သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – ဂ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – ဂ)

သမဂ္ဂ စိတ်ထား
————

၎င်းအမှု မုဒိမ်းမှုမမြောက်ဟု ထင်ပါသည်။ သာသနာညှိုးနွမ်းအမှု ၂၉၅ ပုဒ်မတော့ တပ်၍ရမည်ထင်ပါသည်။ အလိုတူ သောကြောင့်ဟု ယူဆနိုင်သောကြောင့် တည်း။ စာရေးသူက မယုတ်မလွန်သာ အကြံပြုပါသည်။ လွှဲစရာရှိတာ လွှဲထားလိုက်တော့၊ လူထွက်သင့်ရင် ထွက်လိုက်တော့ဟု အကြံပြုပါသည်။ သူကလည်း အိန္ဒိယ၌သာ နေတော့မည်ဟု ဆိုလာ၏။ အကြာကြီးပျောက်သွားပြီးမှ အဘယ်ကြောင့် အဖမ်းခံလိုက်ရသည်ကိုတော့ မသိတော့ပါ။ တရားရုံးလာတိုင်း သတင်းများ တက်မလာသည်ကိုပင် ကျေးဇူးတင်မိနေပေသည်။

အကယ်၍သာ စာရေးသူနှင့် ဓမ္မဝါးတင်း နေရာချင်း ပြောင်းပြန်ဖြစ်ခဲ့သော် ဓမ္မဝါးတင်းက စာရေးသူကဲ့သို့ သမဂ္ဂစိတ် မွေးမြူနိုင်ပါမည်လော။ မထင်ပါ။ လုံးဝမထင်ပါ။ မြန်မာ့နိုင်ငံရေးလောကတွင် မြှောက်စားခံထားရသည့် ဘုန်းကြီးများရင်ထဲ၌ သမဂ္ဂစိတ်မရှိပေ။ ထို့ကြောင့် ရဟန်းအချင်းချင်း ထိုးနှက်တိုက်ခိုက်နေကြပါသည်။ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကိုပင် ချမ်းသာမပေးကြပေ။ မီဒီယာရှေ့တွင်မဆိုထားဘိ။ ဘာသာခြားများရှေ့၌ပင် ဘုန်းကြီးမကောင်းကြောင်း ပေါ်ပေါ်တင်တင် ဟောပြောနေကြပေသည်။ ရဟန်းတစ်ပါးကို နိုင်ငံခြားသားသတင်းသမားများက မတရားအနိုင်ကျင့် လုပ်ကြံထုတ်လွှင့်နေသည်ကိုကြည့်၍ ကိုယ့်ဘက်က နာရကောင်းမှန်းမသိဘဲ ဟားတိုက်လှောင်ပြောင်နေကြသူများကို တွေ့ရပေသည်။

ရဟန်းတစ်ပါးကို ထောင်ကျစေချင်၍ နိုင်ငံရေးသမားများနှင့် ပေါင်းကာ သတင်းစာရှင်းလင်းပွဲလုပ်သူများ၊ ရပ်ထဲ ရွာထဲ လက်မှတ်လိုက်ကောက်နေသူများပင် ရှိပါသည်။ အချို့ဆိုလျှင် ဖမ်းမိစေရန် ဝိုင်းကူဖမ်းပေးနေသည်များပင်ရှိပေသည်။ စာမတတ်၊ ပေမတတ် သူငယ်နှပ်စားလေးများ ထိုသို့လုပ်သည်ကို နားလည်ပေးနိုင်ခဲ့သော်လည်း မြဝတီဘုန်းကြီးကဲ့သို့ စာတတ်ပေတတ်၊ ကျမ်းဂန်တတ် ထေရ်ကြီးဝါကြီးက ထိုသို့ပြုမူနေသည်ကို အံ့ဩခဲ့ရလေသည်။ ထိုသူတို့သည် ဘုရားသားတော်များ မဟုတ်ကြလေရော့သလော၊ သို့တည်းမဟုတ် စောင့်ထိန်းစရာမရှိတော့လောက်အောင် ရဟန်းသိက္ခာ ပျက်စီးနေရော့သလော၊ သို့တည်းမဟုတ် ဘုန်းကြီးဘဝနှင့် မထိုက်တန်တော့လောက်အောင် ကိုယ်ကျင့်တရားများ ပျက်ပြားနေရော့သလော၊ သို့တည်းမဟုတ် မပြောသင့်မပြောထိုက်၊ မလုပ်သင့် မလုပ်ထိုက်မှန်း မသိနိုင်လောက်အောင် အသိတရားများ ခေါင်းပါးကုန်ရော့သလော ၎င်းတို့သာသိနိုင်မည် ဖြစ်ပေတော့သတည်း။ ဘုရားရှင်မျက်နှာ၊ သာသနာတော်မျက်နှာကိုမူ ကြည့်ရန် ကောင်းလှ၏။

