ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၀)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၀)

“လောကအကြိုက် လောဘစရိုက် မထိုက်လေသူ”

သတ္တဝါတိုင်း စရိုက်ကိုယ်စီရှိကြပါသည်။ လူသားတို့၏စရိုက်သည် တိရစ္ဆာန်များ၏စရိုက်များကဲ့သို့ သိသာထင်ရှားသည်လည်း ရှိ၏။ မသိသာမထင်ရှားသည်လည်း ရှိ၏။ အချို့မှာ ပြုပြင်လွယ်သလောက် အချို့မှာ ပြုပြင်၍မရလောက်အောင် ခက်ခဲပေသည်။ ထိုသို့ခက်ခဲရာတွင် အပြုပြင်မခံ၍ ပြုပြင်မရသည်လည်း ရှိ၏။ ကာယကံရှင်ကိုယ်တိုင်က ပြုပြင်လိုပါလျက် ပြုပြင်၍ မရသည်လည်း ရှိ၏။ စာရေးသူလည်း ထို့အတူပင်။ အများအမြင်မတော်သည့် အမူအရာများ အများမကြိုက်နှစ်သက်သည့် အပြုအမူများ များပြားစွာရှိလေသည်။

စာရေးသူစီးသည့်ဖိနပ်သည် စာရေးသူ၏ခြေထောက်ထက် ကြီးမားနေတတ်၏။ ခြေဖနောက်အပြင်ဘက်သို့ လက်တစ်ဆစ်နှစ်ဆစ်ခန့် ထွက်နေတတ်ပေသည်။ အများစုက ထောက်မပြရက်ကြသော်လည်း ရင်းနီးသူများ ထေရ်ကြီးဝါကြီးများက ထောက်ပြတတ်ပေသည်။ အချို့မှာ ပျော်စေပျက်စေအားဖြင့် ခပ်သောသောပြောပြတတ်သော်လည်း အချို့က မာမာထန်ထန်ထောက်ပြတတ်ကြ၏။ မိမိအကျိုးလိုလားသူများဖြစ်နေသဖြင့် ကျေးဇူးတင်မဆုံးပေ။ လေဆိပ်၌ သက်တူရွယ်တူ တိပိဋကဆရာတော်တစ်ပါးက ‘ဘာလို့ မတော်တဲ့ဖိနပ်ကို စီးရတာလဲ’ဟု ခပ်တည်တည်မေးဖူး၏။ ဆရာတော်ကြီးတစ်ပါးကလည်း ‘ဖိနပ်အတော်ရှားသလား’ဟု မေးခွန်းထုတ်ခဲ့ဖူး၏။ တပည့်မလေးတစ်ဦးက ‘ဖိနပ်မြင်တာနဲ့တင် ဘုန်းဘုန်းမှန်း တန်းသိတယ်’ဟု ရယ်သွမ်းသွေး၍ ပြောဆိုခဲ့ဖူး၏။ ‘ဟုတ်တယ်။ ဒို့ဘုန်းဘုန်းက ခြေထောက်အပြင်ဘက် လက်တစ်ဆက်ထွက်တဲ့ဖိနပ်မှ စီိးတာ’ဟု ဝိုင်းဖွဲ့ပြောစဉ် အဆိုပြုကြ ထောက်ခံကြနှင့် စနောက်တတ်ကြသည်လည်း ရှိ၏။ အမှန်မှာ စာရေးသူက အနေတော်ဖိနပ်သာ စီးလိုသူဖြစ်ပါသည်။ ဖိနပ်လှူသူများက အသေးဆုံးထင်၍ ဝယ်ခဲ့သော်လည်း စာရေးသူကိုယ်တိုင်က ခြေထောက်သေးနေသောကြောင့် မတော်ခြင်းဖြစ်၏။ အသစ်ချစီးကာစ၌ သဲကြိုးများ တင်းနေသဖြင့် တော်သကဲ့သို့ရှိသော်လည်း သားရေဖိနပ်များဖြစ်သဖြင့် ကြာလေချောင်လေဖြစ်ကာ ဖနောင့်အပြင်ဘက်သို့ ဖိနပ်ကထွက်သွားလိုက် ဖိနပ်ထိပ်ဖျားသို့ ခြေဖျားက တိုးဝင်သွားလိုက်ဖြင့် ခြေထောက်ကရှေ့ရောက်လေ ဖိနပ်ကနောက်ထွက်လေ ဖြစ်ခဲ့ရခြင်းပင်။ မတော်သည့်ဖိနပ်မှန်းသိသော်လည်း နှမြောသဖြင့် ဆက်စီးမိရာမှ အမြင်မတော်သည့်အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။ ခြေထောက်နှင့်တော်သည့်ဖိနပ်ဝယ်ခိုင်းလိုက်လျှင်လည်း ‘ဒါအသေးဆုံးပဲ’ဟုလည်းကောင်း၊ ‘တော်ပါတယ်ဘုရား စီးကြည့်ပါဦး’ဟု ဆိုသူများနှင့်သာ တွေ့ကြုံနေရလေ၏။ ယခုစီးနေသည့် ဖိနပ်လည်း ထို့အတူပင်။ စာရေးသူက နံပါတ် ၉မှာလိုက်ရာ တပည့်လေးက နံပါတ် ၁၀ ဝယ်လာလေသည်။ ‘ကိုးပါဆိုနေ’ဟု မြည်တွန်သည့်အခါ ‘ဘုန်းကြီးခြေထောက်နှင့် နံပါတ်ကိုး ဘယ်လိုမှမဖြစ်နိုင်ဘူးထင်လို့ပါဘုရား’ဟု ပြန်လျှောက်ထားလေ၏။ မဖြစ်ချေဘူး အထင်ဖြင့် မစိုးရိမ်သို့လှမ်းမှာရာ မစိုးရိမ်ကလည်း နံပါတ် ၁၀ပင် ထည့်ပေးလိုက်ပေသည်။ ‘ကိုးပါဆိုနေ’ဟု လှမ်းငေါက်ရာ ‘ဘုန်းကြီးစီးနေကျပါဘုရား’ဟု ဖြေသွားလေ၏။ ဤသို့ဖြင့် စာရေးသူမှာ ကိုယ့်အပြစ်နှင့်ကိုယ် အမြင်မတော် ဆင်တော်နှင့်ခလောက်ဆိုသကဲ့သို့ အများပြည်သူမျက်စိဆံပင်မွေးစူးဖွယ် အမူအရာတစ်ခု ဖြစ်ခဲ့ရလေတော့၏။

