သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉-ခ)

“အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ”

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉-ခ)

“အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ”
——————————————————————-—
အရှင်ဝီရသူ (မစိုးရိမ်)

စာရေးသူ နေလွဲညစာ လုံးဝ မစားပါ။ ဝိနည်းဓိုရ်၍ မဟုတ်ပါ။ လူရိုသေ၊ ရှင်ရိုသေ ဖြစ်စေလိုသောကြောင့်ပင်။ “ကမ္ဘာကျော်ကြီးလည်း ဘာမျှ မထူးပါဘူးကွာ” ဆိုသော ဝေဖန်သံမျိုး မကြားလိုသောကြောင့် ဖြစ်ပါသည်။ တရားပွဲများ ကြွရောက်သည့်အခါ သူလို ကိုယ်လိုထင်ပြီး ဧည့်ခံခြင်းမျိုးနှင့် ကြုံရလျှင်လည်း အလွန်အမင်း ရှက်တတ်ပါသည်။ သို့သော် အားနာရသည့်အခါမျိုး၊ အများကို ငဲ့ရမည့် အခါမျိုး၌ အလိုက်တသိ လိုက်လျော တတ်ပါသည်။ ညစာ မစားသော်လည်း အာဟာရကား အပြတ်မခံပါ။ ညနေ သစ်သီးဖျော်ရည် အဝသောက်ပါသည်။ ညဦးပိုင်း စတုမဓု ဘုဉ်းပေးပါသည်။ တရားဟောခါနီး ပျားသံပုရာရည် မှီဝဲပါသည်။ ညအိပ်ခါနီး အင်ရှူးဝါး သောက်သုံးပါသည်။

၂၄ နာရီတွင် ဆွမ်း လုံးဝ မစားလိုက်ရသည့် နေ့များလည်း ရှိပါသည်။ ဆွမ်းသာ မစားရခြင်းပါ။ အခြား အာဟာရကား မှီဝဲခွင့် ရရှိပါသည်။ ကားဖြင့် သွားသည်။ဆွမ်းစားမမီနိုင်၊ လမ်းတွင် ဆိုင်မရှိ။ ထိုအခါ ငှက်ပျောသီး၊ ပန်းသီး စသည့် သစ်သီးဝလံများဖြင့်သာ နေ့ဆွမ်းပြီးလိုက်ရပါသည်။ ကားပေါှ်၌ပင် ကားစီးရင်း ဘုဉ်းပေးလိုက်ရခြင်း ဖြစ်ပါသည်။ နေ့ဆွမ်းအဖြစ် ဆွမ်းအစား သစ်သီးဘုဉ်းပေးလိုက်ရခြင်း ဖြစ်ပါသည်။ သစ်သီးဖြင့်သာ နေ့ဆွမ်းပြီးခဲ့ရသော်လည်း ပုံမှန် အလုပ်များကား လုံးဝ မရပ်နားပါ။ တရားဟောခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်း၊ မှာထား ညွှန်ကြားခြင်းများကိုမူ အလုပ်မပျက် ဆက်လက်လုပ်နိုင်ခဲ့ပါသည်။ အကြောင်းမှာ ပျားသံပုရာနှင့် စတုမဓု ကျေးဇူးကြောင့်တည်း။

ကံဆိုးသည့်နေ့မျိုးနှင့်လည်း ကြုံခဲ့ရပါသည်။ နံနက်အစော ဆန်ပြုတ်သောက်ခဲ့သည်။ လေယာဉ်ပေါ်ရောက်မှ အဆာပြေ ထပ်စားမည် စိတ်ကူးခဲ့သည်။ ထိုနေ့ရောက်မှ လေယာဉ်နောက်ကျသွားသည်။ ရန်ကုန်ရောက်သည့်အခါ မွန်းလွဲသွားခဲ့ပြီ။ လေယာဉ်ပေါ်တွင်လည်း ဆွမ်းမဆက်ကပ်။ ပုံမှန်အတိုင်း မုန့်လေးနှစ်ချပ်သာ ဝေသည်။ ရဟန်းသံဃာမှန်းလည်း သိသည်။ မွန်းလွဲလျှင် ဆွမ်းမစားရတော့မှန်းလည်း သိသည်။ ဆွမ်းချိန်မမီတော့မှန်းလည်း သိသည်။ သို့သော် လေယာဉ်မယ်က ဘာမျှ မမေး၊ သာမန် ခရီးသည်အတိုင်းပင် ဆက်ဆံသွားလေ၏။ ထို့နေ့က နေ့ဆွမ်း မစားလိုက်ရပါ။ သစ်သီးဖျော်ရည်ဖြင့် အစားထိုးပါသည်။ ဧရာဝတီ တရားပွဲလည်း ပုံမှန် ဆက်သွားပါသည်။ တရားဟောမပျက်၊ ပရိတ်ပဋ္ဌာန်းလည်း မပျက်ပါပေ။

