သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉-ဂ)

“အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ”

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉-ဂ)

“အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ”
——————————————————————-—

ကျေးဇူးရှင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးကား စာသင်သားများ မတော်တဆ ထိမိသွားသည်ကို မြင်လျှင်ပင် ရိက္ခာများ အိတ်လိုက်၊ ပုံးလိုက် ပြန်လည် စွန့်ပစ်တော်မူပါသည်။ ဆန်အိတ်၊ ပဲအိတ်များကို ကိုင်ကြည့်တော့မည့် အမူအရာ တွေ့လျှင်လည်း အပြေးအလွှားသွားကာ လက်ကို ပုတ်ချတော်မူပါသည်။ စာရေးသူသည် ဆရာတော်ကြီးကဲ့သို့ ဝိနည်းလေးစားနေခြင်း မဟုတ်သော်လည်း အကပ်ခံပြီးမှသာ ဘုဉ်းပေးသုံးဆောင်ပါသည်။ တပည့် ကပ္ပိယများ မေ့နေလျှင် အငတ်ခံပါသည်။ ဖျော်ရည်ခွက် စားပွဲပေါ် ရောက်နေသည့်တိုင် တရိုတသေ မကပ်လျှင် မဘုဉ်းပေးပါ။ ‘ကပ်ပါဦး၊ ကပ်ပါဟ’ဟူ၍လည်း အကပ်မခိုင်းပါ။ သတိရ၍ ကပ်လျှင် ဘုဉ်းပေးပါသည်။ သတိမရ၍ မကပ်လျှင် လုံးဝ မတို့မထိပါ။ မာနကြီးသည်ဟု ဆိုလျှင်လည်း ဆိုနိုင်ပါသည်။ ဤသို့အားဖြင့် စားပွဲပေါ် ရောက်နေသည့် ယာမကာလိက အအေးအဖျော် စသည်ကိုပင် မသောက်လိုက်ရသည့် ညပေါင်းများစွာ ကြုံရပါသည်။ အလုပ်လုပ်ပြီး၍ အခန်းတံခါးဖွင့်သည်နှင့် ဖျော်ရည်ခွက် အဆင်သင့် တွေ့ရှိရသော်လည်း ကပ္ပိယကျောင်းသားက ကွန်ပျူတာ ကိုင်နေ၍ ကပ်ရန်မေ့နေပါသည်။ အခန်းထဲ ပြန်ဝင်၍ အလုပ်လုပ်ပါသည်။ ဗိုက်ဆာသဖြင့် ပြန်ထွက်လာပါသည်။ ကျောင်းသားသိအောင် အသံပေးပါသည်။ ချက်ကောင်းဆဲ၊ ကြူကောင်းဆဲဖြစ်၍ လှည့်ပင် မကြည့်ပါ။ ဗိုက်ကလေးပွတ်၍ အခန်းထဲ ပြန်ဝင်သွားလိုက်ပါသည်။ ဗိုက်ပွတ်လိုက်၊ ဖျော်ရည်ခွက်လှမ်းကြည့်လိုက်ဖြင့် ဓမ္မသံဝေဂ ယူခြင်းဖြင့် အချိန်ကို ကုန်လွန်စေခဲ့ရပါသည်။ ဘုန်းကြီးဘဝကား အမှန်တကယ် မလွယ်ကူလှပါ။ မိမိပိုင်ပစ္စည်းပင် ဖြစ်စေကာမူ ကပ္ပိယကပ်လှူမှ စားခွင့်ရှိပါသည်။ ကပ္ပိယ မကြည်ဖြူလျှင် ဘုန်းကံမည်မျှ ကြီးမားစေကာမူ ငတ်သေမည်သာ ဖြစ်ပါသည်။ “ဘုန်းကြီးဘဝဆိုတာ ကပ္ပိယသဒ္ဓါမှ စားသောက်ရတဲ့ ဘဝပါကွာ၊ ကိုယ့်ပစ္စည်းကိုယ် သူများ ကျွေးမှစားရတဲ့ ဘဝကြီးပါကွာ”ဟု အမြဲသံဝေဂ ယူနေရပါသည်။ မကပ်ဘဲ စားလည်း မည်သူမျှ မသိပါ။ ထိုသို့ စားနေသူများ တစ်ပုံတစ်ပင် ရှိပါသည်။ ထိုသို့သာ စားသောက်နေပါက လဘက်ရည်ဆိုင် လာထိုင်သည့် စားသုံးသူကို စားပွဲထိုးက ဆက်ဆံသည့်အဆင့်သာ ရှိပါတော့မည်။ ဆရာ၊ တပည့်ဟူ၍လည်းကောင်း၊ ဘုန်းကြီးနှင့် ကျောင်းသား ဟူ၍လည်းကောင်း နယ်စည်းခြားမှု မရှိနိုင်တော့ပေ။ ဆရာနှင့် တပည့်၊ ဘုန်းကြီးနှင့် ကပ္ပိယသည် စားသုံးသူနှင့် စားပွဲထိုး အသွင်မျိုးကား မဖြစ်သင့်ဟု လက်ခံထားပါသည်။