အခြားတစ်ခုကား မေ့တတ်ခြင်းပင်။ ခရီးတစ်ခါသွားလျှင် တစ်ခုတော့မေ့ကျန်တတ်ခဲ့လေ၏။ အများအားဖြင့် မျက်မှန်မေ့ကျန်ခြင်းပင်။ အရေးတော်ပုံကာလမှာပင် မျက်မှန်ဆယ်လက် ဆောင်ထားရာ နှစ်လက်သာ ကျန်တော့လေသည်။ တန်ဖိုးနည်းမျက်မှန်အပေါစားများဖြစ်နေ၍ တော်ပေသေးတော့၏။ မယ်တော်ကြီးတစ်ပါးက မျက်မှန်ဘူးများ မကြာခဏလှူလေ့ရှိ၏။ တစ်ဘူးပျောက်လျှင် တစ်ဘူးဟုဆိုကာ အပိုဆောင်း၍ပင် လှူထားလေသည်။ မျက်မှန်ဘူးပါ မေ့ကျန်တတ်သဖြင့် မယ်တော်ကြီးလည်း စိတ်မရှည်ရှာပေ။ မကြာခဏ မေ့ပျောက်စဉ်က ‘လည်ပင်းကြိုးဆွဲပေးထားရမလိုဖြစ်နေပြီ’ဟု ညည်းညူတတ်သော်လည်း အမြဲတန်းမေ့ကျန်တတ်သည့်အခါ မျက်မှန်စကားပင် မပြောတော့ရှာပေ။ လေယာဉ်ပေါ်နှင့် ကားပေါ်မှာ မေ့ကျန်သည်က များ၏။ လူ့စိတ်ကလည်း အဆန်းပင်။ယပ်တောင်၊ နေရာထိုင်(အခင်း)၊ မျက်မှန်အဟောင်း မေ့ကျန်နေခဲ့လျှင် ပြန်ရတတ်သော်လည်း မျက်မှန်အသစ် ဘူးအသစ်ကျန်ခဲ့လျှင် ပြန်မရတော့ပေ။ လေယာဉ်ပေါ်မှ ရန်ကုန်လေဆိပ်သို့ ဆင်းလာသည့်အခိုက် မျက်မှန်မေ့ကျန်မှန်း သိခဲ့ရ၏။ ချက်ချင်းသတင်းပို့သော်လည်း ရှာမတွေ့ဟု ဆိုလေသည်။

ဘောလ်ပင်မေ့ကျန်ခဲ့သည်က ပြဿနာမရှိပေ။ စာရေးသူသည် ငါးဆယ်ကျပ်တန် ဘောလ်ပင်အပေါစားလေးများကိုသာ ကိုင်ဆောင်လေ့ရှိသောကြောင့်ပင်။ တန်ဖိုးကြီးဘောလ်ပင်များ မရေးတတ်သည်လည်း ပါသည်။ မေ့ကျန်တတ်သဖြင့် အပေါစားလေးများသာ သုံးစွဲတတ်ခြင်းလည်း ပါလေသည်။

