သတင်း

စာဖတ်နည်း (SIMAC )(အပိုင်း-၂-နိဂုံး)

S= Situation- ခေတ်၏အခြေအနေ
I= Intention- စာရေးသူ၏ ရည်ရွယ်ချက် စာရေးသူ၏ စေတနာ
M= Matter- အကြောင်းအရာ
A= Approach- ချဉ်းကပ်နည်း(သို့မဟုတ်)ဇောင်းပေးခြင်း
C= Consistency- အကြောင်းအကျိုး(သို့မဟုတ်) ရှေ့နှင့်နောက် ဆီလျော်ခြင်း(သို့မဟုတ်)ညီညွတ်ခြင်း။
ဒီငါးချက်ကို မှတ်သားထားတာ ကြာပါပြီ။

စာသင်သားတစ်ပိုင်း၊ စာချဆရာတော်တစ်ပိုင်း နာယကလောင်းဘဝကတည်းကပါ။
ပါဠိစာပေ လေ့လာနည်းမှာတော့ ဒီထက်ပိုကျယ်ပြန့်ပါတယ်။
သံဝဏ္ဏနာ နည်းလေးဆယ်၊ ဥပစာဆယ်ပါး စုံနေအောင်ပါပဲ။
နိုင်ငံရေးသမားတွေရယ် လော်ဘီတွေရယ် စာမဖတ်တတ်မှန်း အတော်သိသာတယ်။ စာဖတ်တတ်တဲ့သူဆိုရင် ပြောလိုက်တဲ့စကားတစ်ခွန်း ရေးလိုက်တဲ့ စာတစ်ကြောင်းရဲ့ နောက်ကွယ်မှာရှိတဲ့ Intention-စေတနာကို မြင်အောင်မကြည့်နိုင်တာ များတယ်။ ဒါကြောင့်လည်း သီတဂူဆရာတော်ကြီးကိုစော်ကားကြ၊ ရွာမဆရာတော်ကြီးကိုစော်ကားကြ၊ ဘုန်းကြီးမှန်းမသိ သံဃာမှန်းမသိ ရဟန်းမှန်းမသိ ကိုရင်မှန်းမသိ သီလရှင်မှန်းမသိ သူတော်ကောင်းမှန်းမသိ ထေရ်ကြီးဝါကြီးမှန်းမသိ လူကြီးလူကောင်းမှန်းမသိ စော်ကားပြီးရင်း စော်ကားရင်းနဲ့ အကုသိုလ်တွေယူနေကြတာပါ။

ယန်ဟီးလီကိုပြောတဲ့စကားတစ်ခွန်းရဲ့နောက်ကွယ်မှာ Intentionတွေရှိတယ်။ ဒါကိုမြင်အောင်ကြည့်ဖို့လိုတယ်။ အဲဒီလိုမြင်အောင်ကြည့်နိုင်ဖို့အတွက် ဆရာကြီးဦးရွှေအောင်ရဲ့ ဘဝအကျဉ်းသားစာအုပ်ထဲက စာဖတ်နည်းဆိုတဲ့ ဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်။
စာဖတ်တတ်ကြပါစေ။
နားထောင်တတ်ကြပါစေ။

အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)
23.12.2017
PM 10:04
========================================================

