ္တ စာမေးပွဲ မအောင်သောကြောင့် ဖြစ်ပေ၏၊  ထိုသို့ကျရခြင်းမှာ အရှင်ဝိစိတ္တ မကြိုးစားသောကြောင့်မဟုတ်ပါ။ စာဝါစုံလင်အောင် မလိုက်ရသေးခြင်း၊ အတွေ့အကြုံ နုနယ်ခြင်းတို့ကြောင့် ဖြစ်လေသည်။ အရှင်ဝိစိတ္တနှင့် အတူနေ အတူဖြေ မစိုးရိမ်တိုက်သစ်ရှိ စာသင်သားမှန်သမျှ တစ်ပါးမှ မအောင်မြင်ကြပေ၊ အချို့မှာ ဖြေဆိုသည့်သက်တမ်းပင် လေးငါးနှစ်ရှိပေပြီ အချို့မှာ ရဟန်းသိက္ခာ (၇)ဝါအရွယ်ရှိနေပြီး ဓမ္မာစရိယဘွဲ့ရရှိထားသူများပင် ဖြစ်လေသည်၊ ထိုသို့အောင်မြင်ဖို့ ခက်ခဲသောစာမေးပွဲမှန်းသိပါလျက်  အရှင်ဝိစိတ္တ အောင်မြင်မည်ကို မလိုလားသူတို့က အရှင်ဝိစိတ္တကိုသာ ပစ်မှတ်ထား၍ ထိုးနှက်ကြခြင်း ဖြစ်လေသည်။

၁၃၅၅ နှစ်၊ (1993 )ခုနှစ်၌ အရှင်ဝိစိတ္တ စာမေးပွဲအောင်ပါသည်၊ သကျသီဟ စာသင်တန်း၌ စာဖြေသံဃာ (၁၀၀)ကျော်ရှိရာတွင် အောင်မြင်သူမှာ (၄)ပါးသာ ဖြစ်ပါသည်၊ ထို(၄)ပါးတွင် အရှင်ဝိစိတ္တ တတိယမြောက်ဖြစ်ပါသည်။ ထိုလေးပါးတွင် ပထမရသူမှာ မိုးကောင်းတိုက်မှဖြစ်ပြီး ကိုရင်ဘဝဖြင့်ပင် အဂ္ဂမဟာအကျော်ဘွဲ့ကို ရရှိထားသူဖြစ်ပါသည်။ ဒုတိယရသူမှာ မြတောင်တိုက်မှဖြစ်ပြီး အစိုးရဓမ္မာစရိယဘွဲ့ရရှိပြီးသူ စေတီယင်္ဂဏစာသင်တန်းအောင်ပြီးသူ ဖြစ်ပါသည်။ စတုတ္ထရသူမှာလည်း စေတိယင်္ဂဏအောင်ပြီးသူဖြစ်ကာ စာဖြေသက်တမ်း (၆)နှစ်ကြာမှ အောင်မြင်ခဲ့သူဖြစ်ပါသည်။ အကြီးတန်းသာအောင်သေးသူ စာဖြေသက်တမ်း(၂)နှစ်သာရှိသေးသူဟူ၍ အရှင်ဝိစိတ္တတစ်ပါးသာ ပါဝင်လေသည်။ ကျန်သုံးပါးမှာ သုံးနှစ်သမား လေးနှစ်သမား ခြောက်နှစ်သမားများ ဖြစ်လေသည်။ ပထမရသည့်အဂ္ဂမဟာကျော်ဘွဲ့ ရထားသူဆိုလျှင် လေးနှစ်မြောက်ဖြေမှ အောင်မြင်ခဲ့ရခြင်းဖြစ်ပါသည်။

ထို့နောက် ရန်ကုန်မြို့ရှိ စေတီယင်္ဂဏ စာမေးပွဲ စာသင်တန်းအောင်ပါသည်။ စာဖြေသံဃာ(၁၀၀)ကျော်တွင် (၄)ပါးသာ အောင်မြင်ခဲ့၍ အရှင်ဝိစိတ္တက ပထမ အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။

အရှင်ဝိစိတ္တ ထိုသို့အောင်မြင်ခဲ့သော်လည်း၊ အရှင်ဝိစိတ္တ၏ရင်ထဲ၌ အမုန်းတရားများ၊ အညှိုးတရားများ၊ အလိုမကျမှုများ၊ နာကျည်းမှုများ၊ မကျေနပ်ချက်များကို မွေးမြူကြီးးထွား စေခဲ့သောကြောင့် အစာအိမ်ရောဂါရကာ မန္တလေးဆေးရုံကြီးမှာ အကြိမ်ကြိမ်တက် ရောက်ကု သခဲ့ရလေသည်။ နောက်ဆုံးတွင် ရန်ကုန်မြို့ရှိ ချမ်းမြေ့ရိပ်သာမှာ တရားစခန်း (၁၅ )ရက်ဝင်၍ တရားဖြင့် ကုသသည့်အခါမှသာ အစာအိမ်ရောဂါ အရှင်းအလင်းကြီး ပျောက်သွားခဲ့ရပါသည်။

ရန်ကုန်မြို့၊ ချမ်းမြေ့ရိပ်သာမှာ တရားစခန်းဝင်ခြင်းသည် အစာအိမ်ရောဂါပျောက်စေလို၍သာ မဟုတ်ပါ၊ တန့်ကြည်တောင်ယောဂီများ တရားထိုင်စဉ် အော်ဟစ်ငိုကြွေးကြ၊ ဟားတိုက်ရယ်မောကြ၊ လက်ခုပ်လက်ဝါး တီး၍ကခုန်ကြ၊ တိရစ္ဆာန်တွေလို လေးဘက်တွားသွားကြ၊ ဟိန်းကြ၊ ဟောက်ကြ၊ စင်္ကြံသွားရာတွင် နောက်ပြန်လမ်းလျှောက်ကြ၊ ပြေးလွှားကြ စသည့် ကြည်ညိုဖွယ်မဆောင် မြင်မကောင်းရှုမကောင်း ရုပ်ဆိုးအကျည်းတန်သည့် အမူအရာများဖြင့် သာသနာတော်ကို ညှိုးနွမ်းအောင် ပြုမူနေရပုံနှင့်၊ ထိုအမူအရာများကို “တရားထူး”ဟု ဟောပြောပို့ချနေသည့် တန့်ကြည်တောင်ဆရာတော်၏ ကမ္မဋ္ဌာန်းကျင့်စဉ်တို့သည် ထေရဝါဒ ပိဋကတ်တော်နှင့် ညီညွတ်မှုရှိ/မရှိကို လက်တွေ့စမ်းသပ်လိုခြင်း အကြောင်းတစ်ရပ် လည်း ပါဝင်ပေသည်။

၁၉၉၉ (၁၃၆၁)ခုနှစ်၌ အရှင်ဝိစိတ္တ သကျသီဟစာမေးပွဲ စာချတန်းအောင်သည်၊ “အဘိဝံသ (မျိုးဆက်သစ်) ဘွဲ့ရသည်၊ “အဘိဝံသ”ဘွဲ့ စာအောင်သံဃာ (၆)ပါးတွင် အရှင်ဝိစိတ္တသည် ပထမ အမှတ်အများဆုံးဖြင့် ထိပ်ဆုံးမှ အောင်မြင်ခဲ့ခြင်း ဖြစ်ပါသည်။

သကျသီဟ(အဘိဝံသ) ဘွဲ့နှင်းသဘင်မတိုင်မီ တစ်ရက်အလိုရောက်မှသာလျှင် တရားစခန်းမှ ထွက်ပါသည်၊ သကျသီဟစာမေးပွဲဖြေပြီး နောက်ရက်မှစတင်၍ ရိပ်သာဝင်ရာ သကျသီဟဘွဲ့နှင်းသဘင် အကြိုရက်ရောက်မှသာလျှင် ရိပ်သာမှထွက်ခဲ့ခြင်းဖြစ်သောကြောင့် စုစုပေါင်း (၅၆)ရက်ကြာလေသည်။

ရိပ်သာမှထွက်၍ ဘွဲ့ယူသည့်အခါ ရဟန်းဒါယိကာမကြီး ဒေါ်မြချစ် (အမေချစ်)မှာ ပျော်တစ်ပြုံးပြုံး မော်မဆုံး ဖြစ်နေသည်ကို တွေ့မြင်ရလေသည်။ အရှင်ဝိစိတ္တကိုယ်တိုင်လည်း နီဝရဏတွေ အခိုက်အတန့်ဝေးကွာ၊ ကိလေသာတွေ အခိုက်အတန့်ကင်းစင်နေချိန်ဖြစ်နေ၍ စိတ်အင်မတန် ကြည်လင်လန်းဆန်းကာ စိတ်ချမ်းသာခြင်းအရသာကို လက်တွေ့ခံစားနေရသောကြာင့် အောင်မြင်မှုနှင့် ပျော်ရွှင်မှုကို ကြည်လင်မှုနှင့် စိတ်ချမ်းမြေ့မှုတို့က ထပ်ဆင့်ဂုဏ်ပြု လိုက်သလို လွန်စွာပင် ဝမ်းမြောက်ကြည်နူးခဲ့ရလေသည်။

ဤသို့ဖြင့် ထိုနှစ်(၁၉၉၉)ခုနှစ်၌ အရှင်ဝိစိတ္တမှ အရှင်ဝိစိတ္တာဘိဝံသဖြစ်ကာ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း ထိုင်နာယက စာချအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ ထိုနှစ်က မစိုးရိမ်တိုက်သစ်၌ နာယက(၁၄)ပါးရှိရာ အရှင်ဝိစိတ္တာဘိဝံသ သည် (၁၁)ပါးမြောက် နာယကတစ်ပါးဖြစ်လေသည်။

အရှင်ဝိစိတ္တာဘိဝံသသည် သကျသီဟစာသင်တန်းနှင့် အစိုးရဓမ္မာစရိယတန်း (ဓမ္မသင်္ဂဏီ) စာဝါများပို့ချခြင်း၊ တရားအတွေ့အကြုံများကို စာရေးခြင်းတို့ဖြင့် ပရိယတ္တိသာသနာတော်မှာရော ပဋိပတ္တိသာသနာတော်မှာပါ မွေ့လျော် ပျော်ပိုက်နေလေတော့၏။ မစိုးရိမ်တိုက်သစ်/တိုက်ဟောင်း နာယကဆရာတော်များပူးပေါင်း၍ တိပိဋက ပါဠိ+မြန်မာ အဘိဓာန်ကျမ်းကြီးများကို ရေးသားပြုစုကြရာ အရှင်ဝိစိတ္တာဘိဝံသသည် စာပေဝါသနာပါသူဖြစ်သောကြောင့် လွန်စွာမှပင် စိတ်အားထက်သန် တက်ကြွနေပေတော့၏။ ဗဟုသုတလည်းရသည်၊ အတွေ့အကြုံလည်း ရင့်ကျက်သည်၊ အသိပညာလည်း တိုးပွားသည် ဖြစ်သောကြောင့် အဘိဓာန်ကျမ်းပြုခြင်းအလုပ်မှာ လွန်စွာမှပင် စိတ်ပျော်ရွှင် နေပေတော့၏။

အရှင်ဝိစိတ္တာဘိဝံသသည် စာဝါချခြင်း၊  ကျမ်းပြုခြင်းကို တစ်ပတ်လျှင် (၆)ရက်အထိပြုလုပ်ခဲ့ပြီး စာဝါပိတ်သည့် ဥပုသ်နေ့များတွင် တရားအတွေ့အကြုံများကို စာရေးပါသည်။ အထူးသဖြင့် (၇)ခှစ်တိုင် လေ့လာစမ်းသပ်ခဲ့ရသော တန့်ကြည့်တောင် ငို တရား၊ ရယ် တရား ကမ္မဋ္ဌာန်းနည်းများသည် ထေရဝါဒ ပိဋကတ်တော်နှင့် လုံးလုံးဆန့်ကျင်နေကြာင်း၊ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်ဘဲ အပါယ်ရောက်ကြောင်း တရားသာ ဖြစ်ကြောင်းကို စာတွေ့ ဉာဏ်တွေ့ ကျမ်းဂန်အထောက် အထားဖြင့် တိကျခိုင်လုံစွာ ကိုးကား ရေးသားခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ဤစာအုပ်ကို ကမ္ဘာအေးသာသနာရေးဌာနရှိ ဆရာတော်ကြီးများက ထုတ်ဝေခွင့်မပေးဘဲ ပယ်ချခဲ့ပေသည်။ ထိုသို့ပယ်ခြင်းမှာ အရှင်ဝိစိတ္တာဘိဝံသ၏ ကျမ်းစာက ပိဋကတ်တော်နှင့် မညီသောကြောင့်မဟုတ်ဘဲ၊ ဆရာတော်ကြီးများက အဂတိလိုက်ပြီး တစ်ဖက်သတ် ရပ်တည်ခဲ့ကြသောကြောင့် ဖြစ်ပေသ်ည်။

အရှင်ဝိစိတ္တာဘိဝံသသည် (၇)နှစ်လုံးလုံး စာတွေ့၊ ငါတွေ့၊ လက်တွေ့လေ့လာ၍ ကြိုးစားပမ်းစား ရေးသားခဲ့ရသည့် စာအုပ်ကို သာသနာတော်မျက်နှာမကြည့်ဘဲ တန့်ကြည်တောင်မျက်နှာကြည့်ကာ ထုတ်ဝေခွင့်မပြုသည့် မဟာနာယက ဆရာတော်ကြီးများရော၊ ၎င်းတို့သုံးနေသည့် စာပေစိစစ်ရေး စည်းမျဉ်း ဥပဒေများကိုပါ လုံးဝ မကျေနပ်နိုင်ခဲ့ပေ။ ထို့ကြောင့် တရားမမျှတမှုကို ငုံ့မခံဘဲ တုန့်ပြန်မှသင့်တော်မည်ဟု ယူဆကာ ပုံနှိပ်အက်ဥပဒေဖြင့် အရေးယူခံရမည်မှန်းသိပါလျက် တရားမဝင် လိုင်စဉ်မဲ့ စာအုပ်အဖြစ် လူသိရှင်ကြား ထုတ်ဝေလိုက်တော့၏။

မူလက စာအုပ်အမည်ကို “တရားထိုင်ရင်း ငို,ရယ် အကြောင်း”ဟု အမည်ပေး၍ ကလောင်အမည်ကို “အရှင်ဝိစိတ္တာဘိဝံသ”ဟု အမည်ပေးခဲ့သော်လည်း၊ ခွင့်ပြုချက်မရဘဲ ထုတ်ဝေသည့်အခါ၌မူကား စာအုပ်အမည်ကို “ထေရဝါဒ တိုက်ပွဲ” ဟုအမည်ပေး၍ ကလောင်အမည်ကို “ဝီရသူ (မစိုးရိမ်)” ဟု အမည်ပေးခဲ့လေသည်။

ထိုစာအုပ်ကို ပထမအကြိမ်အဖြစ် အုပ်ရေ (၂၀၀၀) ထုတ်ဝေခဲ့ရာ၊ (၄)ရက်အတွင်း လုံးဝကုန်စင် သွားခဲ့ပေသည်။ ဒုတိယအကြိမ် မထွက်သေးမီတွင် စာအုပ်တန်းဖိုး (၂၀၀)ကျပ်သာ တန်ဖိုးရှိသောစာအုပ်ကို (၈၀၀)ကျပ် ပေးဝယ်ကြသည်ကို တွေ့ခဲ့ရပေသည်။ ဒုတိယအကြိမ်၌ အုပ်ရေ တစ်သောင်းထုတ်ရာ တစ်ရက်တည်းနှင့် အုပ်ရေငါးထောင်ကျော် ရောင်းခဲ့ရပေသည်။ စာအုပ်ဆိုင်များတွင် တင်၍ရောင်းချခြင်းမဟုတ်ဘဲ ကျောင်းတိုက်ဝင်းထဲရှိ ကျောင်းဆောင်ရှေ့မှာ ပုံ၍ ရောင်ချခြင်းဖြစ်ပေသည်။ စာအုပ်ဝယ်သူများမှာ ရုပ်ရှင်ရုံလက်မှတ်တိုးသလို တန်းစီတိုးဝှေ့၍ ဝယ်ယူခဲ့ကြသည်ကို တွေ့ရပေသည်။

