စာရေးသူ ငရဲပြည်မှ ပြန်ရောက်စ ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ကဖြစ်သည်။ စာရေးသူသည် စစ်ကိုင်းတိုင်း-မြို့တစ်မြို့သို့ တရားဟောရန် ကြွရောက်ခဲ့၏။ အေးအေးဆေးဆေး နားနားနေနေဖြစ်အောင် မွန်းလွဲပိုင်းကတည်းက ရောက်နှင့်နေခဲ့ပေသည်။
စာရေးသူရောက်မဆိုက်ပင် တရားပွဲစီစဉ်သူတစ်ဦးက ဓမ္မပူဇာငွေတွေ ပြန်လှူခဲ့စေလိုကြောင်း ရေလာမြောင်းပေးဖြင့် စကားခေါ်၍နေလေ၏။ ဇွန်လ -၁ရက်နေ့က ဟောခဲ့သော ဓမ္မကထိကဆရာတော်လည်း လှူခဲ့သည်ဆို၏။ လှူခဲ့သော ဆရာတော်မှာ တရားပွဲကျင်းပရာ မြို့နယ်ဇာတိဖြစ်လေသည်။ ၄င်းဇာတိမှာ ၄င်းတရားဟောရသည့် ငွေများကို ပြန်လှူသွားခြင်းဖြစ်၏။
စာရေးသူက ချက်ချင်းအဖြေမပေးသည့်အခါ ခေါင်းဆောင်ဆိုသူကို သတင်းပို့ဟန်ရှိ၏။ ခေါင်းဆောင်ဆိုသူ စာရေးသူထံရောက်လာ၏။ လွယ်အိတ်ကလေးလွယ်ထား၏။ လွယ်အိတ်ကလေးက ပြားချပ်နေသဖြင့် ပေါ့ပေါ့ပါးပါးရှိနေ၏။ ပုခုံးပေါ်မှ လွယ်အိတ်ကိုင်းက အောက်သို့ပင် အိမကျဘဲ အပေါ်မှာပင် ခေါက်ရိုးလိုက်လေး ထောင်နေသည်ကို တွေ့ရ၏။ နိုင်ငံရေးသမားတို့ ထုံးစံအတိုင်း ထိုခေါင်းဆောင်က ရွှန်းရွှန်းဝေအောင် ပြောနေ၏။ ၄င်းမြို့နယ်၌ သြဇာကြီးမားသော ပရဟိတသမားဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခြင်းသည် သူ၏ စွမ်းဆောင်မှုကြောင့်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သူ့ကို ရန်ကုန်ခြံထဲသို့ခေါ်ယူ၍ တာဝန်ပေးခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးမှုကြောင့် အောင်နိုင်ရေးအတွက် သူကိုယ်တိုင် စည်းရုံးပေးခဲ့ခြင်းဖြစ်ကြောင်း စုံလင်အောင်ပြောဆိုနေပေသည်။
နားထောင်နေစဉ် စိတ်ထဲ၌ မှတ်ချက်ချမိ၏။ နိုင်ငံရေးသမားမည်သည် ကျောက်ဆင်းတုခေါင်းညိတ်အောင် ပြောတတ်သလို ငရဲပြည်ကို နတ်ပြည်ထင်အောင် အမွှမ်းတင်တတ်သည်ဆိုသည်မှာ သူလိုနိုင်ငံရေးသမားမျိုးကို ရည်ရွယ်ခြင်းဖြစ်လိမ့်မည်ဟူ၏။ ထို့နောက် သူက စာရွက်လေးတစ်ရွက်ထုတ်ပြ၏။ ကြမ်းကြမ်းတမ်းတမ်း ရေးသားထားသည့် စာသားများပါဝင်သည့် တုန့်ပြန်စာဖြစ်နေ၏။ စာနယ်ဇင်းအချို့၌ ပါဝင်သော သူ့အကြောင်းကို တုန့်ပြန်ထားသည့် စာဖြစ်ပါသည်။
