သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆-ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆-ခ)

ရေနွေးကြမ်းပန်းကန်ထဲ ဟင်းဖြစ်စေ၊ နွားနို့ဖြစ်စေ တစ်ခုခုထည့်မိလျှင် မည်မျှပင် ပြောင်စင်အောင် ဆေးကြောထားစေကာမူ အနံ့အသက်မပျောက်ပါ။ ဟင်းနံ့၊ နို့နံ့များ စွဲထင်ကျန်ရစ်သည်သာ ဖြစ်ပါသည်။ ဤသည်မှာ လက်ဖက်ခြောက်အာနိသင်ပင် ဖြစ်ပါသည်။ လက်ဖက်ခြောက်က အသန့်အရှင်း အလွန်ကြိုက်ပါသည်။ စာရေးသူသည် ရေနွေးကြမ်းသာ အသောက်များသဖြင့် စာရေးသူ၏လည်ချောင်းက အမြဲသန့်ရှင်းနေပေသည်။ ဖျော်ရည်သောက်ပြီး ရေသောက်ရုံ၊ ပါးစပ်ဆေးရုံ၊ သွားတိုက်ရုံဖြင့် လည်ချောင်းမပြောင်စင်ပါ။ လည်ချောင်းထဲ၌ တစ်ခုခု ညစ်ထေးပေရေနေသကဲ့သို့ ခံစားရပါသည်။ ယားသကဲ့သို့လည်းကောင်း၊ လေးလံထူပိန်းနေသကဲ့သို့လည်းကောင်း အမူအရာထူးခြားမှုတစ်ခု အမြဲဖြစ်ပေါ်တတ်ပါသည်။ ထိုအခါ ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပေးရပါသည်။ ရေနွေးကြမ်း သောက်ပေးရပါသည်။ ထိုအခါမှ လည်ချောင်းသန့်ရှင်းသွားပါတော့သည်။ နေထိုင်ကောင်းသွားပါတော့သည်။ စာရှုသူတို့လည်း လည်ချောင်းသန့်ရှင်းရေးအတွက် အစာစားပြီးတိုင်း ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပေးကြစေလိုပါသည်။ ရေနွေးကြမ်း သောက်ပေးကြစေလိုပါသည်။ သွားတိုက်ရုံ၊ ပါးစပ်ဆေးရုံဖြင့် လည်ချောင်းမသန့်ရှင်းသောကြောင့် ဖြစ်ပါသည်။

စာရေးသူ ရေချိုးသည့်အခါ အကြမ်းခဲနှင့် အချောခဲ ဆပ်ပြာနှစ်မျိုးလုံး သုံးပါသည်။ အကြမ်းခဲအဖြစ် ရွှေဝါ သို့မဟုတ် ကာဘော်လစ်ကို သုံးပါသည်။ အမွှေးခဲနှင့် ဆပ်ပြာဆီကား ကြုံသလို၊ ရသလို သုံးပါသည်။ တစ်မျိုးတည်း စွဲမြဲစွာသုံးလေ့မရှိပါ။ အကြမ်းအလျင်တိုက်ပြီးမှ အချောတိုက်ပါသည်။ အရေပြားဆိုင်ရာ ပိုးမွှားလေးများ ကင်းစင်စေလိုသောကြောင့် ဖြစ်၏။ အချောကိုမူ အနံ့အသက် ကောင်းစေလို၍ သုံးခြင်းဖြစ်ပါသည်။ ယခုအခါ ဆပ်ပြာမွှေးများ လုံးဝမသုံးစွဲတော့ပါ။ အယုံအကြည်မရှိသောကြောင့် ဖြစ်၏။ ကြေးညှော်များ ကင်းစင်သွားသော်လည်း ၎င်းတို့၌ပါဝင်သော ဓာတုဆေးရည်များက မွေးညင်းပေါက်များထဲ ဝင်ရောက်ကိန်းအောင်းနေသည်ကို တွေ့ရှိခဲ့ရပါသည်။ ကြာလျှင် အရေပြားထိခိုက်နိုင်ပါသည်။ မိတ်ကပ်လိမ်းသူများကဲ့သို့ အရေပြားမွဲခြင်း၊ ခြောက်ကပ်ခြင်းများ ဖြစ်လာသည်ကို တွေ့ရပါသည်။ ချွေးထွက်နည်းသူများ ပို၍ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် အမွှေးဆပ်ပြာများ လုံးဝမသုံးစွဲတော့ခြင်း ဖြစ်ပါသည်။ အကြမ်းခဲသာ သုံးစွဲပါတော့၏။