ဒုတိယအကြိမ်ထုတ်ဝေရာ၌ကား မန္တလေးတိုင်း၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် မြတောင်ကျောင်းတိုက် ရွှေဝါဝင်းကျောင်းမှ ကျေးဇူးရှင်ဆရာတော် ဘဒ္ဒန္တသာသနာဘိဝံသက မေတ္တာရပ်ခံ၍ စာအုပ်အမည်ကို ပြောင်းလဲ ခဲ့ရပေသည်။ “ထေရဝါဒတိုက်ပွဲ” အမည်သည် ပြင်းထန်လွန်းသောကြောင့် “ထေရဝါဒတိုက်ပွဲ” အမည်မှ “ထေရဝါဒတို့တိုင်းပြည်” အမည်သို့ ပြောင်းလဲထုတ်ဝေခဲ့ရလေတော့၏။

ပထမအကြိမ်ထုတ်ဝေသည့် ထိုစာအုပ်သည် အအိပ်ကြီးသော မြန်မာရဟန်းတော်များကို ခပ်ကြမ်းကြမ်း လှုပ်နှိုးလိုက်သလိုဖြစ်ကာ သာသနာတော်တစ်ရပ်လုံးနိုးကြားတက်ကြွလာပေတော့၏။ စာရေးသူအရှင်ဝိစိတ္တာဘိဝံသသည် အညတြ စာချဘုန်းကြီးလေးဘဝမှ ချက်ချင်းလက်ငင်းထင်ရှားကျော်ကြားသူဘဝသို့ တစ်ဟုန်ထိုး ရောက်ရှိသွားလေတော့၏။ ယနေ့အချိန်မှာဆိုလျှင် ရဟန်းဘွဲ့ထက် ကလောင်အမည်ကိုသာ သိရှိသူများလေသည်။ ဦးဝိစိတ္တဆိုလျှင် သိသူရှားသော်လည်း ဝီရသူဆိုလျှင် မသိသူ မရှိလောက်အောင်ပင် ထင်ရှားကျော်ကြားသော ကလောင်တစ်ချောင်း ဖြစ်ခဲ့ရလေသည်။

စာရေးဆရာ ဝီရသူသည်လည်း ထိုစာအုပ်ကျေးဇူးကြောင့် သာသနာတော်တစ်ရပ်လုံး၏ ကြည်ညိုလေးစားမှုကို ခံယူခဲ့ရလေတော့၏။ အထူးသဖြင့် သံဃာထု၏ လေးစားမှု အားကိုးမှုတို့ကို ခံယူခဲ့ရခြင်း ဖြစ်လေသည်။

ထေရဝါဒတိုက်ပွဲစာအုပ်ကျေးဇူးကြောင့် ကမ္ဘာအေးသာသနာရေးဌာနက တန့်ကြည်တောင်ဆရာတော် ဘဒ္ဒန္တသောမဗုဒ္ဓိကို ဆင့်ခေါ်ကာ ၎င်းပြသနေသော ငိုတရား၊ ရယ်တရား ကမ္မဋ္ဌာန်းတရားသည် ဘုရားဟော ပိဋကတ်တော်နှင့်မညီသည့် အဓမ္မဝါဒဖြစ်ကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ အဆိုပါအဓမ္မဝါဒတရားကို  စွန့်လွှတ်နိုင်ခဲ့လေသည်။ တန့်ကြည်တောင်ဆရာတော်ကလည်း အလွယ်တကူ လက်မှတ်ထိုးကာ ၎င်းဝါဒကို စွန့်လွှတ်သွားခဲ့ပေသည်။

(2000)ခုနှစ်၌ ဒုတိယအုပ် (ပရိယတ္တိရွှေချိန်ခွင်)ရေးသားခဲ့သည်။ ထိုစာအုပ်သည် ပထမစာအုပ်၏ နောက်ဆက်တွဲဖြစ်ပြီး တန့်ကြည့်တောင်ဆရာတော်ဘက်မှ ခုခံကာကွယ်သောအားဖြင့် ချေပစာများ ရေးသား၍ ဦးဝီရသူကို တိုက်ခိုက်ကြသော အရှင်အာဒိစ္စရံသီ (ခ) စာရေးဆရာဆန်းလွင်၊ တန့်ကြည့်တောင်ရိပ်သာ ဒုတိယဥက္ကဋ္ဌ ဦးအောင်သင်း (ငြိမ်းဆုဝေ)နှင့် တန့်ကြည်တောင် အမာခံယောဂီ ဒေါ်ခင်အေးပန်တို့အား အမြစ်ပြတ်သုတ်သင်သော စာအုပ်ဖြစ်ပေသည်။

၂၀၀၁-ခုနှစ်၌ စာပေစိစစ်ရေးကိုတင်ကာ တစ်နှစ်တိတိ စောင့်ကြည့်ခဲ့ရပေသည်၊ တစ်နှစ်ကုန်ဆုံးသွားသော်လည်း ခွင့်ပြုချက်မကျသေးပေ၊ ဤဒုတိယအုပ်ကိုလည်း ကမ္ဘာအေးသာသနာရေးဌာနက ထုတ်ခွင့်မပေးပြန်ပေ၊ ထိုသို့ခွင့်ပြုချက် မပေးခြင်းမှာ သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမြင့်သည် တန့်ကြည်တောင် ဆရာတော်၏ တပည့်ယောဂီ ဖြစ်နေသောကြောင့်လည်းကောင်း၊ မဟာနာယကဆရာတော်ကြီးများက ညွှန်ချုပ်မျိုးမြင့်ကို မလွန်ဆန် နိုင်သောကြောင့် လည်းကောင်း ဖြစ်ပေသည်။

ဒုတိယစာအုပ် ထုတ်ဝေခွင့်မရပြန်သည့်အခါ၌လည်း အရှင်ဝီရသူက တရားမဝင် လိုင်စင်မဲ့စာအုပ်အဖြစ် ဆက်လက်ထုတ်ဝေလိုက်ပြန်ပေသည်။ ဤစာအုပ်သည် ပထမစာအုပ်လို ကြမ်းတမ်းပြင်းထန်သည့် စကားလုံးများ မပါသောကြောင့်လည်းကောင်း၊ အထောက်အထား အကိုးအကား ပြည့်စုံခိုင်လုံသောကြောင့်လည်းကောင်း၊ ရေးနည်းရေးဟန်တင်ပြပုံ ကောင်းမွန်သောကြောင့်လည်းကောင်း၊ ရည်ရွယ်ချက်ကောင်းမွန်သောကြောင့်လည်းကောင်း၊ ပညာရှင်အပေါင်း လက်ဖျားခါလောက်အောင် ပြည့်စုံသောစာအုပ်ကောင်းတစ်အုပ် ဖြစ်ပေသည်။

ဤစာအုပ်သည်လည်း အကြိမ်ကြိမ်ထုတ်ဝေခဲ့ရပြီး၊ ပထမ,ဒုတိယ စာအုပ်နှစ်အုပ်လုံးကြောင့် “ဆရာတစ်ဆူ ပွင့်သလိုပါပဲ” ဟူ၍လည်းကောင်း၊ “ဝီရသူလက်ကို ရွှေချထားဖို့ကောင်းတယ်” ဟူ၍လည်းကောင်း၊ “ထေရဝါဒ သူရဲကောင်း” ဟူ၍လည်းကောင်း၊ “ရှေ့တန်းတိုက်စစ်မှူးကြီး” ဟူ၍လည်းကောင်း၊ “သာသနာ့ကယ်တင်ရှင်” ဟူ၍လည်းကောင်း အမျိုးမျိုး အဖုံဖုံ ချီးကျူးခြင်းကို ခံယူခဲ့ရပေသည်။

စစ်အစိုးရလက်ထက်၌ မြန်မာနိုင်ငံသည် စီးပွားရေး၊ ပညာရေး၊ သာသနာရေးစသည်တို့၌ ချွတ်ခြုံကျ၍ ဆင်းရဲမွဲတေခဲ့ရပေသည်။ အနှစ် နှစ်ဆယ်ဝန်းကျင် ရှိလာပြီဖြစ်သော်လည်း ပြည်တွင်း ပြည်ပ မည်သည့်အဖွဲ့အစည်းကမျှ စစ်အစိုးရကို ဖြုတ်မချနိုင်ခဲ့ပေ။ ပြည်သူများမှာ မြေဇာပင်ပမာ ဒုက္ခဟူသမျှကို ခါးစီး၍ ခံခဲ့ရပေတော့၏။  အဆိုးဆုံးမှာ တရားဥပဒေစိုးမိုးရေး မရှိခြင်းပင်။ မူဆလင်များသည် ငွေအားလူအားကိုအသုံးပြုကာ မြန်မာလူမျိုးနှင့် ဗုဒ္ဓသာသနာကို စိတ်တိုင်းကျ ဖျက်ဆီးခွင့်ရနေပေတော့၏။ အာဏာပိုင်တို့၏ လာဘ်စားမှုကြောင့် မြန်မာတို့သည် မူဆလင်နှင့် ပြဿနာဖြစ်သည့်အခါတိုင်း မှန်လျက်ရှုံးနိမ့်ခဲ့ရပေတော့၏။ မြန်မာအစိုးရသည် ကုလားထံမှငွေယူကာ မြန်မာလူမျိုး ဗုဒ္ဓဘာသာကို အနိုင်ကျင့် စော်ကား ဖျက်ဆီးနေပေတော့၏။ စစ်အစိုးရလက်ထက်၌ မြန်မာလူမျိုးသည် မိဘမဲ့ သားသမီးပမာ၊ ဖထွေးထံ ကပ်နေရသော မယားပါသားပမာ ခိုကိုးရာမဲ့ ချို့တဲ့အားငယ်စွာ နေကြရပေသည်။ ဤသည်ကို နေ့စဉ်နှင့်အမျှ တွေ့ကြုံခံစားနေရသော အရှင်ဝီရသူသည် တစ်နိုင်ငံလုံးလှည့်၍ မူဆလင်ဆန့်ကျင်ရေးတရားများ ဟောကြားကာ အစိုးရကို အန်တုလေတော့၏။

မူဆလင်ဒဏ်လှိမ့်ခံနေရသော ရဟန်းရှင်လူ ပြည်သူအားလုံးသည် ခေါင်ဆောင်ကောင်း တစ်ယောက်ပေါ်လာပြီ ဟုဆိုကာ ဝီရသူကို တစ်ခဲနက် ထောက်ခံအားပေးလေတော့၏။ ထိုသို့ မူဆလင်ဆန့်ကျင်ရေးတရား ဟောကြားသည့် အခါ၌ကား အရှင်ဝီရသူသည် စနစ်၏သားကောင် ဖြစ်သွားရလေတော့၏။

စစ်အစိုးရက “ဘာသာရေး လူမျိုးရေး အစွန်းရောက်” ဟု မှတ်ချက်ချသည်ကို လည်းကောင်း၊ နိုင်ငံရေး သမားများကား “ထောက်လှမ်းရေး ဘုန်းကြီး”ဟု စွပ်စွဲသည်ကိုလည်းကောင်း၊ မီဒီယာများက “အစိုးရ သူလျှို”ဟု စွပ်စွဲသည်ကိုလည်းကောင်း၊ မေတ္တာယောင်ယောင် ဝိပဿနာယောင်ယောင်တို့က “ဒေါသသမား”ဟု စွပ်စွဲသည်ကို လည်းကောင်း၊ ရဲများက “ပွဲဆူအောင်လုပ်သူ”ဟု အပြစ်တင် ငြူစူကြသည်ကို လည်းကောင်း ကောင်းကောင်းကြီး ခံယူခဲ့ရပေသည်။

စစ်အစိုးရက စာအုပ်နှစ်အုပ်ထုတ်ဝေမှုကိုလည်း အရေးမယူပါ။ တရားဟောသည့်အခါ၌လည်း ပထမပိုင်းတွင် စောင့်ကြည့်ရုံသက်သက်သာ ရှိပေသေး၏။ နောက်ပိုင်းတွင် အစိုးရကိုထိပါးလာသောကြောင့် ကြည့်မနေနိုင်တော့ပေ။ ဖမ်းဆီးဖို့အတွက် ချောင်းနေပေတော့၏။ စစ်အစိုးရ၏သဘောမှာ ပြည်သူ့အချစ်တော် သံဃာအချစ်တော်များကို ပြည်သူတို့နှင့်ဝေးရာ အကျဉ်းထောင်သို့ ပို့တတ်သည့်အကျင့်ရှိရာ ဒေါ်အောင်ဆန်းစုကြည်မရှိစဉ် တစ်ဟုန်းထိုး ကျော်ကြားလာသော အရှင်ဝီရသူကိုလည်း စစ်အစိုးရက မျက်မုန်းကျိုးနေပေတော့၏။ ထိုအခိုက် စစ်အစိုးရလက်ထက် ဘာသာ သာသနာဆုံးရှုံး နစ်နာရပုံတို့ကို ထောက်ပြသည့် “အဆင်သင့်ရှိပါစေ” ဂန္ထဝင်တရားတော်ကို ဟောကြားလိုက်သောအခါ မဖြစ်မနေဖမ်းဆီးဖို့ ဆုံးဖြတ်ချက် ချလိုက်ပေတော့၏။

ဖမ်းစရာအကွက်ရှာသည့်အခါ ကူမဲမြို့နယ်၊ လမ်းခွရွာ၊ ကုလားဗမာအဓိကရုဏ်း၊ ကျော်ဆည်မြို့၊ ကုလားဗမာ အဓိကရုဏ်းတို့ကို တွေ့သွားလေတော့၏။

ဤသို့ဖြင့် ၂၅-၁၀-၂၀၀၃ ခုနှစ်တွင် ဝီရသူအဖမ်းခံခဲ့ရလေသည်။ ဝီရသူကို အနီးကပ် ကူညီထောက်ပံ့ အားပေးလှူဒါန်းသော အစ်ကိုဝမ်းကွဲတော်သူ မိုးကုတ်ရွှေဆိုင်ပိုင်ရှင် ဦးဝင်းမောင်လည်း အဖမ်းခံခဲ့ရပေသည်။ ရှေ့နေခေါ်ခွင့်မရှိ၊ မိသားစုထံ အကြောင်းကြားခွင့်မရှိ၊ အခြားမည်သူတစ်ယောက်မျှကိုလည်း အသိပေးခွင့်မရ၊ ခုခံခြေပခွင့်မရဘဲ ထောက်လှမ်းရေး၊ ရဲ၊ စွဲချ တရားသူကြီး၊ ရယက၊ မယက၊ ခယက၊ လုံခြုံရေး စုစုပေါင်းအင်အား ၁၀၀ ကျော်တို့က အပြစ်မဲ့ အကျဉ်းသား နှစ်ယောက်ကို ဝိုင်းအုံ အနိုင်ကျင့်မှုကို ခံခဲ့ရလေတော့၏။