တစ်ပါးတည်းနေရသည့်အခါ သဘောကျဖွယ်အာရုံနှင့်တွေ့လျှင်လည်း ပြုံးတတ်၏။ ရွတ်ဖတ်နေစဉ် အာရုံဝင်လာလျှင်လည်း ပြုံးတတ်၏။ စာရေးသူပြုံးနေသည့်အမူအရာထူးကိုကြည့်၍ ‘ဆရာတော် ဘာတွေများသဘောကျ’ဟု မေးလျှောက်သည်နှင့်ကြုံရသည်က များလေသည်။ လောလောလတ်လတ် သတင်းအချက်အလက်များ ဖြစ်နေလျှင် ပြောပြ၍လွယ်ကူသော်လည်း အချို့အချက်အလက်များမှာမူ ပြောမထွက်လောက်အောင် လျှို့ဝှက်ခက်ခဲနေပေသည်။ ထိုအခါမျိုး၌ ‘ဒီလိုပေါ့ကွာ’ဟု စကားဖြတ်လိုက်ရလေ၏။

တစ်ကိုယ်တည်းစကားပြောခြင်း၊ ရယ်ရွှင်ခြင်းများလည်း ပြုလုပ်တတ်ပေသည်။ စာသင်သားဘဝ၌ စာအုပ်နှင့်စကားပြောရာမှ အကျင့်ပါသွားခြင်း ဖြစ်နိုင်၏။ ‘ဟာ ဟုတ်ပြီ ငါနားလည်ပြီ’ ‘ဘာတွေမှန်းလည်း မသိပါဘူးကွာ’ ‘တော်ပြီ ကျော်ပြီကွာ ရှုပ်တယ်’ စသည်ဖြင့် အနက်အဓိပ္ပါယ်ကို စဉ်းစားကာ တစ်ယောက်တည်းစကားပြောခဲ့ခြင်း၏ အပြစ်ပင်တည်း။ အိုးဘိုမှာနေရစဉ် စာရေးသူ၏အခန်းထဲ ကြောင်မကြီးတစ်ကောင်ပေါက်လာရာမှ တစ်နှစ်လျှင် သုံးသားခန့် ပုံမှန်ကြောင်ပေါက်သည်နှင့် ကြုံခဲ့ရလေ၏။ ထိုကြောင်လေးများမျက်စိဖွင့်စအရွယ်တွင် စာရေးသူက အသံပေးလေ့ရှိပါသည်။ သခင်မှန်းသိအောင် အသံပေးခြင်းဖြစ်၏။ ‘ဟေ့ကောင်တွေ’ဟု အော်ခေါ်သည့်အသံဖြစ်၏။ နောင်အခါ ‘ဟေ့ကောင်တွေ ခေါင်ကွေး’ဟု တိုးချဲ့ခေါ်လာပေတော့၏။ ကြောင်ကလေးများက သူတို့ကို အန္တရာယ်ပြုမည့်အသံမဟုတ်သဖြင့် အသံကြားလျှင် နားစွင့်ရုံမှတစ်ပါး ကြောက်ရွံ့ထိတ်လန့်ခြင်း အလျဉ်းမရှိပေ။ ထိုသို့အော်ခေါ်နေကျစကားလုံးသည် စာရေးသူနှုတ်ထဲစွဲနေကာ ခွေးတွေမြင်လည်း ထိုသို့အော်ခေါ်နေမိတတ်၏။ ကြောင်တွေ ကျီးတွေ ချိုးငှက်တွေ မြင်ရလျှင်လည်း အော်ခေါ်နေမိတတ်၏။ တစ်ခါတရံမှာလည်း သူ့အလိုလို လွှတ်ကနဲထွက်သွားတတ်ပေသည်။ သူတစ်ပါးမြင်လျှင် တစ်ယောက်တည်းစကားပြောနေသည်ဟုလည်းကောင်း၊ အခြားသော မကြားဝံ့မနာသာ မှတ်ချက်ချမှုမျိုးကိုလည်းကောင်း ခံယူရရှိမည် အမှန်ပင်။

တရားပွဲသွားရာလမ်းတစ်လျှောက်တွင် ကျေးဇူးရှင်ဆရာတော်ကြီးများ ပုံတော်ကို ဖူးမြင်ရလျှင် “ဆရာတော်ဘုရား ဆရာတော်ဘုရား”ဟု နှုတ်ဖြင့်ရေရွတ်နေမိတတ်ပေသည်။ ကားဆရာက နောက်လှည့်ကြည့်သည့်အခါမှ သဘောပေါက်သွားလေ၏။ စာရေးသူက လက်အုပ်ချီထားသောကြောင့်တည်း။ ကြည်ညိုဖွယ်ရာပင်ဖြစ်စေ၊ အံ့သြဖွယ်ရာပင်ဖြစ်စေ၊ ကြည်နူးဖွယ်ရာပင်ဖြစ်စေ နှုတ်မှလွှတ်ကနဲ ရေရွတ်တတ်သလို နှုတ်နှင့်အပြိုင်ပင် လက်အုပ်ချီမိတတ်သည်မှာလည်း အကြောင်းမသိသူများအတွက် စိတ်မသက်သာစရာပြဿနာတစ်ခု ဖြစ်လိမ့်မည်ဟု ထင်မြင်မိပေသည်။

