သတင်း

ဆရာတော်ဝီရသူ၏ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကသို့ အိတ်ဖွင့်လျှောက်စာ

(ဒါလေးက စာရေးသူအိုးဘိုထောင်မှာနေရစဉ် ရေးသားခဲ့တဲ့စာလေးပါ။ နဝတခေတ်ဖြစ်နေလို့ အခုလောက်တော့ လွတ်လပ်ခွင့်မရှိဘူးပေါ့။ ခိုးကြောင်ခိုးဝှက်နဲ့ ရေးပို့လိုက်တာပါ။

ဓမ္မဝီရဂျာနယ်ထဲထည့်ပေမယ့် ဂျာနယ်က မသုံးရဲလို့ အရှင်ဆန္ဒာဓိကထံ ဒါရိုက်ပို့ပေးလိုက်တယ်လို့ သိရပါတယ်။ အဲဒီစာက လျှို့ဝှက်ရေးတာဖြစ်ပေမယ့် စာသင်တိုက်တော်တော်များများရဲ့ စာသင်သားသံဃာတွေဆီမှာတော့ အတော်ပြန့်သွားတယ်လို့ ကြားပါတယ်။

သာသနဒါသဆိုတာ သာသနာတော်ရဲ့ကျေးကျွန်ပါ။ ဝီရသူဟာ သာသနာ့ကျွန်တစ်ပါးဖြစ်တယ်လို့ ခံယူထားပါတယ်။ အခု အကြောင်းတိုက်ဆိုင်လို့ ပြန်ရှာကြည့်တဲ့အခါ လုံးဝ မတွေ့ရတော့ပါဘူး။

ထိုစဉ်က အကောင့် အဟပ်ခံခဲ့ရတာကြောင့် လိုင်းပေါ်မှာလည်း ပြန်ရှာလို့ မရတော့ပါဘူး။ Uzin Lay အကောင့်မှ ပြန်တွေ့ရှိခဲ့တဲ့ တစ်ဝက်တစ်ပြတ်လေးကိုပဲ ပြန်လည်တင်ပြပေးလိုက်ပါတယ်။)

အမုန်းခံသမားကြီး
ဝီရသူ (မစိုးရိမ်)
8.1.2018
10:11 PM)
————————————————————————–

ဆရာတော်ဝီရသူ၏ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကသို့ အိပ်ဖွင့်လျှောက်စာ

စာရေးလျှောက်ထားသူ တပည့်တော်သည် အရှင်ဘုရားနှင့်အတူ တစ်နှစ်တည်း၌ သာသနာ့ဘောင်ဝင်ခဲ့သူဖြစ်ပါသည်။ တပည့်တော် အခြေပြုမူလတန်းဝင်အဖြေအပြီးမှာ အရှင်ဘုရား သတင်းကို စတင်ကြားခဲ့ရပါသည်။

တပည့်တော်တို့ ကျောင်းတိုက်သို့ ဆရာဦးကျော်လွင်(နှစ်ဖက်လှ) သာသနာရေးကိစ္စနှင့်ရောက်လာစဉ် သံဃာများအား အရှင်ဘုရားအကြောင်းလျှောက်ထား၍ လူရည်ချွန် သုံးထပ်ကွမ်း၊ဘာသာစုံဂုဏ်ထူးရှင် ကိုရင်ဆန္ဒာဓိကအဖြစ် သိရှိခဲ့ရပါသည်။ အရှင်ဘုရားသတင်းကလည်း အလောင်းတော်သိဒ္ဓတ္ထမင်းသား တောထွက်သည့်သတင်းလိုပင် သာသနာတစ်ရပ်လုံး ပျံ့နှံ့လာခဲ့ပါသည်။ ဂုဏ်ယူမိပါသည် အရှင်ဘုရား။
ထို့နောင် အရှင်ဘုရား ပရိယတ္တိစာမေးပွဲတွေမှာ ထူးချွန်စွာအောင်မြင်ပြီး၊ပဋ္ဌမကျော်ဘွဲ့၊ဓမ္မာစရိယ ဘွဲ့ဆွတ်ခူးနိုင်ခဲ့၍ စာချအကျော်ဆရာတော် တိုက်အုပ်ဆရာတော်တစ်ပါးအဖြစ် သာသနာတော်ကို စွမ်းစွမ်းတမံ ပြုတော်မူလိမ့်မည်ဟု ထင်နေမိခဲ့ပါသည်။

