ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁-က)
“စဏ္ဍာလနှင့် သမဏကျင့်စဉ်”
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁-က)
“စဏ္ဍာလနှင့် သမဏကျင့်စဉ်”
———————————————–—
အရှင်ဝီရသူ (မစိုးရိမ်)
စာရေးသူတို့တွင် စာလုပ်ဖော်(သူငယ်ချင်း) ငါးပါးရှိပါသည်။ အကြီးဆုံးသည် ဆရာသမားကဲ့သို့ နောင်တော်ကြီးကဲ့သို့ အလေးဂရုပြုအပ်သူ ဖြစ်သောကြောင့် သူငယ်ချင်းဟု မဆိုသာပေ။ ရွယ်တူလေးပါးရှိရာတွင် နှစ်ပါးသည် မစိုးရိမ်တိုက်သစ် နာယကဆရာတော်များဖြစ်ကာ ကျန်နှစ်ပါးသည် အခြားမြို့များရှိ စာသင်တိုက်များ၌ ပဓာနနာယကနှင့် ကျောင်းထိုင်စာချများအဖြစ် ပရိယတ္တိနယ်တွင် ထင်ရှားကြပေသည်။ စာသင်သားဘဝ၌ သွားအတူ၊ စားအတူ၊ စာကျက်အတူဖြစ်သဖြင့် လွန်စွာရင်းနီးကြပေသည်။ လေးပါးလုံးသည် ပင်ကိုယ်စရိုက်ကိုယ်စီရှိကြသော်လည်း တူညီသောအချက်မှာ အသောက်အစား၊ လောင်းကစား ကင်းကြခြင်းပင်။ လေးပါးလုံး ဆေးလိပ်မသောက်ကြပါ။ ကွမ်းလည်း မစားကြပါ။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး မဆိုထားဘိ တရားဝင်နိုင်ငံတော်ထီပင် မထိုးကြပါ။ အသိမိတ်ဆွေအချို့က ချဲထီအကြောင်း ပြောလာလျှင်(သို့မဟုတ်) ချဲဂဏန်းမေးလာလျှင် သူငယ်ချင်းတစ်ပါးက ယခုကဲ့သို့ အမြဲပြန်ပြောတတ်ပါသည်။
“ငါတို့အားလုံး လက်တွေ့သမားတွေ၊ စိတ်ကူးယဉ်ရမဲ့အလုပ်မျိုး တစ်ပါးမှ မလုပ်ဘူး”
မှန်ပါသည်။ စာရေးသူတို့ သူငယ်ချင်းလေးပါးလုံး ယခုအချိန်ထိ ဘောလုံးမလောင်း၊ နှစ်လုံးမထိုး၊ ချဲမထိုးကြပါ။ သစ္စာဆိုလောက်သည်အထိ အလောင်းကစား ကင်းကြခြင်းဖြစ်ပါသည်။
စာသင်သားဘဝ ဆွမ်းခံအိမ်၌ ချဲဂဏန်းပေးနေသည့် မောင်ပဉ္စင်းများကိုတွေ့လျှင် အံ့သြနေတတ်ပေသည်။ ချဲထိုး၊ ချဲရောင်း လောင်းကစားဒိုင်လုပ်နေသည့် ဘုန်းကြီးများအကြောင်း ကြားရလျှင် အော့နှလုံးနာနေမိပါသည်။ “ဘုန်းဘုန်းပေးတဲ့ချဲ ပြုံးပြုံးလေးနဲ့မွဲ”၊ “ဘုန်းဘုန်းပေးတဲ့ သုံးသုံးလေး ကုန်းကုန်းပြေးရကိန်း” ဤသည်မှာ သံဃာရပ်ဝန်းလာ သရော်ဆောင်ပုဒ်များဖြစ်ပါသည်။ သေချာ၍ ချီးမြှောက်သည်ကိုပင် ဘုရားမကြိုက်ပါ။ ရမ်းသန်းပေး၍ မွဲကုန်သည်ဆိုလျှင်မူ ပြောစရာပင်မလိုပေ။ အချို့ဘုန်းကြီးများ ဝတ်စရာသင်္ကန်းကောင်းမရှိတော့လောက်အောင် ချဲထိုး၍ပြောင်သွားကြသည်ဟု ဆိုပါသည်။ လူများအား လောဘဒေါသကင်းစေရန် ဟောပြောဆုံးမမည့်သူများကိုယ်တိုင်က လောဘဦးစီးနေသည်ကို တွေ့ရသဖြင့်လည်း ၎င်းတို့ကိုယ်စား ရှက်ရွံမိပါသည်။
စာရေးသူငယ်စဉ်က ထီပေါက်မည်ကို အလွန်ကြောက်ပါသည်။ “ထီပေါက်ရင် ဘာလုပ်လို့ လုပ်ရမှန်းကို မသိလို့ ထီမထိုးတာပါ။”ဟု သီတင်းသုံးဖော်များအား ပြောပြသည့်အခါ သူ့ပေး၊ ငါ့ပေး စသည်ဖြင့် စုံနေအောင် ပြန်ပြောကြပေတော့၏။ အမှန်တကယ်ပင် စာသင်သားတစ်ပါး ထီပေါက်ငွေများကို မည်သည့်လုပ်ငန်းအတွက် အသုံးချနိုင်ပါမည်နည်း။ အသုံးချစရာ လုပ်ငန်းမရှိသဖြင့် ထီမထိုးခြင်းဖြစ်ပါမည်။ နောက်တစ်ချက်ကား ထီပေါက်လျှင် ယတြာကြေသွားမည်စိုးသဖြင့် ထီမထိုးခြင်း ဖြစ်ပါသည်။ “ငွေအကြီးအကျယ်ဝင်ကိန်းရှိသည်”ဟုတစ်စုံတစ်ဦးကပြောလျှင် စာမေးပွဲအောင်တော့မည်ဟု မိမိဘာသာ အတိတ်ကောက်ကာ ကြိတ်သာယာနေတတ်ပါသည်။ အကြောင်းမှာ စာမေးပွဲအောင်လျှင် စာအောင်သံဃာများအား တန်ဖိုးကြီးပဒေသာပင်များ မဲနှိုက်လှူဒါန်းကြသောကြောင့်တည်း။ ထီပေါက်လျှင် အဆိုပါပဒေသာပင်များ ရရှိနိုင်သည့် စာမေးပွဲအောင်မည့် အခွင့်အလမ်း ပိတ်ဆို့သွားမည်စိုးသောကြောင့်တည်း။
ဆက်လက်ဖော်ပြပါမည်။
(၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၆)တွင် ဖော်ပြပါရှိသော ဆောင်းပါး)