မြတ်စွာဘုရားသည်သာ သန္တိသုခနိုင်ငံတော်ကို သိတော်မူ၏လို့ ဆိုတာကလည်း စာဖတ်တဲ့အခါ-
၁။ ခေတ်နှင့် ခေတ်၏ အခြေအနေကိုသိမယ်။
၂။ စာရေးသူ၏ ဦးတည်ချက်ကို သိမယ်။
၃။ အကြောင်းအရာကို သိမယ်။
၎။ ချဉ်းကပ်ထောင့်ကိုသိမယ်။
၅။ ရှေ့နှင့်နောက် ညီညွတ်မှု ရှိ မရှိကို သိမယ်။
ဒီ၅ချက်ကိုသိထားရင် စာပိုဒ်ရဲ့ အနက်မှန်ကို သိပါတယ်။ အနက်မှန် သိရေးအတွက် ဒီ ၅ ချက်ဟာ အနည်းဆုံးလိုအပ်ချက်ပဲ။ ဒီ၅ချက်ကိုမှ သိမထားရင်တော့ စာတစ်ပိုဒ်၏ အနက်ကို သိဖို့ခက်တယ်။
ခေတ်နှင့်ခေတ်၏ အခြေအနေကို ကြည့်မယ်ဆိုရင် မဟာသက္ကရာဇ် ၁၀၃ ကဆုန်လပြည့်ကျော် ၁ ရက်နေ့မှ ဝါဆိုလပြည့်ကျော် ၅မတိုင်မီ တစ်လကျော်ကာလအခြေအနေကို သိဖို့လိုမယ်။

အလောင်းတော်မင်းသားဟာ စကြဝတေးဖြစ်အောင် မလုပ်ဘူး။ ဘုရားဖြစ်အောင် လုပ်မယ်ဆိုပြီး ကျင့်တော်မူလိုက်တာ ခု ဘုရားဖြစ်ပြီ။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီ။ သစ္စာလေးပါးကို သိပြီ။ ဒီအချိန်မှာ နိဗ္ဗာန်ကိုသိတာ မြတ်စွာဘုရား တစ်ပါးတည်းရှိသေးတယ်။ ဒါက တစ်ချက်။
နောက်တစ်ချက်က မြတ်စွာဘုရားသည် အတုလ ဖြစ်တယ်။

ဧကပုဂ္ဂလဖြစ်တယ်။ ဒါမှန်တယ်။ နောက်ပဉ္စဝဂ္ဂီတို့ သောတာပန်ဖြစ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်။ သစ္စာလေးပါးကို သိတယ်။ ဝါဆိုလပြည့်ကျော် ၅ရက်နေ့ကျတော့ အားလုံးရဟန္တာဖြစ်သွားကြတယ်။ ဒီတော့ သန္တိသုခကို သူတို့လည်း သိတာပေါ့။ အားလုံး နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့နေရာမှာ သစ္စာလေးပါးကို သိတော်မူတဲ့နေရာမှာ အတူတူပဲ။ ဘာမှ မထူးဘူး။

ဒီလို ဆိုကြတယ်။ ဒါက အာရုံပိုင်းဆိုင်ရာ ပြဿနာ Ontological View အနေနဲ့ ပြောပြကြခြင်းဖြစ်တယ်။ သိမှုပိုင်းဆိုင်ရာ ပြဿနာ Epistemological View အနေနဲ့ကျတော့ မတူဘူး။ ထူးတယ်။
မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်က သဗ္ဗညုတထိုက်တဲ့ဉာဏ်။ အခြားအရိယာများ၏ အရဟတ္တမဂ်ဉာဏ်က သဗ္ဗညုတ မထိုက်ဘူး။ ဒါကြောင့် မြတ်စွာဘုရားသည် အရဟတ္တမဂ်ဉာဏ်ကို ရတာနဲ့ သဗ္ဗညုတဉာဏ်ရခြင်းကိစ္စကိုပါ ပြီးစီးစေနိုင်ခြင်းဖြစ်တယ်။ ဒါက ချဉ်းကပ်နည်းနဲ့ ဆိုင်တဲ့အနက်ပါ။

သဗ္ဗညုတအရ အားလုံးကိုသိတယ်ဆိုတဲ့ နေရာမှာ အားလုံးဟာ ၂မျိုးရှိတယ်။ အရေအတွက်အရ အားလုံးနှင့် အရည်အချင်းအရ အားလုံးဖြစ်တယ်။ အရေအတွက်အရ အားလုံးဆိုတာ သိစရာမှန်သမျှ တစ်ခုမှမကျန် အားလုံးကို သိခြင်းဖြစ်တယ်။ ဒါဟာ အာရုံပိုင်းဆိုင်ရာ ပြဿနာပါ။