ပထမဦးဆုံးအင်တာဗျူးကို ဖတ်ရသောအခါ အရှင်ဘုရားသည် နေယျပုဂ္ဂိုလ်အဖြစ် ယခုဘ၀မှာပင် မဂ်ဖိုလ်အရောက်လှမ်းမည့် ပါရမီရှင်ပါလား ဟူသောအသိဖြင့် အရှင်ဘုရားအပေါ် ကြည်ညိုမိပါသည်။ “တစ်ယောက်တည်းနေ တစ်စိတ်တည်းထား” စာအုပ်ထွက်လာသည့်အခါတွင်မူ အရှင်ဘုရားအပေါ် စိုးရိမ်စိတ်ကလေး အနည်းငယ် ၀င်ရောက်လာခဲ့ပါ သည်။ သမုဒ္ဒရာသို့ဦးတည်စီးဆင်းလာသော ထင်းတုံးကြီးကို လူတွေဆယ်ယူလိုက်ကြမှာကို စိုးရိမ်မိခြင်း ဖြစ်ပါသည်။ သို့သော် ထိုစိုးရိမ်စိတ်ကို မကြာမီတွင် “ရွှေပါရမီတောရ”ဟူသော ကျောင်းတော်လေးက ချေဖျက်သွားနိုင်၍ ဘ၀င်ကျစိတ်အေးသွားခဲ့ရပါသည်။

အရှင်ဘုရားသည် ကိလေသာအနာရောဂါပျောက်ကင်းစေရန် တောရဆောက်တည်လျက် ၊ ဧကော ၀ူပကဋ္ဌော သဟိတံ၊ သမ္ပဇာနော အာတာပီ၊ပဟီတတ္တော အဖြစ်နှင့် ဘုရင့်နောင်ဖောင်ဖျက် (လှေကားထောင် တောင်တက်)တောင်ပေါ်ရောက် လှေကားဖျက်သောနည်းဖြင့် သည်ဘ၀အပြီးရုန်း တော့မည်ဖြစ်၍ အရှင်ဘုရားရည်ရွယ်ချက် အထမြောက်ပါစေဟူ၍သာ အတန်တန်ဆန္ဒပြုမိခဲ့ပါသည်။

စာအုပ်တွေ အထွက်စိပ်လာ ၊ စကားလုံးတွေနုလာ၊ ဂျာနယ်တွေမှာ ပါလာ၊ စာအုပ်အပြင်အဆင် များအတွက် ရန်ကုန်ကို မကြာခဏပြန်လာ၊ရံဖန်ရံခါ အိမ်မှာ စာရေးတာ၊တစ်ပတ်လျှင် ဂျာနယ် ဆယ် စောင်ဖတ်တာတွေ တွေ့ရပြန်ပါသည်။ ကိုကျော်သူ နာရေးအသင်းနာယက၊ပါရမီကျောင်းတော်ကြီး နာယကအဖြစ်လည်း တွေ့ရပြန်သည်။

နောက်ပိုင်းတွင် တောရကျောင်းတော်အား လှုဒါန်းခြင်းကို သိလိုက်ရပြီးနောက် အမေရိကမှာ ၀ါဆိုဝါကပ်သည့် နောက်ဆုံးသတင်းစကို ကြားလိုက်ရသည့်အဆုံးမှာ သည်စာကို ရေးလိုက်ရခြင်းဖြစ်ပါသည်။