ရုံးသည် ရုံးနှင့်မတူ လူသတ်ကုန်းနှင့် တူနေသည်ကိုလည်းကောင်း၊ အစိုးရသည် အစိုးရနှင့်မတူ လိုင်စင်ရ ဓားပြ လူဆိုးတို့နှင့် တူနေသည်ကိုလည်းကောင်း၊ ကိုယ်တိုင်သိမြင်ခွင့် ရရှိကာ မျက်မှောက်နိုင်ငံရေးကို သုံးသပ်သွားမိပေတော့၏

အမျိုးသားသစ္စာဖောက်၊ တစ်မျိုးသားလုံး၏ရန်သူသည် စစ်အစိုးရပင်ဖြစ်သည်ဟု သိမြင်သွားကာ နိုင်ငံရေး လုပ်ချင်စိတ်များ တစ်ဖွားဖွား ပေါ်ပေါက်လာခဲ့တော့၏။

တရားဟောမှု ၅(ည)ပုဒ်မဖြင့် ထောင်ဒဏ် (၇)နှစ်၊ ထေရဝါဒတိုက်ပွဲ၊ ပရိယတ္တိရွှေချိန်ခွင် တရားမဝင် ထုတ်ဝေမှု ပုံနှိပ်အက်ပုဒ်မ၁၇/၂၀ဖြင့် ထောင်ဒဏ် (၁၄)နှစ်၊ တရားတိပ်ခွေ ဖြန့်ချီမှုဖြင့် ပုဒ်မ ၈(၁)ဖြင့် ထောင်ဒဏ် (၂)နှစ်၊ သာသနာ ညှိုးနွမ်းမှု ပုဒ်မ ၂၉၅/က ဖြင့် ထောင်ဒဏ် (၂)နှစ်၊ စုစုပေါင်း ထောင်ဒဏ် (၂၅)နှစ် အချခံရပေတော့၏။ အစ်ကိုဝမ်းကွဲ တော်သူ ဦးဝင်းမောင်ကိုလည်း အားပေးကူညီမှုဖြင့် ထောင်ဒဏ် (၁၅)နှစ် ချမှတ်လိုက်လေသည်။

တရားရုံးကို လာရောက်စဉ်က ထောင်ဒဏ်အများကြီး အပြစ်ပေးခံရလျှင် တရားသူကြီးကို ကွန်ဂရက်ကျူလေးရှင်း လုပ်ဖို့ စိတ်ကူးထားသော်လည်း တရားသူကြီးခမျာလည်း နောက်စေ့ကို သေနတ်ဖြင့်အထောက်ခံထားရသောကြောင့်သာ မညှာမတာ အပြစ်ပေးခြင်းဖြစ်သည်ဟု စဉ်းစားမိကာ ကွန်ဂရက်ကျူလေးရှင်းလည်း မလုပ်ဖြစ်ခဲ့တော့ပေ။

စစ်ကြောရေးကာလတွင် အရှင်ဝီရသူကို ထောက်လှမ်းရေးက ရိုက်နှက် ထိုးကြိတ် နှိပ်စက်ခြင်းမျိုး လုံးဝမပြုလုပ်ပါ။ မျက်စိကို အဝတ်ဖြင့်စည်းပေးကာ တစ်ညလုံးမတ်တတ်ရပ်ခိုင်းထားခြင်း၊ မူးနောက်နေအောင် ဟိုလှည့် ဒီလှည့် ဝိုင်းလှည့်ကြခြင်း၊ စမ်းတစ်ဝါးဝါး လမ်းလျှောက်ခိုင်းခြင်း၊ ကြာပွတ်ဖြင့်ဝှေ့ရမ်း၍ ရိုက်မည် တကဲကဲပြုလုပ်ခြင်း၊ သူတို့လိုချင်သော သတင်းမရမချင်း ဆူပူကြိမ်းမောင်း ဟိန်းဟောက်ခြိမ်းခြောက်ခြင်း၊ အင်္ကျီကော်လံကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ချုပ်နှောင်၍ လက်တစ်ဖက်ကို လက်သီးဆုပ်လျက် ထိုးမည့်ဟန် ကြိမ်းဝါးခြင်းမျှသာ ပြုလုပ်ကြပါသည်။

အစာအိမ်ရောဂါ အခံရှိခြင်း၊ ထမင်းအမာများ စားရခြင်း၊ နေ့ရောညပါ အကြမ်းပတမ်း အစစ်ဆေးခံရသဖြင့် ကိုယ်ရော စိတ်ပါ ပင်ပန်းခြင်းတို့ကြောင့် ခုခံအားနည်းပါးကာ မူးဝေနောက်ကြည့်သည့်ဒဏ်ကို ခံခဲ့ရပေသည်။ မျက်စိအဝတ်စည်းခံရကာ မတ်တပ်ရပ်၍ အစစ်ဆေးခံရသည့်အခါ အရှင်ဝီရသူ ဖြေဆိုသည်များကို ထောက်လှမ်းရေးက ရေးမှတ်နေချိန်များတွင် အရှင်ဝီရသူသည် ထွက်လေ ဝင်လေရှုမှတ်သည့် အာနာပါနကမ္မဋ္ဌာန်းကိုသာ နှလုံးသွင်းနေသည်က များလေသည်။ ထိုသို့နေစဉ် နေရောညပါ ရက်ဆက်အစစ်ဆေးခံရသည့်အခါ ထွက်လေဝင်လေလည်း ရှုမှတ်၍မရတော့ပေ။ အသက်ရှုလိုက်သည့် အခါတိုင်း နားထဲမှလေတိုးသံများ ကြားနေရလေသည်။ ထိုအခါ ထွက်လေဝင်လေ မှတ်မရတော့ဘဲ မသိမိုက်မဲသည့် သနားစရာသတ္တဝါ ထောက်လှမ်းရေးများကိုသာ စူးစိုက်၍မေတ္တာပို့ခဲ့ရလေသည်။ တစ်ခါသော် မတ်တပ်ရပ်နေရာမှ မူးနောက်သွားကာ နောက်ပြန်လဲကျသွားခဲ့ရလေသည်။ အသံတိတ် (ကင်းပုန်းဝပ်) စောင့်ကြည့်နေသော ထောက်လှမ်းရေးတစ်ယောက်က အလိုက်သင့် ဝင်ထိန်းသောကြောင့်သာ နောက်စေ့မကွဲခြင်း ဖြစ်ပေသည်။ အကျဉ်းဦးစီး ဝန်ထမ်းနှစ်ယောက်နှင့် ဝင်ထိန်းပေးသောထောက်လှမ်းရေးတို့က ဝင်တွဲပေးပြီး ထောင်ထဲပြန်ခေါ်လာပေးကြရ၏။ အခန်းတံခါးရောက်မှ မျက်နှာစည်းထားသည့် အဝတ်ကို ချွတ်ပေးကြလေသည်။ ထိုမှနောက်၌ အကြမ်းပတမ်း အစစ်မခံရ တော့ပေ။

ထောင်သို့ရောက်သည့်နေ့မှစ၍ သုံးလတိုင်တိုင် “ဧကာသနိက် ဓုတင်” ဆောက်တည်ခဲ့ပေသည်။ မနက်အစော တိုက်ကျွေးသောဆန်ပြုတ်မှာ ထမင်းမကျက်မီ မကျက်သေးသောရေနွေးများထည့်၍ ရောထားသည်ဖြစ်ရာ ဆန်စေ့မနပ်ခြင်း၊ ရေစိမ်းစော်နံခြင်းတို့ကြောင့် ကျန်းမာရေးထိခိုက်နိုင်သောကြောင့်လည်းကောင်း၊ နေ့ဘက်ကျွေးသောထမင်းမှာ ပေါင်းထမင်းဖြစ်ရာ အစာမကြေသောကြောင့်လည်းကောင်း၊ တစ်နေ့မှာ တစ်နပ်သာစားခွင့်ရှိသော “ဧကာသနိက် ဓုတင်” ကို ရွေးချယ်ကျင့်သုံးခြင်း ဖြစ်ပေသည်။ ထိုဓုတင်၏သဘောအရ (၂၄)နာရီတွင် တစ်နပ်သာစားရပြီး၊ အရုဏ်ဆွမ်းစားမိလျှင် နေ့ဆွမ်းစားခွင့် မရှိတော့ပါ၊ နေ့ဆွမ်းစားလျှင်လည်း အရုဏ်ဆွမ်းစားခွင့်မရှိတော့ပါ။

ဆောက်တည်စ ပထမဆယ်ရက်တွင် မခံမရပ်နိုင်လောက်အောင် ဆာလောင်မွတ်သိပ်ခြင်း၊ ဗိုက်ထဲ ပူလောင်နေခြင်း၊ မျက်စိများပြာဝေနေခြင်း၊ ခေါင်းများမူးဝေနေခြင်း၊ အထိုင်အထယိုင်နဲ့သွားခြင်း၊ စကားပြောလျှင် အသံမထွက်ဘဲ မနည်းအားယူ၍ ပြောရခြင်းတို့နှင့် တွေ့ကြုံခံစားခဲ့ရပေသည်။ ထိုအခါမှ ဓုတင်၏ အနက်အဓိပ္ပါယ်ကို ကောင်းစွာသဘောပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။

ဓုတင်ဆိုသည်မှာ ကိလေသာကိုခါတွက်ခြင်းဖြစ်ပါသည်။ ကိလေသာများ အနားမကပ်နိုင်အောင် ခါတွက်ခြင်းဖြစ်ပါသည်။ လှုပ်ခါချခြင်းဖြစ်ပါသည်။ တစ်ဖက်ရန်သူကို တံတောင်ဖြင့်တွက်၍ တိုက်ခိုက်အနိုင်ယူသော လက်ဝှေ့သမားကဲ့သို့ ကိလေသာများကိုခါတွက်၍ တိုက်ခိုက်အနိုင်ယူသော ကျင့်စဉ်ဖြစ်ပါသည်။ ထိုဓုတင်ကျင့်စဉ်ကြောင့် ကိလေသာများ ခေါင်းမထောင်နိုင်တော့ပါ။ တရားရှုမှတ်ရာမှာလည်း များစွားအထောက်အကူရပါသည်။ စိတ်တည်ငြိမ်အေးချမ်းပြီး ကြည်လင်လန်းဆန်း၍ ချမ်းမြေ့နေပေတော့၏။

စစ်အစိုးရကပေးသော ကြမ်းတမ်းသော လောကဓံကို ဘုရားပေးသောနည်းဖြင့် ပြန်လည်ခုခံခြင်း ဖြစ်ပါ၏။ အမှန်တကယ် ငြိမ်းချမ်းပါသည်။ လောကဓံကနွေရာသီဖြစ်သော်လည်း ရင်ထဲမှာတော့ ဆောင်းရာသီဖြစ်နေပါသည်။

အရှင်ဝီရသူသည် မန္တလေးထောင်တွင် ၂၉-၁၀-၂၀၀၃ ခုနှစ်မှ ၂၁-၀၁-၂၀၁၁အထိ ခုနှစ်နှစ်ကျော် နေခဲ့ရပေသည်။ ထိုကာလကိုဖြတ်သန်းရာတွင် ဘုရားဝတ်တက်၊ ပရိတ်ပဋ္ဌာန်းရွတ်၊ တရားဘာဝနာပွားများခြင်းတည်းဟူသော ဘာသာတရား လုပ်ငန်းများကို နေ့စဉ်ညစဉ် အပျက်မခံသောအားဖြင့်လည်းကောင်း၊ သတင်းစာ၊ ဂျာနယ်(လ်)၊ ဘာသာရေးစာအုပ်၊ အထွေထွေ ဗဟုသုတဆိုင်ရာ စာအုပ်၊ ကျန်းမာရေးဆိုင်ရာ စာအုပ်များကို ဖတ်ရှုလေ့လာသော အားဖြင့်လည်းကောင်း၊ အကျဉ်းသားများနှင့် အင်တာဗျူး၍ အချက်အလက်စုခြင်း၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်း ကျမ်းစာအုပ်များ ရေးသားသောအားဖြင့် လည်းကောင်း၊ ပျင်းရိခြောက်သွေ့၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ခရီးကြမ်းကြီးကို ကိုယ်ရောဂါ စိတ်ရောဂါ တစ်စုံတစ်ရာမျှ အစွဲကပ်မခံရလေအောင် ကောင်းမွန်စွာ ဖြတ်သန်းနိုင်ခဲ့ပေသည်။

အိုးဘိုထောင် ခုနစ်နှစ်ကျော်ကာလ ခက်ခဲစွာဖြတ်သန်းခဲ့ရသော ခရီးကြမ်းကြီးကို ခေတ်သုံးခေတ် ပိုင်းခြား၍ ပြောလျှင် ပို၍လွယ်ကူစွာသိရှိနိုင်မည်ဖြစ်ပေသည်။

ထိုခေတ်သုံးခုမှာ ထောက်လှမ်းရေးခေတ်၊ ထောက်လှမ်းရေး ဖျက်သိမ်းခံရပြီးသည့်ခေတ်၊ သက်ဝင်းအောင် သေဆုံးပြီးသည့်ခေတ်တို့ ဖြစ်ပါသည်။

ထောက်လှမ်းရေးခေတ်မှာ သီးခြားထား ၅/ည အကျဉ်းသားများကို ထောက်လှမ်းရေးကပင် ကိုင်တွယ် ထားသောကြောင့် ထောင်က မတို့ရဲ မထိရဲပါ။ ထောက်လှမ်းရေးခေတ်၌ ၅/ည အကျဉ်းသားများသည် လွတ်လပ်မှု၊ သက်သောင့်သက်သာရှိမှု၊ သက်သာချောင်ချိမှုမရှိသော်လည်း ဆူပူကြိမ်းမောင်းခံရခြင်း၊ ရိုက်နှက်ထိုးကြိတ်ခံရခြင်း လုံးဝမရှိခဲ့ပါ။

ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းခံလိုက်ရပြီးသည့်နောက်ပိုင်း၌ကား ၅/ည အကျဉ်းသမားများကို ပစ်မှတ်ထားကာ ဦးချိုးခြင်း၊ စိတ်ဓာတ်ပါ အညွန့်ကျိုးအောင် အမြစ်လှန်ပစ်ခြင်း၊ အငတ်ထား၊ အကြပ်ထားကာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ အနာတရဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လာခြင်း၊ နေ့စဉ်နှင့်အမျှ ထုတ်ရိုက်ခြင်း၊ အင်အားသုံး၍ အနိုင်ကျင့်ခြင်း၊ နေ့ရောညပါ စောင့်ကြည့်ခံရခြင်း၊ အကျဉ်းသားများကို ချောင်းနားထောင်ခိုင်းခြင်းမျိုးများ ပြုလုပ်လာရာ ဤကာလမှာ ငရဲခန်းအသွင်ဆောင်ရာ ခေတ်ကာလဖြစ်လာခဲ့ရပေတော့သည်။

အရှင်ဝီရသူကို ဖမ်းသွားပြီး သုံးရက်မြောက်ည (၂၇-၁၀-၂၀၀၃)တွင် “၀ီရသူလွတ်မြောက်ရေး – ဒို့အရေး” ကြွေးကြော်သံများ တောင်းဆိုဆန္ဒပြကြသော သံဃာထုကြီးကို သေနတ်ဖြင့်ဖြိုခွင်းရာ သေနတ်မှန်၍ ဒဏ်ရာရသူများ၊ ထိုဒဏ်ရာရသူများကို ဆေးရုံလိုက်ပို့သူများ၊ သွေးလှူဖို့လိုက်လာသူများအားလုံး ရဟန်းပျို (၁၅)ပါး အဖမ်းခံခဲ့ရပါသည်။ ထို(၁၅)ပါးကို ပထမတွင် တရားသူကြီးက ၅/ည ပုဒ်မဖြင့် ထောင်ဒဏ် (၇)နှစ်ချမှတ်ခဲ့သည့်ကို တိုင်းမှူးဗိုလ်ချုပ်ရဲမြင့် (ရဲမြင့်လေး)က နောက်ထပ် (၈)နှစ်တိုး၍ ချခိုင်းသောကြောင့် တစ်ဖန်ထပ်ခေါ်၍ တရားသူကြီးက (၈)နှစ်ထပ်တိုးကာ စုစုပေါင်း (၁၅)နှစ် အပြစ်ပေးလိုက်ပြန်ပါသည်။

