သတင်း

စက်ကွင်းမမိစေနဲ

28.11.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့သည့် ထောက်ကြန့်မြို့နယ် လမင်းသာစားသောက်ဆိုင် အမှတ်-၂ ပြဿနာနှင့်ပတ်သက်ပြီး စော်ကားသူနှင့် စော်ကားခံရသူဟူ၍ နှစ်မျိုးရှိရာတွင် စော်ကားခံရသူက ကျမ်းပြုဆရာတော်ကြီးဖြစ်နေသောကြောင့် စော်ကားသူများမှာ လွန်စွာအပြစ်ကြီးမားကြောင်းကို ကျမ်းဂန်အထောက်အထားဖြင့် အများသိအောင် ရေးသားပါမည်။

ရှင်မဟာမောဂ္ဂလာန်မထေရ်ကို ခိုးသားငါးရာတို့က ထောင်းထုရိုက်နှက် ခုတ်ထစ် သတ်ဖြတ်ကြသည်မှာ အရိုးတစ်ခြား အသားတစ်ခြားပင်ဖြစ်ပါသည်။

ထိုကိုအကြောင်းပြု၍ မြတ်စွာဘုရားက သူတော်ကောင်းကို ကျူးလွန်စော်ကားသူတွေ ခံစားရမည့် အပြစ်များကို ယခုလို ဟောကြားခဲ့ပါသည်။

ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေဝ နိဂစ္ဆတိ။

(မပြစ်မှားအပ် မပြစ်မှားထိုက်ကုန်သော သူတို့ကို ကိုယ်ထိလက်ရောက် ပြစ်မှားသူမှာ ဒုက္ခဆယ်ပါးတို့တွင် တစ်ပါးပါးသို့ ကျရောက်တတ်ပါသည်။)

ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ ဝ ဘေဒနံ။
ဂရုကံ ဝါပိ အာဗာဓံ၊ စိတ္တက္ခေပံ ဝ ပါပုဏေ။

(ကြမ်းကြုတ်စွာသော ခေါင်းခဲနာ၊ ဥစ္စာဆုတ်ယုတ်ခြင်း၊ လက်ပြတ်ခြေပြတ်ကိုယ်ပျက်ခြင်း၊ မျက်စိကွယ်ခြင်း နူနာစွဲခြင်းတည်းဟူသော ကြီးမားသောရောဂါများ၊ အရူး-စိတ္တဇရောဂါ ရရှိခြင်း)

ရာဇတော ဝါ ဥပသဂ္ဂံ၊ အဗ္ဘက္ခာနံ ဝ ဒါရုဏံ။
ပရိက္ခယံ ဝ ဉာတီနံ၊ ဘောဂါနံ ဝ ပဘဂုင်္ရံ။

(မင်းဘေးသင့်ခြင်း၊ စွပ်စွဲခံရခြင်း၊ ဆွေမျိုးတို့ပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာပျက်စီးခြင်း၊)

အထ ဝါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ ပါပကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။

(မိုးကြိုးပစ်ခြင်း-လောင်မီးကျခြင်း၊ မီးဘေးသင့်ခြင်း၊ ငရဲသို့ရောက်ခြင်းတို့ဖြစ်ပါသည်။)

(ဓမ္မပဒပါဠိတော်၊ ဒဏ္ဍဝဂ်၊ မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု၊)

ဤဆယ်ပါးတို့တွင်
အမှတ်-၂ ဇာနိ-ဥစ္စာဆုတ်ယုတ်ခြင်းဆိုသည်မှာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဆင်းရဲငြိုငြင်စွာ ရှာဖွေ၍ ရရှိထားသော ချွေးနည်းစာဥစ္စာများ ဆုံးရှုံးရခြင်းကို ဆိုလိုပါသည်။

အမှတ်-၄ ဂရုကာဗာဓ- ကြီးမားသောရောဂါဟူသည် ခြေဆွံ့ခြင်း၊ မျက်စိတစ်ဖက်ပျက်ခြင်း၊ ခါးကုန်းခြင်း၊ ကောက်ကွေးခြင်း၊ နူနာစွဲခြင်း စသည်တို့ဖြစ်ပါသည်။

အမှတ်-၆ ဥပသဂ္ဂ- မင်းဘေးသင့်ခြင်းဟူသည် ဝန်ထမ်းဖြစ်လျင် အလုပ်ပြုတ်ခြင်း၊ အရာရှိဖြစ်လျင် ရာထူးကျခြင်း၊ ပိုင်ဆိုင်မှုများအသိမ်းခံရခြင်း စသည်တို့ဖြစ်ပါသည်။

အမှတ်-၇ အဗ္ဘက္ခာဏ- စွပ်စွဲခံရခြင်းဟူသည် မိမိ မမြင်ဖူး၊ မကြားဖူး၊ စိတ်ကူးမျှပင် မကြံစည်ဖူးသော ဖောက်ထွန်းမှုကျူးလွန်ခြင်း၊ နိုင်ငံတော်ပုန်ကန်ခြင်း စသည်ဖြင့် ကြီးလေးသောအပြစ်များ ကျူးလွန်၏ဟု မတော်မတရား စွပ်စွဲခံရခြင်းကို ဆိုလိုပါသည်။