အရှင်ဘုရားသည် တပည့်တော်ထင်ထားသလို နေယျပုဂ္ဂိုလ် အဖြစ်နှင့် အလွတ်ရုံးတော့မည်မဟုတ်ဘဲ ပဒပရမပုဂ္ဂိုလ်အဖြစ်နှင့် ပါရမီဖြည့်တော့မည့် တစ်စုံတစ်ခုသော ဗောဓိဆုပန်အလောင်းတော်တစ်ပါး ဖြစ်သွားပြီဟု ယုံကြည်လိုက်ခြင်းဖြစ်ပါသည်။ တပည့်တော်၏ ထင်မြင် ယူဆချက် ယုံကြည်ချက် တလွဲဖြစ်သွားလျှင်(သို့) အရှင်ဘုရားဘ၀နှင့် ထပ်တူမကျခဲ့လျှင် ခွင့်လွှတ်တော် မူပါဘုရား။ ဗုဒ္ဓေါ ဗောဓေယျံ ၊ မုတ္တော မောစေယျံ၊ တိဏ္ဏော တာရေယျံ ဟူသော အလောင်းတော်၏ သီဟနာဒ ကြုံးဝါးသံလို အရှင်ဘုရားသည် ပိဋကတ်တော်နှင့် အထွေထွေဗဟုသုတများကို အခြေပြု၍ ပါရမီမြောက် သာသနာပြုလုပ်ငန်းများကို စွမ်းဆောင်တော့မည့် စွမ်းအားရှင်အဖြစ် ထင်မြင်ယူဆ၍ ယခုလို အကြံပြုလွှာဖြင့် လျှောက်ထားခြင်းဖြစ်ပါသည်။

သာသနာပြုရာတွင် အခြေခံသာသနာပြုနည်းနှင့် အပေါ်လွှာသာသနာပြုနည်းဟူ၍ သာသနာ ပြုနည်းနှစ်မျိုးရှိပါသည်။ ပဓာနနှင့်သာမညဟုသိလျှင် ရပါသည်။ ခေတ်စကားနှင့်ဆိုရလျှင် Major and Minor ဖြစ်ပါသည်။ ပဓာနလုပ်ငန်းများမှာ ပရိယတ္တိနှင့် ပဋိပတ္တိဖြစ်၍ သာမညလုပ်ငန်းမှာ တရားဟောခြင်း စာရေးခြင်း၊ကျမ်းပြုခြင်း စသည်တို့ဖြစ်ပါသည်။

လယ်တီဆရာတော်ကြီးသည် စာသင်တိုက်ကြီးများ တည် ထောင်ပြီး စာချလုပ်ငန်း ပရိယတ်လုပ်ငန်းကို အခြေခံသာသနာပြုလုပ်ငန်းအဖြစ် ဆောင်ရွက်ကာ ကျမ်းပြု ခြင်း၊ စာရေးခြင်း၊ တရားဟောခြင်းတို့ကို သာမညအားဖြင့် ဆောင်ရွက်တော်မူခဲ့ပါသည်။ ထို့အတူ အရှင်ဘုရား၏ငယ်ဆရာ ဘာသာဋီကာကျမ်းပြုအကျော် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီးသည်လည်း စာသင်တိုက်ကို အခြေခံပဓာနလုပ်ငန်းအဖြစ်ထားကာ စာရေး၍လည်းကောင်း၊ကျမ်းပြု၍ လည်းကောင်း အပေါ်ယံ အဆောက်အအုံများ ခိုင်ခန့်လှပအောင် ဆောင်ရွက်တော်မူခဲ့ပါသည်။ မဟာစည်ဆရာတော်ကြီးသည် ပဋိပတ္တိကိုအခြေခံသာသနာပြုလုပ်ငန်းအဖြစ် ဆောင်ရွက်တော်မူ၍ တရားဟောခြင်း၊ကျမ်းပြုခြင်း တို့ကို သာမညအနေဖြင့် ဆောင်ရွက်တော်မူခဲ့ပါသည်။

အရှင်ဘုရားအနေဖြင့် ပရိယတ္တိကို ခြေကုတ်ယူရန် ဆန္ဒရှိပုံမပေါ်ပါ။ မြန်မာပြည်၌လည်း လက်ရှိ စာသင်တိုက်များဖြင့်ပင် လုံလောက်ပြီဟု ဆိုနိုင်ပါသည်။ ရိပ်သာကို အခြေခံလျှင်လည်း အရှင်ဘုရား သက်တော်၊၀ါတော်၊သမ္ဘာတော်နှင့် မလျောက်ပတ်သေးပါ။

သို့ဖြစ်၍ အရှင်ဘုရားအတွက် အခြေခံသာသ နာပြုလုပ်ငန်းတစ်ခုခုကို ပင်မကြီးအဖြစ် ထားရှိတော်မူနိုင်ရန်၊သီတဂူဆရာတော်၊ဗြဟ္မစိုရ်ဆရာတော်၊ ရွှေပြည်ဟိန်းဆရာတော်တို့လို ဉာတတ္ထစရိယ၊ လောကတ္ထစရိယ၊ အပါအ၀င် ပါရမီလမ်းစဉ်တစ်ခုခုကို ချမှတ်သင့်လှပါသည်။