ထို(၁၅)နှစ်တွင် ပါဝင်သော ဦးပဉ္စင်း ဦးသြဘာသဘွဲ့အမည်ရ တပည့်လေးမှာ တန်းစီး၊ စည်းကမ်းထိမ်းခေါ်သော အကျဉ်းသားကြီးများ၏ ဝိုင်းရိုက်ခြင်းကိုခံခဲ့ရပါသည်။ အကျဉ်းသားများ ရိုက်သည်ကို အားမရ၍ ထောင်မှူးရဲမြင့်ဦး ကိုယ်တိုင်လည်း ဝင်ရောက်ရိုက်နှက်ခဲ့ပါသည်။ စံပြအဖြစ် ရိုက်ပြခြင်းဖြစ်သောကြောင့် ထောင်မှူးရဲမြင့်ဦးက ဦးပဉ္စင်း ဦးသြဘာသ၏ ခေါင်းကိုရှူးဖိနပ်ဖြင့် တက်နင်းပြီး တင်ပါးနှင့်ကျောတို့ကို နံပါတ်တုတ်ဖြင့် အားကုန်လွှဲ၍ ရိုက်ပြခြင်းဖြစ်ပါသည်။

ထို့အတူပင် NLD ပါတီမှ ရွှေခမောက် ရွှေမောင်လည်း နေ့စဉ်နှင့်အမျှ ထုတ်ရိုက်သည်ကို ခံခဲ့ရပေသည်။ ကြိုးသမား(သေဒဏ်ကျ) တစ်ယောက်ဆိုလျှင် နေ့ဘက် ၂း၀၀နာရီမှ ညနေ ၆း၀၀ အထိ အကျဉ်းသားများ၊ ဝန်ထမ်းများ၊ အရာရှိများပါ ဝိုင်းရိုက်ခံရသောကြောင့် ပွဲခြင်းပြီးသေဆုံးခဲ့ရပါသည်။

အကျဉ်းသားများကို နေ့စဉ်နှင့်အမျှ ရက်ရက်စက်စက် အနိုင်ကျင့်စော်ကားနှိပ်စက်နေသော အကျဉ်းထောင် သတင်းများကို ခေါင်းဖြင့်ရင်း ကျောနှင့်ခင်း၍ ရဲဝန့်စွန့်စားကာ မီဒီယာများသို့ပို့သော အရှင်ဝီရသူကိုလည်း နေ့စဉ်နှင့်အမျှ ထုတ်ရိုက်ဖို့ စောင့်ကြည့်နေကြပေသည်။ လက်ပူးလက်ကြပ်မိလျှင် အသေသတ်မည်ဟုလည်း ကြိမ်းဝါးနေကြပေသည်။

အပြင်းထန်ဆုံးတိုက်ပွဲမှာ ဖိနပ်တိုက်ပွဲဖြစ်ပါသည်။ ထောင်သတင်းများ မီဒီယာများတွင် မကြာခဏ ပါလာသည့်အခါ ထောင်အာဏာပိုင်များက ၅/ည များကို ညှိုးကာ ဖိနပ်မစီးရ အမိန့်ထုတ်ပြန်ပါတော့၏။ ထောင်ဝင်စာသွားသည့်အခါ မိန်းဂျေးလ်ကိုဖြတ်၍ သွားရရာ “ထိုမိန်ဂျေးလ်မှာ ဖိနပ်မစီးရ, ထောင်ဝင်စာ ခန်းမှာ ဖိနပ်မစီးရ” အမိန့်ထုတ်ပြန်ခြင်း ဖြစ်ပါ၏။ ဝီရသူနှင့် ရွှေမောင်မှလွဲ၍ တစ်ထောင်လုံးရှိ အကျဉ်းသာများ ဖိနပ်မစီးရအမိန့်ကိုနာခံကာ ဖိနပ်ချွတ်၍ ထောင်ဝင်စာသွားကြပေသည်။

ဝီရသူကား “ဒါသက်သက် ဦးချိုးတာ၊ အင်္ဂလိပ်တွေက သခင်တွေကို ဦးချိုးသလို၊ ၅/ညတွေကို ဦးချိုးတာ”ဟု ခံယူကာ ဖိနပ်မစီးရလျှင် ထောင်ဝင်စာမတွေ့နိုင်ဟု ပြတ်ပြတ်သားသား ဆန္ဒပြလိုက်ပေသည်။ အစပထမတွင် ဝီရသူနောက်မှ အစ်ကိုတစ်ဝမ်းကွဲနှင့် အကျဉ်းသား (၁၂)ယောက်တို့က ထောက်ခံထားသော်လည်း နောက်ဆုံးတွင် ဝီရသူတစ်ပါးသာ ကျန်ရစ်ခဲ့လေသည်။ “အာဏာဖီဆန်ရကောင်းလား”ဟု ဆဲဆိုကြိမ်းမောင်းကာ ဝန်ထမ်းတင်မောင်လှိုင်က ရုံးတင် လိုက်တော့၏။ ဝီရသူက အကြောက်အလန့်ကင်းစွာ ရုံးပေါ်မတက်ဘဲ ပေကပ်ကပ်လုပ်နေသည့်အခါ ထိုဝန်ထမ်းမှာ စိတ်မထိမ်းနိုင်တော့ဘဲ ဝီရသူကို “ငါ-မသား၊ လူကဂျစ်ကပ်ကပ်နဲ့၊ အမိန့်မနာခံဘူး”ဟု ဟစ်အော်ဆဲဆိုကာ လက်သီးဖြင့်ပြေး၍ ထိုးခဲ့လေတော့၏။ ဝီရသူက ခုခံကာကွယ်ဖို့ နောက်ဆုတ်ဟန်ပြင်လိုက်သည်နှင့်ကြုံကာ ထိုးချက်မထိတော့ပါ။ ဝီရသူလည်း ဟန်ချက်မညီ၍ ဖင်ထုင်လျက်သား လဲကျသွားရာမှ လူးလဲထကာ ဟိုဟိုသည်သည် ကြည့်မိရာတွင် အကျဉ်းသားများ၊ ဝန်ထမ်းများ ဒုတ်ကိုယ်စီကိုင်၍ ဝီရသူကို ဝိုင်းထားသည်ကို တွေ့လိုက်ရပေ၏။

ထိုအခိုက် ထောင်မှူးအေးကြူရောက်လာပြီး လက်ညှိုးဖြင့်ထိုးကာထိုးကာ ဆူပူကြိမ်းမောင်းပါတော့၏။ ခြိမ်းခြောက်ပြီး ထောင်ဝင်စာတွေ့ခိုင်းလေတော့၏။ ဝီရသူက မတွေ့သည့်အခါ “လက်မှတ်ထိုးရမယ်” ပြောပါလေ၏။ လက်မှတ်ထိုးခဲ့ပါလေသည်။

ဤကိစ္စသည် ဤမှာတွင် မပြီးသေးဘဲ ဝီရသူကို အညှိုးထားကာ ရှာဖွေရေးဝင်ပါတော့၏။ ကျန်အခန်းများတွင် ဝန်ထမ်းတစ်ယောက်နှစ်ယောက်စသာ သဘောမျှဝင်ရှာသော်လည်း ဝီရသူအခန်းကို ဝန်ထမ်း(၁၀)ယောက်ဝင်ပါသည်။ ပိုက်စိပ်တိုက်မြေလှန် ရှာပါတော့သည်။ တပ်သားအဆင့်မှ ထောင်မှူး၊ ထောင်မှူးကြီး၊ ဦးစီးအဆင့်ထိ ပါဝင်ပေသည်။ သူတို့လိုချင်သော သဲလွန်စများ လုံးဝမရသည့်အခါ တရားဝင်သွင်းထားသော စာအုပ်များ၊ ဂျာနယ်(လ်)များ သိမ်းသွားပါတော့၏။ ဂျာနယ်(လ်)အစောင်ငါးဆယ်ကျော်နှင့် စာအုပ်ပေါင်း (၃၅)အုပ် အသိမ်းခံခဲ့ရခြင်း ဖြစ်ပါသည်။ ရန်သူစခန်းလို ဝင်ရောက်စီးနင်းရှာဖွေကြခြင်း၊ အနိုင်ကျင့် လုယူသွားခြင်း၊ ဓားပြတိုက်သွားခြင်း ဖြစ်ပါသည်။

ဝီရသူအားလည်း ထောင်ဝင်စာတွေ့ခွင့် ပိတ်ဆို့ကာ ပြစ်ဒဏ်ပေးကြပြန်ပါ၏။ ဝီရသူထံ ပါဆယ်ပို့ခွင့်လည်း မရပါ။ အကျဉ်းသားအချင်းချင်းက မကျွေးနိုင်အောင် ကန့်သတ်ပိတ်ပင် တားမြစ်လိုက်ကြပါသည်။ ဝီရသူအားလည်း (၂၄)နာရီ တိုက်ပိတ် ပစ်ဒဏ်ပေးကာ ထောင်မှူးအေးကြူကိုယ်တိုင် နံပါတ်ဒုတ်ကြီးကိုင်ပြီး ခဏခဏလာ ခြိမ်းခြောက်ပါတော့၏။

ဝီရသူက နောက်မဆုတ်တမ်းတိုက်ပွဲဝင်ဖို့ အစစရာရာ ပြင်ဆင်ထားခဲ့သော်လည်း (၁၄)ရက်နှင့်သာ အဆုံးသတ် အရှုံးပေးခဲ့ရပါသည်။ အကြောင်းမှာ ဝီရသူ၏ ဆရာသမားဖြစ်သူ ကျောက်ဆညိမြို့ မင်းကုန်းဆရာတော်ကြီးက (၃)ကြိမ်တိတိစာရေး၍ ဆုံးမခြင်း၊ မေတ္တာရပ်ခံခြင်း၊ တောင်းပန်အသနားခံခြင်းတို့ကြောင့် ဖြစ်ပါသည်။ သို့သော် ဝီရသူ၏ ရှုံးနိမ့်ခြင်းသည် ယာယီ ရှုံးနိမ့်ခြင်းသာဖြစ်ကြောင်း နောက်မှသိရပါတော့၏။

အင်တာနက်မှာ “ဘုန်းကြီးမရှောင်၊ ဘာမရှောင် ဖိနပ်ချွတ်ခိုင်းသော ထောင်သတင်း” ပါလာသည့်နောက်ပိုင်း တစ်ထောင်လုံး ဖိနပ်ပြန်စီးခွင့် ရခဲ့လေတော့၏။ သို့သော် တစ်ထောင်လုံးရှိ ၅/ည များသာ စီးခွင့်ရပြီး အခြား အကျဉ်းသားများအား စီးခွင့်မပေးသေးပါ။ ဝီရသူနှင့်အတူ သူနည်းသူ့ဟန်ဖြင့် ဖိနပ်တိုက်ပွဲဝင်နေသော ရွှေခမောက် ရွှေမောင်မှာ ဝီရသူထက် ထိချက်နာခဲ့သော်လည်း ဖိနပ်စီးခွင့်မရခဲ့ပါ။ အကြောင်းမှာ ၅/ည အကျဉ်းသား မဟုတ်သောကြောင့်တည်း။ (ဝီရသူနှင့် ရွှေမောင် အချိတ်အဆက်မရှိဘဲ တိုက်ပွဲဝင်နေခြင်းဖြစ်၏။ ရွှေမောင်က ထောင်ဆေးရုံဝင်း သီးခြားတိုက် ဝီရသူက တိုက်ဝင်း-(၂)တိုက် တစ်ယောက်နှင့်တစ်ယောက် တိုက်ပွဲဝင်နေမှန်းလည်း မသိကြပေ။)

ရွှေမောင်လွတ်ရက်စေ့၍ လွတ်သွားပြီးမကြာမီပင် သက်ဝင်းအောင်သေဆုံးပါသည်။ သက်ဝင်းအောင်သည် ၈၈ မျိုးဆက်ဖြစ်ပြီး၊ ၈၈ မျိုးဆက်မှ ကိုပြုံးချိုနှင့် ညီအစ်ကိုရင်း တော်စပ်သူဖြစ်ပါသည်။ ခန္တီးထောင်တွင်နေရစဉ် ထောင်မှူး ရဲမြင့်ဦးက သေအောင်ထုတ်ရိုက်လိုက်သောကြောင့် စိတ်ရောကိုယ်ပါ ဒဏ်ရာများစွာရထားသော သက်ဝင်းအောင်သည် မန္တလေးထောင်တွင် ရဲမြင့်ဦးနှင့်ပြန်ဆုံပါသည်။ သို့သော် သက်ဝင်းအောင်က ဆေးရုံဝင်းရှိ သီးခြားတိုက်။ ရဲမြင့်ဦးက တိုက်ဝင်းကိုသာ အုပ်ချုပ်ရသူဖြစ်သောကြောင့် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံခြင်းမျိုး မရှိခဲ့ပေ။

သက်ဝင်းအောင်သည် အကျဉ်းသားဘဝ စစ်အာဏာရှင်၏ ဓားစာခံဘဝဖြင့် အသက်ရှင်နေရသည်ထက် သေရမည်ကို ပိုလိုလားသူဖြစ်ပေသည်။ ဤသဘောဖြင့် သက်ဝင်းအောင်သည် ထောင်ပိုင်ပတ်သည်ဖြစ်စေ၊ ညွှန်မှူးပတ်သည်ဖြစ်စေ၊ ညွှန်ချုပ်ပတ်သည်ဖြစ်စေ၊ မည်သည့်ဝန်ထမ်းနှင့်မျှ စကားမပြောဘဲ တေမိဗျူဟာခင်း၍ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါသည်။ အခန်းထဲမှ အခန်းပြင်သို့လည်း မထွက်ပါ။ ထောင်ကကျန်းမာရေးအရ လမ်းလျှောက်ခွင့် ပေးထားသော်လည်း လမ်းမလျှောက်ပါ။ တစ်ကိုယ်လုံးမှာ ဒဏ်ရာမျိုးစုံ ရောဂါမျိုးစုံ စွဲကပ်နေသော်လည်း ထောင်ကပေးသော ဆေးမသောက်ပါ။ ဆေးလည်း အထိုးမခံပါ။ အတူနေအကျဉ်းသားအချင်းချင်းလည်း စကားမပြောပါ။ ကိုယ့်ရောဂါ ဝေဒနာကို ကိုယ်တိုင်သာကြိတ်ခံစားပြီး အကျဉ်းသားဘဝဖြင့် အသက်ရှင်နေရသည်ထက် သေရသည်က ပိုမြတ်သည်ဟု ခံယူထားသူပီပီ ကိုယ့်ကိုကိုယ် ညှင်းဆဲကာ သေအောင်ဖန်တီးနေပါတော့၏။

