ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄-က)
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄-က)
—————————
“ နှလုံးသားမဲ့သော အသိတရား
——————-—
အရှင်ဝီရသူ (မစိုးရိမ်)
ဦးဝီရသူဆိုသည်မှာ အမျိုးသားရေး ဝါဒီပါ။
လူမှုရေးမှာ ဟာမိုနီ၊
အတွေးအခေါ်မှာ ဂလိုဘယ်၊
ယဉ်ကျေးမှုမှာလိုကယ်ကျင့်သုံးတာ၊
အမှန်တရားအတွက် ဓားတစ်လက်အမြဲဆောင်ထားတာ၊
ဓားဆိုသည်မှာတစ်ခြားမဟုတ်ပါ၊
တရားဓမ္မပါ။
ဤသည်မှာ စာရေးသူ၏ လက်စွဲဆောင်ပုဒ်ဖြစ်ပါသည်။ လူမှုရေးတွင် ဟာမိုနီဆိုသည့်အတိုင်း လူတိုင်းနှင့် သဟဇာတဖြစ်အောင် နေထိုင်ပါသည်။ လူတိုင်းနှင့် သဟဇာတဖြစ်ရေးအတွက် လိုအပ်ချက် တစ်ခုမှာ သည်းခံခြင်းပင်ဖြစ်ပါသည်။ စာရေးသူသည် ပုဂ္ဂိုလ်ရေးရာ၌ဆိုလျှင် လွန်စွာသည်းခံတတ်ပါသည်။ စိတ်ရှည်ခြင်း၊ သဘောထားကြီးခြင်း၊ သည်းခံခြင်းတို့သည် မေတ္တာတရား၏ ရေသောက်မြစ်ဖြစ်သည့် အဒေါသမှ ဖြာထွက်လာသည့် အကိုင်း၊ အခက်၊ အလက်များသာဖြစ်ပါသည်။ အလုပ်လုပ်သည့်အခါ အဒေါသကို ရင်ဝယ်ပိုက်ထားလျက် ဆက်ဆံသည့်အခါ မေတ္တာတရားကို အခြေခံကာ အမျိုး၊ ဘာသာ၊ သာသနာရေးဆိုင်ရာလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်လေ့ရှိပါသည်။ ထို့ကြောင့်ပုဂ္ဂိုလ်ရေးတွင် စိတ်ရှည်သည်းခံ နိုင်နေခြင်း ဖြစ်ပါသည်။
ဒေါသကိုဒေါသဖြင့်တုံ့ပြန်ခြင်းသည် အမှားကိုအမှားဖြင့် ထုချေခြင်းဖြစ်ပါသည်။ အဖြေမထွက်ပါ။ အဖြေမှန်မရနိုင်ပါ။ ထို့ ကြောင့် တစ်ဖက်သားက ဒေါသစကား ပြောလာလျှင် ဆိတ်ဆိတ်နေသည်က များပါသည်။တာဝန်ယူမှု၊ တာဝန်ခံမှုလိုအပ် သည့်အခါမျိုးတွင်သာ အေးရာအေးကြောင်း ဆွေးနွေးညှိနှိုင်းကာ အဖြေတစ်ခုရအောင် လုပ်ဆောင်တတ်ပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဖြေရှင်းမှုမလိုအပ်လျှင် တစ်ဖက်သားစိတ်ပြေသည်အထိ နားထောင်ပေးတတ်ကာ စိတ်ပြေသောအခါ အေးဆေးသက်သာ တောင်းပန်တိုးလျှိုး ပြောဆိုတတ်ပါသည်။ အသေးအဖွဲလေးမျှဆိုလျှင် မသိဟန်ဆောင်နေသည်က များပါသည်။ အလုပ်များသည့်အလျောက်အလုပ်ခိုင်းလျှင် တစ်ခုပြီးတစ်ခု ခိုင်းမိတတ်ပါသည်။ တစ်ခုမပြီးသေးခင် တစ်ခုထပ်ခိုင်းသည်နှင့် ကြုံရဖန်များသည့်အခါ တပည့်များ၊ ကျောင်းသားများက စိတ်မရှည်တတ်ကြပါ။ နာမည်ခေါ်လိုက်လျှင် အော်ဟစ်ဆောင့်အောင့်၍ ထူးလေ့ရှိပါ သည်။ ထိုအခါ မိမိကိုယ်ကိုယ် ပြန်လည် ဆင်ခြင်ကာ နာမည်ဆက်၍ မခေါ်တော့ဘဲ အလုပ်ဆက်လုပ်နေလိုက်ပါသည်။ နာမည် (ဘွဲ့)ခေါ်သည့်အခါ ဘုရားဟု ပုံမှန်ထူး လျှင် ရာသီဥတုသာယာနေမှန်းသိရပါသည်။ ထိုအခါ ခိုင်းရ၊ ပြုရသည်မှာ အဆင်ပြေပါသည်။ ဘုရာ့ဟုဆောင့်အောင့်ထူးလျှင် လှိုင်းကြီးလေထန်နေမှန်း သိရပါသည်။ ဆက်လက်ခရီးမထွက်တော့ပါ။ သို့သော် ထို ဘုရာ့ဟူသည့်အသံကို ယနေ့ထက်တိုင် ကြားယောင်နေမိပါသည်။ တပည့်တွင်လည်း ဒေါသနှင့်ပင်။
စာရေးသူ နာယကပေါက်စအရွယ်၌ တိုက်တာကိစ္စအတွက် ဘဏ်သို့သွားရ တတ်ပါသည်။ ဝန်ထမ်းများညွှန်ပြသည့်နေရာသွားရသဖြင့် နာမည်ခေါ်မှလာရမည်မခေါ်လျှင် မလာရစနစ်ကို မသိရှိခဲ့ပါ။ ညွှန် လိုက်သည့်အတိုင်း ဒင်္ဂါးပြားလေးကို ကောင်တာတွင် တင်ထားလိုက်ပါသည်။ ခဏအကြာတွင် ဒါဘယ်သူ့ဟာလဲ၊ နာမည် ခေါ်မှတင်ရမှာ မသိဘူးလား၊ တစ်ယောက် မပြီးသေးဘဲ နောက်တစ်ယောက် လုပ်မပေးနိုင်ဘူးဟု အော်ဟစ်ပါတော့သည်။ စာရေးသူလည်း ပြာပြာသလဲထကာ ထို ဝန်ထမ်းဆီသွား၍ ဒကာကြီးဦးဇင်းဟာပါ။ မသိလို့တင်မိတာပါဟုပြောလိုက်ပါသည်။ ထိုသူ့မျက်နှာ တင်းနေရာမှပျော့ပြောင်းသွားပါသည်။ စူပုပ်နေရာမှ ပြုံးသွားပါသည်။ တည်ငြိမ်စွာပင် ဟိုနားမှာထိုင်နေဘုရား၊ ဘွဲ့အော်ခေါ်လိုက်မယ်ဘုရားဟု ပြန်လျှောက်ထားသည်နှင့် ကြုံခဲ့ရပါသည်။ ငွေစက္ကူများတစ်ရွက်ချင်း ရေတွက်နေရသဖြင့် စိတ်ရှည်ပုံမရပါ။ သူစိတ်မရှည် သည်နှင့်ပင် စာရေးသူသည် အသားလွတ် အအော်ခံလိုက်ရပါသည်။ စိတ်ပင်ပန်းသည့် အလုပ်ဖြစ်၍ စိတ်ရှုပ်နေပုံရပါသည်။ နေ့စဉ်နှင့်အမျှ လုပ်နေရသဖြင့် ပူလောင် နောက်ကျိနေပုံရပါသည်။ အေးရာအေး ကြောင်း စိတ်အပန်းဖြေနည်းလည်း သိပုံမရပါ။ သိလျှင်လည်း အချိန်ပေးနိုင်လိမ့်မည် မဟုတ်ပါ။ ပူလောင်နေသော လူသားများကို စာနာစိတ်များ အရေထူကာ ထုသားပေသားကျလာခဲ့ပေသည်။ ကျေးဇူးတင်စရာပင်။
ဆက်လက်ဖော်ပြပါမည်။
(၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၉)တွင် ဖော်ပြပါရှိသော စာမူဖြစ်ပါသည်)