အရှင်ဘုရားအင်တာဗျူးထဲမှာ အင်္ဂလိပ်စာကို မလေ့လာလိုသေးကြောင်း၊ပိဋကတ်တော်အရသာ ကိုမရောင့်ရဲနိုင်သေးကြောင်း တွေ့ရပါသည်။ ယခုဆိုလျှင် ပိဋကတ်တော်အရသာကိုလည်း အတန်သင့် ပြည့်ဝစွာ ခံစားနိုင်လောက်ပါပြီ။ ဂျာနယ်များအစား ဘာသန္တရကို ဦးစားပေးစေချင်ပါသည်။ရွှေစင်တိပိဋက ဆရာတော်သည်ပင် အင်္ဂလိပ်စာ လေ့လာနေပါပြီ။ ၎င်း၏ရည်ရွယ်ချက်မှာ တရားတော်များကို ကမ္ဘာသုံးဘာသာစကားဖြင့် ထဲထဲဝင်ဝင် ဟောပြောပို့ချ သာသနာပြုလိုခြင်းဖြစ်ကြောင်း သိရပါသည်။

အရှင်ဘုရားသည် အင်္ဂလိပ်စာအခြေခံရှိပြီးသားဖြစ်ပါသည်။ ပါရမီကျောင်းတော်ကြီး နာယကလည်းဖြစ် နေပါသည်။ အမေရိကမှာနေလာခဲ့၍ သာသနာကိုအဆင့်မြင့်မြင့် ပြုလိုစိတ်များ သာသနာကို ကမ္ဘာအနှံ့ ထွန်းကားလိုသော ဆန္ဒတော်များ ကိန်းဝပ်နေခဲ့မည်မှာ သေချာပါသည်။ ထို့ကြောင့် အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြောများ လေ့ကျင့်သင့်ပါသည်။ ဗုဒ္ဓစာပေကို အင်္ဂလိပ်လို ပို့ချသည့် အဆင့်မြင့် ပရိယတ် သာသနာပြုလုပ်ငန်းကို ဆောင်ရွက်သင့်လှပါသည်။ လူတွေအတွက် ပရိယတ်၊ကမ္ဘာအတွက် ပရိယတ်ဟု ဆိုနိုင်ပါသည်။

ယနေ့ သိပ္ပံပညာထွန်းကားသော စက်မှုနိုင်ငံကြီးများရှိ လူသားများသည် အဘိဓမ္မာငတ်မွတ်လျက် ရှိပါသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များကိုလည်း တောင့်တလျက်ရှိပါသည်။ ၀ိပဿနာအရသာကို မြည်းစမ်းလိုနေကြပါသည်။သီတဂူဆရာတော်၊ချမ်းမြေ့ဆရာတော်တို့လို နိုင်ငံခြားသာသနာပြုဆရာတော် တစ်ပါးဖြစ်စေချင်ပါသည်။ ဓမ္မ၀ီရဂျာနယ်ပါ ဆရာတော်အရှင်နန္ဒမာလာဘိဝံသ (Ph.D)၏ နိုင်ငံခြား အဘိဓမ္မာ တရားဟောကြားပုံတွေကိုလည်း အရှင်ဘုရား ဖတ်မိပါလိမ့်မည်။ အဘိဓမ္မာဗုဒ္ဓဒေသနာကို အင်္ဂလိပ်လို ပို့ချသည့် သင်တန်းများ၊ဟောပြောပွဲများ၊ ပို့ချပြုလုပ်သင့်ပါသည်။