များမကြာမီ သက်ဝင်းအောင်သေဆုံးပါသည်။ ထောင်က သတင်းမှန်ကို မထုတ်ပြန်ရဲပါ။ ညအခါ မည်သည့်အချိန်မှာ သေဆုံးနေကြောင်းမသိရသည့် အလောင်းကောင်ဖြစ်ပါလျက် မနက်ရောက်မှ သူတို့လက်ထဲမှာသေသလို အစီရင်ခံစာကို လိမ်ညာအကွက်ဆင်၍ တင်ပြပါတော့၏။ တာဝန်မှူးအေးကြူ အရေးယူခံရနိုင်သောကြောင့် လိမ်ညာတင်ပြခြင်း ဖြစ်ပါသည်။ (အချို့ကလည်း တာဝန်မှူး ရဲမြင့်ဦးဟု ဆိုပါသည် )။ နအဖ- ဖာသည်ကြီးဖြစ်သော အတော်သရမ်းသည့် ကျော်ဆန်းကလည်း ရော်ရမ်း၍ ညာဖြန်းပါတော့၏။ သက်ဝင်းအောင်သည် ထောင်အာဏာပိုင်များကို အယုံအကြည်မရှိ၍ ဆေးမသောက်၊ ဆေးမကုဘဲနေသည်ကို ထည့်မပြောဘဲ ထောင်ကဆေးကု ဆေးတိုက်ပါလျက် သူ့ဘာသာသူ သေဆုံးလေဟန်ပြောကာ ကမ္ဘာကို လိမ်ညာလှည့်စား ခဲ့ပြန်ပါသည်။ သတင်းစာရှင်လင်းပွဲ ကြည့်ရင်း တစ်ထောင်လုံးက ဟားတိုက်ရယ်မောကြကြောင်း နောက်မှ သိရှိခဲ့ရပါသည်။

တတိယခေတ် သက်ဝင်းအောင်သေဆုံးပြီးနောက် အိုးဘိုထောင်၏ လူမဆန်သော အုပ်ချုပ်ရေးများ တစ်ဖြည်းဖြည်းလျှော့ပေးလာရာ၊ I.C.R.C. မဝင်တော့သည့်နောက်ပိုင်း ပြည်ခိုင်းဖြိုးပါတီ ဝင်ရောက်လာသောအခါ၌ ဖိန်ပ်တိုက်ပွဲ ပြန်လည်အသက်ဝင်ကာ အကျဉ်းသားမှန်သမျှ ဖိနပ်စီးခွင့် ရခဲ့လေတော့၏။

သက်ဝင်းအောင် အသေခံ၍ တိုက်ပွဲဝင်ခဲ့သည့်ကျေးဇူးကြောင့် ၅/ည အကျဉ်းသားများ ကျားရုံထဲမှာနေရသည့်ဘဝမှ သမင်တွေလို နေခွင့်ရလာခဲ့ပေသည်။ ထို့နောက် ဆင်တွေလို နေခွင့်ရလာခဲ့ပေတော့၏။ ကျားလိုနေရစဉ်က လမ်းလျှောက်ခွင့်မရှိပါ။ သမင်လိုနေရသည့်အခါ လမ်းလျှောက်ခွင့် ရလာပါသည်။ ဆင်လိုနေရသည့် အခါ၌ကား တောင်ယာစိုက်ပျိုးခွင့်၊ ပိုက်ကျော်ခြင်းခတ်ခွင့် စသည်နှင့် တစ်တိုက်နှင့်တစ်တိုက် ကူးသန်းသွားလာခွင့်ပင် ရလာခဲ့ပေတော့၏။

သက်ဝင်းအောင်၏ ဝိညာဉ်သည် အိုးဘိုထောင်မှ ဘဝတူအကျဉ်းသားများကို စောင့်ရှောက်လျက် ရှိပါသည်။ အိုးဘိုထောင်နည်းတူ အခြားသောအကျဉ်းထောင်များမှ ဘဝတူအကျဉ်းသားများကိုလည်း များစွာစောင့်ရှောက်လျှက် ရှိပါသေး၏။

ဤသည်ကို “သူရဲကောင်းတို့၏ ဝိညာဉ်” အမည်ဖြင့် သက်ဝင်းအောင် ဂုဏ်ပြုကဗျာ စပ်ဆိုခဲ့ဘူးသော်လည်း ထိုကဗျာယခုထိ ရှာမတွေ့တော့ပါ။ တစ်ကြောင်းစ၊ နှစ်ကြောင်းစသာ ပြန်လည်နှလုံးသွင်း နိုင်ပါတော့၏။

အာဏာရှင်စနစ်မှ အကျဉ်းသားဗဟိုပြုစနစ်အဖြစ်သို့ ရောက်ရှိလာသည့်အခါ၌ကား တစ်သက်လုံးက ခေါင်းမထောင်ခဲ့သော ထောက်လှမ်းရေးဟောင်းများ ခေါင်းပြန်ထောင်လာလေတော့၏။ ယခင်ကထုတ်ရိုက်ခံမည်ကို ကြောက်သူများ၊ ထောင်ဝင်စာပိတ်၊ တိုက်ပိတ်ကာ၊ အငတ်ထား၊ အကြပ်ထားခံရမည်ကို ကြောက်သူများ၊ ထောင်မှတ်ချက်ဝင်သွားလျှင် မလွတ်မည်ကိုကြောက်သောကြောင့် ပုံစံခွက်ထဲမှာ ကျေနပ်စွာနေတတ်သူများပင်လျှင် သူရဲကောင်းအသွင် ဆောင်လာကာ သတ္တိတွေ ပြလာတော့၏။

ခေတ်မကောင်းစဉ်က ကြောက်အားကြီးသော ထောက်လှမ်းရေးများသည် ခေတ်ကောင်းသည့်အခါ၌ သူရဲကောင်းကြီးများ လုပ်လာကြတော့၏။ ထောင်ကို အပြစ်ရှာသည်။ ဟိုတိုင်သည်တော လုပ်သည်။ အကျဉ်းသား အချင်းချင်း အပြစ်ရှာသည်။ အချွန်အတွန်း လုပ်သည်။ ပထမတွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီ (လူနည်းစုအနေဖြင့်) လုပ်နေကြသော်လည်း နောက်ဆုံးတွင် ဂိုဏ်းဖွဲ့ အုပ်စုဖွဲ့ကာ သာမန်အကျဉ်းသားများကို အနိုင်ကျင့်လာတော့၏။

ဝီရသူက အတန်တန်သတိပေးသည့်ကြားမှပင် ထောင်အာဏာပိုင်များကိုလာဘ်ထိုးကာ အပြစ်မဲ့ ကြိုးသမားလေး တစ်ယောက်ကို အင်အားသုံး၍ အနိုင်ကျင့်လိုက်ကြတော့၏။ နောက်တစ်နေ့မနက်ရောက်မှ အဖြစ်အပျက်ကို သိခဲ့ရခြင်းဖြစ်ပါသည်။

ထောင်ပိုင် ညွှန်မှူးလောက်သာ တိုင်မည်ဆိုလျှင် ထောက်လှမ်းရေးများကို အရေးယူကြတော့မည် မဟုတ်ပေ။ သဘောလောက်သာ ရှာဖွေရေးလုပ်ပြီး ပိုက်ဆံတောင်းသွားမည်သာ ဖြစ်လေ၏။ အိုးဘိုထောင်တွင် ထောက်လှမ်းရေး တပ်ကြပ်မှ ကာနယ်(လ်) ဗိုလ်မှူးကြီးအဆင့်ထိ ရှိသောကြောင့်လည်းကောင်း၊ ထောက်လှမ်းရေးများသည် မိန်းဂျေး(လ်)ဗဟိုကို ငွေဖြင့်အာဏာသိမ်းထားသောကြောင့် လည်းကောင်း၊ ထောင်ပိုင်ကိုယ်တိုင် ထောက်လှမ်းရေးများကို ရွံ့သလိုကြောက်သလို လက်ရှောင်နေတတ်သောကြောင့် လည်းကောင်း၊ ညွှန်မှူးကိုယ်တိုင် ထောက်လှမ်းရေး ဗိုလ်မှူးကြီးတစ်ယောက်၏ သူငယ်ချင်းဖြစ်နေသောကြောင့် လည်းကောင်း ဖြစ်လေ၏။

ထိုသို့သော အကြောင်းများကိုစိစစ်ကြည့်၍ ဝီရသူက ညွှန်ချုပ်သို့လိပ်မူကာ ထောက်လှမ်းရေးများ သောင်းကျန်းနေပုံကို တိုင်စာတစ်စောင်ရေး၍ တိုင်ကြားလိုက်လေသည်။ မိတ္တူကို ထောင်ပိုင် ညွှန်မှူးမှ ဝန်ကြီးအထိ ပို့လိုက်ပေသည်။ စာကို တရားဝင်ထုတ်ခြင်းမဟုတ်ဘဲ ခိုးထုတ်၍ တိုင်ခိုင်းလိုက်ခြင်းဖြစ်ပါ၏။ ထိုတိုင်စာကြောင့် ညွှန်မှူးနှင့် ထောင်ပိုင်တို့က စိတ်အဆိုးကြီးဆိုးကာ ဝီရသူကို အညှိုးထားလေတော့၏။ ထောက်လှမ်းရေးများကို တစ်စုံတစ်ရာ အရေးမယူဘဲ စာထုတ်သောပြစ်မှုကြောင့် ဝီရသူ ထောင်ပြောင်းခံရပေတော့၏။ ထောက်လှမ်းရေးများ အောင်ပွဲခံကြပြန်တော့၏။

၁၇-၁၀-၂၀၁၀ နေ့ သီတဂူဆရာတော်ကြီး ကြွလာစဉ် ဝီရသူက သီတဂူဆရာတော်ကြီးအား “ငရဲပြည့်သို့ ရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီး ကြွလာသလိုပါပဲဘုရား”ဟု အားရဝမ်းသာ လျှောက်ထားခဲ့သောစကားကြောင့် ထောင်အာဏာပိုင်များ ထိချက်နာနေချိန်၊ ဝီရသူကို ကမ္ဘာကြီးနှင့်အဆက်သွယ်ပြတ်အောင် လျှို့ဝှတ်စွာထားသည်ကို သီတဂူဆရာတော်ကြီးက ကမ္ဘာသိအောင် ထုတ်ဖော်ပြသသွား၍ ထောင်အာဏာပိုင်များ ခေါင်းကိုက်နေချိန်မျိုးတွင် ဝီရသူ၏တိုင်စာက သူတို့အတွက် အကွက်ဆိုက်သွားခြင်း ဖြစ်ပါ၏။ ၂၀-၀၁-၂၀၁၁ ရက်နေ့တွင် ဝီရသူ ထောာင်ပြောင်းခံရပါတော့၏။

အစပထမတွင် ထောင်ပြောင်းရွှေ့ခွင့်ရခြင်းကြောင့် ဝမ်းသာပျော်ရွှင်နေလေသည်။ အကြောင်းမှာ ဝီရသူကိုယ်တိုင် ဗဟုသုတအတွေ့အကြုံ စုံလင်လို၍ ထောင်ပြောင်းချင်နေသောကြောင့် လည်းကောင်း၊ ထောင်ပိုင် အစဉ်အဆက်ကို ထောင်ပြောင်းခွင့် တင်ပြသော်လည်း မရခဲ့သောကြောင့်လည်းကောင်း ဖြစ်ပါသည်။

ပြန်လည်စဉ်းစားကြည့်မိသည့် အခါ၌မူ ပြစ်ဒဏ်အပေးခံရခြင်းကို တွေ့ရှိရပါတော့၏။ အပြစ်ကျူးလွန်သူကို အရေးမယူဘဲ၊ တိုင်ကြားသူကို အရေးယူသော မတရားမှုကြောင့် ထောင်အာဏာပိုင်များကို များစွာနာကျည်းခဲ့ရလေသည်။ သို့သော် ခဏသာဖြစ်ပါသည်။ မြစ်ကြီးနားမှာ TV တပ်ဆင်ခွင့် ရခြင်း၊ စားစရာ သောက်စရာများ ကန့်သတ်မှုမရှိခြင်း၊ အာဏာပိုင်များက အရေးတယူရှိခြင်း၊ ဝန်ထမ်းများက မိသားစုလို နွေးထွေးဖော်ရွေ ချစ်ခင်စွာ ဆက်ဆံကြခြင်း၊ အကျဉ်းသားများအား တစ်လ ဆယ်ရက်၊ ဝိပဿနာတရား ပြသခွင့်ရခြင်း၊ တစ်လ ရက်နှစ်ဆယ် အဘိဓမ္မာသင်တန်း ပို့ချခွင့်ရခြင်း၊ အိတ်ဆောင် တိပိဋကခေါ် ကွန်ပျူတာအသေးလေး ကိုင်ဆောင်ခွင့်ပေးခြင်း၊ ဒေသခံ သံဃာများ၊ ပြည်သူများက လိုလေသေးမရှိ ထောက်ပံ့ကြခြင်း၊ ယောဂီဆောင်မှာ စာကြည့်တိုက်ထောင်ခွင့် ရခြင်းတို့ကြောင့် အပျော်ကြီးပျော်ကာ အိုးဘိုထောင်ကို ကျေးဇူးတင်နေမိတော့၏။

အမှန်အားဖြင့် ဝီရသူ၏အဖြစ်သည်

အကောင်းပြောင်းခြင်းမဟုတ်သော်လည်း

အပြောင်းကောင်းခဲ့ခြင်း ဖြစ်လေသတည်း။

မှန်ပါသည်။ ထောင်အာဏာပိုင်များသည် အရှင်ဝီရသူကို ပြစ်ဒဏ်ပေးသောအားဖြင့် မိသားစုနှင့်ဝေးရာသို့ ပို့ပစ်လိုက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အရှင်ဝီရသူအား ပြောင်းပစ်ခြင်းသည် အကောင်းပြောင်းခြင်း မဟုတ်ခဲ့ပါ။ သို့သော် အရှင်ဝီရသူ၏အဖြစ်မှာကား မိထွေးထံမှ မိခင်ရင်း၏ရင်ခွင်ထဲသို့ တိုးဝှေ့ဝင်ရောက် နေထိုင်ရသကဲ့သို့ အစစအရာရာ နွေးထွေးလုံခြုံကာ လွတ်လပ်ပေါ့ပါး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ခွင့်ရခဲ့ပါတော့၏။ ထို့ကြောင့် အရှင်ဝီရသူ၏ ပြောင်းခြင်းသည် ကောင်းသောပြောင်းခြင်း (အပြောင်းကောင်းခြင်း) ဖြစ်ခဲ့ရလေသည်။ ကျေးဇူးတင်ဖွယ်ကောင်းလေ၏။

အရှင်ဝီရသူသည် 25.10.2003 ရက်နေ့တွင် အထိန်းသိမ်းခံခဲ့ရပါသည်။ 27.10.2003 ခုနှစ်တွင် ညသန်းကောင်းယံအချိန်တွင် မစိုးရိမ်တိုက်သစ်သံဃာတော်များနှင့်မန္တလေးမြို့လေးပြင်လေးရပ်မှ သံဃာတော်များ လမ်းပေါ်ထွက်၍ တောင်းဆိုကြပါသည်။ “၀ီရသူလွှတ်မြောက်ရေး ဒို့အရေး” ဟူသောကြွေးကြော်သံများ ဟစ်အော်ကြွေးကြော်၍ တောင်းဆိုကြသော သံဃာတော်များကို နအဖအစိုးရက သေနတ်ဖြင့်ပစ်ခတ်၍ ဖြိုခွင်းပစ်လိုက်ပါသည်။ ထိုသို့အကြမ်းဖက်နိမ်နှင်းမူကြောင့် သံဃာတော်များသွေးမြေကျခဲ့ရပါသည်။ ဒဏ်ရာပြင်းထန် သူများကို ဆေးရုံသို့လိုက်ပို့သော သွေးလှူဖို့လိုက်လာသောသံဃာများလည်း အဖမ်းခံခဲ့ရပါသည်။ 28.10.2003 ရက်တွင် တိုက်ခါကာ သံဃာများကိုရပ်ရွာသို့ ပြန်လွှတ်လိုက်ရပါတော့၏။

