ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉-က)
“အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ”
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉-က)
“အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ”
———————————————————————
အရှင်ဝီရသူ (မစိုးရိမ်)
စာရေးသူ ပိုက်ဆံမကိုင်ပါ။ အကြောင်းကား အထင်သေး မခံနိုင်သောကြောင့် ဖြစ်ပါသည်။ ပိုက်ဆံ မကိုင်သော်လည်း စာရင်းတော့ ကိုင်ပါသည်။ နေ့စဉ် စာရင်းစစ်ပါသည်။ ဘဏ္ဍာထိန်း တပည့်များက ငွေစာရင်း နေ့စဉ် တင်ရပါသည်။ နေ့စဉ် ဝင်ငွေများကို တင်ပြရခြင်းပင်။ တရားပွဲမှ ပြန်လာပြီဆိုလျှင် ဓမ္မပူဇာငွေက မည်မျှ၊ နဝကမ္မငွေက မည်မျှဆိုသည်ကို ရက်စွဲများဖြင့် စာရင်းအတိအကျ စာရေးသူထံ တင်ရပါသည်။ ထို့အတူ သုံးငွေအဖြစ် လေယာဉ်လက်မှတ်ဖိုး၊ ကားခ၊ ဆီဖိုး၊ အအေးဖိုး ကျောင်းသားကပ္ပိယ ထမင်းဖိုး၊ လမ်းတွင် လှူခဲ့ ထောက်ပံ့ခဲ့သည့် ငွေပမာဏ စသည်တို့ကိုလည်း ခရီးစဉ်တွင် အတူပါလာသည့် တပည့်များက မှတ်ထားရပါသည်။ ၎င်းစာရင်းကို ငွေထိန်းသူထံ ပေးရပါသည်။ ခရီးစဉ်တစ်ခု ပြီးဆုံးတိုင်း ထိုသို့ အမြဲရှင်းရပါသည်။ ကျောင်းတွင်နေလျှင်လည်း နဝကမ္မ အလှူငွေ၊ ဆွမ်းစား ဆွမ်းကပ် အခမ်းအနားမှ ရရှိငွေ၊ လောကအလင်းအတွက် သုံးစွဲငွေ၊ ပညာရေး အကယ်ဒမီအတွက် သုံးစွဲငွေ စသည်တို့ကို နေ့စဉ် တင်ခိုင်းပါသည်။ တစ်လစာ ခန့်မှန်းအသုံးစရိတ်သာ ချန်ထားပြီး ပိုနေသော ငွေများကို ဘဏ်အပ်ထားပါသည်။ ဓမ္မပူဇာငွေများကို ပညာရေး ပရဟိတနှင့် အလှူအတန်းအတွက်သာ သုံးစွဲပါသည်။ နဝကမ္မ အလှူငွေများကိုသာ စာရေးသူ အသုံးစရိတ်အဖြစ် သုံးစွဲပါသည်။ လချုပ်၊ နှစ်ချုပ် စာရင်းများ အမြဲတင်ခိုင်းသကဲ့သို့ တစ်နှစ်စာ ဝင်ငွေ၊ ထွက်ငွေများကိုလည်း နှစ်စဉ် စာအုပ်ပြုစုထားပါသည်။ အကြောင်းမှာ စာရေးသူအား ခရိုနီက ထောက်ပံ့သည်၊ ခရိုပြာက ထောက်ပံ့သည် စသည်ဖြင့် ကောလာဟလ လွှင့်နေသူများ ရှိနေသဖြင့် မသင်္ကာသူများ တွေ့ကြုံလာလျှင် ချပြနိုင်လောက်သည့် အထောက်အထား တစ်ခု လိုအပ်နေသောကြောင့်ပင်။
ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် ဓမ္မပူဇာအလှူငွေများကို လုံးဝ မသုံးစွဲပါ။ နဝကမ္မ အလှူငွေများကိုသာ မိမိလိုအပ်ရာရာ ဝယ်ယူသုံးစွဲပါသည်။ ဥပမာ- နံနက် စောစောစာအတွက် နေ့စဉ် အာဟာရ ဝယ်ခြင်း၊ မွန်းလွဲပိုင်း အအေးအဖျော်အတွက် သစ်သီးဝလံများ ဝယ်ခြင်းစသည်တို့အတွက် နဝကမ္မ အလှူငွေများထဲမှသာ သုံးစွဲပါသည်။ မိမိအတွက် မည်မျှပင် လိုအပ်ပါစေ၊ ထိုလိုအပ်သည့် ပစ္စည်းကလည်း မည်မျှပင် အသုံးတည့်၍ အရေးပါနေပါစေ ဓမ္မပူဇာငွေဖြင့် လုံးဝ မဝယ်ပါ။ ဥပမာ- ဟန်းဆက် မကောင်းတော့သဖြင့် အင်တာနက်သုံး၍ မရတော့ပါ။ လုပ်ငန်းသုံး ဟန်းဆက်ကလည်း ဈေးကြီးလှပါသည်။ အလှူရှင်လည်း မပေါ်ပေါက်ပါ။ မည်သူ့ကိုမျှလည်း ပြောမပြပါ။ ရဟန်းဒါယကာ၊ ကျောင်းဒါယကာများနှင့်လည်း အဆက်ပြတ်သွားပေပြီ။ ဖိတ်မန္တက ပြုထားသူများလည်း မရှိပါ။ မည်သည့် သူဌေးသူကြွယ်ထံမှလည်း အလှူမခံပါ။ ဟန်းဆက် အစုတ်ကလေးကိုသာ ခြွေတာသုံးစွဲနေပါသည်။
မြန်မာပြည်တွင် ဓမ္မကထိက ဆရာတော်များ များပြားစွာ ရှိပါသည်။ ဓမ္မပူဇာများဖြင့် ကျောင်းဆောက်သူ၊ ကားဝယ်သူ၊ ဇိမ်ခံပစ္စည်းဝယ်သူ စသည်တို့ကိုလည်း တွေ့ရပါလိမ့်မည်။ စာရေးသူကား ဓမ္မပူဇာငွေများကို တန်ဖိုးထားပါသည်။ မိမိ၏ ချွေးနှဲစာလေးများ ဖြစ်သော်လည်း မိမိကိုယ်ကျိုးအတွက် တစ်ပြားတစ်ချပ်မျှ မသုံးစွဲနိုင်ပါ။ ပရဟိတ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုကူညီရေး အတွက်သာ သုံးစွဲပါသည်။ ပြည်သူလူထုထံမှ ရရှိသောငွေများကို ပြည်သူလူထုအတွက်သာ သုံးစွဲမည်ဟု ခံယူထားပါသည်။
တပည့် ဒါယကာ၊ ဒါယိကာမများနှင့် စပ်လျှင်လည်း “ပြည်သူ့စပွန်စာဖြင့် ပြည်သူကို အလုပ်အကျွေးပြုနေသည့် ပြည်သူ့ရဟန်းတော်တစ်ပါး”ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောတတ်လေ့ရှိပါသည်။
ဘဏ်အပ်ရာ၌လည်း စာရေးသူ၏ နာမည်ဖြင့် မအပ်ပါ။ လောကအလင်း၊ နဂါးနီ စသည်ဖြင့် သူ့အဖွဲ့နှင့်သူ၊ သူ့ခေါင်းစဉ်နှင့်သူ ကိုယ်စီကိုယ်စီ ဘဏ်စာအုပ်လေးများ လုပ်ပေးထားပါသည်။ ထိုစာအုပ်များကို ငွေထိန်းသူက သိမ်းထားရပြီး စာရေးသူ၏ ခွင့်ပြုချက်ရရှိမှသာ ထုတ်ခွင့်၊ သွင်းခွင့် ရှိပါသည်။
