ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈-က)
“ရုပ်ပွားတော်ကို ပူဇော်နည်း”
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈-က)
“ရုပ်ပွားတော်ကို ပူဇော်နည်း”
————————————————-
အရှင်ဝီရသူ (မစိုးရိမ်)
ပိဋကတ်တော်၌ အဂါရဝတရား၊ သဂါရဝတရားများကို မြတ်စွာဘုရား ဟောကြားတော်မူထားပြီး ဖြစ်သည်။ အဂါရဝဆိုသည်မှာ မရိုသေမလေးစားခြင်းဖြစ်ကာ သဂါရဝဆိုသည်မှာ ရိုသေလေးစားခြင်း ဖြစ်သည်။ မရိုသေလျှင် မရိုသေသည့်အလျောက် အကုသိုလ်အပြစ်ဖြစ်ကာ ရိုသေလျှင် ရိုသေသည့်အလျောက် ကုသိုလ်တရားများ တိုးပွားကြသည်သာ ဖြစ်သည်။ မရိုသေခြင်းသည် မပြောပလောက်သည့် အကုသိုလ် အသေးအဖွဲလေးမျှပင် ဖြစ်သော်လည်း စီးပွားရေးစသည့် လောကီရေးရာများတွင် ရှာဖွေသလောက် မရရှိခြင်း၊ ဆုတ်ယုတ်ပျက်စီးဆုံးရှုံးခြင်းများ ကြုံရလောက်အောင် မကောင်းကျိုးများ ပေးလေ့ရှိသည်။ ရိုသေခြင်းသည်လည်း ထိုနည်းအတူပင်။ အနည်းငယ်သော ကုသိုလ်အသေးအဖွဲလေးမျှပင် ဖြစ်သော်လည်း စီးပွားရှာဖွေရ လွယ်ကူခြင်း၊ စည်းစိမ်ဥစ္စာ တိုးပွားခြင်း၊ ကျက်သရေမင်္ဂလာ တိုးပွားခြင်း စသော ထင်မှတ် မထားသည့် ကောင်းကျိုး တရားများ ပေးစွမ်းတတ်သည်။
အဂါရဝတရား၊ သဂါရဝတရားတို့သည် သရုပ်အားဖြင့် များပြားစွာရှိကြသော်လည်း သတ္ထရိအဂါရဝ(ဘုရား၌ မရိုသေခြင်း)၊ ဓမ္မေအဂါရဝ(တရား၌ မရိုသေခြင်း)၊ သံဃေအဂါရဝ(သံဃာ၌ မရိုသေခြင်း)၊ သတ္ထရိသဂါရဝ (ဘုရား၌ ရိုသေခြင်း)၊ ဓမ္မေသဂါရဝ(တရား၌ ရိုသေခြင်း)၊ သံဃေသဂါရဝ(သံဃာ၌ ရိုသေခြင်း)ဟူ၍ ရတနာမြတ်သုံးပါးနှင့် ပတ်သက်၍ ဟောထားသည်များမှာ အဆိုပါတရားတို့၌ ပင်တိုင်ပါဝင်သည်သာ ဖြစ်လေသည်။ အရေးကြီးကြောင်း သိစေတော်မူလိုရင်းပေတည်း။
ဘုရားအပေါ် မည်မျှယုံကြည်သည်၊ ဆရာသမားကောင်းများထံမှ မည်သို့သော အဆုံးအမများ ရရှိထားသည်၊ ဤနှစ်ချက်ကို သိလိုလျှင် ရုပ်ပွားတော်ကို မည်သို့မည်ပုံပူဇော်ထားသည်ကို ကြည့်ရှုရုံမျှဖြင့် သိရှိနိုင်ပေသည်။ ဂန္ဓကုဋိ (ဘုရားကျောင်းဆောင်တော်)ကို ခမ်းနားထည်ဝါစွာ ပူဇော်ထားသူများကို ကြည့်လျှင် သဒ္ဓါတရား အားကောင်းသ၊ူ လေးနက်စွာ သက်ဝင်ယုံကြည်သူများ ဖြစ်နေတတ်ပေသည်။ ရုပ်ပွားတော်ကို ဘုရားကျောင်းတော်ဖြင့် ပူဇော်ထားသည့်အပြင် ဘုရားကျောင်းတော် သန့်ရှင်းရေး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတို့ဖြင့် မပြတ်ပူဇော်ခြင်း၊ ဆွမ်းတော်ပွဲများ အချိန်မီ ပြန်စွန့်ခြင်း၊ မှန်တံခါး သို့မဟုတ် ခန်းဆီးများဖြင့် ကာရံထားခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရှိရပေလိမ့်မည်။
