S= Situation- ခေတ်၏အခြေအနေ
I= Intention- စာရေးသူ၏ ရည်ရွယ်ချက် စာရေးသူ၏ စေတနာ
M= Matter- အကြောင်းအရာ
A= Approach- ချဉ်းကပ်နည်း(သို့မဟုတ်)ဇောင်းပေးခြင်း
C= Consistency- အကြောင်းအကျိုး(သို့မဟုတ်) ရှေ့နှင့်နောက် ဆီလျော်ခြင်း(သို့မဟုတ်)ညီညွတ်ခြင်း။
ဒီငါးချက်ကို မှတ်သားထားတာ ကြာပါပြီ။
စာသင်သားတစ်ပိုင်း၊ စာချဆရာတော်တစ်ပိုင်း နာယကလောင်းဘဝကတည်းကပါ။
ပါဠိစာပေ လေ့လာနည်းမှာတော့ ဒီထက်ပိုကျယ်ပြန့်ပါတယ်။
သံဝဏ္ဏနာ နည်းလေးဆယ်၊ ဥပစာဆယ်ပါး စုံနေအောင်ပါပဲ။
နိုင်ငံရေးသမားတွေရယ် လော်ဘီတွေရယ် စာမဖတ်တတ်မှန်း အတော်သိသာတယ်။ စာဖတ်တတ်တဲ့သူဆိုရင် ပြောလိုက်တဲ့စကားတစ်ခွန်း ရေးလိုက်တဲ့ စာတစ်ကြောင်းရဲ့ နောက်ကွယ်မှာရှိတဲ့ Intention-စေတနာကို မြင်အောင်မကြည့်နိုင်တာ များတယ်။ ဒါကြောင့်လည်း သီတဂူဆရာတော်ကြီးကိုစော်ကားကြ၊ ရွာမဆရာတော်ကြီးကိုစော်ကားကြ၊ ဘုန်းကြီးမှန်းမသိ သံဃာမှန်းမသိ ရဟန်းမှန်းမသိ ကိုရင်မှန်းမသိ သီလရှင်မှန်းမသိ သူတော်ကောင်းမှန်းမသိ ထေရ်ကြီးဝါကြီးမှန်းမသိ လူကြီးလူကောင်းမှန်းမသိ စော်ကားပြီးရင်း စော်ကားရင်းနဲ့ အကုသိုလ်တွေယူနေကြတာပါ။
ယန်ဟီးလီကိုပြောတဲ့စကားတစ်ခွန်းရဲ့နောက်ကွယ်မှာ Intentionတွေရှိတယ်။ ဒါကိုမြင်အောင်ကြည့်ဖို့လိုတယ်။ အဲဒီလိုမြင်အောင်ကြည့်နိုင်ဖို့အတွက် ဆရာကြီးဦးရွှေအောင်ရဲ့ ဘဝအကျဉ်းသားစာအုပ်ထဲက စာဖတ်နည်းဆိုတဲ့ ဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်။
စာဖတ်တတ်ကြပါစေ။
နားထောင်တတ်ကြပါစေ။
အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)
23.12.2017
PM 10:04
========================================================
စာပေဟူသည် ခေတ်တစ်ခေတ်၏ ကြေမုံဖြစ်၏။ ဒီလိုဆိုကြတယ်။ အဲဒီတော့ စာပေထဲမှာ ခေတ်၏သဘော ပါဝင်တယ်လို့ အဓိပ္ပါယ်ရတယ်။ ဒါကြောင့် စာဖတ်နည်းကို ဖော်ပြကြခြင်း ဖြစ်တယ်။