ပါတီဆိုသည်မှာ ယာယီသာဖြစ်သည်။ သာသနာတော်ကသာ ထာဝရဖြစ်သည်။ ဤသို့သောအမြင်မျိုး ရှိပုံမရ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲဖြင့် ဘုရားသားတော်အချင်းချင်း ပစ်မှတ်ထား တိုက်ခိုက်နေသည်မှာ တော်တန်ရုံ မိုက်မဲသူများပင် မကျူးလွန်ဝံ့သည့် ယုတ်မာမှုမျိုးပင် ဖြစ်ပေသည်။ ရှက်ဖွယ်အတိပင်။

ခုဒ္ဒကနိကာယ်၊ ဣတိဝုတ်ပါဠိတော်၊ သံဃသာမဂ္ဂီသုတ်တွင်မြတ်စွာဘုရားက ဤသို့ဤပုံ ဟောကြားတော်မူခဲ့ပါသည်။

ဧကဓမ္မော ဘိက္ခဝေ လောကေ ဥပ္ပဇ္ဇမာနော ဥပ္ပဇ္ဇတိ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ ဗဟူနော ဇနဿ အတ္ထာယ ဟိတာယသုခါယဒေဝမနုဿာနံ။ ကတမော ဧကဓမ္မော၊ သံဃသာမဂ္ဂီ။

ရဟန်းတို့ သံဃာညီညွတ်ခြင်းတည်းဟူသော တစ်ခုသောတရား ထွန်းကားလတ်သော် လူနတ်များစွာ သတ္တဝါအပေါင်း ချမ်းသာရာချမ်းသာကြောင်း ဖြစ်လေသတည်း။
(ဣတိဝုတ်။ ၂ဝ၃။ သ်။ ၁၇။)

သံဃာညီညွတ်ရေးကို ရှေးရှု၍ အမြင်မတူသော်လည်း အောင့်အည်းသည်းခံရမည်ဟု မဆိုလိုပါ။ တရားနည်းလမ်းကျ ဝေဖန်ခြင်းကို ဘုရားခွင့်ပြုထားပါသည်။ နိုင်ငံရေးဘုန်းကြီးများသည် ဝေဖန်ရေးထက် စွပ်စွဲစော်ကားရေး၊ ပြစ်မှားကျူးလွန်ရေးကို အားသန်နေသောကြောင့် ဖြစ်ပါသည်။ အချို့ဆိုလျှင် မဟာနာယကဆရာတော်ကြီးများကိုပင် စိန်ခေါ်နေကြသည်။ ပရိသတ်မပါဘဲ အလွတ်တမ်းရင်ဖွင့်သည်က သင့်လျော်သော်လည်း ပရိသတ်ရှေ့ ဓမ္မာသနပလ္လင်ထက်မှ လက်သီးလက်မောင်းတန်း၍ လူမိုက်ဆန်စွာ စိန်ခေါ်နေသည်မှာ မကြားဝံ့၊ မမြင်သာ ဖြစ်နေပေသည်။ သံဃာအချင်းချင်း တိုက်ခိုက်နေမှ နိုင်ငံရေးသူရဲကောင်းဟု ထင်မှတ်နေကြသည်လော မပြောသာတော့ပေ။

စာရှုသူအားလုံး သမဂ္ဂစိတ်ထား မွေးမြူနိုင်ကြပါစေသော်။

သမဂ္ဂစိတ်ထား ပြီးပါပြီ။

အရှင်ဝီရသူ (မစိုးရိမ်)
၁၇-၆-၂ဝ၂ဝ

(၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၇)တွင် ဖော်ပြပါရှိသော ဆောင်းပါး)