ထိုသို့ တိုက်ခါပြီးမကြာမီတွင် အရှင်ဝီရသူ၏ကျောင်းကို ရန်သူဝင်စီးသလို ၀င်စီးခဲ့ကြပါသည်။ အရှင်ဝီရသူ တည်ထောင်ထားသော “ဘ၀အလင်းရောင်စာကြည့်တိုက်” “ပါရမီပျိုခင်းသွေးလှူအသင်း”  ဆိုင်ရာစာအုပ်စာတမ်းများလည်း အသိမ်းခံခဲ့ရပါသည်။ အရှင်ဝီရသူ ဓာတ်ပုံမှတ်တမ်းအယ်လဘမ်ကိုပါ သိမ်းဆည်းသွားခဲ့ရာ အခုချိန်ထိ ပြန်မရတော့ပါ။ “ထေရ၀ါဒတို့တိုင်းပြည်”  “ပရိယတ္တိရွှေချိန်ခွင်”  စာအုပ်အပါအ၀င် စာအုပ်သေတ္တာပေါင်း (၇၆)လုံးနှင့် အရှင်ဝီရသူ ဟောကြားသော တရားတိတ်ခွေများ သေတ္တာ (၆)လုံးစာ အသိမ်းခံခဲ့ရပါသည်။ (2003) ခုနှစ်ကာလတန်ဖိုးအရ သိန်း(၅၀)ကျော် တန်ဘိုးရှိကြောင်း သိရှိရပါသည်။

ထိုသို့ အမျိုးဘာသာ သနာအတွက် များစွာစွန့်ခဲ့ရသော်လည်း ထောင်တွင်းကာလ ရှစ်နှစ်ကျော် အကျဉ်းသားဘ၀ မှာလည်း အပယ်ခံ အနှိမ်ခံဘ၀ဖြင့်သာ ရပ်တည်ခဲ့ရပါသည်။ နိုင်ငံရေးသမားများက အရှင်ဝီရသူအား လူမျိုးရေး ဘာသာရေးအစွန်းရောက်သမားများအဖြစ် ၀ိုင်းဝန်းနှိပ်ကွပ်ကာ အကျဉ်းသားအချင်းချင်း သွေးခွဲသပ်လျှို ရန်တိုက် ပေးသည်ကို မသိနားမလည်သူများက အဟုတ်ထင်ပြီး အရှင်ဝီရသူအား ရန်တွေ့ရန်ထောင်လာကြသည်များကိုလည်း ကြုံခဲ့ရပါသည်။

အရှင်ဝီရသူအား ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှလွဲ၍ ပြည်တွင်းပြည်ပ မည်သည့်အဖွဲ့အစည်းကမျှ မထောက်ပံ့ကြပါ။ မြစ်ကြီးနားသို့ ပြောင်းရွှေ့ရချိန်တွင်လည်း နယ်ဝေးအကျဉ်းသားများနည်းတူ ICRC ၏ အထောက်အပံ့ကိုပင် လုံးဝမရရှိခဲ့ပေ။ အရှင်ဝီရသူသည် မီဒီယာများနှင့် မျက်ချေပျက်ခဲ့ရလေသောကြောင့် အရှင်ဝီရသူ၏ လုပ်ဆောင်ချက်များနှင့် အကျဉ်သားဘ၀ အခြေအနေမှန်များကို ပြည်သူလူထုက လုံးဝမသိရှိခဲ့ရကား ‘သေပြီ’ ထင်ကြသူများပင် ရှိခဲ့ကြလေသည်။ ဖြတ်သန်းရ ခက်ခဲသော အကျဉ်းကာလရှစ်နှစ်ကျော်ခရီးကြမ်းကို အရှင်ဝီရသူသည် ကိုယ့်ယုံကြည်ချက်ဖြင့် ကိုယ်ရှင်သန်၍ လည်းကောင်း၊ ကိုယ့်ယုံကြည်ချက်ဖြင့် ကိုယ်ရပ်တည်၍လည်းကောင်း အမျိုးဘာသာ သာသနာအတွက် အသွေးအသက် တို့ကို ပေးဆပ်ဖို့ရန် လုံးဝ ၀န်မလေးသံဓိဌာန်ဖြင့် ဖြတ်သန်းခဲ့ရပေသည်။

နိုင်ငံရေးသမားများကို ယခင်ကနိုင်ငံရေအကျဉ်းသားများ ဟု ခေါ်ဝေါ်ခဲ့ကြသော်လည်း ယခုအခါ ယုံကြည်ချက် အကျဉ်းသားများဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပေသည်။ ယုံကြည်ချက်အကျဉ်းသားများဟု သတ်မှတ်ကြမည်ဆိုလျှင် နိုငံရေးသမားများကို ယုံကြည်ချက်အကျဉ်းသားများဟု အပြည့်အ၀မဆိုနိုင်ပါ။ အချို့မှာ နိုင်ငံရေးလုပ်စားနေသော စီးပွားရေးသမားများ၊ နိုင်ငံရေးခုတုံးလုပ် အမြတ်ရှာနေသော ကိုယ်ကျိုးရှာ အတ္တသမားများ ဖြစ်နေကြပါသည်။ ထိုတွင် အချို့မှာ နိုင်ငံကျော် ကမ္ဘာကျော်အနုပညာသမားလိုလို၊ နိုင်ငံရေးသမားလိုလို ဆုများရှင်များပင် ပါဝင်နေသည်ကို တွေ့ရပါသည်။

အရှင်ဝီရသူသည် ထောင်တွင်း၌ အမျိုးဘာသာ သာသနာအတွက် အကျိုးရှိရာရှိကြောင်း ကဗျာ ဆောင်းပါး စာအုပ်ကျမ်းဂန်များစွာ ပြုခဲ့သော်လည်း ကမ္ဘာမည်သည့်အဖွဲ့အစည်းကမျှမသိရှိခဲ့ကြပေ။ နိုင်ငရေး ကဗျာ ဆောင်းပါး စာတမ်းများ တေးသီချင်းများ များစွာရေးသားခဲ့သည်ကိုလည်း ကမ္ဘာကြီးက မသိကျိုးကျွံပြုခဲ့ကြလေသည်။ သို့သော် အရှင်ဝီရသူသည် နာမည်အတွက်၊ ဂုဏ်သိက္ခာအတွက်၊ အတ္တအတွက်၊ လာဘ်လာဘအတွက် ရှင်သန်နေသူမဟုတ်မူ၍ တိုင်ပြည်နှင့် လူမျိုး ဘာသာ သာသနာအတွက်သာ အသက်ရှင်သန်နေသူ ဖြစ်သောကြောင့် ကိုယ့်တရားနှင့် ကိုယ့်အားနှင့်သာ နေထိုင်နိုင်ခဲ့သူ ဖြစ်လေရကား အချို့သောနိုင်ငံရေးအကျဉ်းသားများကဲ့သို့ စိတ္တဇဝေဒနာ စွဲကပ်ဝင်ရောက်မူကိုပင် မခံခဲ့ရပေ။

2010 ခုနှစ် ဧပြီလတွင် အရှင်ဝီရသူအား အင်္ဂလန်နိုင်ငံမှ ဆရာတော်ဦဥတ္တရနှင့်အဖွဲ့က  freedom နှင့်ပတ်သက်သည့်ဆုတစ်ခု ချီးမြင့်ကြပါသည်။ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ  တစ်ချိန်တည်း တစ်ပြိုင်ထဲမှာ ချီးမြင့်ကြခြင်း ဖြစ်လေသည်။ ဆုတံဆိပ်အမည်ကိုမသိခဲ့ရသော်လည်း ဆုရသည်မှာ သေချာကြောင်း ရေဒီယို နားထောင်သူများက အတိအကျပြောပြ၍ ၀မ်းသာခဲ့ရလေသည်။ အကြောင်းမှာ လူထုနှင့် သံဃာထုက ၀ီရသူကို မမေ့သေးကြောင်း ပြည်သူ့ရင်ထဲမှာ ၀ီရသူရှိသေးကြောင်း သိလိုက်ရသောကြောင့် ဖြစ်ပေသည်။

2010 ခုနှစ် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် ထောင်မှလွတ်ပါသည်။ အရှင်ဝီရသူသည် ကိုယ်ကိုယ်တိုင် ထောင်မှလွတ်သလို ပျှော်ရွှင်သွားပါသည်။ စိတ်ဓာတ်လည်း များစွာတက်ကြွသွားခဲ့ပါသည်။ မည်သို့မျှ စိတ်မထိန်းနိုင်တော့ဘဲ အရှင်ဝီရသူကိုယ်တိုင်ရေးစပ်ထားသော “အောင်ဆန်းသွေးဇာနည်”သီချင်းကို အားရပါးရ သီဆိုပစ်လိုက်ပါတော့၏။ ဘ၀တူအခန်းသားများ  လက်ခုပ်လက်ဝါးတီး၍ ၀ိုင်းဝန်းအားပေးကြပေသည်။ အဆိုပါသီချင်းကို NLD သို့လည်း ပို့ပေးဖူးပေသည်။ ကိုသူရလည်း အပြင်ထုတ်ပေးဖူးပေသည်။ သို့သော် ယခုအချိန်ထိ မည်သည့်မီဒီယာများမှ မတွေ့မြင်ရပေ။

2011 ခုနှစ် အရှင်ဝီရသူ အညတရသူရဲကောင်းဆုကို ရရှိခဲ့ပါသည်။ ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံရေး အင်အားစုများက ပေးသည်ဟုသာသိရပြီး ဘာကြောင့်ပေးသည်  ဘယ်သူကရွှေးသည်ကိုကား မသိရှိခဲ့ရပေ။ ၀ီရသူအား ကမ္ဘာကြီးက ပစ်မထားဘူး ဆိုသည့်အတွေးဖြင့်  အသိအမှတ်ပြုခံရခြင်းကိုပင် ကြည်နူးမဆုံး ဖြစ်နေမိပေသည်။

2012 ခုနှစ်ဆန်းပိုင်းတွင် NLD ပါတီ လူမူအထောက်အကူအဖွဲ့မှ  ငွေကျပ် နှစ်သိန်းလေးသောင်း  ထောက်ပံ့သည်ကို လက်ခံရရှိခဲ့ပေသည်။ အလွန်တရာအံ့သြမိလေ၏။ ထိုနောက် ရက်ပိုင်းမျှသာကြာခဲ့ပေသည်။ 13.1.2012  ရက်နေ့တွင် အရှင်ဝီရသူ ထောင်မှလွတ်ခဲ့လေတော့၏။ ကပ္ပိယ သီဟသက်ဇင် (ဘိုကလေး)အတွက် TV အသစ်ဝယ်ထားရာ မတပ်ဆင်ရသေးခင် ကပ္ပိယပါ လွတ်ခဲ့လေသောကြောင့်  TV အသစ်ကို မိုးပြာ အရှင်ညဏအားလှူခဲ့ပြီး အဟောင်းကို  တပည့်အရှင်ဂန္စသာရ (ခ) ဦးဇင်းပေါက်စီကိုလှူခဲ့ကာ အပ်ငွေများထဲက ငွေကျပ် တစ်သိန်းကို တရားစခန်းအတွက် လည်းကောင်း၊ ငွေကျပ် ငါးသောင်းကို ဦးဓမ္မသာမိ (ခ) တင်မောင်ဆွေ (ဗိုလ်ကြီးဟောင်း) အားလည်းကောင်း၊ ကျန်ငွေရှစ်သောင်း ကျပ်ကို တပည့်အရှင်ဂန္စသာရ (ခ)ဦးဇင်းပေါက်စီအား လှူခဲ့လေသည်။

လေယာဉ်ပေါ်မှ မြစ်ဧရာနှင့် သဘာဝအလှကို ခံစားရင်း မနောမြေကို နှုတ်ဆက်ထွက်ခွာခဲ့ရလေတော့၏။ ကမ္ဘာကြီးမှ ရုတ်တရက်ပျောက်ကွယ်သွားပြီးနောက် ကိုးနှစ်နီးပါးကာလ ကြာသည့်အခါမှ ကမ္ဘာကြီးနှင့် ပြန်လည်ထိတွေ့ခွင့်ရသောကြောင့်လော မပြောသာပြီ  တစ်လမ်းလုံး မူးဝေနှောက်ကျိနေလေတော့၏။ အာနာပါန ရူကာ  ပျို့အန်ချင်စိတ်ကို ဖြေဖျောက်ခဲ့သော်လည်း လေယာဉ်အဆင်းတွင် ထိုးအန်ပစ်လိုက်လေတော့၏။ အမိမြေကို အန်ဖတ်များဖြင့် နုတ်ဆက်လိုက်ရသည်ကို များစွာမကျေနပ်မိပေ။

အရှင်ဝီရသူအကျဉ်းကျနေစဉ် ညတရဘ၀ဖြင့် မထင်မရှားနေခဲ့ရသလိုပင် ထောင်မှလွတ်လာသည့်အခါ၌လည်း အညတရဘ၀ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပေသည်။ အကျော်အမော်နိုင်ငံရေးသမားများနှင့် တစ်ပြိုင်နက်လွတ်လာ သောကြောင့် လည်းကောင်း၊ ရန်ကုန် မန္တလေးလို မြို့ကြီးများရှိ ဗဟိုထောင်များမှလွတ်လာခြင်းမဟုတ်၊ မြစ်ကြီးနားနယ်ထောင်များမှ လွတ်လာခြင်းကြောင့်လည်းကောင်း အရှင်ဝီရသူအား လာကြိုသည့်အထဲတွင် လူပုဂ္ဂိုလ်များ ဆယ်ယောက်ပြည့်အောင် မပါဝင်ခဲ့ပေ။ မိသားစုဝင်နှင့် နီးစပ်ရာ ဒကာ ဒကာမ နှစ်ယောက်သုံးယောက်သာ လာကြိုသည်ကို တွေ့ရလေ၏။ ထို့အပြင် သတင်းထောက်တွေကိုလည်း မတွေ့ရပေ။ သို့သော် လေယာဉ်ပေါ်မှ ဘတ်စ်ကားပြောင်းစီးပြီး လေဆိပ်ဧည့်ကြိုဆောင် ရောက်သည်နှင့် ရှစ်နစ်ကျော်ကာလအတွင်း ခက်ခဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရသော ဘ၀အမောများ ချက်ခြင်းလက်ငင်းပင် ပြေပျောက်ခဲ့ရလေတော့၏။ အကြောင်းမှာအရှင်ဝီရသူ၏ဆရာ ဘဒ္ဒန္တ၀ါသေဌာဘိဝံသ မထေရ်ကြီးကိုယ်တိုင် လေဆိပ်သို့ လာရောက်ကြိုဆိုသောကြောင့်ဖြစ်လေသည်။ ဆရာသမားကို ၀တ်ချပြီးသည့်အခါ အသင့်ယူဆောင်လာသောသင်္ကန်းကို ဆရာသမားက ပေးဝတ်ခိုင်းသော်လည်း မ၀တ်ဆင်ဖြစ်ခဲ့ပေ။ အကြောင်းမှာ အ၀တ်ဖြူဘ၀ဖြင့် သံဃာအခွင့်အရေးနှင့် ကျန်ရစ် အကျဉ်းသားလွတ်မြောက်ရေးကို တောင်းဆိုဖို့ စိတ်ကူးထား လေသောကြောင့် ဖြစ်လေတော့၏။