ဟာဖတ်နည်းကို SIMAC လို့ အတိုကောက်ဆိုကြတယ်။ အဲဒီထဲက S ဆိုတာကတော့ Situation ခေတ်၏ အခြေအနေလို့ အကြမ်းဖျင်း အနက်ရတယ်။ I ဆိုတာကတော့ Intention စာရေးသူ၏ ရည်ရွယ်ချက်၊ စာရေးသူ၏ စေတနာဖြစ်တယ်။ M ဆိုတာကတော့ Matter အကြောင်းအရာ ဖြစ်တယ်။ Aဆိုတာကတော့ Approach ချဉ်းကပ်နည်းဖြစ်တယ်။ ယခုခေတ်ကတော့ ဇောင်းပေးခြင်းလို့ ဆိုတယ်။ C ကတော့Consistency ဆီလျော်ခြင်း သို့မဟုတ် ညီညွတ်ခြင်းဖြစ်တယ်။
အဲဒီတော့ စာတစ်ပုဒ်ကို ဖတ်ရင်ဖြစ်စေ၊ ရေးရင်ဖြစ်စေ ဒီအင်္ဂါ၅ချက်ကို တွေ့အောင်ရှာရတယ်။ ဒီအင်္ဂါ ၅ ချက်ကလည်း ပေါ်ထင်ကြီးတော့ ရှိမနေရဘူး။ ပေါ်ထင်ကြီး ရှိနေပြန်ရင်လည်း ဒေါသသင့်တယ်လို့ ဆိုပါတယ်။ ရှိတော့ ရှိရမယ်၊ သွယ်သွယ်ဝိုက်ဝိုက် ရှိရမယ်။ ဒါမှ ဂုဏ်ရောက်တယ်လို့ ဆိုပါတယ်။ အဲဒီ ၅ ချက်ထဲမှာ အရေးအကြီးဆုံးကတော့ ချည်းကပ်နည်းပဲ ဖြစ်တယ်။
အကြောင်းအရာဆိုတာကတော့ ပုံဖော်စရာဖြစ်တဲ့ သဘောမို့ သိပ်ပြီး အရေးကြီးလှတယ်လို့ မသတ်မှတ်ကြပါဘူး။ သူသူငါငါ ပြောကြတဲ့အကြောင်းအရာများ အားလုံးကို အကျဉ်းချုံးလိုက်လျှင် This ဒီဟာ ဆိုတာကိုပဲ ရပါတယ်။ လောကီရေးအရ ပြောပြော၊ လောကုတ္တရာရေးအရ ပြောပြော ဘယ်သူပဲ ပြောပြော ဒီဟာကိုပဲ ပြောကြတာပဲ။
ဒီနေရာမှာ ဒီဟာဆိုတာ ပစ္စုပ္ပန်တည့်တည့်မြင်ရ ကြားရ သိရတဲ့ အာရုံများပဲ ဖြစ်ပါတယ်။ ဒီအာရုံများကို ပြောကြတဲ့နေရာမှာ ချဉ်းကပ်မှု သို့မဟုတ် ဇောင်းပေးမှုကို လိုက်ပြီး ဝါဒအမျိုးမျိုးဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ် အနုလောမနည်းနဲ့ ချဉ်းကပ်တော့ ဒုက္ခပွားစီးရေးကို မြင်ရပါတယ်။ ပဋိစ္စသမုပ္ပါဒ် ပဋိလောကမနည်းနဲ့ ချဉ်းကပ်တော့ ဒုက္ခချုပ်ငြိမ်းရေးကို မြင်ရပါတယ်။ ဒုက္ခပွားစီးရေးအတွက် ဇေငြ်းပေးခြင်းကို မိစ္ဆာပဋိပဒါလို့ ဆိုပါတယ်။ ဒုက္ခချုပ်ငြိမ်းရေးအတွက် ဇောင်းပေးခြင်းကို သမ္မာပဋိပဒါလို့ ဆိုပါတယ်။
ဘာပဲဆိုဆို ကြည့်စရာကတော့ သဠာယတန မှာ ထင်တာ အာရုံတစ်မျိုးတည်းပဲ ဖြစ်ပါတယ်။ ဒီအာရုံ တစ်မျိုးတည်းကိုပဲ This ဒီဟာလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအရာထက် ဇောင်းပေးခြင်းက ပို၍ အရေးကြီးပါတယ်။