သူသည် ပရဟိတဗန်းပြပြီး ကိုယ်ကျိုးရှာနေသော စီးပွားရေးသမားဖြစ်ကြောင်း၊ ငွေရေးကြေးရေး စိတ်မချရကြောင်း၊ ငွေကြေးစာရင်း မရှင်းနိုင်ကြောင်း စာနယ်ဇင်းအချို့ ရေးသားထားမှုကို တုန့်ပြန်သည့် စာ၌ စောက်ဂရုမစိုက်ဘူးစသည့်စာသားများ ရေးသားထားခြင်းဖြစ်ပါသည်။ ထိုစာရွက်ကို ပရိသတ်များအား ဝေငှနေသည်ကို တွေ့ရပေသည်။ သူပြန်သွားသည့်အခါ ရေလာမြောင်းပေးစကားခေါ်သူကို မေးမြန်းစုံစမ်းကြည့်ပါသည်။
“ပရဟိတဖောင်ဒေးရှင်း၊ ပညာရေးဖောင်ဒေးရှင်းတော့ဟုတ်ပြီ ဖွဲ့စည်းပုံက ဘယ်လိုလဲ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး စတာတွေနဲ့ ဖွဲ့စည်းထားတာလား”
“အဲလို ဖွဲ့မထားပါဘူး”
“ဒါဆို အစည်းအဝေးထိုင်ပြီး လုပ်ငန်းဖော်ဆောင်ကြတာလား”
“အဲလိုလည်း မဟုတ်ဘူး”
“ဒါဆို ဒီဖောင်ဒေးရှင်းက ဘယ်လိုသွားမှာလဲ”
“သူက ခေါင်းဆောင်ပဲ၊ သူခိုင်းတာပဲလုပ်ကြတာပါ”
စာရေးသူက ဘဝင်မကျ။
ခေါင်းဆောင်ဆိုသူ နိုင်ငံရေးသမားအကြောင်း လိုက်လံစုံစမ်းသည့်အခါမှာလည်း စီးပွားရေးက မည်မည်ရရမရှိ။ နောက်ခံဘက်ဂရောင်း(Backround) အသိုင်းအဝိုင်း တောင့်တင်းခြင်းလည်းမရှိ။ ထို့ကြောင့် မလှူတော့ဘူးဟု ဆုံးဖြတ်ထားလိုက်၏။
ကံထူးမ ဆရာတော်ကြီးများ ကြွရောက်ကာ စာရေးသူကို ဆုံးမသြဝါဒပေးကြ၏။ “အဝေးကြီးကနေ လာရတာ၊ တန်အောင်ဟောပါ။ ရိုးရိုးတရားတော့ မနာချင်ဘူး။ အထူးတရားပဲဟောပါ”ဟု ဆရာတော်ကြီးများက တိုက်တွန်းကြ၏။
အထူးတရားဆိုသည်မှာ နိုင်ငံရေးတရားကို ဆိုလိုပေသည်။ မည်သည့်တရား ဟောကြားလျှင် ကောင်းမည်နည်းဟု စဉ်းစားနေသော စာရေးသူအတွက် အဖြေရသွား၏။ ထို့ကြောင့် နိုင်ငံရေးတရား ဟောကြားလိုက်ပါသည်။ တရားအမည်က “လူမှန် နေရာမှန် ရွှေနိုင်ငံ”ဖြစ်၏။
မဟာသာရဇာတ်တော်ကို ကျောရိုးပြု၍ ပညာရှိက ပညာရှိနေရာမှာ၊ စစ်သားက စစ်သားနေရာမှာနေမှ တိုင်းပြည် အစစအရာရာ ကောင်းမွန်မည်ဖြစ်ကြောင်း ဟောကြားထားသည့် တရားတော်ဖြစ်ပါသည်။ တစ်မတ်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်း ရောက်နေသည်မှာ ဘုရားဟောတရားတော်နှင့် မညီညွတ်ကြောင်း ဟောကြားထားခြင်း ဖြစ်ပါသည်။