မြန်မာပြည်ရောက် နိုင်ငံခြားသားများနှင့် တရားဆွေးနွေးဖူးပါသည်။ အများစုမှာ တရားငတ်မွတ်သူများ ၊ အဘိဓမ္မာငတ်မွတ်သူများ၊ ၀ိပဿနာငတ်မွတ်သူများ ဖြစ်နေပါသည်။ မြန်မာပြည်ကို အားကိုးတကြီးနှင့် လာသော်လည်း အင်္ဂလိပ်လို ပို့ချသည့် တက္ကသိုလ်ကြီးများမှာ တက်ရောက်နိုင်အောင်လည်း နှစ်နှင့်ချီ၍ အချိန်မပေးနိုင်၊ အချိန်တို ပို့ချသင်တန်းများလည်း မရှိ၍ လာရကျိုးမနပ်ကြပါ။ အရှင်ဘုရားအနေဖြင့် စင်တာ(သို့) ကလပ် တစ်ခုခုတည်ထောင်၍ နိုင်ငံခြားသားများနှင့် ခေတ်ပညာတတ် ဘာသာရေးလေ့လာသူများကို ပို့ချသင့်ပါသည်။ တရားပွဲများ စာသင်သားများလို ပရိသတ် များချင်မှများပါမည်။ သို့သော် တစ်ယောက်ဆိုတစ် ယောက်ဟု ဆိုရလောက်အောင် အကျိုးရှိမှာ သေချာပါသည်။

အရှင်ဘုရားပြောသည့် ငွေစက္ကူဥပမာဖြင့် ပြောရလျှင် တစ်ထောင်ကျပ်တန် အရွက်တစ်ထောင်နှင့် US ဒေါ်လာတစ်ထောင်တန်တစ်ရွက်၊Euro ဒေါ်လာတစ်ထောင်တန်တစ်ရွက်တို့ ညီမျှပါသည်။ သမ္မာဒိဋ္ဌိဖြစ်ပြီးသူကို တရားဟော၍ရသော ဓမ္မဒေသနာကုသိုလ်နှင့် မိစ္ဆာဒိဋ္ဌိကို သမ္မာဒိဋ္ဌိဖြစ်အောင် တရားဟော၍ရသော ဓမ္မဒေသနာ ကုသိုလ်တို့တွင် အဘယ်ကုသိုလ်က ပို၍ အကျိုးရှိသည်ကိုလည်းကောင်း၊ မျက်စိအမြင်ရှိသူကို မျက်ကပ်မှန် လှူခြင်းနှင့် မျက်စိအမြင်မရှိသူကို မျက်ကြည်လွှာလှူခြင်းတို့တွင် အဘယ်ဒါနက ပို၍ လေးနက်သည်ကိုလည်းကောင်း၊ ထမင်းစားပြီးသူကို ထမင်းကျွေးခြင်းနှင့် ရေငတ်သူကို ရေတိုက်ခြင်းတို့တွင် အဘယ်ကုသိုလ်က အဓိပ္ပါယ်ရှိသည်ကိုလည်းကောင်း အရှင်ဘုရား သိမြင်ပြီး ဖြစ် ပါမည်။

သို့ဖြစ်၍ ပြည်တွင်းမှာပင် ဧည့်သည်များကို ဖိတ်ခေါ်၍ သာသနာပြုခြင်းကို အခြေခံသာသနာ ပြုလုပ်ငန်းအဖြစ် ဆောင်ရွက်၍ ရံဖန်ရံခါ ပြည်ပသို့ကြွ၍ သာသနာပြုခြင်းများကို အလျဉ်းသင့်သလို ဆောင်ရွက်သင့်လှပါသည်။ Internet Website များဖြင့် တစ်ကမ္ဘာလုံးကိုကြေညာ၍ သာသနာပြုလျှင် ထိရောက် အောင်မြင်မည်ဖြစ်ပါသည်။

အရှင်ဘုရား နိသျည်းခံ သြ၀ါဒခံရမည့် ဆရာတော်ကြီးများကို ရွေးချယ်တော် မူပြီး ထိုဆရာတော်ကြီးများထံမှ အတွေ့အကြုံ အကြံဉာဏ်နှင့် အကူအညီကို ရယူနိုင်ပါသည်။ထို ဆရာ တော်ကြီးများ၏ လမ်းညွှန်မှုဖြင့်ဆောင်ရွက်လျှင် နေ့ချင်းညချင်း တိုးတက်အောင်မြင်နိုင်ပါသည်။ အရှင်ဘုရား ကြိုးစားလျှင် အလွန်ဆုံး ဆယ်နှစ်အတွင်းမှာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည် ပါသည်။