စာရေးသူကို ဖျော်ရည်ကပ်ရသည့် အလုပ်ကလည်း ပျင်းစရာ ကောင်းပုံရ၏။ ကျောင်းသားများလည်း တာဝန်ကိုယ်စီ ရှိကြသဖြင့် အလုပ်တစ်ဖက်နှင့် ဝေယျာဝစ္စ လုပ်နေကြရခြင်း ဖြစ်၏။ စာရေးသူက အခန်းထဲတွင် စာရေးနေ၊ အလုပ်လုပ်နေလျှင် စာရေးသူ ထွက်မလာမချင်း စောင့်နေကြရ၏။ အလုပ်ကို ပစ်ထား၍ မရသဖြင့် ဖျော်ရည်ကို စားပွဲပေါ်တင်ကာ စာရေးသူ အခန်းဖွင့်မှ ဆက်ကပ်ရန် ပြင်ဆင်ထားခြင်း ဖြစ်၏။ ကွန်ပျူတာအခန်းထဲ၌ အမြဲရှိသော ကျောင်းသားက အလိုက်တသိ ဆက်ကပ်လိုက်ရုံဖြင့် ကိစ္စအားလုံး ချောမွေ့သွားပေမည်။ ကွန်ပျူတာသမားက လိုင်းသုံးနေသဖြင့် ကပ်ရကောင်းမှန်း မသိချေ။ ဖျော်ရည်လာကပ်သူက ဘုန်းကြီးထွက်လာလျှင် ကပ်ပေးရန် မှာခဲ့သော်လည်း သတိမရသည်က များ၏။ ထိုင်ခုံပေါ်တွင် ထိုင်၍ စကားသံပေး၊ မေးတန်မေးလျှင် သတိရလေမလားဟု အသံပြုခြင်း၊ ထိုင်စောင့်နေခြင်းများ ပြုလုပ်နေသော်လည်း ဖုတ်လေသည့်ငပိပင်။ ထိုအခါ ဗိုက်ပွတ်ကာ အခန်းထဲ ပြန်ဝင်သွားရလေ၏။ ထိုကဲ့သို့ အအေးငတ်၊ အင်ရှူးဝါးငတ်၊ ပျားသံပုရာငတ်သဖြင့် ရေသောက်ဗိုက်မှောက် အိပ်ခဲ့ရသည့်ညများကား မမှတ်မိလောက်အောင်ပင် များပြားလှပေသည်။ ထိုသို့သော အခက်အခဲများကြောင့် ကွန်ပျူတာခန်းထဲ၌ အမြဲနေသော တပည့်တစ်ပါးထံ ဆက်ကပ်ထားရန် မှာကြားရတော့၏။ ထိုတပည့်ကလည်း ဘုန်းကြီးဖြစ်သူအား “ဖျော်ရည်ကပ်ပြီးပြီ ဘုရား”ဟု လျှောက်ထားရမည်ကို အတော်ဝန်လေးပုံ ရလေသည်။ စာရေးသူကလည်း မမေး၊ သူကလည်း မလျှောက်ထား။ ကပ်ပြီးသလော၊ မပြီးသလောလည်း မသိရသဖြင့် ယိုးဒယားပတ်ပျိုး အတိုင်းပင် ရှိပြန်၏။