အမှတ်-၈ ဉာတိပရိက္ခယ- ဆွေမျိုးတို့ပျက်စီးခြင်းဟူသည် မိမိအပေါ်ကျေးဇူးကြီးမားသည့် မိမိမှီခိုအားထားရာ ဆွေမျိုးအကြီးအကဲတို့ ပျက်စီးခြင်းကိုဆိုလိုပါသည်။

အမှတ်-၉ ဘောဂပဘင်္ဂု- စည်းစိမ်ချမ်းသာတို့ ပျက်စီးခြင်းဟူသည် ရွှေများ မီးသွေးဖြစ်သွားခြင်း၊ ပုလဲများ ဝါစေ့ဖြစ်သွားခြင်း၊ ဒင်္ဂါးပြားများ အိုးခြမ်းကွဲဖြစ်သွားခြင်း၊ စပါးများရေမျောသွားခြင်း စသည်တို့အပြင် မွေးမြူရေးလုပ်လျင်လည်း ကြက် ငှက် စသော သတ္တဝါတို့ ရောဂါဘေးကပ်ဆိုက်ခြင်း(ဝါ)ကြက်နာကျခြင်း ဝက်နာကျခြင်းတို့ ဖြစ်ပါသည်။

အမှတ်-၁၀ အဂ္ဂိဍယှတိ- လောင်မီးကျခြင်းဟူသည် တစ်နှစ်တည်းမှာ နှစ်ကြိမ်သုံးကြိမ် မီးလောင်ခြင်း၊ မီးဘေးသင့်ခြင်းမဟုတ်ဘဲ လောင်စာမရှိပါပဲလျက် အလိုလိုမီးထလောင်ခြင်း၊ မိုးကြိုးကျသဖြင့် မီးလောင်ကျွမ်းခြင်း စသည်တို့ဖြစ်ပါသည်။

ဤသည်မှာ မျက်မှောက်ဘဝမှာတင် ခံစားရမည့် အပြစ်များဖြစ်သည့်အပြင် ငရဲကျပြီးနောက် သံသရာတစ်လျှောက်မှာလည်း ထပ်ကြပ်မကွာ လိုက်ပါလာကာ ဝဋ်ကြွေးအဖြစ် ဆက်လက်ပေးဆပ်ရဦးမည့် အကုသိုလ်အကျိုးဆက်ကြီးဖြစ်ပါသည်။ (ဓမ္မ။ ဋ္ဌ။ ၁။ ၄၅။)

အပ္ပဒုဋ္ဌေသု ဟိ ပဒုဿန္တော၊ ဒသဟိ ကာရဏေဟိ အနယဗျသနံ ပါပုဏာတိယေဝ။ (ဓမ္မ။ ဋ္ဌ။ ၁။ ၄၄။)

ဤသည်ကိုရည်ရွယ်၍ မြတ်စွာဘုရားက မပြစ်မှားထိုက် မပြစ်မှားအပ် မပြစ်မှားသင့်ကုန်သော သူတော်ကောင်းတွေအပေါ် ပြစ်မှားသောသူသည် ဤအကြောင်းတရားဆယ်ပါးတို့ကြောင့် ပျက်စီးခြင်းသို့ ရောက်ရှိ၏ဟု ဟောတော်မူခြင်းဖြစ်ပါသည်။

မန်လည်ဆရာတော်ကြီးကလည်း မဃဒေဝကျမ်းကြီးမှာ ဤသို့ မိန့်ဆိုတော်မူပါသည်။

အပြစ်ကင်းစွာ၊ နိပ္ပရာဓ၊ ဒေါသမဲ့ငြား၊ သူမြတ်များအား ပြစ်မှားတုံက၊ မိုးပေါ်လကို၊ စိတ်ကငြူစူ၊ ပစ်သောမြူသည်၊ ပစ်သူတို့သာ၊ ကျရောက်လာသို့၊ မှန်စွာအပြီး၊ နောက်ပိုးစီးလျက်၊

မြေကြီးမျိုရှောင်း၊ မိကျောင်းသစ်ကျား၊ ဖမ်းစားဘီလူး၊ ရေကူးလှေမှောက်၊ စိတ်နောက်သွေးအန်၊ ဒေဝဒဏ်ဟု၊ နဘန္တရ၊ နတ်ချဝင်းလျှံ၊ စက်ပျံမိုးကြိုး၊ ပြစ်ရှစ်မျိုးနှင့်၊