အနောက်တိုင်း သူဌေးများ၌ တူညီသော အချက်တစ်ခု ရှိပါသည်။ ၎င်းမှာ အိမ်တိုင်းအိမ်တိုင်း၌ စာအုပ်စင် ထားရှိခြင်းပင်။ စီးပွားရေးလုပ်ငန်းချင်း၊ ဘွဲ့ထူးဂုဏ်ထူးချင်း မတူညီကြသော်လည်း စာအုပ်စင် ထားရှိခြင်းကား တူညီကြလေသည်။စာရေးသူတို့ တိုင်းပြည်၌လည်း ထို့အတူပင်။ ဗုဒ္ဓဘာသာချင်း တူညီကြသော်လည်း လေးနက်စွာ သက်ဝင်ယုံကြည်မှုမျိုးကား နည်းပါးလှပေသည်။ လေးနက်စွာ သက်ဝင်ယုံကြည်သူများကို ကြည့်လျှင် ဘုရားကျောင်းတော်ကို ကြည်ညိုဖွယ်ရာ ပူဇော်ထားသည်သာ ဖြစ်ပေသည်။ သို့ဖြစ်ရကား လေးနက်စွာ သက်ဝင်ယုံကြည်သူတို့၌ တူညီသော အချက်မှာ ဘုရားကျောင်းတော်ပူဇော်ခြင်းဖြစ်ကာ ဘုရားကျောင်းတော် စနစ်တကျ ပူဇော်ထားသူတို့၏ တူညီသော အချက်မှာ ဘုရားသာသနာကို လေးနက်စွာ သက်ဝင်ယုံကြည်ခြင်းပင် ဖြစ်ပါသည်။
စာရေးသူသည် ခုတင်ခေါင်းရင်း၌ ဘုရားပုံတော်ရှိလျှင် မအိပ်ဝံ့ပါ။ အဂါရဝ ဖြစ်နိုင်သောကြောင့်ပင်။ ထို့အတူ ဘုရားကျောင်းတော် (ဘုရားခန်း) ရှိသော်လည်း တံခါးမရှိ၊ ခန်းဆီးးမကာလျှင် ဘုရားရှေ့တွင် မထိုင်ရဲပေ။ ဘုရားကျောပေးထိုင်ရမည်ကို ကြောက်သောကြောင့်တည်း။ ထို့အတူ နေရထိုင်ရလျှင်လည်း စိတ်မလုံခြုံပါ။ ဘုရားခန်းရှေ့ ဖြတ်သွားဖြတ်လာလည်း မလုပ်ရဲ၊ လွတ်ရာကျွတ်ရာ လမ်းလျှောက်မည်ဆိုလျှင်လည်း ဘုရားခန်း ဟောင်းလောင်းကြီးကို မြင်နေရနှင့် နေရထိုင်ရ ခက်လှပါသည်။ ထိုအခါမျိုး၌ ခန်းဆီးများ အရေးပေါ် ချုပ်ကာ တပ်ဆင်လိုက်ရပါတော့၏။ ခန်းဆီးတပ်လိုက်လျှင် ဘုရားကျောင်းဆောင်နှင့် ဘုန်းကြီးကျောင်းဆောင် တစ်ကန့်စီ ဖြစ်သွားပေပြီ။ ထိုအခါမှ စိတ်ဖြောင့်စွာ နေထိုင်နိုင်ပါတော့၏။
စာရေးသူ တရားဟောကြွသည့်အခါ နယ်တကာစုံရောက်ရှိခဲ့ပေသည်။ ဘုရားကျောင်းဆောင် မရှိသော ကျောင်းအဆောင်များ၊ ဘုရားကျောင်းဆောင်ရှိသော်လည်း တံခါးမရှိ၊ ခန်းဆီးလည်းမကာသော အနေအထားများ၊ ကျောင်းဆောင်ထဲ တိုလီမိုလီပစ္စည်းများ သိမ်းဆည်းထားရှိမှုများကို တွေ့မြင်ရသည့်အခါတိုင်း စိတ်မချမ်းသာလှပေ။ ဘုရားကို ဘုရားနှင့်တူအောင် မထားကြသူများသာတည်း။ ဘာသာ သာသနာကို ချစ်မြတ်နိုးစိတ် ရှိသော်လည်း ဘုရားကို မကြည်ညိုတတ်သေး၊ မပူဇော်တတ်သေးဟုပင် ဆိုရပေလိမ့်မည်။
ဆက်လက်ဖော်ပြပါမည်။
(၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၃)တွင် ဖော်ပြပါရှိသော ဆောင်းပါး)