မြို့တော်ခန်းမကြီးပြည့်လျှံရုံတင်မက ကွင်းပြင်ထဲမှာပါ ပြည့်လျှံနေသော ပရိသတ်ကြီးက အားပါးတရ အားပေးကြပါသည်။
ဓမ္မကထိကနှင့် တရားနာပရိသတ်တို့ အဆင်ပြေ၍ နှစ်ဦးနှစ်ဘက် အားရကျေနပ်မှု ရှိသော်လည်း တရားပွဲ ဦးစီးကျင်းပသူ နိုင်ငံရေးသမားကြောင့် စိတ်ကသိကအောက်ဖြစ်ခဲ့ရပါသည်။
တစ်ညနေလုံး လူလွှတ်ကာ အတင်းကပ်ပြီး အလှူခံ၍ မရသည့်အခါ ပလ္လင်ပေါ်ထိ သူကိုယ်တိုင် လာလျှောက်ပါတော့သည်။
“ဆရာတော်ဆီက ပိုက်ဆံတစ်ပြားမှ မလိုချင်ပါဘူး။ ဆရာတော်က တပည့်တော်တို့ ဖောင်ဒေးရှင်းကို အားပေးတယ်ဆိုတဲ့ ဂုဏ်ကိုပဲ လိုချင်တာပါ။ ဆရာတော်က လှူဒါန်းတယ်ဆိုတဲ့ နာမည်လေးရရင် ကျေနပ်ပါပြီ။ ဒါကြောင့် ငွေလှူဟန်ပဲပြခဲ့ပါ။ ငွေလှူကြောင်း တရားထဲ ထည့်ဟောပေးပါ။ ငွေတော့ တစ်ပြားမှ ချန်မထားပါနဲ့”ဟု လျှောက်ထားလာခြင်းကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ခြင်းပင်။
သူ့သဘောအလို ဟန်ဆောင်ပန်ဆောင် အလှူပြရမည့်သဘောမျိုး ဖြစ်နေ၏။ မုသာဝါဒတစ်မျိုးပင်။ တစ်ဦးတစ်ယောက်တည်းကို လိမ်ရမည်မဟုတ်ဘဲ ထောင်ချီသော ပရိသတ်ကို လိမ်ရမည့်အရေးဖြစ်နေ၏။ သာမန်ပုဂ္ဂိုလ်ကို လိမ်ရမည်မဟုတ်ဘဲ တရားနာပရိသတ် သူတော်ကောင်းများကို လိမ်ရမည့်အရေး ဖြစ်နေ၏။ ပူးပေါင်းလိမ်မည့်သူများကလည်း နိုင်ငံရေးသမားနှင့် တရားဟောဓမ္မကထိက ဖြစ်နေ၏။
ထို့ကြောင့် ထည့်မဟောဘဲ နေလိုက်လေ၏။ တရားဟောပြီးသည့်အခါ အပြေးအလွှား ရောက်လာပြန်၏။ “ရေစက်ချသည့်အခါ ထည့်သွင်း ရေစက်ချပေးပါ”ဟု လာလျှောက်ခြင်းဖြစ်၏။
“သြော်- သူ့ခမျာ အတိုက်အခံတွေများလို့ အရှိန်အဝါလိုချင်နေလို့ဖြစ်မယ်”ဟု သူ့အပေါ် စာနာမိသွား၏။ သို့သော် မလှူဘဲ ရေစက်ချရမည့်အလုပ်ဖြစ်နေ၍ ရေစက်ချသည့်အခါ သူပြောသလို မလုပ်ဖြစ်တော့ပေ။ စာရေးသူကို အလိုမကျတော့ဟန်တူ၏။ ပရိသတ်အားလုံး အမျှသုံးကြိမ်ဝေပြီးသည့်အခါ ဘာမပြော ညာမပြောဖြင့် မိုက်ကိုဆွဲယူကာ သူ့ဘာသာ ကြေညာပစ်တော့၏။