သန့်စင်ခန်းဝင်သည့်အခါ ဘိုထိုင်ပေါ်တွင်ထိုင်စရာကရွတ်ခွေ အဝိုင်းကွင်းလေးပေါ် ရေများတင်နေလျှင် တစ်ရှူးဖြင့်သုတ်ချပြီးမှ ထိုင်ပါသည်။ ဆီး-ဝမ်းသွားပြီးသည့်အခါ၌လည်း ၎င်းအဝိုင်းကွင်းလေးကို ပြန်ထောင်ထားခဲ့ပါသည်။ အခြားသူများသွားလိုလျှင် ရေသုတ်စရာမလိုဘဲ အဆင်သင့်အသုံးပြုနိုင်စေရန် ရည်ရွယ်ပါသည်။ ခရီးသွားသည့်အခါ ထိုနှုတ်ခမ်းလေးပေါ် ရေတင်နေသည်ကိုတွေ့လျှင် တစ်ရှူးဖြင့် သုတ်ပစ်တတ်ပါသည်။ တစ်ရှူးမရှိလျှင် လက်ဖြင့်သုတ်ပြီးမှ ရေဆေးပါသည်။ ကျောင်းတွင်ထိုသို့တွေ့လျှင် အစပိုင်း၌ တစ်ပါးတည်း ကြိတ်မှိတ်သုတ်နေတတ်သော်လည်း နောက်ပိုင်းတွင်မူ တပည့်များကိုခေါ်ပြကာ ရေတင်အောင်မသုံးရန်နှင့် သုံးပြီးက ပြန်ထောင်ခဲ့ရန်သင်ပြပေးရပါတော့သည်။ အချို့မှာ သဘောပေါက်သွားသော်လည်း အချို့ကမူ နားလည်မှုလွဲကာ မသုံးစေချင်ဘူးထင်၍ အများသုံးကုဋီများသို့သာ သွားကြပါတော့သည်။ ရွံတတ်၍လည်း မဟုတ်ပါ။ မတက်စေချင်၍လည်း မဟုတ်ပါ။ ထိုင်ရမည့်နေရာ ရေတင်နေလျှင် လုံးဝမထိုင်တတ်သောကြောင့် ဖြစ်ပါသည်။

စာရေးသူအပျင်းဆုံးအလုပ်ကို ပြပါဆိုလျှင် လက်သည်း၊ ခြေသည်း ညှပ်ခြင်းပင်။ မှန်ပါသည်။ လက်သည်း၊ ခြေသည်းညှပ်ရမည်ကို အလွန်ပျင်းပါသည်။ အခမ်းအနားရှိမှ၊ တရားပွဲရှိမှ၊ ပရိသတ်နှင့်ထိတွေ့စရာရှိမှ ညှပ်ဖြစ်ပါသည်။ ခေါင်းရိတ်ခြင်း၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးရိတ်ခြင်းများကို မပျင်းသော်လည်း လက်သည်း၊ ခြေသည်းညှပ်ခြင်းကား အလွန်တရာပျင်းရိဖွယ်အလုပ်တစ်ခု ဖြစ်နေပေတော့၏။ တစ်ခါသော် စစ်ကိုင်းတိုင်း၊ ကလေးမြို့ အခမ်းအနားတွင် ဆရာတော်တစ်ပါးက စာရေးသူလက်ကို ကိုင်မြှောက်ကာ လက်သည်းရှည်နေကြောင်း ပြသသည်နှင့်ကြုံရပေသည်။ သီးသန့်အချိန် မပေးနိုင်လို့ပါဘုရားဟု လျှောက်လိုက်ရလေ၏

အလုပ်ကိုသာ စိတ်ဝင်စားနေသဖြင့် လက်သည်းညှပ်ချိန် မပေးနိုင်သည်လည်း အကြောင်းတစ်ရပ်ပင်။ ရန်ကုန်ရောက်လျှင် တည်းခိုသည့်အိမ်၌ ဧည့်သည်တစ်ဦးက စာရေးသူကိုနှုတ်ဆက်ကာ ခြေမကို လက်ညှိုးထိုး၍ ပြလေသည်။ ဆရာတော့် ခြေသည်းတွေတောင်ပဲ့နေပါရောလားဟု လျှောက်ထားသည်နှင့် ကြုံခဲ့ရလေသည်။ လက်သည်း၊ ခြေသည်းများ ညှပ်၍ပြီးစီးသွားလျှင်လည်း ဧရာမလုပ်ငန်းကြီးတစ်ခု ပြီးစီးသွားသကဲ့သို့ စိတ်ပေါ့ပါးသွားခဲ့ရပေသည်။ အောင်ပြီ အောင်ပြီဟု မကြာခဏ ကြွေးကြော်ဖူးလေ၏။ အောင်နိုင်ခဲသောအရာကို အောင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ခံစားမိရပါလေတော့၏။