စာရေးသူသည် အစအနောက် သန်သူဖြစ်ပါသည်။ မထေရ်ကြီးများကိုလည်း စနောက်တတ်ပါသည်။ မကြိုက်သူများက ‘မင်း အမေ’ဟု ပြန်မိန့်သည်နှင့်ကြုံရတတ်ပါသည်။အကြောင်းသိသူများက သဘောပေါက်ကာ တဟားဟား ရယ်မောနေတတ်ပါသည်။နိုင်ငံရေးတစ်ဖက်ပိတ်များကို ကလိရသည်က ပျော်စရာကောင်းပါသည်။ ၎င်းတို့သည် သူတို့နှင့်အမြင်ခြင်းမတူလျှင် ဘုရားကိုပင် ချန်ထားကြသူများမဟုတ်ပေ။ ထေရ်ကြီးဝါကြီးများကို ပယ်ပယ်နယ်နယ် စော်ကားနေကြသည့် ၎င်းတို့ကို ကလိရသည်မှာ ခက်လှသည်မဟုတ်ပါ။ ‘မတင်ရွှေ’ဟူသည့် စကားတစ်လုံးတည်းဖြင့် လုံလောက်ပါသည်။ စာရေးသူက ကလိ၊ သူတို့က မခံချင်၊ မခံချင်၍ ဆဲ၊ အဆဲခံရ၍ ပျော်၊ ပျော်၍ ကလိ၊ ကလိ၍ ဆဲ နှင့် ဖေ့ဘုတ်ခ်ရပ်ဝန်းသည် စာရေးသူအတွက် ပျော်ရွှင်စရာကမ္ဘာလေးတစ်ခု၊ လေ့ကျင့်ရေးကစားကွင်းလေးတစ်ခုအလား စည်ကားနေလေတော့၏။

စာရေးသူမှာ ထိုင်ပြီးလျင် မထချင်သည့် ရောဂါဆိုးတစ်မျိုးရှိပါသည်။ ထိုင်သည်ဆိုသော်လည်း ထိုင်ရုံသက်သက်ကား မဟုတ်ပါ။ အရေးကြီးသည့် အလုပ်တစ်ခုခုကို ထိုင်လျက်လုပ်နေခြင်းကို ဆိုပါသည်။ မှန်ပါသည်။ စာရေးနေလျှင် မထချင်တော့ပါ။ ဆီးလည်း အောင့်ထားတတ်ပါသည်။ ရေလည်း ထမသောက်ဖြစ်ပါ။ ဖုန်းလာလျှင်ဖြစ်စေ၊ ဧည့်သည်လာလျှင်ဖြစ်စေ အလုပ်လုပ်နေရာမှ ထ၍ သွားရသည်ကို အလွန်တရာ ငြီးငွေ့သူဖြစ်ပါသည်။ ထိုအကြောင်းတရားကြောင့် အချို့ လှူချင်တန်းချင်သည့် အလှူရှင်များ လက်လံသွားသည်လည်း ရှိပါသည်။ အကြောင်းမှာ အာလာပ သလ္လာပ မာကြောင်းသာကြောင်း မိတ်ဆက်စကားလေးမှ မပြောဘဲ အလှူငွေလက်ခံ ဂုဏ်ပြုမှတ်တမ်းပြန်ပေးပြီး အခန်းထဲပြန်ဝင်သွားသောကြောင့်တည်း။ မည်သူမဆို ရင်းနှီးမှုရရှိအောင် အလျင်လုပ်ရသည် မဟုတ်ပါလား။ ပိုဆိုးသည်မှာ တွေ့ကာစဧည့်သည်များကို တဲ့တိုး(ဒဲ့ဒိုး)ကြီး သြ၀ါဒပေးမိတတ်ခြင်းပင်။ ရန်ကုန်မှ ဒကာရင်းတစ်ဦးက စာရေးသူထံ ၀င်ရောက်ဖူးမြော်ဖို့ သူ၏အမျိုးသမီးကို လွှတ်လိုက်ပါသည်။ သူ့အမျိုးသမီးနှင့်အတူ ကထိန်အလှူရှင်များလည်း ပါလာပါသည်။ စစ်ကိုင်း ကထိန်သွားခင်းလျှင် မန္တလေး မစိုးရိမ်ဝင်ဖူးဖို့ စာရေးသူထံ ၀င်ခိုင်းလိုက်ခြင်းပင်။ သူ၏အမျိုးသမီးမှာ စာရေးသူနှင့် ရင်းနှီးကျွမ်းဝင်သော်လည်း အတူပါလာသည့် ဧည့်သည်များက စာရေးသူနှင့် ယခုမှတွေ့ရခြင်းဖြစ်ပါသည်။ စာရေးသူက “ကထိန်ပဲခင်းနော် ဖဲမရိုက်ရဘူး၊ စစ်ကိုင်းကထိန်က ဖဲရိုက်တာ နာမည်ကြီးတယ်”ဟု ပြောလိုက်ရာ သူတို့အားလုံး မျက်လုံးအပြူးသားနှင့် ကျန်ခဲ့ပါတော့သည်။ အိုးဘိုပါသွားပြီးကတည်းက စစ်ကိုင်းကထိန်အကြောင်း ဘာမှမသိရတော့ဘဲ ပြောလိုက်ခြင်းဖြစ်ပါသည်။ ထိုအစဉ်အလာကြီး ရှိသေးသလော မရှိတော့ပြီလော မသိရသော်လည်း အရိုးခံ ဒါယိကာမများမှာ ပိဿာလေးနှင့် ထိပ်တည့်တည့် အထုခံလိုက်ရခြင်းဖြစ်ပါသည်။ ၀င်ဖူးခိုင်းသူ ဒါယကာကြီးက ဤကိစ္စနှင့်ပတ်သက်၍ စာရေးသူအား ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ခဲ့ရလေတော့၏။ မန္တလေးမှ သူဌေးတစ်ဦးကလည်း စာရေးသူ၏ တပည့်တစ်ပါးအား “ဆရာတော်က ရိုးတယ်နော် မိတ်ဖြစ်ဆွေဖြစ်လေးတောင် မပြောတတ်ဘူး” ဟု မှတ်ချက်ပေးခဲ့ဖူးပါသည်။