ဆရာသမားကိုယ်တိုင်လာကြို၍ ဘ၀အမောတွေပြေပျောက်သွားချိန်မှာပင် လေဆိပ်ရှိ  သံဃာတန်းကြီးကို တွေ့လိုက်ရ၍ များစွာရွှင်လန်းတက်ကြွသွားလေတော့၏။ မစိုးရိမ်တိုက်သစ်မှ စာသင်သံဃာများ ၎င်းတို့၏ ရှိစုမဲ့စု ငွေကြေးလေးများဖြင့် ဘတ်စ်ကားများစင်းလုံးငှါးကာ လာကြိုကြသောကြောင့် ဖြစ်လေသာည်။ လက်ဝဲလက်ယာမှ လက်အုပ်ချီကြိုဆိုကြလျက် သပြေခက်လေးများ တစ်ခက်စီ နှစ်ခက်စီ ကိုင်ဆောင်ကြလျက် ၎င်းတို့၏အမျိုးသားရေး ခေါင်းဆောင် ထောင်ထွက်ဘုန်းကြီးတစ်ပါးကို လာကြိုကြသည့်ပုံကို တွေးမိလိုက်သည့်အခါတိုင်း ယခုချိန်ထိ မျက်ရည်အပြည့်ဖြင့် လွမ်းဆွတ်ကြွေကွဲနေဆဲပင် ဖြစ်လေသည်။

သံဃာတန်းကြီးမှ ကားတန်းကြီးသို့ပြောင်းကာ သာသနာ့အောင်လံများတစ်လွင့်လွင့် လွှင့်ထူလျက် မိခင်ကျောင်းတိုက်သို့ ပြန်လည်ဆိုက်ရောက်ခဲ့လေသည်။ ကျောင်းတိုက်မုခ်ဦးအ၀င်ရောက်သောအခါ ကျေးဇူးရှင် မစိုးရိမ်ဆရာတော်ကြီးများနှင့် ဆရာသမားများ  သံဃာတော်များဂုဏ်ကိုမှန်းကာ ကျောင်းတိုက်မြေကို အကြိမ်ကြိမ် ဦးခိုက်မိလေတော့၏။

ထိုနောက် ကျောင်းတိုက်အတွင်းပတ်ကာ သံဃာများကိုနှုတ်ဆက်ခြင်း၊ ဆရာသမားများကို ကန်တော့ခြင်း၊ ကျောင်းတိုက်သံဃာများကို သြ၀ါဒပေးခြင်း၊ ဓာတ်ပုံစုရိုက်ခြင်းဖြင့် အချိန်ကုန်မှန်းမသိ ကုန်ခဲ့ရလေသည်။ မစိုးရိမ်တိုက်သစ် နာရီစဉ်ကြီးမှ နာရီသံမည်မျှကျယ်လောင်စေကာမူ သတိမထားမိ ခဲ့တော့ပေ။ ညဥ့်နက်သန်းခေါင် တစ်ချက်ထိုးသည့် အခါကျမှသာလျင် နာရီသံကိုကြားမိလေတော့၏။ ထိုအချိန်က ကျောင်းရှေ့လမ်းလျှောက် ပရိတ်ပဋ္ဌာန်းရွတ်နေသောကြောင့် ကြားမိလိုက်ခြင်းဖြစ် လေသည်။

ဝီရသူကိုချစ်သောသံဃာများက ၀မ်းသာအားရ လက်ခုပ်သြဘာတီး၍ ကြိုဆိုကြသည်ကို လည်းကောင်း  “ဆရာတော်ဝီရသူ” ကျန်းမာပါစေဟု တစ်ခဲနက်မေတ္တာပို့ ဆုတောင်းကြသည်ကို လည်းကောင်း ယနေ့ထက်တိုင် မေ့မရနိုင်ခဲ့ပါပေ။ နောက်နှောင်လည်း မေ့ရနိုင်မည်မဟုတ်ပါပေ၊ ဘယ်သောအခါမျှလည်း မေ့ရနိုင်မည်မဟုတ်ပါပေ။

အရှင်ဝီရသူ၏ကံဇာတာသည် တက်လွယ်ကျလွယ်သော ကံဇာတာဖြစ်ပုံရလေသည်။ ”ထေရ၀ါဒတိုက်ပွဲ”စာအုပ်ဖြင့် တစ်ဟုန်ထိုးတက်သွားခဲ့ပြီးနောက် ထောင်ကျသွားခဲ့ပါသည်။ ထောင်ကျသွားပြီး အချိန်နောက်ကား သတင်းအစအနပင် မရခဲ့လေသောကြောင့် အများပြည်သူတို့မှာ ၀ီရသူ သေပြီဟုပင် မှတ်ထင်ခဲ့ကြပါသည်။ ထွက်လာသည့်အခါ၌ကား ရေချိုးချိန်  အိပ်ချိန် စားချိန်တို့ပင် အချိန်မမှန်တော့ပေ။ တစ်ခါတစ်ရံ သုံးရက်တိတိရေချိုးချိန်မရ၍ ရေမချိုးရသည့်နေ့များလည်း ရှိခဲ့လေ၏။ ကျရှုံးချိန်မှာ ခေါင်းဖေါ်ခွင့်မရလောက်အောင် နစ်မြုပ်နေပြီး အောင်မြင်ချိန်မှာတော့ မျက်စိ နှောက်လောက်အောင်ပင် ထိုးထိုးထောင်ထောင်နှင့် ထင်ပေါ်နေတတ်သည်ကို တွေ့ခဲ့ရပေသည်။

မီဒီယာမျိုးစုံတို့၏ အင်းတာဗျူးမှုကိုလက်ခံဖြေကြားခြင်း၊ နိုင်ငံရေး ဘာသာရေး အခမ်းအနား မျိုးစုံ ကြွရောက်ချီးမြင့်ခြင်း၊ တရားပွဲများလက်ခံ၍ နယ်လှည့်ဟောကြားခြင်း၊ ခရီးသွားဆောင်းပါးများရေးခြင်း၊ ယဉ်ကျေးမူ သင်တန်းများ ကြီးမူးဖွင့်လှစ်ခြင်း၊ စာချခြင်းတို့ဖြင့် အမျိုးဘာသာ သာသနာ အကျိုးရှိရာရှိကြောင်းများကို ကြိုးစားဆောင်ရွက်လျက်ရှိလေသည်။

လက်ကျန်ယုံကြည်ချက်အကျဉ်းသားများ လွတ်မြောက်ရေးအတွက်  တစ်စိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေပြီး မြန်မာပြည်မှာ အဓိကရုဏ်းမီး တောက်လောင်ခြင်းမရှိစေရ၊ ထာဝရငြိမ်းချမ်းရေး အတွက် ဘာသာရေးခေါင်းဆောင်များ ညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဆုတောင်း ပွဲများလည်း ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် ကျင်းပနိုင်ရန်လည်း ဆက်လက်ကြိုးပမ်း ရပေဦးမည်။

တစ်ချို့ကပြောကြပေသည်။ ထောင်မကျမီ ၀ီရသူနှင့် ထောင်ကျပြီးဝီရသူ လေသံကအစမတူ တော့ပေ။ လုံးဝကွာခြားသွားပြီဟူ၍ ဖြစ်လေသည်။ နိုင်ငံရေးတရားဟောခြင်း မူဆလင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးဆုတောင်းပွဲများ ကျင်းပခြင်းတို့ကို ရည်ရွယ်ပုံရလေသည်။ မူဆလင်များနှင့် ဆွေးနွေးရေးကို 2001 ခုနှစ်မှစ၍ အစဉ်တစ်စိုက်တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက အပြစ်တင်ငြူစူရှုတ်ချ၍ တားမြစ်ခဲ့သောကြောင့် မအောင်မြင်ခဲ့ခြင်း ဖြစ်ပေသည်။ မူဆလင်ကုလားများကိုမုန်းတီးလွန်း၍ တရားဟောဆန့်ကျင်နေခြင်းမဟုတ်ဘဲ မြန်မာများ အနိုင်ကျင့် ခံနေရသည်ကို လည်းကောင်း၊ ဗုဒ္ဒ္ဒသာသနာ အဖျက်ဆီးခံနေရသည်ကို လည်းကောင်း လက်ပိုက်ကြည့်အနေနိုင် သောကြောင့်သာ ဖြစ်သည်။ အမျိုးသာသာသာသနာကို မထိခိုက်စေဘဲ ကိုယ်စီးပွား ကိုယ်ရှာ၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်တရားနှင့်ကိုယ် နေထိုင်လိုသော လစ်ဘ ရယ်မူဆလင်များကို မရည်ရွယ်ခဲ့ပါ။

မြန်မာဖြစ်စေ၊ မူဆလင်ဖြစ်စေ၊ ကုလားဖြစ်စေ၊ ဗမာဖြစ်စေ မည်သူတဦးတယောက်ကိုမျှ   သွေးထွက်သံယို မဖြစ်စေချင်ပါ။ အသက်အိုးအိမ်စည်းစိမ်များကိုလည်း မထိခိုက်စေလိုပါ။ အထူးသဖြင့် အိန္ဒိယ သန်းခေါင်ယံလွတ်လပ်ရေးလို အဖြစ်ဆိုးကြီးမျိုး မြန်မာနိုင်ငံမှာ အဖြစ်မခံနိုင်ပါ။ မြန်မာသာမက ကမ္ဘာ့မည်သည့် နေရာမျိုးမှာမှ မဖြစ်စေလိုပါ။ သို့သော် ဒီပုံအတိုင်းသာဆက်သွားနေပါက နောင်တစ်ချိန်မြန်မာပြည်သည် ယနေ့ ရခိုင်ပြည်နယ်ကဲ့သို့လည်းကောင်း၊ အိန္ဒိယ သန်းခေါင်းယံ လွတ်လပ်ရေးကဲ့သို့လည်းကောင်း- မလွဲမသွေ ဖြစ်ပေါ်လာမည်မှာ သေချာသလောက်ပင် ရှိနေပေသည်။ ဤအရေးကို မျှော်တွေး၏။ တတ်နိုင်သည့်ဘက်မှ ကြိုတင်ကာကွယ်နေခြင်းဖြစ်သည်ကို ကမ္ဘာသူ ကမ္ဘာသားများအားလုံး သိရှိစေလိုပေသည်။

” ၀ီရသူ “

အမျိုးသားရေး  ၀ါဒီ၊

လူမူရေး မှာ ဟာမိုနီ၊

အတွေးအခေါ်မှာ ဂလိုဘယ်လ်၊

ယဉ်ကျေးမှု မှာ လိုကယ် –  ကျင့်သုံးနေသူ၊

အမှန်တရားအတွက် ဓါးတစ်လက် အမြဲဆောင်ထားသူ၊

ဓါးဆိုတာလည်း အခြားမဟုတ်ပါဘူး၊

တရား = ဓမ္မ (ဓားမ ) ပါပဲ။

 

ဤကား အရှင်ဝီရသူအမည်ရသော စာရေးသူ၏မူဝါဒ ဖြစ်ပေသည်။ စာရေးသူသည် အမျိုးသားရေးဝါဒီ ဖြစ်သောကြောင့် အမျိုးသားအကျိုးစီးပွားအတွက် ကောင်းမွန်သင့်လျှော်သည့် မည်သည့်လုပ်ငန်းမဆို လုပ်လိုသောဆန္ဒ ရှိပေသည်။

စာရေးသူတို့နိုင်ငံသည် ဖွံ့ဖြိုးဖို့အားယူရုန်းကန်နေသော ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် မြန်မာပြည်သူများ သည်လည်း ဦးနှောင်ဖွံ့ဖြိုးမှုအဆင့်အတန်း နိမ့်ကျနေသေးပေသည်။ လူနေမှုအဆင့်အတန်းလည်း နိမ့်ကျနေသလို မြင့်မားသောယဉ်ကျေးမှုလည်း တစ်စစနှင့် ပျက်စီးယိုယွင်း နိမ့်ဆင်းလာသည်ကို တွေ့ရပေသည်။

နိုင်ငံတော်ဖွဲ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်အစိုးရမှာတာဝန်ရှိသလို၊ မြန်မာပြည်သူများ ဦးနှောက်ဖွဲ့ဖြိုးရေး၊ ယဉ်ကျေးမူထိန်းသိမ်းရေးအတွက် စာရေးသူတို့သံဃာများမှာလည်း တာဝန်ရှိသည်ဟု ခံယူထားမိပေသည်။

ဤသို့သောအသိတရားတို့ကြောင့် အရှင်ဝီရသူသည် 2001 ခုနှစ်၌ မစိုးရိမ်တိုက်သစ် “ဘ၀အလင်းရောင်” စာကြည့်တိုက်ကို တည်ထောင်ကာ မြန်မာပြည်တစ်ဝှမ်း ကျေးရွာများအားလုံး စာကြည့်တိုက် ထွန်းကားစေရေးအတွက် စာကြည့်တိုက်ထောင်ကာ စာကြည့် တိုက်သာသ နာပြုကြဖို့ကိုလည်း တပည့်သံဃာများအား အမြဲတစေသြ၀ါဒပေးခဲ့ပေသည်။ စာရေးသူကိုယ်တိုင်လည်း ကျေးရွာများသို့တရားဟောကြွစဉ် စာကြည့်တိုက်မရှိသေးသောကျေးရွာများရောက်လျှင် ဓမ္မပူဇာငွေ အားလုံးကို မတည်လှူဒါန်းခဲ့သောကြောင့် ဖြစ်မြောက်အောင်မြင်ခဲ့သော ကျေးရွာစာကြည့်တိုက်များလည်း များစွာရှိခဲ့ပေသည်။

“ပါရမီပျိုးခင်းသွေးလှူအသင်း” တည်ထောင်၍ သွေးများအလှူခံပေးခဲ့သည်မှာ 2001 ခုနှစ်ကတည်း ကဖြစ်ပေသည်။ အဆိုပါသွေးလှူအသင်းမှာ များစွာအောင်မြင်ပြီး စာရေးသူအကျဉ်းသား ဘ၀ရောက်သွားမှသာ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ပေသည်။ စာရေးသူမရှိတော့ချိန်မှာ စာရေးသူကိုအားကျလှ၍ တည်ထောင်လာကြသော သွေးလှူအသင်းများလည်း များစွာထွန်းကားခဲ့ပေသည်။ 13.2.2012 ရက်နေ့- ဗိုလ်ချုပ်မွေးနေ့နှင့် စာရေးသူ လွတ်မြောက်သည့် တစ်လပြည့်အထိမ်းအမှတ်အဖြစ် သွေးလှူပွဲကျင်းပခဲ့သည်မှာ ခြိမ့်ခြိမ့်သဲ အောင်မြင်ခဲ့ပေသည်။

ကလေးသူငယ် ရင်သွေးလူမမယ်များ လိမ္မာယဉ်ကျေးမှ မိဘပြည်သူများနှင့် အမျိုးဘာသာသာသနာအားလုံး ကြီးပွားတိုးတက်၍ ငြိမ်းချမ်းသာယာမည်ဖြစ်ရာ ကလေးသူငယ်များ အတွက် ယဉ်ကျေးလိမ္မာ ရင်သွေးရတနာ သင်တန်းများဖွင့်ဖို့ ဆော်သြခြင်း၊ ကိုယ်တိုင်ယဉ်ကျေးမူ သင်တန်းများဖွင့်လှစ်ခြင်း အနာဂတ်နိုင်ငံတော်အတွက် အုတ်မြစ်ချ ဆောင်ရွက်လျက်ရှိပေသည်။