ကြေညာသည့်စကားကိုတော့ အတိအကျ မမှတ်မိတော့ပေ။ နိုင်ငံရေးသမားတို့ ထုံးစံအတိုင်း အပြောကောင်းလှ၏။ ကလေးတွေပညာရေးကို တောပန်းလေးများနှင့် နှိုင်းယှဉ်ကာ အဆိုပါ တောပန်းလေးများအတွက် ဆရာတော်ဦးဝီရသူက ဓမ္မပူဇာအလှူငွေ ၅သိန်းကို ပြန်လည်စွန့်ကျဲသွားပါကြောင်း မတ်တတ်ရပ်ကြေညာလိုက်သည့်အခါ ပရိသတ်အားလုံးက လက်ခုပ်တီးသူကတီး သာဓုခေါ်သူကခေါ်ဖြင့် ဝမ်းသာသွားကြပေသည်။
နောက်တစ်နေ့ ဇွန်လ ၃-ရက်နေ့ရောက်သည့်အခါ ညီတော်မောင် သီတဂူအရှင်ဒေဝိန္ဒက ဖုန်းဆက်၏။ ဓမ္မပူဇာငွေများ ပြန်လှူသွားကြောင်း သိရ၍ ဝမ်းသာကြောင်း ပြောခြင်းဖြစ်၏။ ထိုအခါ စာရေးသူက အကျိုးအကြောင်းရှင်းပြကာ မလှူဖြစ်ခဲ့ကြောင်း ပြန်ပြောမိလေသည်။
သီတဂူအရှင်ဒေဝိန္ဒသည် တရားပွဲခေါင်းဆောင်နိုင်ငံရေးသမားကြီးနေထိုင်ရာ မြို့နယ်ဇာတိဖြစ်ပါသည်။ စာရေးသူကို တရားပွဲပင့်သူကလည်း သီတဂူအရှင်ဒေဝိန္ဒပင် ဖြစ်ပါသည်။ ဖုန်းစကားပြော၍ ပြီးသည့်အခါ သံသယဖြစ်မိသည်နှင့် ကပ္ပိယကိုခေါ်၍ မေးလိုက်ပါသည်။ ထိုအခါမှ ဓမ္မပူဇာငွေများတစ်ပြားမှ မပေးဘဲ ယူထားလိုက်ကြောင်း သိရပါသည်။
စာရေးသူ မခံချင်စိတ် ပေါက်သွားပါသည်။ သီတဂူအရှင်ဒေဝိန္ဒထံ ဖုန်းဆက်၍ ပြောသည့်အခါ အရှင်ဒေဝိန္ဒက “ဦးဇင်းပဲ လှူခဲ့တာဆို”ဟု မေးပါသည်။ ထိုအခါကျမှ “ဒါ မလိမ့်တစ်ပတ်လုပ်တာပဲ ငွေပြန်ပေးရင်ပေး မပေးရင်တရားစွဲမယ်”ဟု ယတိပြတ်ပြောလိုက်ပါသည်။
ချက်ချင်းပင် ငွေလာပို့ကြပါသည်။ ငွေငါးသိန်းကျပ်တိတိဖြစ်ပါသည်။ “နိုင်ငံရေးသမား လူလည် ငါသာ သူပြောသလို ထည့်ဟော ထည့်ရေစက်ချလိုက်ရင် သည်ဗွီဒီယိုက သက်သေဖြစ်သွားတော့မှာ၊ ဒါဆို ငါဘာမှမတတ်နိုင်တော့ဘူး၊ အခုတော့ တော်သေးတာပေါ့ ကံကောင်းလို့”ဟု မိမိကိုယ်ကို ပြန်လည် ချီးကျူးနေမိပေသည်။
ကံထူးမဆရာတော်ကြီးက ပြော၏။ “လူတစ်ယောက်လျှင် ၂၀၀ကျပ်နှုံးဖြင့်သာ လှူအုံးတော့ သိန်းနှစ်ဆယ်အစိတ်အသာလေး ဒီပရိသတ်နဲ့ ဒီငွေငါးသိန်း ဘယ်လိုမှမဖြစ်နိုင်ဘူး”ဟူ၏။ ထိုစကားကို စာရေးသူ၏ ကပ္ပိယကကြားလာကာ စာရေးသူအား ပြန်လျှောက်ပြခြင်းဖြစ်ပါသည်။