လွှမ်းမိုးပြင်းစွာ၊ ဝေဒနာကြီးမား၊ လျော့ပါးစည်းစိမ်၊ နေအိမ်မီးလောင်၊ ကုန်အောင်ကျွမ်းသက်၊ ကျိုးပျက်အင်္ဂါ၊ နူနာစိတ်ဖောက်၊ ကျရောက်မင်းဒဏ်၊ မမှန်စွပ်စွဲ၊ ပြိုကွဲမျိုးဆွေ၊ ရွှေ ငွေ ကျွဲ နွား၊ ယွင်းဖောက်ပြားသား၊ ဆယ်ပါးမျက်မှောက်၊ ဒဏ်ကြီးရောက်၍၊ နောက်၌အမြဲ၊ သေဖောက်လဲသော်၊ ငရဲကြီးစွာ လားတို့ရာ၏။ ဟု မိန့်ဆိုထားပါသည်။
(မဃဒေဝ။ ၂၅၇။)

မန်လည်ဆရာတော်ကြီး၏ မိန့်ဆိုချက်တွင် အပြစ်ရှစ်ပါး(ဒေဝဒဏ်ရှစ်ပါး)လည်း ပါရှိပါသည်။

၎င်းရှစ်ပါးကား မြေမျိုခြင်း၊ မိကျောင်းစားခြင်း၊ ဘီလူးပူးခြင်း၊ လှေမှောက်ခြင်း၊ ရူးနှမ်းခြင်း၊ သွေးအန်ခြင်း၊ ကျားစားခြင်း၊ မိုးကြိုးကျခြင်းတို့ ဖြစ်ပါသည်။

မြေကြီးမျိုရှောင်း၊ မိကျောင်းသစ်ကျား၊ ဖမ်းစားဘီလူး၊ ရေကူးလှေမှောက်၊ စိတ်နောက်သွေးအန်၊ ဒေဝဒဏ်ဟု၊ နဘန္တရ၊ နတ်ချဝင်းလျှံ၊ စက်ပျံမိုးကြိုး၊ ပြစ်ရှစ်မျိုးနှင့်၊ (မဃဒေဝ။ ၂၅၇။)

နိုင်ငံရေးလောဘကြောင့်ဖြစ်စေ စီးပွားရေးလောဘကြောင့်ဖြစ်စေ ဒေါသအလျောက်ဖြစ်စေ အထင်အမြင်လွဲမှားသောကြောင့်ဖြစ်စေ မည်သည့်အကြောင်းမျှပင်ဖြစ်စေ မပြစ်မှားအပ် မပြစ်မှားသင့် မပြစ်မှားထိုက်သော သူတော်ကောင်းများအပေါ် ကာယကံ ဝစီကံဖြင့် မပြစ်မှား မကျူးလွန်ကောင်းပါ။

ပြစ်မှားကျူးလွန်လျှင် အပြစ်ရှစ်ပါး၊ ဒဏ်ဆယ်ပါး ကျရောက်နိုင်ပါသည်။

ထို့အတူ ထိုသို့ကျူးလွန်နေသည်ကို ဝမ်းသာခြင်း၊ ထောက်ခံခြင်း၊ သဘောတူခြင်း၊ အားပေးခြင်း ဝမ်းသာအားရ ကျေနပ်ပျော်ရွှင်ခြင်းစသည်ဖြင့် စိတ်ထဲက ကြိတ်ပြီး အားပေးနေသူများသည်လည်း ကျူးလွန်သူနှင့်ထပ်တူ အပြစ်ကို ရှယ်ယာယူရာရောက်ပါသည်။

ထို့ကြောင့် လှည်းကူး၊ ရမ္မာဝတီဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒကအား ကျူးလွန်စော်ကားခြင်း အမှုအခင်းသတင်းနှင့်ပတ်သက်၍ ဆရာတော်ကြီးအပေါ် လိုင်းပေါ်မှ စိတ်ဖြင့်ဖြစ်စေ စာရေးသား၍ဖြစ်စေ ပြစ်မှားမိကြသူများ ပြန်လည်ဝန်ချတောင်းပန်စေလိုပါသည်။ သို့မှသာ ဒဏ်ဆယ်ပါး အပြစ်ရှစ်ပါးတို့ မိမိအပေါ် မကျရောက်ဘဲ ရှောင်လွှဲပပျောက်သွားမှာဖြစ်ပါသည်။

ထို့အပြင် လမင်းသာစားသောက်ဆိုင်အမှတ်-၂ ပိုင်ရှင်နှင့်အတူ ကျူးလွန်ရာတွင် ပါဝင်သောသူအားလုံးနှင့် ခပ်ကင်းကင်း ခပ်ဝေးဝေး နေစေလိုပါသည်။

အကြောင်းကား သူတို့နှင့်နီးလျှင် မိုးကြိုးပစ်သည့်အခါနှင့် အခြားသော ဘေးဥပဒ်များ ကျရောက်သည့်အခါမျိုးတွင် စက်ကွင်းမိနိုင်သောကြောင့်တည်း။

ဝီရသူ(မစိုးရိမ်)
4.12.2017
PM 10:58