အလုပ်နှင့်သာ ဘုန်းကံထူထောင်လိုပြီး ဆက်ဆံရေးနှင့် ဘုန်းကံထူထောင်လိုစိတ် အလျဉ်းမရှိခြင်းသည်ပင် ခေတ်အခါအရ အားနည်းချက်ကြီးတစ်ခုဖြစ်သွားခဲ့ရလေတော့၏။  အမှန်မှာ စာရေးနေချိန် အလုပ်ထဲဈာန်ဝင်နေချိန်နှင့် ကြုံကြိုက်ခိုက်သာ ထိုကဲ့သို့ဖြစ်ခဲ့ရခြင်းသာ၊ အလုပ်မများချိန်တွင်မူ ရယ်ရယ်သောသောပင် ပြောဆိုတတ်သူဖြစ်ပါသည်။

အလုပ်ထဲဈာန်ဝင်နေပြီဆိုလျင် ရေသောက်သည့်အလုပ်ကိုပင် အင်မတန်ဝန်လေးသည့် အလုပ်တစ်ခုလို သဘောထားကာ လုံးဝရေမသောက်ဘဲ အငတ်နေတတ်သူဖြစ်ပါသည်။ လေးနာရီမှ  ခြောက်နာရီထိ ရေမသောက် ဆီးမသွားဘဲ တစ်ထိုင်တည်းအလုပ်လုပ်လေ့ရှိပါသည်။ ဤသည်မှာ အလုပ်ဇောကပ်တတ်သည့် စာရေးသူ၏ စရိုက်ပင်။

ချွေးထွက်နေလျှင်လည်း ချွေးမသုတ်တတ်ပါ။ အပေါ်ရုံသင်္ကန်း လျှောကျနေလျှင်လည်း ပြန်မတင်တတ်ပါ။ ထို့ကြောင့် အအေးပက်ကာ မကြာခဏ ဆေးသောက်ရတတ်ပါသည်။ အရေးမကြီးသည့် အလုပ်ဖြစ်စေကာမူ ထိုင်မိလျင် မထချင်တော့ပါ။ ထိုင်ရာမထဘဲ နေတတ်သည့် အကျင့်ဆိုးတစ်ခု ကျင့်သားရသွားခြင်းကြောင့် ဖြစ်ပါမည်။ ထိုသို့သော အသေးအဖွဲအလုပ်ကလေးများ လုပ်နေသည့်အချိန်၌မူ “ဟေ့ကောင်တွေ ရေနွေးယူခဲ့ပါဟ”ဟု အော်၍ တောင့်တတတ်ပါသည်။ အချို့ကပ်္ပိယများ တပည့်များက အလိုက်သိစွာ ရေနွေးလာချပေးတတ်သလို “ဘယ်အချိန်ရှိပါပြီဘုရား”ဟု အပြင်ဘက်မှ အော်၍သတိပေးသည်လည်း ရှိပါသည်။ “အေး  အေး”ဟု ပြန်ပြောသော်လည်း ထိုင်မြဲထိုင် လုပ်မြဲလုပ်လျက်ပင်။