ထိုအခါကျမှ ဆက်စပ်၍ တွေးမိ၏။ ခေါင်းဆောင်ဟုလည်းဆိုသေးသည်။ အလှူခံမဏ္ဍပ်မှာသာနေသည်။ ဖလားထဲထည့်လှူသူများကို မိုက်ဖြင့်မကြေညာ။ စာရင်းလာပေးရင်း လှူသူများကိုသာ မိုက်ဖြင့်ကြေညာသည်။ စီမံခန့်ခွဲမှု ဘာမျှမလုပ်ဘဲ အလှူခံဖလားနားမှ တစ်ဖဝါးမခွါနေသည်။ ဤအတွေးများ ပေါ်လာသည့်အခါ မှတ်တမ်းများပြန်ကြည့်မိသည်။ သေချာသွားပြီ။ တရားပွဲပြီး၍ စာရေးသူကို ကားပေါ်ပြန်အပင့်မှာတော့ လွယ်အိတ်ကြီးက ဖောင်းသွားကာ လွယ်အိတ်ကိုင်းကလည်း ပုခုံးပေါ်မှာ အိတွဲကျနေပေပြီ။
ထိုအခါမှ မိမိ အ-မှန်း သဘောပေါက်ကာ ကိုယ့်နှာဖူးကိုယ်လက်ဝါးဖြင့် ပြန်ရိုက်မိသွားတော့၏။ ဤသို့ဖြင့် တပည့်လေးတစ်ပါး ဓမ္မာစရိယဘွဲ့တံဆိပ်ပူဇော်ပွဲ တရားဟောရန် အဆိုပါမြို့နယ်ရှိ ကျေးရွာလေးတစ်ရွာသို့ ၂၀၁၆ ခုနှစ်က ရောက်ရှိခဲ့ရ၏။
စာရေးသူကို လာကြိုသော ကားဆရာနှင့် စကားစပ်မိပြန်၏။ သူက စာရေးသူ စုံစမ်းမေးမြန်းခဲ့သည်များကို သူကြားခဲ့ရကြောင်း အဖွဲ့အစည်းမခိုင်မာ၍ ပြန်မလှူခဲ့ခြင်းဖြစ်မည်ဟု သုံးသပ်ကြကြောင်း လျှောက်ထားလာပါသည်။
“အခု သူ ဘယ်အခြေအနေရှိလဲ”ဟု
“သူက အခု ပြေးနေတယ်။ ဒီမှာမရှိဘူး။ စင်္ကာပူရောက်နယ်သားတွေက ပရဟိတဆိုပြီး ဝိုင်းလှူထားတဲ့ငွေတွေ ဘယ်မှာသုံးလဲ စစ်ဆေးကြတော့ သူမပြောနိုင်ဘူး။ တရားစွဲမယ်လုပ်ကြလို့ ပြေးနေတာ”။
စာရေးသူကို ဗီဒီယိုဖိုင်တင်၍ ဆဲဆိုခြင်း မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ်ခြင်းများကို မကြာခဏတွေ့ရပါသည်။ ထိုသူမှန်း မရိပ်မိခဲ့ပါ။ အကောင့်အမည်နှင့် ကလောင်အမည်က တစ်မျိုး၊ တရားပွဲခေါင်းဆောင်အမည်က တစ်မျိုးဖြစ်နေသောကြောင့် မရိပ်မိခဲ့ခြင်း ဖြစ်ပါသည်။
မကြာသေးမီက အဆိုပါမြို့မှ လူငယ်လေးများကို မေးကြည့်မှ မောင်မင်းကြီးသားမှန်း သိလိုက်ရခြင်းဖြစ်ပါသည်။ နိုင်ငံရေးသမားတော်တော်များများ သမိုင်းကြောင်းမကောင်းကြပါ။ အထူးသဖြင့် စာရေးသူကို တိုက်ခိုက်နေသော နိုင်ငံရေးသမားများ ပိုဆိုးပါသည်။ ထိုသူများကို ဆရာတင်ကိုးကွယ်ကာ ရဟန်းသံဃာများကို စော်ကားပြစ်မှားနေသူများ၏ အနာဂတ် မတွေးဝံ့စရာပါ။
အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)
29.12.2017
AM 00:23