သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄-ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၄-ခ)
—————————
“ နှလုံးသားမဲ့သော အသိတရား
——————-—
အရှင်ဝီရသူ (မစိုးရိမ်)

စာရေးသူ ပြည်တော်ပြန်ရောက်ခါစ၌ စာရေးသူကျောင်း၌ သာမဏေပေါက်စလေးတစ်ပါးရှိပါသည်။ ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင်အဆင့်တွင်ရှိပါသည်။ မျက်နှာလွှဲ၍ ရိုက်တတ်သည်အထိ ကျွမ်း ကျင်ပါသည်။ ဘေးမှထိုင်ပြောပေးလျှင် လည်း ပြောသူမပြီးသေးခင် သူကစာစီပြီး သွား၍ စောင့်နေရသည်အထိ မြန်ဆန်ပါ သည်။ လူဝတ်လဲသွားသည့်အခါ စာရေးသူထံ၌သာ အမြဲနေပါသည်။ စာရေးသူက အိုင်တီအရာရှိအဖြစ် သူ့ကိုခန့်ထားလိုက် ပါသည်။ပိတ်သိမ်းခံလိုက်ရသည့် စာရေးသူ အကောင့်၌ တွေ့မြင်ရသည့် သတင်းများ၊ ရုပ်သံများ၊ ဖိုတိုရှော့များ၊ ဖိုတိုစာတန်းများ သည် သူ၏လက်ရာဖြစ်ပါသည်။ လူကောင်က သေးသေးလေးပါ။ အရပ်လည်းပု၊ ပိန်လည်းပိန်ဖြစ်၍ ရှူနာရှိုက်ကုန်းပုံစံ ပေါက်နေပါသည်။ မျက်လုံးတစ်ဖက်ကလည်း ပုံမှန် မဟုတ်ပါ။မွေးရာပါဟုဆိုပါသည်။ အကောင်သေးသော်လည်း ဒေါသကမသေးပါ။ လူပုသည့်အလျောက် စိတ်တိုတတ်ပါသည်။ ကလေးလည်းဖြစ်နေ၍တစ်ကျောင်းလုံးက သူ့ကိုသာ အလိုလိုက်နေရပါသည်။ စိတ်မရှည်သူဖြစ်သဖြင့် ဆက်ဆံရေးက အဆင်မပြေ။ ကွန်ပျူတာပညာ မာန်တက်နေ၍ အခြားလူများကို အထင်အမြင်သေးကာ ရိုသေလေးစားမှု ဂါရဝနိဝါတလည်း မရှိတော့ပါ။ တပည့်များက စာရေးသူမျက်နှာဖြင့် သူ့အပေါ် သည်းခံနေကြသကဲ့သို့ စာရေးသူကိုယ်တိုင်လည်း သူ့မျက်နှာသာကြည့်နေရပါသည်။ သူမကြည်လျှင် အလုပ်မခိုင်းရဲပါ။ သူကြည်မှ အလုပ်ခိုင်းရပါသည်။ စာရေးသူက ဟိုလိုလေး လုပ်ပေးပါ၊ ဒီလိုလေးလုပ်ပေးပါဟု ခိုင်းသည့်အခါ သူစိတ်ကြည်နေလျှင် ချောမောစွာ လုပ်ပေးတတ်ပါသည်။ သူစိတ်မရှည်လျှင် ဟိုဟာမရဘူး၊ ဒီဟာမရဘူး ဆင်ခြေပေးပါသည်။ ထိုအခါ စာရေးသူက သူတစ်ပါးပြုလုပ်ထားသည်ကို ကိုးကားကာ ဒီမယ်လေကွာ၊ ဒီလိုလေး ပြောတာဟု ဖုန်းထဲမှာသိမ်းထားသည့်ပုံစံများပြလျှင် ပို၍စိတ်တိုသွားတတ်ပါသည်။ ကွန်ပျူတာကီးဘုတ်ကို ဗြောင်းဗြောင်းဟု ပြင်းထန်စွာ ရိုက်ပြပုတ်ပြကာ ဒီမှာ၊ ဒီမှာ မြင်လား၊ မြင်လားဟု ပြန်အော်တတ်ပါ သည်။ ထိုအခါစာရေးသူလည်း အသာလေး လစ်ထွက်ခဲ့ရတတ်ပါသည်။ ကိုယ့်အရိပ်ခို၊ ကိုယ့်ထမင်းစား၊ ကိုယ့်လစာယူနေသည့် တပည့်ရင်း အလုပ်သမားဝန်ထမ်းလေး ကိုလည်း စာရေးသူကကြောက်ရသည်ပင်။