စာရေးသူသည် အလုပ်လုပ်သည့်အခါ ဆန္ဒစောတတ်သည့် အကျင့်ရှိပါသည်။ ခေါင်းအေးအေးထား၍ လုပ်ရမည့်အရာ၌ အလောသုံးဆယ်လုပ်မိသည်မျိုး ဖြစ်ပါသည်။ ကောင်းသည်ရှိသလို မကောင်းသည်လည်း ရှိပါသည်။ လုပ်ချင်ကိုင်ချင် ဖြစ်မြောက်ချင် ပြီးစီးစေချင်သည့် ဆန္ဒများက လွန်ကဲနေ၍ စိတ်မထိန်းနိုင်ခြင်းလည်း ဖြစ်ပါမည်။ အချိန်ပေးနိုင်လျှင် ပို၍ပြည့်စုံခိုင်လုံအားကောင်းနိုင်ပြီး ထိရောက်အောင်မြင်မှု ကြီးမားနိုင်ပါလျက် ဆန္ဒစောခြင်းကြောင့် ရသင့်သလောက် မရခဲ့ခြင်းများ၊ လုပ်သလောက် အရာမထင်ခြင်းများနှင့် ကြုံရတတ်ပါသည်။ ဤအကြောင်းနှင့်ပတ်သက်၍ စာရေးသူ၏ ငယ်သူငယ်ချင်းတစ်ပါးက ဤသို့မှတ်ချက်ပြုဖူးပါသည်။ “သဘောလည်း မဆိုးဘူး၊ အနေအထိုင်လည်း ကောင်းတယ်၊ ဆန္ဒစောတတ်တာလေးတစ်ခုပဲ ပြောစရာရှိတာ”ဟူ၍ ဖြစ်ပါသည်။ ၎င်းသည် စာရေးသူ၏ ငယ်သူငယ်ချင်းဖြစ်သည့်အပြင် အိုးဘိုမှာ အတူနေခဲ့ရသည့် အိုးဘိုကျောင်းဆင်းကြီး ဖြစ်ပါသည်။

ဆန္ဒစောသည့် အပြုအမူအပြင် ဇွတ်တရွတ်နိုင်သည့် အပြုအမူလည်း ရှိပါသေးသည်။ မိမိယုံကြည်ရာ မတွန့်မရွံ့စတမ်း ပြုလုပ်လေ့ရှိသည်။ ယုံကြည်ရာကို စွန့်လွှတ်စေလို၍ ရွှေငွေပုံပေးလည်း မစွန့်လွှတ်နိုင်ပေ။ မယုံကြည်ရာကို ရွှေပေးစေခိုင်းလျှင်လည်း မပြုလုပ်တတ်ပေ။ ယုံကြည်လျှင် အန္တရာယ်ကို ရင်ဆိုင်ရပါစေ စွန့်စားလုပ်ကိုင်လေ့ရှိပြီး မယုံကြည်ရာကို မလုပ်သဖြင့် လက်ထိပ်ခတ်ဖမ်းဆီးမည်ဆိုလျှင်လည်း အဖမ်းခံဝံ့သူ ဖြစ်ပါသည်။ “ကျုပ်က အိတ်စိုက်လူမိုက်ဗျ”ဟု မကြာခဏ ပြောကြားတတ်ပါသည်။ ယုံကြည်ရာကို ပြုလုပ်ရမည်ဆိုလျှင် ငွေအကုန်အကျများလျှင် များပါစေ နောက်မဆုတ်တတ်ပေ။ အခမဲ့ လူမိုက်လုပ်ရုံမဟုတ်ဘဲ အိတ်စိုက်ပြီး လူမိုက်လုပ်ရသည်ကို ဆိုလိုပေသည်။ မှန်ပါသည်။ ဈေးတွက်တွက်ကြည့်လျှင် မိမိအတွက် အကျိုးအမြတ်မရှိသည့်အပြင် အချိန်ကုန်ခြင်း၊ လူပန်းခြင်း၊ ငွေစိုက်ရခြင်း၊ အမုန်းခံရခြင်း၊ အဆဲခံ၊ အခြိမ်းခြောက်ခံ၊ အန္တရာယ်ပြုခံရခြင်းများသာ ခံစားရပါသည်။ တစ်ခါတရံမူ “အစွန်းရောက်” ဟု သတ်မှတ်ကြသူများကို စိတ်မဆိုးဝံ့ပေ။ “ဟုတ်ပေမှာပဲ၊ တစ်လောကလုံးက ကိုယ်ကျိုးရှိမှ လုပ်တတ်ကြတာ၊ ငါက ကိုယ်ကျိုးမရသည့်အပြင် လူဆိုးအထင်ခံရတာပဲ အဖတ်တင်တဲ့အလုပ်ကြီးကိုမှ ဇောက်ချလုပ်နေမိတာကိုး”ဟုလည်း နားလည်မှုပေးနေတတ်ပေသည်။ ဤအကြောင်းကို သူငယ်ချင်းတစ်ပါးက ယခုလိုမှတ်ချက်ချဖူးပါသည်။ “သူမှန်တယ်ထင်ရင် ဘာမှထည့်တွက်တာမဟုတ်ဘူး၊ သူဟာ အမြှောက်ကြိုက်သူမဟုတ်သလို မြှောက်ပေးလို့လည်း ရတဲ့သူမဟုတ်ဘူး”ဟူ၍ ဖြစ်ပါသည်။ စာရေးသူ၏ အတွင်းသဘောကို အခြေအမြစ်ကျစွာ လေ့လာကြသော နိုင်ငံခြားသားများက စာရေးသူ၏ ဇာတိမြို့သို့ သွားရောက်စုံစမ်းရာမှ သိရှိခဲ့သည်များကို နောက်မှ ပြန်လည်ကြားခဲ့ရသည့် အဖြစ်အပျက် ဖြစ်ပါသည်။ ၎င်းက စာရေးသူငယ်စဉ်အခါ စာသင်သားဘဝမှ အိုးဘိုဘဝတက္ကသိုလ်အထိ သူတွေ့မြင်ခဲ့သော ဖြစ်ရပ်ဖြစ်စဉ်များကို တစ်ခုစီ ခင်းကျင်းပြီး အသေးစိတ်ဖြေကြားခဲ့သည်ကို စာရေးသူက ပြန်လည်ကြားရခြင်း ဖြစ်ပါသည်။