စာရေးသူ ငွေမကိုင်ခြင်း၏ အခြားသော အကြောင်းတစ်ခုမှာ ပစ်မှတ်ထား၍ တိုက်ခိုက်ခံရမည့် အရေးပင် ဖြစ်ပါသည်။ မည်သူမျှ မကင်းနိုင်ကြမှန်းလည်း သိပါသည်။ ငွေကိုင်သည်ကို မည်သူကမျှ အပြစ်မမြင်ကြမှန်းလည်း သိပါသည်။ ဝိနည်းတော်နှင့်အညီ အပ်စပ်အောင် စီမံရန် မလွယ်ကူမှန်းလည်း သိပါသည်။ သို့သော် အချို့ရဟန်းတော်များနှင့် စာရေးသူဘဝကား လုံးဝ မတူညီကြပါ။ စာရေးသူတွင် ရန်သူ ပေါများလှပါသည်။ အနီကြောက်ရ၊ အနက်ကြောက်ရ၊ ငမဲကြောက်ရ၊ ငရဲကြောက်ရ ဘဝမျိုး ဖြစ်နေသဖြင့် သူတို့ထောက်ကွက်မရစေရေးအတွက် ငွေနှင့်ပတ်သက်လာလျှင် အနည်းငယ်မျှပင် အမည်းစက်၊ အစွန်းအထင်း မခံနိုင်သောကြောင့် ငွေမကိုင်ခြင်း ဖြစ်ပါသည်။ ငွေမကိုင်သော်လည်း စာရင်းကိုင်ပါသည်။ ငွေသေတ္တာကို ခုတင်အောက်ထား အိပ်ပါသည်။ နေ့စဉ်၊ လစဉ်၊ နှစ်စဉ် စာရင်းချုပ်ရသည့် စနစ်ဖြစ်သဖြင့် အဖိတ်အစင်လည်း လွန်စွာ နည်းပါးလှပါသည်။
အခမ်းအနားတစ်ခု၌ တိပိဋကဆရာတော်တစ်ပါးက ပုခုံးအောက်မှ လွယ်အိတ်ကို နှိုက်ကာ ကလေးတစ်ယောက်အား မုန့်ဖိုးပေးနေသည်ကို တွေ့ရပါသည်။ အဆိုပါ နောင်တော်ကြီးဘုရားကိုလည်း လွန်စွာ လေးစားမိသွားပါသည်။ ကလေးချစ်တတ်သည်၊ ကလေးတွေကို တန်ဖိုးထားသည်။ မျိုးဆက်သစ်အဖြစ် အားထားသည်။ ဟိတ်ဟန်မရှိ ဖြူစင်သည်ဟု ခံယူမိကာ ကြည်ညိုသဒ္ဓါ တိုးပွားခဲ့ရခြင်း ဖြစ်ပါသည်။ သို့သော် စာရေးသူမှာ ငွေမကိုင်၊ ငွေမပါသဖြင့် မုန့်ဖိုး မပေးခဲ့ရပေ။
အခြားဆရာတော်များက ဆင်းရဲသားပြည်သူများကို ငွေကြေး ထောက်ပံ့သည့် သတင်းဓာတ်ပုံများ၊ ကလေးငယ်များကို မုန့်ဖိုးပေးနေသည့် သတင်းဓာတ်ပုံများကို တွေ့ရသော တပည့် ကပ္ပိယများက စာရေးသူကို ထိုသို့ ဖြစ်စေချင်ပုံ ရပါသည်။ စာရေးသူက မုန့်ဖိုးပေးလျှင် ကိုယ်တိုင် မပေးဘဲ တပည့်များကို ပေးခိုင်းသောကြောင့် ဖြစ်၏။ “မည်သည့် ဆရာတော်က ကိုယ်တိုင်ပေးတာ”ဟုလည်း လျှောက်ကြလေသည်။ စာရေးသူကား လုံးဝ ပြန်မပြောဖြစ်ပါ။ ကိုယ့်အကြောင်းနှင့်ကိုယ်ဟုသာ ဖြေသိမ့်မိပေသည်။ သို့သော် စာရေးသူလည်း ကိုယ်တိုင်ပေးခဲ့ရသည့် ဖြစ်ရပ်မျိုးလည်း ရှိခဲ့ပါလေသည်။ ကပ္ပိယ မပါသည့်အခါ ပရိသတ်ရှေ့ မငြင်းဆန်ကောင်းသည့် အခါမျိုး၌ကား ကိုယ်တိုင်ငွေကိုင်၍ လှူမျှခဲ့ရပါလေသည်။ ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ပါပေ။
ဆက်လက်ဖော်ပြပါမည်။
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၄)တွင် ဖော်ပြပါရှိသော ဆောင်းပါး)