သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀-က)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀-က)

“ ကျောင်းသန့်ရှင်းရေး ကုသိုလ်တော်”
——————————————————
အရှင်ဝီရသူ (မစိုးရိမ်)

စာရေးသူသည် ငယ်စဉ်ကတည်းက သေနာသနဝတ် (ကျောင်းသန့်ရှင်းရေးကုသိုလ်)မြဲသူ ဖြစ်ပါသည်။ အခိုက်အတန့်သာ နေထိုင်ရသည့်ကျောင်း ဖြစ်စေကာမူ သန့်ရှင်းရေးဝတ်မပျက်ခဲ့ပါ။ တံမြက်စည်းလှည်းခြင်းအလုပ်ကို အမြဲလုပ်ပါသည်။ စာကျက်ရင်း ကြမ်းတိုက်ပါသည်။ သင်္ကန်းစုတ်ကို ခြေနှစ်ဖက်ဖြင့်နင်းထားပြီး တစ်လှမ်းချင်း ပွတ်ဆွဲလမ်းလျှောက်ကာ စာကျက်ခြင်း၊ စာပြန်ခြင်းအလုပ်ကို လုပ်လေ့ရှိပါသည်။ ချောမွေ့ပြောင်လက်လာသော ကြမ်းခင်းများကိုကြည့်၍ ဓမ္မပီတိဖြစ်ရသလို မိမိမရောက်ခင်နှင့် မိမိရောက်ပြီး မကြာမီကာလတို့ကို ပြန်လည်သုံးသပ်ကြည့်မိသည့်အခါတိုင်းမှာလည်း အားရကျေနပ်မှု ရရှိခဲ့သည်သာ ဖြစ်ပါသည်။ ယုတ်စွအဆုံး ညအိပ်ညနေ တရားဟောကြွရသည့်အခါမျိုးမှာပင် တဒင်္ဂတည်းခိုရာကျောင်းကို ကိုယ်တိုင်ကြမ်းတိုက်ခဲ့ပါသည်။ တပည့်များက တအံ့တသြဖြင့် ဝိုင်းဝန်းတားမြစ်ကြကာ ဝင်ရောက်ကြမ်းတိုက်ကြပါတော့သည်။ ထိုအခါ စာရေးသူက “ကြမ်းတိုက်တာလည်း အမျိုးသားရေးပဲကွ၊ ကုသိုလ်လုပ်ငန်းမှန်သမျှ အမျိုးဘာသာ သာသနာခေါင်းစဉ်ထဲမှာ ရှိကြတယ်”ဟု သြဝါဒပေးတတ်ပါသည်။

သဟာယမှာနေလျှင်လည်း နံနက် ၅း၀၀နာရီ သံဃာများ စာကျက်နေချိန်တွင် စာရေးသူက တံမြက်စည်းလှည်းပါသည်။ ကျောင်းရှေ့က ရေနုတ်မြောင်းလေးကို အမြဲသန့်ရှင်းပေးပါသည်။ ပိတ်ဆို့နေသည့်အမှိုက်များကို ကိုယ်တိုင်ကျုံးလေ့ရှိပါသည်။ အမှတ်တမဲ့မြင်ရသူများက ရုတ်တရက်အံ့သြသွားကြသလို အမိအရ ဓာတ်ပုံရိုက်၍ လိုင်းပေါ်တင်တတ်သူများကိုလည်း တွေ့ရပါသည်။ ရေသန့်စက်မှ ထုတ်ပယ်လိုက်သော စွန့်ပစ်ရေများကိုလည်း အလဟဿ အဖြစ်မခံပါ။ ကိုယ်တိုင်ခပ်ယူကာ ကျောင်းရှေ့ရေဖြန်းခြင်း၊ သစ်ပင်ရေလောင်းခြင်းများ ပြုလုပ်တတ်ပါသည်။

ကွန်ပျူတာခန်းထဲတွင် အမြဲအလုပ်လုပ်လေ့ရှိသဖြင့် ပရိသတ် အဝင်အထွက်များသည့်အခါမျိုး၌ ကြမ်းပြင်၌ ဖုန်ထူလေ့ရှိပါသည်။ ဖယောင်းကော်ဇောခင်းထားသဖြင့် ပို၍သိသာပါသည်။ အထူးသဖြင့် လမ်းလျှောက်တိုင်း ခြေဖဝါးယားခြင်းပင်။ ခြေဖဝါးယားလျှင် မနေတတ်တော့ပေ။ အမှိုက်မရှိသည့်အခန်းပင်ဖြစ်သော်လည်း ကြမ်းထတိုက်တတ်ပါသည်။ အဝတ်စုတ်၊ အခင်းဟောင်း၊ ခြေသုတ်အဝတ် စသည်တို့ကို ခြေဖြင့်နင်းကာ တစ်ကန့်ချင်းပွတ်ဆွဲပါသည်။ ပွတ်ဆွဲပြီးလျှင်လည်း ၎င်းအဝတ်ကို ပြန်စစ်ကြည့်ပါသည်။ ဖုန်များတင်းကြမ်းပေတူးနေသည်ကို တွေ့ရပါသည်။ အောက်တွင်ထိုင်ရသည့် ဧည့်သည် အာဂန္တုများ မည်ကဲ့သို့ရှိမည်မသိ၊ စာရေးသူမှာကား ခြေဖဝါးယားသည့်အဆင့်ထိ ဖြစ်ခဲ့ရလေသည့် အညစ်အကြေးများပင်။

ဆက်လက်ဖော်ပြပါမည်။
(၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၅)တွင် ဖော်ပြပါရှိသော ဆောင်းပါး)