အဲဒီ သိစရာတွေ သိတဲ့အခါမှာ အားလုံးကို တစ်ပြိုင်နက် သိတာမဟုတ်ဘူး။ တစ်ခုစီ တစ်ခုစီ အာရုံပြုပြီး သိတာ။ ဥပမာအားဖြင့် က ကိုသိတယ်ဆိုရင် အခြားပုဂ္ဂိုလ်များက ကနှင့်ပတ်သက်သမျှ အားလုံးကို မသိဘူး။ ဒါကြောင့် သဗ္ဗုညု မဟုတ်ဘူး။ မြတ်စွာဘုရားကတော့ ကကိုသိရင် ကနှင့်ပတ်သက်တာအားလုံးကို သိတယ်။ ခကိုသိရင် ခနှင့်ပတ်သက်တာ အားလုံးကို သိတယ်။ ဒါကြောင့် သဗ္ဗညုဖြစ်တယ်။

သဗ္ဗညုဖြစ်လောက်အောင်လည်း အရဟတ္တမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတုန်းက ဝါသနာနှင့်တကွ ကိလေသာတွေအားလုံးကို ပယ်နိုင်သောကြောင့်ဖြစ်တယ်။ ဥပါဒါနပစ္စယာ ဘဝေါ(ဇော)အရ ဝါသနာဟာ သိမှုအပေါ်မှာ ဘယ်လောက် လွှမ်းမိုးနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။ ဣဿာဝါသနာပါတဲ့ သူဟာ သူတစ်ပါးကို ဣဿာမျက်စိနဲ့ပဲ မြင်တတ်တယ်။ လောဘ ဝါသနာပါတဲ့သူဟာ ဘာကိုကြည့်ကြည့် လောဘ မျက်စိနဲ့ပဲ ကြည့်တတ်တယ်။

ဒီတော့ ကိလေသာကို ဝါသနာနှင့်တကွ ပယ်သတ်နိုင်ခြင်းသည် သဗ္ဗညုတဉာဏ်ရခြင်း၏ အကြောင်းဖြစ်တယ်။ အာရုံပိုင်းအနေနဲ့ကတော့ နိဗ္ဗာန်ဟာ အပြောင်းအလဲမရှိဘူး။ This-ဒီဟာ ဒီဟာပဲ။
အာရမ္မဏိကပိုင်းအနေကျတော့ အပြောင်းအလဲရှိတယ်။ လောကမှာ မြတ်စွာဘုရားနှင့် ရည်တူသိသူရယ်လို့ မရှိပါဘူး။ လောကမှာလည်း ဆိုရိုး ရှိတယ်။ အကြောင်းအရာတစ်ခုနှင့် ပတ်သက်ပြီးတော့ အသိဆုံးဖြစ်ရင် သူကာ သိတာ၊ တခြား သူပလောက် ဘယ်သူမှ မသိဘူး ဒီလို ပြောရိုးဆိုစဉ်ရှိတယ်။

ဒါကြောင့် ခေတ်နှင့် ခေတ်၏ အခြေအနေမှကြည့်ရင်လည်း ထိုအချိန်မှာ သိသူရှိသေးတာ။ ဒီနောက် သိမှုဆိုင်ရာမြင်ကွင်း(Epistemological View) ကကြည့်ရင်လည်း မြတ်စွာဘုရားဟာ သစ္စာလေးပါးကို သိတဲ့နေရာမှာပဲဖြစ်ဖြစ်၊ အခြားဘယ်နေရာမှာပဲဖြစ်ဖြစ် အတုလပါ၊ ဧကပုဂ္ဂလပါ။ သဒ္ဒါနည်းအရဆိုရင်တော့ သဒ္ဒါဓိကော အတ္ထာဓိကောပေါ့။
ဒီတော့ ဘက်စုံကြည့်နည်းအရ ကြည့်လျှင် ဒီစာပိုဒ်ဟာ မမှားပါဘူး။ ဆင်ရဲ့အစွယ်ကိုသာ စမ်းမိပြီး ဆင်ဟာ သန်လျက်လိုပဲလို့ပြောတဲ့ မျက်မမြင်ပုဏ္ဏားအမြင်မျိုးနဲ့ ကြည့်ရင်တော့ စာတစ်ပိုဒ်၏ အနက်ကို မှန်အောင်သိဖို့ မလွယ်ဘူး။

