သတင်း

ကိုလိုနီအစိုးရခေတ်ပြန်ရောက်နေတာလား

အမျိုးသားရေးသမားတွေကိုနှိပ်ကွပ်တယ်ဆိုတာ ကိုလိုနီခေတ်မှာပဲရှိခဲ့တယ်။ အခုတော့ ကိုလိုနီလက်အောက်ခံဘဝပြန်ရောက်နေသလိုပဲ။
ဘာလက်နက်မှမပါဘဲ နိုင်ငံတော်လုံခြုံရေးအတွက် အမှန်တကယ်စိုးရိမ်လို့ တိုင်ကြားကြတဲ့ တာဝန်သိပြည်သူတွေကို ဆူပူလှုံ့ဆော်မှုပုဒ်မနဲ့ ဖမ်းဆီးထားပြီး တုတ်ဓားလက်နက်ကိုင်ဆောင်ပြီး ရဲတပ်ဖွဲ့တွေ ရှေ့မှောက်မှာပဲ ရဲနှင့် တာဝန်သိပြည်သူတွေကိုအကြမ်းဖက်ခဲ့တဲ့ သူတို့အမျိုးတွေကျ အကာအကွယ်ပေး ထားတာဟာ အရပ်သားဒီမိုကရေစီအစိုးရရဲ့ လုပ်ဆောင်ချက်လေလား။


ဝီရသူ(မစိုးရိမ်)
19.6.2017
PM 5:43
==========================================================


“မင်္ဂလာတောင်ညွန့်ရုန်းရင်းဆန်ခတ်အမှု တရားလိုရဲမှူးကို လာမည့်ရုံးချိန်တွင် စတင်စစ်ဆေးမည်”
ရန်ကုန်၊ ဇွန် ၁၆
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုနှင့်ပတ်သက်ပြီး လာမည့်ရုံးချိန်းတွင် တရားလိုကို စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇွန် ၁၆ ရက်တွင် မင်္ဂလာတောင်ညွန့်တရားရုံး၌ တရားစွဲခံရသူ စွပ်စွဲခံငါးဦးကို ရုံးထုတ်ခဲ့ပြီး တရားလို မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့မှူးကို စစ်ဆေးရန် ဇွန် ၂၇ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆိုလိုက်သည်။
စွပ်စွဲခံမြတ်ဘုန်းမိုရ်၏ရှေ့နေ တရားလွှတ်တော်ရှေ့နေဦးအေးပိုင်က “ကျင့်ထုံးဥပဒေ ၅၁၂ အရ တရားဥပဒေအရ ဆောင်ရွက်ဖို့ကြားဖြတ်အမိန့်ချပါတယ်။ ဒါကြောင့် လာမယ့် ၂၇ ရက်မှာ တရားလိုဖြစ်တဲ့ မြို့နယ်မှူးကို စပြီးစစ်မယ်”ဟု မီဒီယာများကိုဖြေကြားခဲ့ပါတယ်။
ယနေ့ရုံးထုတ်ရာတွင် စွပ်စွဲခံများကို ဝန်းရံသူအချို့နှင့် ရဲတပ်ဖွဲ့အချို့တို့ အချင်းများမှုများရှိခဲ့သည်။
စွပ်စွဲခံတစ်ဦးက တရားရုံးဝင်းအတွင်း ကဗျာရွတ်ဆိုရန်ပြုလုပ်စဉ် ရဲတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့ရာမှ ဝန်းရံသူများနှင့် အချင်းများခဲ့ခြင်းဖြစ်သည်။
ထို့နောက် စွပ်စွဲခံတင်လင်းထိုက်(ခ)ကိုလင်းလင်းက တရားရုံးအချုပ်ခန်းအတွင်းမှနေ၍ ကဗျာတစ်ပုဒ်ရွတ်ဆိုခဲ့သည်။
မင်္ဂလာတောင်ညွန့် အဓိကရုဏ်းဖြစ်စဉ်အပေါ် စွပ်စွဲခံတစ်ဦးက “ကျုပ်တို့က အကြောင်းကြားသတင်းပေးရုံ တင်ပေးတာ။ ရဲချုပ်ကိုယ်တိုင်ပြောထားတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ မသင်္ကာဖွယ်ရာလူဆိုရင် အကြောင်းကြားပါဆိုတော့ ကျုပ်ကစခန်းအကြောင်းကြားတယ်။ အဲဒီအတွက် စခန်းကိုအကြောင်းကြားတာ အပြစ်ရှိလား” ဟု တရားရုံးအချုပ်ခန်းအတွင်းမှ အော်ဟစ်ပြောဆိုခဲ့သည်။
ရုံးထွက်ရာတွင်လည်း စွပ်စွဲခံရသူအချို့နှင့် ဝန်းရံသူများက “အမျိုးသားရေးအောင်ရမည်” ဟုလည်း အင်းစိန်ထောင်သို့ ပြန်ရန်အချုပ်ကားပေါ်သို့အတက်တွင် ကြွေးကြော်ခဲ့ကြသည်။
တရားရုံးတွင် ရုံးထုတ်ခဲ့သူ အစွပ်စွဲခံငါးဦးမှာ ကိုလတ်(ခ)တင်ထွဋ်ဇော်၊ မအောင်အောင်မြင့်၊ တင်လင်းထိုက်(ခ) လင်းလင်း၊ တင်ဌေးအောင်(ခ)အကြီးကောင်နှင့် မြတ်ဘုန်းမိုရ်တို့ဖြစ်သည်။
မေလ ၉ ရက် ည ၁၀ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ လူစုလူဝေးဖြင့် ရုန်းရင်းဆန်းခတ်ဖြစ်ပွားခဲ့ပြီး နောက် မေ ၁၁ ရက်တွင် အဆိုပါဖြစ်စဉ်၌ အဓိကပါဝင်ပတ်သက်ခဲ့သူ သံဃာနှစ်ပါးနှင့် လူပုဂ္ဂိုလ်ငါးဦးတို့အား မင်္ဂလာတောင်ညွန့်မြို့နယ်ရဲမှူးက တရားလိုပြုလုပ်ကာ မြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထား၍ ပုဒ်မ ၅၀၅(ဂ)/၃၄ ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
မေလ ၁၁ ရက်ညပိုင်းက ကိုလတ်(ခ)တင်ထွဋ်ဇော်နှင့် ဇနီးမအောင်အောင်မြင့်တို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး တင်လင်းထိုက်(ခ)လင်းလင်းနှင့် တင်ဌေးအောင်(ခ)အကြီးကောင်တို့နှစ်ဦးမှာ မေလ ၁၅ ရက်က မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။
ဖမ်းဝရမ်းထုတ်ထားသူ ခုနစ်ဦးအနက် လက်ရှိတွင် လူပုဂ္ဂိုလ်ငါးဦးကို ဖမ်းဆီးထားပြီး သံဃာနှစ်ပါးကိုမူ ဖမ်းဆီးမိခြင်းမရှိသေးကြောင်း သိရသည်။
WYHW