နောက်ထပ်အခြေခံသာသနာပြုနည်းတစ်ခုကို လျှောက်တင်ပါဦးမည်။ ထိုနည်းမှာ ကလေး သာသနာပြုနည်း ဖြစ်ပါသည်။ တပည့်တော်တို့ မြန်မာပြည်မှာ မိဘတွေကလည်း ရင်သွေးတွေကို မချစ်တတ်သေးပါ။ ဆရာတွေကလည်း ကလေးတွေ၏ တန်ဖိုးကို သတိမမူကြသေးပါ။ ကျောင်းထိုင်ဆရာ တော်များကလည်း ကလေးတွေကို ပစ်ပယ်ထားကြပါသည်။ မျက်မှောက်သာသနာ၌ မိဘများက ကလေး များကို ခေတ်ပညာတွေ တွန်းသင်ပေးနေကြ ဆရာများကလည်း တပည့်များလိမ္မာရေးထက် ပြဋ္ဌာန်းစာကို သာ ဦးစားပေးနေကြရ၍ ကလေးများမှာ ဘုရားကျောင်းကန်နှင့်လည်းကောင်း၊ဘာသာ သာသနာနှင့် လည်းကောင်း ကင်းဝေးလျက် ရှိနေပါသည်။ ဤသည်မှာ ကလေးကို ကလေးဟုသာမြင်ပြီး၊ မျိုးဆက်သစ် ဟူ၍လည်းကောင်း၊ ရင်သွေးရတနာဟူ၍လည်းကောင်း၊ နိုင်ငံ့သားကောင်း သူတော်ကောင်း သူမြတ် လောင်း ဟူ၍လည်းကောင်း မမြင်နိုင်ကြသေးသည့် ခေတ်၏ ပြယုဂ်ဖြစ်ပါသည်။ ကြာလာလျှင် သာသနာ ကို လက်ဆင့်ကမ်းမည့်သူ၊ လူမျိုးကို ပုခုံးပြောင်းစောင့်ရှောက်မည့်သူ၊ နိုင်ငံသားဆိုလျှင် အမွေခံမည့်သူ ဟူ၍ တူတူတန်တန် မရှိနိုင်တော့ဘဲ ခါးဆက်ပြတ်သွားနိုင်ပါသည်။ ဤသို့ဆိုလျှင် သာသနာအဓွန့် ရှည် တည်တန့်နိုင်ပါမည်လား။ ဤအရေးကို တွေးမိ၍ ကလေးသာသနာပြုနည်းကို လျှောက်ထားရခြင်း ဖြစ်ပါသည်။

အရှင်ဘုရားအနေဖြင့် စာသင်ကျောင်းများသို့ ကြွ၍ သာသနာပြုသင့်ပါသည်။ နောင်တော်ကြီး ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆောင်ရွက်ချက်များလည်း ကောင်းပါသည်။ သို့သော် သူတစ်ပါးတည်း မနိုင်ပါ။ သူတစ်ပါးတည်း မပြည့်စုံပါ။ သူ့မှာလည်း ထေရ၀ါဒတက္ကသိုလ်မှာ ပို့ချရ၊ တရားလှည့်ဟောရ၊ သွေးလှူ အသင်းကြီးကြပ်ရ၊ အခြားအလှူအတန်း၊ သာသနာရေးများဆောင်ရွက်ရသဖြင့် မနိုင်မနင်းဖြစ်နေပါသည်။ အရှင်ဘုရားအနေဖြင့် ကျောင်းသူ/သားများနှင့် ရင်းနှီးနွေးထွေးစွာဖြင့် တရားဟောသင့်ပါသည် ။ အရှင် ဘုရား အောင်မြင်ခဲ့ပုံများ၊ စာကြိုးစားခဲ့ပုံများ ၊ စာကျက်နည်း၊ စာဖြေနည်း၊ ကျန်းမာရေးလိုက်စားနည်း၊ လူရည်ချွန်ဖြစ်အောင်၊ ဘာသာစုံဂုဏ်ထူးထွက်အောင် လေ့လာနည်း၊ တရားမှတ်နည်း၊ မိဘကျေးဇူးဆပ် နည်း၊ဆရာကျေးဇူးဆပ်နည်း၊ နိုင်ငံကို အလုပ်အကျွေးပြုပုံ ၊အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးစိတ် မွေးသင့်ပုံတို့ကို ဟောပြောလျှင် မိဘဆရာများရော ၊ကျောင်းသူ/သားများရော သာသနာအတွက် နိုင်ငံအ တွက်ပါ ကြည်ညိုလေးစားကြ ဂုဏ်ယူဝမ်းမြောက်ကြမှာ အမှန်ပင်ဖြစ်ပါသည်။