This ဒီဟာကိုပဲ ဇောင်းပေးတဲ့အခါမှာ ကွန်မြူနစ်ဝါဒနှင့် ဇောင်းပေးရင် This ဒီဟာက တစ်မျိုးဖြစ်သွားပါတယ်။ အရင်းရှင်ဝါဒနှင့် ဇောင်းပေးရင် This ဒီဟာက တစ်မျိုးဖြစ်သွားပါတယ်။ This ဒီဟာ ကတော့ Thisဒီဟာပါပဲ။ ပရမတ္ထအရ မပြောင်းလဲနိုင်သော်လည်း ပညတ္တိအရတော့ ပြောင်းသွားတာပါပဲ။ ဘာသာရေးစကားနှင့်ပြောမယ်ဆိုရင် ဋ္ဋနိဿိတဝါဒနှင့်ကြည့်ရင် ဒါန သီလ ဘာဝနာက တစ်မျိုးဖြစ်ပြီး ဝိဝဋ္ဋနိဿိတဝါဒနှင့် ကြည့်ရင် ဒါန သီလ ဘာဝနာက တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ဇောင်းကိုပေးချင်လို့ မြတ်စွာဘုရားပွင့်တော်မူလာခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ ဇောင်းဆိုတာကတော့ သမ္မာပဋိပဒါ သို့မဟုတ် ဝိပဿနာ သမ္မာဒိဋ္ဌိပါ။ ဒါကြောင့် စာကို ဖတ်သည်ပဲဖြစ်ဖြစ်၊ စာကိုရေးသည်ပဲဖြစ်ဖြစ် စာဖတ်နည်းအင်္ဂါ ၅ မျိုးနှင့် ဖတ်တတ်ဖို့ လိုပါတယ်။
ဒီစာဖတ်နည်း ၅ မျိုးဆိုတာကလည်း တကယ်တော့ နည်းသစ်နည်းဆန်းမဟုတ်ပါ။ နေတ္တိကျမ်းမှာ ပါပြီးဖြစ်တဲ့ ရှေးခေတ် ပိဋကတ်တော်များ လေ့လာရေးနည်းပဲ ဖြစ်တယ်။ ယုတ္တိဟာရ၊ လက္ခဏာဟာရနှင့် စတုဗျူဟာ ဟာရဟာ ဒီစာဖတ်နည်းများထက် ပိုပြီးတော့ စုံပါတယ်။
စာဖတ်တဲ့အခါ ဘာကြောင့် ဒီအင်္ဂါတွေနှင့် ပြည့်စုံဖို့ လိုသလဲ။
ဒါကို သဘောပေါက်ဖို့အတွက် ကွန်ပျူတာတို့၊ သင်္ချာတို့ အကြောင်းကို နည်းနည်းသိဖို့ လိုတယ်။ အဲဒါကိုသိရင် စာဖတ်တဲ့အခါ ဒီအင်္ဂါနှင့် ပြည့်စုံမှ အနက်ကို သိမှာပဲ။ ဒီလို နားလည်လာမယ်။ မဟုတ်လို့ကတော့ သူတစ်လူ ငါတစ်မင်း တစ်ယောက်နှင့်တစ်ယောက် မတူဘဲ သိချင်သလို သိနေကြမှာ။ အဲဒီတော့ ပုဂ္ဂလဓိဋ္ဌာန်ဖြစ်ပြီး ဓမ္မဓိဋ္ဌာန် ဒါ ဘယ်တော့ရှိမလဲ။ ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ တစ်ဆင့်ထက် တစ်ဆင့် မြင့်မားတဲ့ စာရယ်လို့ ဘယ်လိုလုပ်ပြီး ထွက်လာနိုင်တော့မလဲ။
သင်္ချာဆိုပါတော့။ သင်္ချာဟာ ရှေးတုန်းက အတော်ခက်တဲ့ဘာသာ။ ဒေါက်တာဘွဲ့ရဖို့ တော်တော်ခက်တယ်။ ခုတော့ ဒေါက်တာဘွဲ့ရတဲ့သူတွေများလာပြီ။ များလာပြီဆိုတာ ရှိလာကြလို့ ပြောတာ။ အဲ ဘာကြောင့်လဲဆိုရင် လေ့လာနည်းစနစ်ကွာလို့ပဲဖြစ်တယ်။ လူကတော့ သိပ်ကွာလှတာ မဟုတ်ပါဘူး။ ရှေးကတော့ ဉာဏ်ရည် ဉာဏ်သွေးကို ပဓာနပြုတယ်။ ဒီတော့ ဉာဏ်ကောင်းမှ တတ်တာပေါ့။