မြို့ထဲရွာထဲ ကြွသည့်အခါဖြစ်စေ၊ အခမ်းအနားတက်သည့်အခါဖြစ်စေ အမြဲသင်္ကန်းရုံလေ့ရှိပါသည်။ ကြည်ညိုဖွယ်ဆောင်စေလိုသောကြောင့် ဖြစ်၏။ အပြစ်ရှာတတ်သူများက ‘နိုင်ငံရေးဘုန်းကြီး သင်္ကန်းမရုံ ဘာမရုံနဲ့’ဟု ဆီလိုအပေါက်ရှာတတ်ကြသဖြင့် ၄င်းတို့ကို အခွင့်အလမ်းမပေးသောအားဖြင့် ထောက်ကွက်မရအောင် စောင့်ထိန်းခြင်း ဖြစ်ပါသည်။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိနှင့်အတူ ကြွရောက်သူများကိုလည်း သင်္ကန်းရုံရန် အမြဲတိုက်တွန်းတတ်ပါသည်။ ထိုသို့တိုက်တွန်းနေသည့်ကြားမှပင် စစ်တွေလေဆိပ်၌ ဂိုဏ်းစတားပုံစံမျိုး သရုပ်ဖော်ခံခဲ့ရပေသေး၏။ လေယာဉ်ပေါ်မှအဆင်း စာရေးသူတစ်ပါးသာ သင်္ကန်းရုံထားပြီး အခြားသံဃာများက သင်္ကန်းမရုံမိကြပါ။ သံဃာအများအပြားလည်းဖြစ်၊ သင်္ကန်းများကလည်း လေထဲလွင့်ပျံနေသဖြင့် မီဒီယာများ အကြိုက်တွေ့သွားခြင်း ဖြစ်ပါသည်။ ထိုသို့သော အကြောင်းများကြောင့် စာရေးသူက အမြဲသင်္ကန်းရုံခြင်း ဖြစ်ပါသည်။ ဤသည်ကို အသိအမှတ်မပြုနိုင်သူများက ‘တက်တူးကို ဖုံးလွှမ်းလို၍’ ဟုဆိုကာ အကုသိုလ်အဖြစ်ခံ၍ ပြစ်မှားနေကြပေသည်။ တက်တူးများက ဖျက်ပြီးသွားပါပြီ။

စာရေးသူ သွားလေရာ၌ ရေနွေးဘူးပါသကဲ့သို့ အိပ်ရာဝင်သည့်အခါတိုင်းလည်း ဒုကုဋ် (နှစ်ထပ်သင်္ကန်းကြီး) ကို အနားထားပါသည်။ ရဟန်းဘဝ သင်္ကေတ၊ ရဟန်းဘဝ အမှတ်အသားဖြစ်၍ သင်္ကန်းကြီးနှင့် မကင်းမကွာ အမြဲနေပါသည်။ ခေါင်းအုံးပေါ်တင်ထားလျှင်ထား၊ ခေါင်းအုံးဘေး ချထားလျှင်ထားဖြင့် သင်္ကန်းကြီးနှင့် ညဥ့်မကင်းအောင် စောင့်ထိန်းပါသည်။ သို့ဖြစ်၍ တရားပွဲသွားလျှင်လည်း ကားပေါ်၌ သင်္ကန်းကြီး တင်ထားပါသည်။ ယခုကဲ့သို့ ကိုယ့်ကျောင်း၊ ကိုယ့်ကန်နှင့် မနေရသည့်အခါမျိုး၌ပင် သင်္ကန်းကြီးနှင့် ညဥ့်အကင်းမခံပါ။ ဝိနည်းဓိုရ်၍ မဟုတ်ပါ။ ရဟန်းဘဝ၏ အဆောင်အယောင်ဟူ၍ ဤဒုကုဋ်သင်္ကန်းကြီးသာ ရှိသောကြောင့် ဖြစ်ပါသည်။

ညအိပ်ရာဝင်သည့်အခါ သင်္ကန်းကြီး မမြင်ရလျှင် တပည့်များကို မေးတတ်ပါသည်။ လက်ဆွဲအိတ်ထဲမှ မထုတ်ရသေးလျှင် ထုတ်ပေးကြပါသည်။ မေ့လာလျှင်မူကား လုံးဝ မတတ်နိုင်တော့ပါ။

အကပ်မခံဘဲလည်း မဘုဉ်းပေးပါ။ ဝိနည်းဓိုရ်လွန်း၍ မဟုတ်ပါ။။ မိမိကိုယ်ကို တန်ဖိုးထားသောကြောင့် ဖြစ်ပါသည်။ ဒန္တပေါဏ သိက္ခာပုဒ်ကို လိုက်နာရန် မဆိုထားဘိ၊ နားလည်ရန်ပင် မလွယ်ကူသော ခေတ်ကာလ ဖြစ်သောကြောင့် တပည့်ရဟန်းများ စီမံပြီးမှ ကပ္ပိယကို အကပ်ခိုင်းခြင်းသည် မအပ်စပ်မှန်း သိသော်လည်း သိသိကြီးနှင့် အကပ်ခံနေရသည်လည်း ရှိပါသည်။ အပ်စပ်အောင် စီမံရန်ကား ပြည်ပတွင် မဆိုထားဘိ ပြည်တွင်း၌ပင် မလွယ်ပေ။ အကြောင်းမှာ မောင်ပဉ္စင်း၊ ကိုပဉ္စင်းများ ဒန္တပေါဏသိက္ခာပုဒ်ကို နားမလည်သောကြောင့်ပင်။ အကပ်မခံဘဲ မသုံးဆောင်ကောင်းသလို မကပ်ခင်လည်း မထိကောင်း မကိုင်ကောင်းပါ။ အစာအာဟာရနှင့် ရိက္ခာများကို မကပ်သေးခင် ကိုင်ကြည့်ထိကြည့်လျှင် မစားကောင်းတော့ပါ။ မကပ်ရသေးသည့် အစာအာဟာရကိုလည်း မစားကောင်းပါ။

ဆက်လက်ဖော်ပြပါမည်။
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၄)တွင် ဖော်ပြပါရှိသော ဆောင်းပါး)