ယံ ဟိ ကိဉ္စိ ဘဝတ္တယ သင်္ခါတံ ဝဋ္ဋံ ပတ္ထေတွာ
ပဝတ္တိတံ၊ အန္တမသော ပဉ္စဘိညာ အဋ္ဌ ဝါ
သမာပတ္တိယော၊ သဗ္ဗံ တံ ဝဋဋပက္ခိယံ ဝဋ္ဋ သီ
သန္တိ၊ ဝဋ္ဋ သီသတ္တာ မိစ္ဆာပဋိပဒါဝ ဟောတိ- လို့ ဆိုတယ်။
မြတ်စွာဘုရား ပွင့်တော်မူလာတာက သမ္မာပဋိပဒါကိုဟောချင်လို့ ပွင့်လာတာ။ ဒီတော့ မိစ္ဆာပဋိပါဒနှင့် သမ္မာပဋိပဒါဟာ ဖြောင့်ဖြောင့်ဆန့်ကျင်ပါတယ်။
ဒီတော့ စာတစ်ပုဒ်ရဲ့ အနက်မှန်ကို သိချင်ရင် စာဖတ်နည်းကိုသိမှ စာဖတ်နည်းကို သိချင်ရင် နေတ္တိကျမ်းကို လေ့လာမှ။ အကုန်လုံး မလေ့လာနိုင်ရင်တောင် ယုတ္တိဟာရ၊ လက္ခဏာဟာရ၊ စတုဗျူဟာဟာရကိုတော့ သိမှဖြစ်မယ်။

ဆောင်းပါးရှင်တွေဟာ သူ့ပရိတ်သတ်နှင့်သူပါ။ အမြင်ချင်း တူကြရင် အကြိုက်ချင်း တူကြတာပဲ။ ခက်တယ် လွယ်တယ် မဟုတ်ပါဘူး။
ဓမ္မရံသီမဂ္ဂဇင်းပါ ချမ်းသာကို ရှာဖွေခြင်းဆောင်းပါးရဲ့ ဦးတည်ချက်က ဘဝကို မဇ္ဈိမပဋိပဒါနှင့်ကြည့်တတ်ရင် သန္တိသုခကို ရတယ်လို့ ဆိုတာပါ။ အကြောင်းအရာကတော့ ပဋိစ္စသမုပ္ပဒါကို အခြေခံပြီး ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ပေါင်း သုံးသုတ်ကို ရေးခြင်းပါ။ ဒီသုံးသုတ်ဟာ မြတ်စွာဘုရားရဲ့ သာသနာတော်မှာ ပထမဦးဆုံးလည်းဖြစ်၊ အရေးအကြီးဆုံးလည်းဖြစ်၊ အခြေခံ အကျဆုံးလည်းဖြစ်လို့ပဲါ။ ဆောင်းပါး အမှတ်စဉ်က(၁၇)ရှိသွားပြီ။

နောက်ဆုံးပြောချင်တာက ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်ဆိုတဲ့ ဝါဒဟာ မက္ခလိဂေါသာလ၏ ဝါဒဖြစ်လို့ အင်မတန် အန္တရာယ်ကြီးတယ်ဆိုတဲ့ အချက်ပါပဲ။ ဆင်ခြင်ဖွယ်ပါ။ သံဝေဂ ယူဖွယ်ပါ။
လက်ဖက်ရည် ပန်းကန်လုံးထဲ၌ မုန်တိုင်းကို မြင်ခြင်းသည် မှန်သောမြင်ခြင်း မဟုတ်ပါ။ ဤသဘောကို စာဖတ်သူများအနေဖြင့် သတိပြုနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။

(စာပေဂျာနယ်၊ အောက်တိုဘာ ၁၉၆၆)