ခုတော့ ဒီလို မဟုတ်ဘူး။ အချက်အလက်ကို ပဓာနပြုတယ်။
အချက်အလက် ရှာနည်းကို ပဓာနပြုပြီး သင်တယ်။ အချက်အလက် ရှာတတ်လာရင် တွက်နည်းအဆင့်ကို မြင်လာတယ်။ တွက်နည်းအဆင့် အတိုင်း တွက်ရင် ဘယ်သူတွက်တွက် မှန်တာပေါ့။ ကွန်ပျူတာဆိုရင် ပိုထင်ရှားတယ်။ ကွန်ပျူတာမှာ သိစိတ်တောင် မရှိဘူး။
ဒါပေမဲ့ အချက်အလက်တွေကို ယုတ္တိနှင့်အညီ ထည့်ပေးလိုက်ရင် ကွန်ပျူတာက အဖြေထုတ်ပေးလိုက် တာပဲ။ ကွန်ပျူတာဆိုတာ ဘယ်စဉ်းစားတတ်မလဲ။ သိစိတ်မှ မရှိတာ။ ဒါကြောင့် အဖြေထုတ်ဖို့အတွက် အချက်အလက်လိုတယ်။ ယုတ္တိလိုတယ်။
ဒါဆိုရင် စာဖတ်တဲ့အခါမှာ အဖြေ တစ်သံတည်းထွက်ဖို့အတွက် စာဖတ်နည်းပါ အချက်အလက်များ သိဖို့လိုကြောင်း ထင်ရှားတာပေါ့။ အချက်အလက်များကို ပြည့်စုံအောင် မသိရင်တော့ ကောင်းတယ်လို့ ပြောတဲ့သူက ပြောမယ်။ မကောင်းဘူးလို့ ပြောတဲ့သူက ပြောမယ်။ ဒီတော့ ခက်တာပေါ့။ ဒါကြောင့် စာဖတ်တဲ့အခါမှာ စာဖတ်နည်းများကို နားလည်အောင် လေ့လာထားသင့်တယ်။
စာဖတ်နည်းကို ပုံစံထုတ်တဲ့အနေနဲ့ မကောင်းဘူး၊ အမှားတွေပါတယ်လို့ ပြောတဲ့ ဓမ္မရံသီဆောင်းပါး အကြောင်းကို ပြောရအောင်။ ပထမ မှားတယ်လို့ ပြောတဲ့အချက်က မြတ်စွာဘုရားသည် သန္တိသုခ နိုင်ငံတော်ကို တည်ထောင်တော်မူ၏ ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။ ဒီနေရာမှာ နိဗ္ဗာန်ကို ရွှေပြည်နှင့် တင်စားလေ့ရှိပါတယ်။ ရှေးခေတ်ကတော့ ပြည်ပေါ့။ ခုခတ်ေကျတော့ နိုင်ငံ။ ဒီလို ဝေါဟာရပြောင်း သွားပါတယ်။ ဒီလို တင်စားတာကိုပဲ သမာဓိဂုဏ်ရောက်တယ်လို့ ဆိုကြတယ်။
သမာဓိဂုဏ်နှင့် ပတ်သက်ပြီး ကာဗျာဒါသမှာ-
“အညဓမ္မော တတေညတြ၊ လောကသီမာနုရောဓိနာ”လို့ ဆိုပါတယ်။ သိပြီးသားနဲ့ မသိသေးတာကို ဆွဲခေါ်တဲ့ သဘောကို သမာဓိဂုဏ်လို့ ဆိုပါတယ်။
