သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁-ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁-ခ)

“စဏ္ဍာလနှင့် သမဏကျင့်စဉ်”
———————————————–—
အရှင်ဝီရသူ (မစိုးရိမ်)

ကျောင်းထိုင်နာယကအဖြစ် သာသနာ့တာဝန်ထမ်းဆောင်ခွင့်ရရှိသည့်အခါမှစ၍ သာသနာပြုရာ၌ ငွေကြေးက အခရာကျကြောင်း သိရှိခဲ့ရပါသည်။ ထိုအခါတွင်သာ လူအများ ထီထိုးရခြင်းအဓိပ္ပါယ်ကို သိရှိလာခြင်း ဖြစ်ပါ၏။ ထီပေါက်ချင်သော်လည်း ထီမထိုးဖြစ်ပါ။ ဆွမ်းကပ်ပွဲ၊ အလှူပွဲများမှ ထီလက်မှတ်များ ရလာလျှင် “ထီမထိုးဘဲ ပေါက်ချင်တာနဲ့ အတော်ပဲ”ဟု ပြောပြတတ်ပါသည်။ ထီလက်မှတ်လာလှူလျှင်လည်း “ကျူပ်က ထီမထိုးဘဲ ပေါက်ချင်နေတာဗျ”ဟု ဝမ်းသာာအားရ ပြောပြတတ်ပါသည်။ စာရေးသူအမည်ဖြင့် လစဉ်ထီထိုးပေးနေသည့် ထီလက်မှတ်အလှူရှင် ဒါယိကာမတစ်ဦး ရှိပါသည်။ ထီမထိုးဘဲ ပေါက်ခဲ့လျှင်ကား ပညာရေး၊ ပရဟိတ၊ သာသနာပြုလုပ်ငန်း၊ အမျိုးသားရေးလုပ်ငန်း စသည် လုပ်စရာများ တစ်ပုံတစ်ပင်ကြီးပင်။