ဤသို့ဖြင့် စာရေးသူသည် အိုင်တီဆရာ ကပ္ပိယလေး သတိရသည့်အခါ သောက်ရပြီး သတိမရသည့်အခါ မသောက်ရသလို၊ တပည့်ပဉ္စင်းလေး လျှောက်ထားသည့်အခါ သောက်ရပြီး မလျှောက်သည့်အခါ မသောက်ရပေ။ ထိုအခက်အခဲကို ဖြေရှင်းရန်အတွက် ဖျော်ရည်စီမံပေးသူက အမြဲနေ မောင်ပဉ္စင်းကို ဖျော်ရည်ကပ်ပြီး “ကပ်ပြီးပါပြီ ဘုရား”ဟု စာရေးထားခဲ့လေသည်။ ထိုအခါမှ အဆင်ပြေသွားလေတော့၏။ သို့သော် အကပ်ခံပေးသူ မောင်ပဉ္စင်းက အလေးအနက်ထားဟန် မရှိပေ။ “မထူးပါဘူးကွာ”ဟုများ ယူဆထားလေသလားမသိ။ စားပွဲပေါ် ဖျော်ရည်ရောက်သည်နှင့် အကပ်မခံဘဲ “ကပ်ပြီးပါပြီ ဘုရား”ဟူသော စာရွက်ကလေး ထောင်ထားလိုက်လေတော့၏။ စာရေးသူလည်း အဟုတ်ထင်မှတ်ကာ အမြဲ ဘုဉ်းပေးခဲ့လေသည်။ အဆိုပါ ပဉ္စင်းလေးက စာရေးသူရှေ့တွင် ပြုံးစိစိ လုပ်နေတတ်သလို ကွယ်ရာ၌ တစ်ခစ်ခစ် ရယ်နေတော့လေ၏။ လူရှေ့သူရှေ့ ရောက်ပြီဆိုလျှင်လည်း “ဖော်ရှိုးလိုလို” “အပလာလိုလို” အမြဲပြောလေသည်။ အကပ်မခံဘဲ စာရွက်ကလေး ထောင်ထားခဲ့သည်ကို ရည်ရွယ်ပုံရ၏။

စာရေးသူသည် ထိုအဖြစ်အပျက်မျိုး ကြုံတွေ့ရသည့် အခါတိုင်း စိတ်အားငယ်မိတတ်ပေသည်။ ဘုန်းကြီးဘဝကား အားငယ်စရာ လွန်စွာ ကောင်းသည်ပင်။ ကိုယ်ပိုင်ပစ္စည်း ဖြစ်သော်လည်း ကပ္ပိယ ကျွေးမှ စားရသည့် ဘဝမျိုးကြီး ဖြစ်လေ၏။

ရံဖန်ရံခါ၌ “ဘုန်းကြီးဘဝကို စိတ်နာတယ်”ဟူ၍လည်းကောင်း၊ “စိတ်နာနာနဲ့ ချစ်နေမိတယ်”ဟူသော သီချင်းစာသားများကိုလည်းကောင်း တပည့်များရှေ့တွင် တီးတိုး ရေရွတ်ပြမိတတ်ပါသည်။

ထိုသို့ အဆင်မပြေမှုများ တွေ့ကြုံရသည့်အခါတိုင်း ရိပ်သာဆရာတော်များကို အားကျမိ၏။ သီလရှင်များ၊ ယောဂီများ ဝေယျာဝစ္စ လုပ်ကြသဖြင့် မည်သည့် အခက်အခဲမျှ မဖြစ်ပေါ်ကြပေ။ စာရေးသူဘ၀သည်ကား တောသားကပ္ပိယ၊ တောသားကျောင်းသား၊ တောသားလူပျံတော်၊ တောသားမောင်ပဉ္စင်းများကြား၌ သောက်ရတစ်လှည့်၊ မသောက်ရတစ်လှည့် ဘဝမျိုးဖြင့် တိုက်ပွဲဝင်နေရသောကြောင့်တည်း။

အားငယ်စရာ ဘုန်းကြီးဘဝ နှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ ပြီးပါပြီ။

အရှင်ဝီရသူ(မစိုးရိမ်)
၁-၆-၂၀၂၀
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၄)တွင် ဖော်ပြပါရှိသော ဆောင်းပါး)