ဒီနေရာမှာ ပြည်တို့၊ နိုင်ငံတို့ဆိုတာက သိပြီးသားပါ။ နိဗ္ဗာန်ကတော့ မသိသေးတဲ့ ဓမ္မဆိုပါတော့။ မသိသေး ဆိုတာကလည်း သစ္ဆိကရဏ သဘောနှင့် မသိခြင်းကို ပြောတာ။ အနုမာန သဘောနဲ့တော့ အားလုံး သိပါတယ်။ ဒါဟာလည်း ပြဿနာမရှိပါဘူး။ နိဗ္ဗာန်ဆိုတာ ပြည်လည်းမဟုတ်ဘူး။ နိုင်ငံလည်း မဟုတ်ဘူး။ အထည်ဒြပ်လည်း မရှိဘူး။ အသင်္ခတ နိစ္စ-ဓူဝ သန္တိသုခ သဘောသက်သက်ပဲလို့ ဗုဒ္ဓဘာသာဝင်အားလုံးက သိပြီးသားပါ။
ဒီသဘောကို လက်ရှိ ခေတ်အခြေအနေရှုထောင့်ကရော၊ ရှေးခေတ်အခြေအနေ ရှုထောင့်ကရော မြင်နိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသိဉာဏ်အင်အားကို အထင်သေးလို့ မရပါဘူး။ ဒါက ရှင်းပါတယ်။
မရှင်းတာက တည်ထောင်သူပါ။ သမာဓိဂုဏ်ရဲ့ လက္ခဏာမှာ လောကသိမာနုရောဓိနာ လို့ ဆိုပါတယ်။ ပြည် မှန်သမျှ နိုင်ငံမှန်သမျှ တည်ထောင်သူ ရှိရပါတယ်။ ဒါက လောကဓမ္မတာပါ။
သမာဓိဂုဏ် ရောက်အောင် တင်စားတဲ့အခါ လောကဓမ္မတာကို လိုက်နာရတယ်။ ဒါမှ သမာဓိဂုဏ်ရောက်တယ်။ လိုက်နာတာကို လောကီသိမာနုရောဓိ ခေါ်တယ်။ မလိုက်နာရင် လောကသိမာဝိရောဓိ ခေါ်တယ်။ လောကဓမ္မတာကို မလိုက်နာမိရင်ဖြစ်စေ၊ တင်စားစရာရှိတာကို အကုန်လုံး မတင်စားရင်ဖြစ်စေ သသံသယ ဒေါသ သင့်နိုင်တယ်။ ဒါက ကာဗျာဒါသရဲ့ အဆိုပါ။ ကာဗျာဒါသ၌-
“နိဏ္ဏယတ္ထံ ပယုတ္တာနိ၊ သံသယံ ဇနယန္တိစေ”လို့ ဆိုတယ်။ အကြောင်းအရာတစ်ခုကို ဆုံးဖြတ်လို့ ရအောင်ရေးပါ၊ သံသယရှိအောင် မရေးပါနဲ့။ သံသယရှိအောင် ရေးရင် သံသယဒေါသသင့်တတ်တယ်လို့ ဆိုတယ်။ နောက်တစ်ခါ တင်စားစရာရှိရင်လည်း အကုန် တင်စားပါ၊ ချန်မထားပါနဲ့လို့ ကာဗျာဒါသဆရာက သမာဓိဂုဏ်နဲ့ပတ်သက်ပြီး-
“ယုဂပန္နေကဓမ္မာနံ၊ အဈာ သော စ မတော ယတာ”လို့ မှာပြန်ပါတယ်။ ဒီမှာထားချက်အရ အကင်္လာစာပေ အမြင်မှ သန္တိသုခ နိုင်ငံတော်ကို တည်ထောင်သူဟာ မြတ်စွာဘုရား။ မဟာသုခနိုင်ငံတော်ကို တည်ထောင်သူက မာရ်နတ်လို့ အပြည့်အစုံ တင်စားခြင်းပါ။ ထာဝရဘုရားကများ ဖန်ဆင်းတာ ဖြစ်လေမလားဆိုတဲ့ သသံသယဒေါသကို မရောက်စေလိုလို့ အပြည့်အစုံ တင်စားခြင်းဖြစ်တယ်။
