ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆-ဂ)
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၆-ဂ)
သွားတိုက်သည့်အခါ သွားဖုံးကြွက်သားများကို အမြဲတမ်း လက်ဖြင့် ဖိပေးပွတ်ပေးတတ်ပါသည်။ သွားဖုံးအတွင်း အရိအရွဲများ ကိန်းအောင်းနိုင်သောကြောင့်ဖြစ်၏။ သတိရလျှင်ရသလို အတွင်း-အပြင် သွားဖုံးများကို လက်ညှိုးနှင့် လက်မဖိ၍ မကြာခဏ ဖျစ်ညှစ်ပေးပါသည်။ သွားတိုက်ရုံဖြင့် သွားဖုံးကြွက်သားများ သန့်ရှင်းရေးကိစ္စ မပြီးစီးနိုင်သောကြောင့်ဖြစ်၏။ အားလုံးပြီးလျှင်ကား ကွမ်းရွက်ငုံထားလေ့ ရှိပါသည်။ ခံတွင်းသန့်ရှင်းစေလိုသောကြောင့် ဖြစ်၏။ သွားဖုံးမှ အပူများ အာခေါင်နှင့် ပါးစောင်မှအပူများ လျှာနှင့် အာစောက်မှအပူများကို ကွမ်းရွက်က စုပ်ယူပေးသဖြင့် ခံတွင်းနံ့လည်း မနံတော့ပါ။ ကျန်းမာရေးလည်း အထောက်အကူ ပြုပေသည်။
လက်သုတ်ပဝါအဖြစ် တစ်ရှူးကိုသာ သုံးပါသည်။ စာအုပ်ကိုင်ပြီးလျှင်ဖြစ်စေ၊ စားစရာတစ်ခုခု ကိုင်ပြီးလျှင်ဖြစ်စေ တစ်ရှူးဖြင့်လက်သုတ်ပါသည်။ နား၊ နှာခေါင်းနှင့် နှုတ်ခမ်းများကိုလည်း တစ်ရှူးဖြင့်သာ သုတ်ပါသည်။ ထို့ကြောင့် ကွန်ပျူတာခန်း၊ အိပ်ခန်း၊ ဧည့်ခံရာနေရာများတွင်တစ်ရှူးအဆင်သင့်ထားရှိပါသည်။ ကားပေါ်တွင်လည်း အမြဲထားသကဲ့သို့ တည်းခိုရာ အိပ်ခန်းခုတင်ဘေးတွင်လည်း အမြဲထားပါသည်။ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အရေးပါလှသည့် အရာဝတ္ထု ဖြစ်လေ၏။ တရားဟောလျှင်လည်း ပလ္လင်ပေါ်တွင်တစ်ရှူးအမြဲထားပါသည်။ နှာခေါင်းနှင့် နှုတ်ခမ်းအဆီများ ဖယ်ရှားရန်ဖြစ်၏။ တစ်ရှူးဖြင့်နှာခေါင်းကို မကြာခဏသုတ်သည်ကိုကြည့်၍ မူးယစ်ဆေးသုံးနေသည်ဟု ဝေဖန်သူများလည်း ရှိပါသည်။ ၎င်းအပြင် တစ်ရှူးတွင်မူးယစ်ဆေးထုံထားသည်ဆို၏။ ဟာသတစ်ခုပင်။
နေ့ဆွမ်းစားပြီး သွားတိုက်၊ ဆေးကြောပြီးသည့်အချိန်မှစ၍ ခြေထောက်ရေအထိမခံတော့ပါ။ ခြေထောက်ရေထိလျှင် အပူကန်တတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် ရေချိုးခန်းထဲတွင်ဖိနပ်တစ်ရန်ထားရပါသည်။ တရားဟောကြွသည့်အခါ၌ကား အလွယ်တကူ ဖိနပ်ရှာရလျှင် ဖိနပ်ထားပေးရန်ပြောရပြီး မလွယ်ကူလျှင် မိမိစီးနေကျဖိနပ်ကို ရေချိုးခန်းထဲ ထားလိုက်ပါသည်။ အများသုံးရေချိုးခန်း ဖြစ်နေလျှင် ကိစ္စပြီးသည့်အခါ ဖိနပ်ကိုထောင်ပြီး ရေစစ်ထားခဲ့ရန်အမြဲမှာရပါသည်။ ခြေဖဝါး ရေထိမခံသော ရောဂါတည်း။ ခြေထောက်သာ ရေအထိမခံနိုင်ခြင်း မဟုတ်ပါ။ မွန်းလွဲပိုင်းတွင် ရေလည်းချိုးလေ့မရှိပါ။ တစ်နှစ်မှာ တစ်ခါပင် မချိုးဖူးပါ။ ကျန်းမာရေးကြောင့် ဖြစ်ပါသည်။ မွန်းလွဲပိုင်း ရေချိုးမိလျှင် ခန္ဓာကိုယ်ယန္တရားကြီးက ပြောင်းပြန်လည်ပတ်သွားသောကြောင့်ဖြစ်၏။ ဥပမာ-နံနက်အိပ်ရာထ ဝမ်းသွားရမည့်အစား ညနေမှ ဝမ်းသွားခြင်းမျိုး၊ သွေးလေမညီညွတ်တော့သဖြင့် လေးလံထိုင်းမှိုင်း ကိုက်ခဲနေခြင်းမျိုး ဖြစ်ပါသည်။ ညနေပိုင်း ရေမချိုးသည့်အလေ့မှာ ကိုရင်ဘဝကတည်းက ဖြစ်ပါသည်။ အပူချိန် မည်မျှကြီးမားစေကာမူ ချွေးခဏခဏသုတ်ပစ်လေ့သာရှိပြီး လုံးဝ ရေမချိုးပါ။ ဆရာတော် နေနိုင်သားပဲနော်ဟု လျှောက်ထားခံရမှုများ မကြာခဏ ကြားရတတ်ပါသည်။ သူတို့က စာရေးသူကို အံ့သြကြသကဲ့သို့ စာရေးသူကလည်း သူတို့ကို အံ့သြနေမိပေသည်။ လူတွေ ဘာကြောင့်များ ညနေဘက်မှာ ရေချိုးကြပါလိမ့်ဟု အမြဲ တွေးနေတတ်သကဲ့သို့ ကာမဂုဏ်အတွက် ဖြစ်လိမ့်မည်ဟုလည်း စိတ်ထဲတွင်အဖြေပေးနေတတ်ပါသည်။
တစ်နေ့တစ်ကြိမ်သာ ရေချိုးပါ
ညနေဘက်မှာ ရေချိုးတာ ကျန်းမာရေးနှင့်မညီညွတ်ပါ။
ဤကား စာရေးသူ၏ ကိုယ်ပိုင်ဆောင်ပုဒ် ဖြစ်ပါသည်။
ညအိပ်ရာဝင်ခါနီးတွင် လက်ဆေး၊ ပါးစပ်ဆေး ထပ်မံလုပ်ပါသည်။ ထို့ကြောင့် နံနက်အိပ်ရာထသည့်အခါ သွားတိုက်စရာ မလိုတော့ပါ။ ညနေပိုင်းတွင် အအေးနှင့် ပျားသံပရာရည်သာ မှီဝဲသဖြင့် ညအိပ်ရာဝင်သည့်အခါတွင်လည်း သွားတိုက်စရာ မလိုပါ။ နံနက်အိပ်ရာထလည်း သွားတိုက်စရာမလိုပါ။ သွားတိုက်ဆေး၊ သွားတိုက်တံဖြင့် တိုက်စရာမလိုခြင်းကို ဆိုလိုပါသည်။ ဆား သို့မဟုတ် ဆေးမှုန့်ဖြင့်ကား တိုက်တတ်ပါသည်။ နံနက်စာစားပြီးလျှင်ကား သွားတိုက်ပါသည်။ နေ့ဆွမ်းစားပြီးလျှင်လည်း သွားတိုက်တတ်ပါသည်။ နံနက်စာတွင် ဆန်ပြုတ်နှင့် အခွံမာသီးမျှသာ ဘုဉ်းပေးခဲ့ပါက သွားမတိုက်ဖြစ်ပါ။ ဆီနှင့် အညှီများပါဝင်မှသာ သွားတိုက်ခြင်း ဖြစ်ပါသည်။
တစ်နေ့သုံးကြိမ် ရွတ်ဖတ်ပူဇော်သည့်အခါ၌လည်း ပါးစပ်ဆေးပြီးမှ ရွတ်ဖတ်ပူဇော်ပါသည်။ ခံတွင်းနံ့သန့်ရှင်းအောင် အလျင်လုပ်ပြီးမှ ပရိတ်၊ ပဋ္ဌာန်းများ ရွတ်ဖတ်ပူဇော်တတ်ပါသည်။ ညအိပ်ရာဝင်သည့်အခါ ကွမ်းရွက်ငုံ၍ အိပ်တတ်ခြင်း၊ အာခေါင်ခြောက်လျှင် ကွမ်းရွက်ငုံထားခြင်း၊ သတိရသည့်အခါတိုင်း ကွမ်းရွက်ငုံလေ့ရှိခြင်းတို့ကြောင့် ခံတွင်းသန့်ရှင်းသည်ဟု ယုံကြည်နေမိပါသည်။
တစ်ကိုယ်ရေ သန့်ရှင်းမှု ပြီးပါပြီ။ ။
အရှင်ဝီရသူ (မစိုးရိမ်)
(၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၁)တွင် ဖော်ပြပါရှိသည့်ဆောင်းပါး)