ဆန္ဒစောခြင်းသည် အကျိုးထက် အပြစ်များသကဲ့သို့ တစ်ဇွတ်ထိုးလုပ်ခြင်းသည်လည်း အကျိုးထက် အပြစ်များပါသည်။ အဆိုပါစရိုက်ဆိုးများ ခေါင်းပါးရာမှ အပြီးတိုင်ပပျောက်နိုင်ရေးအတွက် အတွေ့အကြုံ(သမာဓိ)နှင့် အသက်အရွယ်တို့ လိုအပ်သည်ဟု ထင်ပါသည်။ ယခုအခါ ခေါင်းပါးသင့်သလောက် ခေါင်းပါးနေပေပြီ။ အကြောင်းကား အတွေ့အကြုံနှင့် အသက်အရွယ်က စကားပြောလာသောကြောင့်တည်း။

စာရေးသူသည် ဒေါသအာဃာတများကို မွေးမြူမထားခြင်း၊ အတ္တမာနများကို လုပ်ငန်းခွင်ထဲ သွင်းမလာဘဲ ခဝါချထားခြင်းတို့ဖြင့် မိမိစိတ်ကို စောင့်ထိန်းလေ့ရှိသော်လည်း မာနအလွန်ကြီးသူ ဖြစ်ပါသည်။ မောက်မာခြင်း၊ ပြိုင်ဆိုင်ခြင်း၊ အသာစီးယူခြင်း၊ အထင်သေးခြင်း၊ နှိမ်နင်းခြင်း၊ ဖိနှိပ်ခြင်းများ အလျဉ်းမရှိသော်လည်း အကိန်းဓာတ် အငုတ်ဓာတ်အားဖြင့်ကား လွန်စွာကြီးမားလှပေသည်။ ထို့ကြောင့် လူများကို အောက်ကျို့ဆက်ဆံလေ့မရှိသလို မည်သည့်ခေါင်းဆောင် မည်သည့်အကြီးအကဲကိုမျှ တကူးတကသွားရောက်တွေ့ဆုံခြင်းမျိုး၊ အကူအညီတောင်းခြင်း၊ လက်ဆောင်ပေးခြင်း၊ စာရေးခြင်းမျိုး လုံးဝ မပြုလုပ်ပေ။ မိမိအပေါ် မကြည်ညို၍ ဖဲခွာသွားသူများ၊ မိမိထံ မနေလိုတော့၍ ထွက်ခွာသွားသူများ၊ မိမိအား ဖိအားတစ်စုံတရာပေးခြင်း၊ အကြပ်ကိုင်၊ ခြိမ်းခြောက်မှုပြုခြင်း၊ အနိုင်ကျင့်ခြင်းများနှင့် ကြုံလာရလျှင်လည်း ဂရုစိုက်ထည့်တွက်ခြင်းမျိုး အလျဉ်းမရှိပေ။ “ဒီက မာနကြီးပါတယ်ဆိုနေမှ သူက လာပြိုင်နေသေး”ဟုလည်း စိတ်ထဲမှာပင် တီးတိုးပြောဆိုနေမိတတ်၏။ “ငါ့အကြောင်း မင်းမသိသေးဘဲကိုး”ဟု စိတ်ထဲမှာတေးကာ သူ့ထက်သာအောင် လုပ်ပြလေ့ရှိပေသည်။ ကျမ်းဂန်အလို သေဝိတဗ္ဗမာန- မှီဝဲထိုက်သောမာနဟု ဆိုရမည်ကဲ့သို့ ရှိပေသည်။ သို့သော် ထိုသူများနှင့်တွေ့ဆုံသည့်အခါ၌မူ မိမိ၏ အတ္တမာန အာဃာတများ အရိပ်အငွေ့မျှ မတွေ့ကြရလေအောင် ‘သူမဟုတ်သလို’ နေပြတတ်ပေသည်။