အရှင်ဝီရသူသည် အမျိုးသားရေးဝါဒီပီပီ ဆင်းရဲတွင်းနက်နေသော မြန်မာပြည်သူများ ဆင်းရဲတွင်းမှရုန်း ထွက်နိုင်ရေး၊ မဖံ့ဖြိုးသေးသောဦးနှောက်အတွေးအခေါ်များ ဖွံ့ဖြိုးလာနိုင်ရေး၊ နိမ့်ကျနေသောလူနေမှုအဆင့် အတန်းများ မြင့်မားလာစေရေးတို့အတွက် အမြဲတမ်းနည်းလမ်းရှာ လျက်ရှိပေသည်။

အထူးသဖြင့် အလုပ်တစ်ဖက်နှင့်ကျောင်းတက်နေရသော ကလေးသူငယ်များ၊ ကျောင်းတစ် ၀က်တစ်ပျက်နှင့် ကျောင်းထွက်သွားရသေား ကျောင်းသား ကျောင်းသူများ၊ ပညာရေးထူးချွန်ပါလျက် အခက်အခဲတွေ့နေရှာသော ဆင်းရဲသားများအတွက် ပညာရေးကိုသာကြိုးစားသင်ယူနိုင်ရန် “ကလေးလုပ်သားပညာရေးဖောင်ဒေးရှင်း” တည်ထောင်ဖို့ ရည်ရွယ်ထားပေသည်။ ယခုကျောင်းဖွင့် ရာသီတွင် အကူအညီလိုအပ်သော အဆိုပါကလေးများကို စာရင်းကောက်ယူနေပြီ ဖြစ်ပါသည်။

NGO များ INGO များကိုလည်း ပြောချင်ပါသည်။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊  အဘက်ဘက်မှ နိမ့်ကျ နေသော မြန်မာပြည်သူများကို ထောက်ပံ့ကူညီလိုပါက ပြည်သူများလက်ထဲသို့ ရာခိုင်နှုန်းပြည့်ရောက်စေရပါမည်။ စားစရိတ်၊ သွားစရိတ်စသည့် မည်သည့်စရိတ်များကိုမျှ အလှူငွေများထဲမှ သုံးစွဲမည်မဟုတ်ဘဲ စာရေးသူ၏ကိုယ်ပိုင်ငွေထဲမှသာ စိုက်ထုတ်သုံးစွဲသွားမည် ဖြစ်ပေသည်။ အဘက်ဘက်မှ အခက်အခဲအကျပ်အတည်းများ တွေ့ကြုံခံစားရင်းအားခဲရုန်းကန် နေသော ပညာရေး၊ ကျန်းမာရေး၊ အဖွဲ့အစည်းများကိုမြင်ရသည်မှာ စိတ်မသက်သာစရာ ကောင်းသောကြောင့် ဖြစ်ပေသည်။

ဥပမာ – ဘက (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) တစ်ခုကိုတွေ့ဖူးပေသည်။ တကယ်အလုပ်လုပ်သော၊ တကယ်ရည်ရွယ်ချက်ကောင်းသော၊  တကယ်စေတနာကောင်းသော၊ တကယ်အောင်မြင်၍ တကယ်မိဘပြည်သူများ၏ ယုံကြည်မှုအပြည့်အ၀ရှိနေသော အဆိုပါ ဘကကျောင်းအတွက် အကြွေးငွေပေါင်း သိန်းတစ်ရာနီးပါး အကြွေးတင်နေသည်ကို တွေ့ရပေသည်။

ပညာဒါနအဖြစ် ကျူရှင်ပြနေသော၊ တက္ကသိုလ်ဆက်မတက်နိုင်သည့် ထူးချွန်ကျောင်းသားများအား ပညာသင် စရိတ်ထောက်ပံ့နေသော အမှန်တကယ်အလုပ်လုပ်နေသူများမှာလည်း လျှောက်ထားလာသူ ကျောင်းသား ကျောင်းသူ တိုင်းကို မကူညီမထောက်ပံ့နိုင်သောကြောင့် စိတ်ဆင်းရဲကာ မျက်နှာလွဲ၍ နေရရှာ ပေသည်။

အစိုးရပိုင်မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများအတွက်လည်း အဆောင်နှင့် လူမမျှတ၍ နေထိုင်ရေး ခက်ခဲနေသောကြောင့် ဆရာဆရာမများ နေ့စဉ်နှင့်အမျှ စိတ်ဆင်းရဲနေရသည်ကို တွေ့မြင်နေရပေသည်။

သောက်ရေတစ်အိုးရဖို့အတွက် မိုင်ပေါင်းများစွာခြေလျင်လျှောက်၍ တစ်နေကုန်ထိုင်စောင့် နေရရှာသော ရေဘေးဒုက္ခသည်များမှာလည်း နှစ်စဉ်ဒုက္ခခံနေရရှာပေသည်။ သောက်ရေလှူဒါန်းသူ များရှိသော်လည်း ရေတွင်းတူး၍ ရေတွင်းလှူသူများမရှိသောကြောင့် မိုးခေါင်သည့်အခါတိုင်း၊ နွေရောက်သည့်အခါတိုင်း ရေဘေးဒုက္ခကို ခံစားနေရရှာသော ပြည်သူများအရေးကား မတွေးဝံ့လောက် အောင် ရင်လေးစရာကောင်းလှပေသည်။

မြတ်စွာဘုရားရှင်လျှောက်လှမ်းသော လမ်းစဉ်သုံးရပ်ရှိလေသည်။ ၎င်းတို့မှာ လောကတ္ထစရိယ- လောကကောင်းကျိုးဆောင်ရွက်ခြင်း၊ ဥာတတ္ထစရိယ- အမျိုးသားအကျိုးစိးပွားဆောင်ရွက်ခြင်း၊ ဗူဒ္စစရိယ- ဘုရားဖြစ်အောင် ပါရမီဖြည့်ခြင်းပင်ဖြစ်လေသည်။

မြန်မာပြည်အတွင်း မှီတင်းနေထိုင်သူမှန်သမျှကို ကျောသားရင်သားမခွဲခြားဘဲ ဆောင်ရွက်နေခြင်း သည် ဘုရားရှင် လျှောက်လှမ်းသော လောကတ္ထစရိယလမ်းစဉ် ဖြစ်ပေသည်။

တိုင်းရင်းသားတို့အကျိုးစိးပွားကို ဆောင်ရွက်နေခြင်းသည် ဥာတတ္ထစရိယလမ်းစဉ် ဖြစ်ပေသည်။

သို့ဖြစ်၍ ၎င်းတို့အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမူရေး၊ ဘာသာရေး၊ သာသနားရေး….. မည်သည့်အရေးကိစ္စကိုပင်လုပ်သည်ဖြစ်စေ အမျိုးသားအကျိုးစီးပွားကို ရည်ရွယ်လျှင် ဉာတတ္ထစရိယ- အမျိုးသား ရေးလမ်းစဉ်ဖြစ်၍၊ လောကသားအားလုံးကို ရည်ညွှန်းလျှင်မူ လောကတ္ထစရိယ- လူသားဗဟိုပြုလမ်းစဉ်ပင်ဖြစ်ပေသည်။

ထို့ကြောင့် ရဟန်းတော်မှန်သမျှ လုပ်သင့်သည်၊ လုပ်ထိုက်သည်၊ လုပ်ကောင်းသည်၊ လုပ်ရမည်သာဖြစ် ပေသည်။

ရှင်သာရိပုတ္တရာသည် အခြေမဲ့အနေမဲ့ သွားလာနေထိုင်သော လမ်းဘေးမှမိဘမဲ့ကလေးများကို သင်္ကန်းဝတ်ပေးကာ သာသနာ့ဘောင်သို့ရောက်အောင် သွတ်သွင်းချီးမြှောက်တတ်ပေသည်။ ထိုကလေးများသည် ရဟန္တာဖြစ်သွားကြသည်က များပေသည်။ ဥပမာ- လောသကတိဿမထေရ် ဖြစ်လေသည်။ ၎င်းသည်ခုနစ်နှစ်သားအရွယ်တွင် မိဘများ၏စွန့်ပစ်မူကို ခံခဲ့ရပြီး၊ အမိုက်ပုံများထဲမှာ စားစရာရှာနေရသော ပါရမီရှင်ဆင်းရဲသား ကလေးသူငယ်ဖြစ်ပါသည်။ ထိုကလေးငယ်သည် ပစ္ဆိမဘ၀ိက (နောက်ဆုံးဘ၀)သာဖြစ်ပြီး၊ မကြာမီတွင် တရားထူးရကာ ရဟန္တာဖြစ်သွားခဲ့ခြင်း ဖြစ်လေသည်။

ဘုရားရှင်လက်ထက်၌ ထင်ရှားသော ဇဋိလသူဌေးကြီး၏ငယ်ဘ၀ကား စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ဘုံခုနစ်ဆင့်အမြင့်ဆုံးထပ်၌နေသော သူဌေးသမီးနှင့် ၀ိဇ္ဇဓိုရ်တို့ ဖောက်ပြန်ရာမှ ဇဋိလကလေးကိုမွေးဖွား ခဲ့ပေသည်။ မွေးပြီးလျှင်ပြီးချင်း အချင်းတောင်မဆေးကြောဘဲ ရေအိုးထဲထည့်ကာ မြစ်ထဲမျောပစ်ခြင်းကို ခံခဲ့ရသည့် ကလေးသူငယ် ဖြစ်လေသည်။ ရွာသူမနှစ်ယောက်ရေချိုးစဉ် မျောလာသောရေအိုးကို ဆယ်ယူကြည့်ရာမှ အသက်မသေသေးသော ကလေးသူငယ်ဖြစ်နေသည်ကို တွေ့ရသောကြောင့် ကောက်ယူမွေးစားခဲ့ကြပေသည်။ ကလေးငယ်၏ဦးခေါင်းမှာ အညစ်အကြေးများနှင့် ညစ်ပေနေသောကြောင့် ဆံပင်လေးများက အသေအချာကျစ်ထားသည့် ဆံကျစ်ကလေးများလို ဖြစ်နေသောကြောင့် ဇဋိလ (မောင်ဆံကျစ်)ဟု ခေါ်ဆိုကြခြင်းဖြစ်လေသည်။

မောင်ဇဋိလလေး စကားပြောတတ်စအရွယ်တွင် မွေးစားမိဘများက ရှင်မဟာကစ္စည်းမထေရ်ကို အပ်နှံ ခဲ့ကြပေသည်။ ရှင်မဟာကစ္စည်းမထေရ်က  ကလေးငယ်၏ရုပ်ရည်သွင်ပြင်ကို ကြည့်လိုက်သည်နှင့် ပါရမီရှင်ဖြစ်မှန်း တန်းသိခဲ့ပေသည်။ ထို့ကြောင့်ကလေးငယ်ကို မထေရ်၏ဒကာသူဌေးတစ်ယောက်ထံ မထေရ်ကိုယ်တိုင် သွားရောက် အပ်နှံခဲ့ပေသည်။ ထိုကလေးလေးသည် မကြာမီတွင် သူဌေးကြီးထက် အရောင်းအ၀ယ်အရာမှာ လာဘ်မြင်အကွက်မြင် သောကြောင့် သူဌေးကြီးက သမီးရင်းနှင့်ထိမ်းမြားပေး လိုက်လေသည်။ ထိုနောက်မှ အတိတ်ကံပါရမီများ နိုးထလာကာ ရွှေတောင် ငွေတောင် ပတ္တမြားတောင်များ ပိုင်ဆိုင်လာသောကြောင့် ဇဋိလသူဌေး အမည်တွင်လာခြင်း ဖြစ်ပေသည်။

ဇဋိလသူဌေးကြီးသည် နှောင်သောအခါ သားသုံးယောက်ကိုအမွေများခွဲဝေပေးကာ သာသနာ့ ဘောင်သို့ ၀င်ရောက်သွားပါသည်။ မကြာမီ တရားထူးရကာ ရဟန္တာဖြစ်သွားခဲ့ပါသည်။ ဤ၀တ္ထုအရ ဇဋိလ၏ဆရာရင်းဖြစ်သူ ရှင်မဟာကစ္စည်းမထေရ်ကြီးသည် ရဟန္တာကြီးဖြစ်ပါသည်။ ရဟန္တာကြီးလည်း လူမူရေးလုပ်သည်ကိုတွေ့ရပါသည်။

ဇဋိလသည် ပါရမီရှင်ရဟန္တာလောင်း သူဌေးလောင်းဖြစ်သော်လည်း ငယ်စဉ်အခါမှာ မိဘမဲ့ဘ၀ဖြင့် ကျင်လည် ခဲ့ရပေသည်။

ပြောလိုသည်မှာ ပါရမီရှင်ပင်ဖြစ်သော်လည်း ဘ၀ါဘ၀မှ အားနည်းချက်တစ်ခုခုကြောင့် ချို့တဲ့နွမ်းပါးနေရသော  ယာယီဆင်းရဲသားကလေးသူငယ်များ များစွာရှိပေသည်။ ၎င်းတို့ကိုပြုစုပျိုးထောင် မြေတောင်မြှောက်ပေးသောအားဖြင့် ရှင်မဟာကစ္စည်းမထေရ်ထုံးကို နှလုံးမူသင့်လှကြောင်းပါ။

ဤသို့သောရည်ရွယ်ချက်ဖြင့် “ကလေးလုပ်သားပညာရေးဖောင်ဒေးရှင်း” တည်ထောင်ကာ လောကကိုအလှ ဆင်လိုခြင်း ဖြစ်ကြောင်းပါ။

ယခုလောလောဆယ်တွင် အရှင်ဝီရသူ၏ နိုင်ငံရေးရပ်တည်ချက်ကို ပြောလိုပေသည်။

အရှင်ဝီရသူသည် ‘နောက်ပြန်မလှည့်ရေးမူဝါဒ’ကို ကျင့်သုံးလျက်ရှိပေသည်။

အစိုးရလည်း နောက်ပြန်မလှည့်စေလိုပါ။

ပြည်သူလူထုလည်း နောက်ပြန်မလှည့်စေလိုပါ။

ဒီမိုကရေစီ ရင့်ကျက်၊ စံမီ၊ ပြည့်ဝသည့်အဆင့်မရောက်မချင်း ဒီမိုကရေစီလမ်းကြောင်း ဖြောင့်တန်း စေလိုပါသည်။  ဒီမိုကရေစီလမ်းကြောင်းကို လုံးဝအထိခိုက်မခံနိုင်ပါ။ ဒီမိုကရေစီလမ်းကြောင်း ကိုထိခိုက်စေနိုင်သည့် အရေးကိစ္စမှန်သမျှ၌ အရှင်ဝီရသူ ၀င်ရောက်ထိန်းကျောင်းနေသည်ကို တွေ့နိုင်ပေသည်။ ထိုသို့ထိန်းကျောင်းရာ၌ ရွှေည၀ါအရေးမှာ မထင်ရှားခဲ့ရသော်လည်း ဖယောင်း တိုင်လုပ်ရှားမူ၊ ရွှေလုပ်သားအရေးတော်ပုံတို့၌ သိသာထင်ရှာစွာ တွေ့မြင်ရပေလိမ့်မည်။

ဤသည်ကို မသိသူများက ၀ီရသူကို အလိုမကျကြ၊ မကြည်ဖြူကြပေ။

စာရှုသူအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။

ဦးပဉ္ဇင်း

ဝီရသူ ( မစိုးရိမ်)

ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ၊

ဓမ္မသဟာယကျောင်းနာယက၊ မစိုးရိမ်တိုက်သစ်၊

မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။