စာရေးသူနှင့် ပညာဒါန လုပ်ဖော်ကိုင်ဖက်နောင်တော်ကြီးတစ်ပါး ရှိပါသည်။ သူနှင့်တွေ့တိုင်း စာရေးသူက ကိုယ်လိုချင်သည့်ပုံစံများ ပြောပြလေ့ရှိပါသည်။ တစ်ခါသော်စာရေးသူကို ဒေါသတကြီး ပြန်ပြောပါသည်။ အော်ကြီးဟစ်ကျယ် မဟုတ်သော်လည်း ဒေါသသံမှန်း သိလိုက်ရပါသည်။ နှစ်ကိုယ်ကြားဖြစ်သဖြင့်လည်း မည်သူမျှမသိပါ။ အကောင်အထည်ဖော်ရန်အတွက် သူ့တွင်လည်း အခက်အခဲရှိနေပါ လိမ့်မည်။ နိစ္စဓူဝအလုပ်ကြီးဖြစ်နေ၍ စိတ်မရှည်နိုင်ခြင်းလည်း ဖြစ်ပါလိမ့်မည်။ ဒေါသစကား ပြောလာပြီဆိုကတည်းက သူ့ရင်ထဲတွင် အစိုင်အခဲကြီးထွားနေမည်မှာ အသေအချာပင်။ ထို့ကြောင့်စာရေးသူက မျက်နှာလွှဲကာ တစ်ခြားဘက်သွား၍အလုပ် ရှာလုပ်လိုက်ရပါတော့သည်။ အတင်း အကြပ်စေခိုင်းသည်လည်းမဟုတ်၊ မလုပ် ၍ အပြစ်တင်သည်လည်းမရှိ၊ လူရှေ့သူရှေ့ ဆရာလုပ်သည်လည်း မဟုတ်ပါဘဲ စာရေး သူမှာ အပက်ခံလိုက်ရလေသည်။ အလုပ် လုပ်လျှင် အတွေ့အကြုံရတတ်သည် မဟုတ်ပါလော။

စာရေးသူနှင့် ဂျာနယ်အတူတွဲလုပ်ကိုင်သည့်လူငယ်လေးတစ်ယောက်ရှိသည်။ လူပျံတော် ပတ္တမြားလေးဖြစ်၏။ အိုးဘို ကျောင်းဆင်းလေးဖြစ်ကာ သဟာယ ကျောင်း၌သာနေပါသည်။ လူဝတ်လဲသွားသော်လည်း နေရာပြောင်းမသွားပါ။ ဂျာနယ်ရုံးခန်းဖွင့်သည့်အခါ ရုံးမှာအမြဲနေ ပါသည်။ သူကသတင်းအယ်ဒီတာ၊ သူနှင့် အကြောင်းပါသူက စာပြင်အယ်ဒီတာအဖြစ် ကုသိုလ်ယူပါသည်။ စနေ၊ တနင်္ဂနွေ စာပြင် လာရင်း နှစ်ပေါင်းများစွာကြာသည့်အခါ သံယောဇဉ်ဖြစ်သွားကြပုံရပါသည်။ အိုးချင်း၊ ကြိုးချင်းစကားပုံအတိုင်းပင်။ တပည့်လေးက ကိုယ်ပိုင်လုပ်ငန်းလည်းမရှိ၊ ငွေကြေးလည်းမချမ်းသာ။ သူ့အမျိုးသမီးက မူကြိုကျောင်းဖွင့်ထားသည့်ဆရာမ၊ အတန်အသင့် ချမ်းသာသူဖြစ်သဖြင့် သူ့အမျိုးများက သဘောမတူကြပါ။ အသက်လည်း အတော်ကွာဟပါသည်။ လေးဆယ်ကျော်ဆရာမနှင့် သုံးဆယ်ခန့် အယ်ဒီတာလေးပါ။ ယင်းတို့ မင်္ဂလာဆောင်ခါနီးချိန် တစ်နေ့သောအခါ ဆရာမ၏အစ်ကိုက စာရေးသူကို လေဆိပ်လာကြိုရင်း လမ်း၌ ပေါက်ကွဲပြပါသည်။ စာရေးသူအသာလေး ကုပ်နေရပါသည်။ သူသည် စာရေးသူကြွလေရာ ကားမောင်းပို့ပေးနေသည့် ကားဆရာဖြစ်ပါသည်။ မိမိ ကားဆရာက မိမိအား ဒေါနှင့်မောနှင့် ပြောနေသည်ကို နားထောင်ပေးနေရသည့် မိမိဘဝ၏ဒုက္ခကလည်း မသေးငယ်လှပါ။ လူ့ဂုဏ်အသိုင်းအဝိုင်း ဆိုသည်ကလည်း ရှိသေးသဖြင့် အဆင့်အတန်းဆိုသည်ကလည်း ရှိနေမည်သာ။ ဂုဏ်ဓနနှင့် ဘုံဘဝသည် ခွဲခြားမရသည့် အမြွှာညီအစ်ကိုအလား ဘုံဘဝတွင်နေသူတိုင်း ဂုဏ်ဓနဒဏ် ခံရမည်သာဖြစ်လေသည်။ကားဆရာလည်း သူ၏ညီမကို လူမသိသူမသိ အထီးကျန် ရွာသား လူပျံတော်လေးနှင့် မည်သို့ သဘောတူနိုင်ပါမည်နည်း။ သူပြောသည့် အထဲမှ ရေပြွတ်ဆိုသည်ကိုသာ မှတ်မိပါတော့သည်။ သူကဘာပါလို့လဲ၊ ရေပြွတ်ပဲပါတာ၊ သူကဘာရှိလို့လဲ ရေပြွတ်ပဲ ရှိတဲ့ဥစ္စာ စာရေးသူသည် ရယ်လည်းရယ်ချင်၊ သနားလည်းသနား၊ ကိုယ်ချင်းလည်းစာနာဖြစ်နေ၍ တစ်ခွန်းမျှပြန်မပြောဘဲ သူကျေနပ်သည်အထိ ပြောခွင့်ပေးကာ သတိထားဆက်ဆံနေရပါသည်။ သူ့လေသံ မမြင့်မားတော့မှ ဩဝါဒပေးပါသည်။

ဆက်လက်ဖော်ပြပါမည်။

(၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၉)တွင် ဖော်ပြပါရှိသော စာမူဖြစ်ပါသည်)