စာရေးသူ ကျောင်းသားဘဝ ငယ်စဉ်ကတည်းက ဆေးလိပ်မသောက်ခဲ့ဖူးပါ။ လူကြီးများက ဆေးလိပ်မီးညှိခိုင်းလျှင်လည်း “မင်းမဖွာနဲ့”ဟု ပြော၍ ခိုင်းကြပါသည်။ ဆေးလိပ်ဖွာမိလျှင် သောက်ဖြစ်သွားမည်စိုးသောကြောင့် ဖြစ်ပါမည်။ စာရေးသူကလည်း လုံးဝ မဖွာပါ။ ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်သောက်သည်အထင်ဖြင့် အတီးခံခဲ့ရဖူးပါသည်။ ကျောင်းမှအပြန် အဝတ်အစားလဲကာ သူငယ်ချင်းများ ခြင်းခတ်ကြရာ စားရေးသူလည်း ဝင်၍ခတ်ပါသည်။ ထိုသို့ ခြင်းခတ်နေစဉ် “ဗြောင်း”ဆိုသည့်အသံကြီးနှင့်အတူ နားရင်းတစ်ဖက်လုံး ပူထူသွားသဖြင့် လှည့်ကြည့်လိုက်ရာ စာရေးသူ၏ ဖခမည်းတော်ကြီး ဖြစ်နေပေသည်။ စိတ်ဆိုးမာန်ဆိုးဖြင့် “ဆေးလိပ်မသောက်ရဘူးလို့ ငါပြောမထားဘူးလား”ဟု မာန်မဲပါမှ သဘောပေါက်သွားပေတော့သည်။ အကြောင်းမှာ စာရေးသူက ဒူးယားစီးကရက်ပုံစံ မုန့်တောင့်လေး ခဲထားသောကြောင့်တည်း။ မုန့်ကို ဆေးလိပ်ထင်၍ နားရင်းတီးခြင်း ဖြစ်ပါသည်။ မုန့်မှန်းသိသွားသည့်အခါ ဖခမည်းတော်ကြီး မျက်နှာမထားတတ်တော့ပါ။ အများရှေ့တွင် မဆင်မခြင် တီးပစ်မိသည်ကိုး။ “စီးကရက်ပုံစံမုန့်လေး ခဲသည်ကိုပင် ကြယ်များလများ ပွင့်ထွက်သွားအောင် ဆော်ပလော်တီးလျှင် ဆေးလိပ်အစစ်ဖြစ်ခဲ့သော်”..ဟူသည့်အတွေး စာရေးသူတွင် စွဲထင်သွားခဲ့ပါတော့သည်။ ထို့ကြောင့်လည်း ဆေးလိပ်ဆိုလျှင် အနံ့ပင် မခံနိုင်တော့ပေ။ ဆေးလိပ်နံ့ရှုမိလျှင် ခေါင်းကိုက်တတ်ပါသည်။ ကွမ်းလည်း မစားတတပေ။ ငယ်စဉ်အခါ၌ ကွမ်းယာအချိုတစ်ယာတလေ စားဖူးပါသည်။ ယခုအခါ ကွမ်းယာအချိုစားသည့်ယဉ်ကျေးမှု မရှိတော့ဟု ဆိုလေ၏။ လွမ်းစရာပင်။ တစ်ယာတလေ စားမိသူပင် ကွမ်းချိုချိုကို လွမ်းမိနေတော့၏။ အရက်သောက်ရန်ဆိုသည်မှာ ဝေလာဝေးပင်။ “ဆင်းတုတော် အရက်သောက်တယ်ဆိုရင် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဝီရသူ အရက်သောက်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”ဟု အမြဲဂုဏ်ယူခဲ့သူဖြစ်ပါသည်။ “အရက်သမားတစ်ယောက်ယောက်က ဇရပ်ထဲအရက်သောက်ပြီး ဆင်းတုတော်ကို အရက်ကပ်ရင် ကပ်နေမှာ၊ ဝီရသူကိုတော့ အရက်ကပ်လို့ မရဘူး”ဟု ပြန်လည်ရှင်းပြမှ သဘောပေါက်သွားကြသည်က များလေသည်။ သို့သော် စာရေးသူသည် ဝဋ်ကြွေးအတော်ကြီးပုံရပါသည်။ ဆေးနံ့မခံနိုင်သူဖြစ်ပါလျက် ဆေးသမားအစွပ်စွဲခံနေရ၏။ အရက်နံ့မခံနိုင်သူဖြစ်ပါလျက် အရက်သမား စွပ်စွဲခံနေရလေ၏။ သက္ကရာဇ်နှစ်ထောင်ခုနှစ် စွန်းကာစက ဖြစ်ပါသည်။ သာသနမလဝိသောဓနီ(သာသနာ့အညစ်အကြေးသုဓ်သင်ရေး)အဖွဲ့ကို စာသင်တိုက်ကြီးတစ်တိုက်မှ ဝိုင်းရိုက်လိုက်ကြပါသည်။ အဖွဲ့၏ကိုင်တွယ်ပုံကို မကျေနပ်၍ အကြမ်းဖက်မိသွားသည်ကို မပြောသာခဲ့သော်လည်း ထိုအဖွဲ့ကို ဝီရသူဦးဆောင်သည်၊ ထိုအဖွဲ့က အရက်ပုံးများ ကားဖြင့်တင်ဆောင်လာသည်၊ ဝီရသူကိုယ်တိုင် အရက်ကို ပုံးလိုက်သောက်သည်ဟု သတင်းလွှင့်ခြင်းပင်။ မိမိအပြစ်ကို သူတစ်ပါးအပြစ်ဖြင့် ဖုံးကွယ်ခြင်းဖြစ်သော်လည်း စာရေးသူသည် ထိုအဖွဲ့ကို ဦးဆောင်သူမဟုတ်ပါ။ ကားထဲတွင်လည်း မပါပါ။ ၎င်းတို့ထံလည်း မရောက်ပါ။ အကြောင်းမှာ စာရေးသူက အငယ်တန်းစာမေးပွဲကြီးကြပ်ရေး အတွင်းရေးမှူးအဖြစ် စာမေးပွဲစောင့်နေသောကြောင့် ဖြစ်ပါသည်။ ပို၍ဆိုးသည်က “ဝီရသူအရက်သောက်တာ ငါကိုယ်တိုင်မြင်တာ”ဟု မိမိကိုယ်ကို သက်သေထူခြင်းပင်။ နားထောင်နေသူက စာရေးသူ၏ သူငယ်ချင်းလည်းဖြစ်၊ ညီအရင်းလို ချစ်ခင်ရင်းနီးသူလည်း ဖြစ်နေ၍ “မဟုတ်သေးဘူးနော်”ဟု အကြိမ်ကြိမ်ပြန်ပြောမှ လျှောချသွားသောဟူ၏။ ထိုစဉ်က ‘ထေရဝါဒ တိုက်ပွဲ’စာအုပ် နာမည်ကြီးစဖြစ်၍ စာရေးသူ၏ ကလောင်အမည် ရေပန်းစားချိန် ဖြစ်ပါသည်။ စာအုပ်ဖတ်ရသူတိုင်းက ဝီရသူဆိုသည်မှာ ထောင်ထောင်မောင်းမောင်း၊ ညိုညိုမည်းမည်း၊ မျက်နှာပေါက်ဆိုးဆိုးဟု ထင်ထားကြပါသည်။ သို့ဖြစ်၍ ဝိသောဓနီအဖွဲ့ ဦးဆောင်ဆရာတော်ကို ဝီရသူအထင်ဖြင့် ဝိုင်းရိုက်လိုက်ခြင်း ဖြစ်ပါမည်။ အင်တာနက်ခေတ်မဟုတ်သဖြင့် ဝီရသူကို မည်သူမျှ မမြင်ဖူးကြပါ။ စာနယ်ဇင်းများတွင်လည်း စာရေးသူပုံ မပါသဖြင့် ပုံမမြင်ဖူးဘဲ သင်္ကန်းအရောင်တူရုံမျှဖြင့် ဝီရသူဟု တထစ်ချမှတ်ယူကာ အကြမ်းဖက်လိုက်ခြင်း ဖြစ်ပါမည်။

ဆက်လက်ဖော်ပြပါမည်။
(၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၆)တွင် ဖော်ပြပါရှိသော ဆောင်းပါး)