သူဌေးတွေကြည်ညိုအောင်မနေသည့်အကြောင်း အားမလိုအားမရ လျှောက်ထားလာလျှင် မည်မျှချမ်းသာသည့် သူဌေးကြီးဖြစ်ပါစေ ‘သူ မကြည်ညိုလို့ ငတ်မသေပါဘူးကွာ’ဟု တပည့်များကို ပြောပြတတ်၏။ အမျိုးသားရေးမလုပ်လျှင် ဘုန်းတန်ခိုးကြီးမားနိုင်ကြောင်း တပည့်များက လျှောက်ထားလာလျှင်လည်း ‘ကိုယ်ဘုန်းကြီးချင်တာနဲ့ပဲ တိုင်းပြည်အပေါ် သစ္စာဖောက်ပေးရမှာလားကွ’ဟု ပြန်မေးတတ်လေ၏။ ‘အရှင်ဘုရားအဆဲခံနေရတာ မကြည့်ရက်ဘူးဘုရား’ဟု လျှောက်ထားသူရှိလျှင်လည်း ‘ထမိန်ခြုံလိုက်လျှင် ပါးစပ်ပိတ်သွားကြမှာပါကွာ’ဟု ပြောပြလေ့ရှိပါသည်။ ပရဟိတလုပ်ငန်းတွေ ပျက်ကုန်မှာစိုး၍ နိဗ္ဗာန်ရောက်ကြောင်း တရားသားသက်သက်သာ ဟောစေလိုကြောင်း တောင်းပန်လာကြလျှင်လည်း ‘ခံတပ်ပြိုရင် အကုန်ငိုရမှာနော်’ဟူ၍လည်းကောင်း၊ ‘ဘုရားအလုပ် တရားအလုပ်လုပ်နေသူကို ဘုရားတရားက ပစ်မထားပါဘူးကွာ’ဟူ၍လည်းကောင်း၊ ‘ဒီကလေးတွေ ငတ်မှာစိုးတာနဲ့ပဲ သာသနာကို မကာကွယ်ဘဲ နေရတော့မှာလားကွ’ဟုလည်းကောင်း မာနသံလေးများဖြင့် ခပ်ထေ့ထေ့ပြန်ပြောလေ့ရှိပါသည်။

ဟာသကားများကြည့်ရသည့်အခါ၌ တစ်ပါးတည်း ဟားတိုက်ရယ်မောတတ်သလို ပူဆွေးဝမ်းနည်းဖွယ်များ ကြည့်ရလျှင်လည်း တစ်ပါးတည်းငိုကြွေးနေတတ်ပေသည်။ မျက်ရည်မခိုင် စိတ်မနိုင်သည့်သဘောပင်။ သို့သော် ဆုံးရှုံးသွားခဲ့ပြီးဖြစ်သော တစ်စုံတရာအပေါ် လွမ်းဆွတ်ကြေကွဲခြင်း နှမြောတသဖြစ်ခြင်းမျိုးလည်း အလျဉ်းမရှိပေ။ သူတစ်ပါးကို အပြစ်ဖို့၍ မြည်တွန်တောက်တီးခြင်းမျိုးလည်း လုံးဝ မပြုလုပ်တတ်ပေ။ အတိတ်ကိုမခံစားလိုတော့သောကြောင့် ဖြစ်၏။ ထို့အတူပင် မရောက်လာသေးသော လာဘ်လာဘများ ရောက်လာပါစေတော့ဟူ၍လည်း လာဘ်ကိုငဲ့၍ လူကြည်ညိုအောင် အလိုက်အထိုက်ပြောခြင်း၊ ဘုရားရဟန္တာလို နေပြခြင်းမျိုးလည်း လုံးဝ မရှိပေ။ စာရေးချိန်ရောက်လာလျှင် စာရေးသည်ကို တွေ့ရမည်၊ အိပ်ချိန်ရောက်လာလျှင် အိပ်နေသည်ကို တွေ့ရမည်၊ စားချိန်ရောက်လာလျှင် စားနေသည်ကို တွေ့ရမည်၊ ဖုန်းပွတ်ချိန်ရောက်လာလျှင် ဖုန်းပွတ်နေသည်ကို တွေ့ရမည်၊ စကားပြောချိန်ရောက်လာလျှင် စကားပြောနေသည်ကို တွေ့ရမည်၊ အရာရာအားလုံးသည် ပကတိအသွင်ဆောင်လေ့ ရှိပါသည်။

လာဘကမျာ န သိက္ခတိ၊ အလာဘေစ န ကုပ္ပတိ။

အဝိရုဒ္ဓေါ စ တဏှာယ၊ ရသေသု နာနုဂိဇ္ဈတိ။

လာဘ်များအောင်လည်း မကျင့်ပါ။

လာဘ်နည်းလျှင်လည်း စိတ်မပျက်ပါ။

လောကကြီးနှင့် မဆန့်ကျင်ပါ။

ရသတဏှာ မကြီးမားပါ။

ညစဉ် ရွတ်ဖတ်နေကျဖြစ်သော မဟာသမယသုတ် ခုနစ်သုတ်၌ ပါဝင်သော ပုရာဘေဒသုတ္တန်လာ အထက်ပါစကားတော်ကို အမြဲနှလုံးသွင်းတတ်သော အလေ့အကျင့်ကြောင့် ဖြစ်ပေလိမ့်မည်။

“လောကအကြိုက် လောဘစရိုက် မလိုက်လိုသူ” ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)

19.8.2020