အကြောင်းအရာတစ်ခုကို ဆုံးဖြတ်တဲ့အခါ ဘက်စုံမြင်ဖို့ ကြိုးစားရတယ်။ ဘက်စုံမမြင်ဘဲ ဆုံးဖြတ်ရင် ဒဿန ဆရာများက အဒ္ဓဇရာတိယပဏ္ဍိစ္စလို့ ကဲ့ရဲ့တယ်။ အဒ္ဓဇရာတိယ၏ အနက်က တစ်ဝက်အိုဖြစ်တယ်။ သီလက္ခန် ဋီကာသစ်ဆရာကြီးကတော့ သတ္တဘင်္ဂီနယလို့ ဆိုပါတယ်။
အကြောင်းအရာတစ်ခုမှာ မြင်ထောင့် ၇ခု ရှိတယ်။ ဒီမြင်ထောင့်များဟာ သူ့ထောင့်အလိုက်တော့ တစ်ခုစီအနေနဲ့ မှန်တယ်။ ဒါပေမဲ့ အပြည့်အစုံတော့ မမှန်ဘူး။ အပြည့်အစုံ မှန်ရလေအောင် ထောင့်၇ခုလုံးကို ချေဖျက်ပြီး ပြောရတယ်။ ဒါက သတ္တဘင်္ဂီနယရဲ့ ဆိုလိုရင်းပါ။ အိန္ဒိယ ဒဿနကတော့ သတ္တဘင်္ဂီနယကို သိယာဝါဒလို့ဆိုပါတယ်။
တစ်ခုချင်းစီအနေနဲ့တော့ မြင်နိုင်ချေ ရှိတယ်လို့ ဆိုတာပါ။ ဒါပေမဲ့ အားလုံးကျတော့ မှားတယ်လို့ ဆိုလိုတာပါ။ ဥပမာအနေနဲ့ ပြောရရင် မျက်မမြင် ပုဏ္ဏာ၆ယောက်ဆင်ကို လက်နဲ့စမ်းပြီး ပြောသလိုပါ။ သူ့ဟာနဲ့သူတော့ အမှန်ပဲ။ တစ်ခုလုံးအတွက် မှန်သလားဆိုတော့ မမှန်ဘူး။
နိုင်ငံတော်နှစ်ခုရှိတယ်။ မာယာသုခနိုင်ငံတော်နှင့် သန္တိသုခနိုင်ငံတော်။ ဒါတွေဟာ သမာဓိဂုဏ်အတွက် အားလုံးတင်စားချက်တွေပါ။
တင်စားတာလား၊ မုချလားလို့ ခွဲမသိတဲ့လူ ဗုဒ္ဓဘာသာဝင်ထဲမှာ ရှိမှာ မဟုတ်ပါဘူး။ အရိယာများဟာ ဘဝချမ်းသာ၌ မမွေ့လျော်ကြဘူး။ သုဒ္ဓါဝါသဘုံများ၌ပင် နေရစေကာမူ ဘဝချမ်းသာ၌ မမွေ့လျော်ကြဘူး။ ဘ၀ဟာ သုခ မဟုတ်ဘူး၊ ဒုက္ခဆိုတာ သူတို့သိကြတယ်။
ဒါကြောင့် ဘုံဘဝ၌ ငြီးငွေ့ပြီး ဘုံဘဝမှ အားလုံး လွတ်မြောက်လိုကြတယ်။ ကိုယ်က နေပေမဲ့ စိတ်က မနေဘူး။
ဒီသဘောကို ရည်ရွယ်ပြီး မာယာသုခနိုင်ငံတော်၌ အရိယာများ နေတော်မမူကြချေလို့ ဆိုတာပါ။ ဒါဟာလည်း တင်စားတာပါ။ သမာဓိဂုဏ်အတွက် တင်စားချင်းပါ။ တင်စားမှန်းလည်း သိကြပါတယ်။ ဗုဒ္ဓဘာသာ စာဖတ်ပရိသတ်ဟာ မညံ့လှပါဘူး။ ဒါပေမဲ့ ညံ့လွန်းရင်လည်း အန္တရာယ်မရှိဘူး။ တော်လွန်းရင်လည်း အန္တရာယ်မရှိဘူး။
မညံ့တညံ့(ဝါ)မကျက်တကျက်သာ အန္တရာယ်ရှိတယ်လို့ လောကနီတိ ဆရာကလည်း အပ္ပပညော မဟာ သကော၊ အပ္ပပူရော ဃဋော ခေါဘေ လို့ဆိုတယ်။ အင်္ဂလိပ် စကားပုံကလည်း Little Knowledge is dangerous လို့ ဆိုပါတယ်။ ဒီအဆင့်မျိုး ဗုဒ္ဓဘာသာ စာဖတ်ပရိသတ်ထဲမှာ မရှိပါဘူး။