ဆရာ ဒကာ ဆက်ဆံရေး၊ စာရေးဆရာနှင့် စာဖတ်ပရိသတ်တို့၏ ဆက်ဆံရေးထက် လေးနက်ခိုင်မာပြီး တိုးတက်မြင့်မားသည့် လေးစားမှုမျိုး၊ အားထားမှုမျိုး၊ကြည်ညိုမှုများကို အရှင်ဘုရားခံစားရပါလိမ့်မည်။ အရသာတွေ့ပါလိမ့်မည်။ အရှင်ဘုရားစကားနှင့်ပြောရလျှင် “အသည်းစွဲ”ဖြစ်သွားပါလိမ့်မည်။ ဒကာက ဆရာဘုန်းကြီး ကို အသည်းစွဲကြည်ညိုသည်ထက် ၊ စာဖတ်သူက စာရေးဆရာကို အသည်းစွဲကြည်ညိုသည်ထက် ပို၍ပို၍ “အသည်းစွဲ” ဖြစ်သွားနိုင်ပါသည်။

ရင်ထဲက ဆရာတော်နှင့် ခေါင်းပေါ်ကဆရာတော် ဘယ်ဆရာတော်က ပိုလေးနက်သည်ကို အရှင် ဘုရားသိပြီးဖြစ်ပါမည်။ သည်အရေးအတွက် ကလေးသာသနာပြုဖို့ လျှောက်ထားခြင်း ဖြစ်ပါသည်။ တစ်လလျှင် စာသင်ကျောင်းလေးကျောင်းမှာ တရားလေးပုဒ်သာ ဟောဦးတော့ တစ်နှစ်လျှင် လေးဆယ့် ရှစ်ကျောင်း သာသနာပြုပြီးဖြစ်ပါသည်။ ကလေးများကို ဟောကြားရသည့် တရားပွဲဖြစ်၍ ကန်တော့ပွဲပါ ချင်မှ ပါပါမည်။ ကန်တော့ပွဲပါသည့် သာသနာပြုနည်း (ဥပမာ- တရားပွဲများ)နှင့် ကန်တော့ပွဲမပါသည့် သာသနာပြုနည်း (ဥပမာ-ယဉ်ကျေးမှုသင်တန်း၊ အဘိဓမ္မာသင်တန်းစသည်နှင့် စာပေပို့ချမှုများ၊ အလုပ်ပေးတရားပြမှုများ)တွင် မည်သည့်သာသနာပြုနည်းက ထိရောက်ပေါက်မြောက် ခရီးရောက်သည် ကို အရှင်ဘုရား သိပြီးဖြစ်ပါလိမ့်မည်။

အဇ္ဈတ္တသာသနာပြုနည်းနှင့် ဗဟိဒ္ဓသာသနာပြုနည်းတွင် မည်သည့် နည်းက အခြေခံအကျဆုံး၊ အလိုအပ်ဆုံးဖြစ်သည်ကိုလည်း အရှင်ဘုရားသိပါသည်။ “နှလုံးသားတောင်ထိပ်က အရဟံစေတီတော် ” ကို ဖတ်ပြီး၍ ဤသို့လျှောက်ခြင်းဖြစ်ပါသည်။ ကလေးများ၏ ရင်ထဲ၌ သဒ္ဓါတရားမရှိပါဘဲ ရတနာသုံးပါးကို ဦးညွတ်နိုင်၊ ဦးထိပ်ပန်ဆင်နိုင်ပါမည်လော၊ အကယ်၍ ဦးထိပ်ပန်ဆင်ဦးတော့ သဒ္ဓါအစစ်ဖြစ်ပါဦးမည်လော၊ အကျိုးကြီးပါဦးမည်လော၊ အဆင့်မြင့်ပါဦးမည်လော၊ ကလေးများ၏ နှလုံးအိမ်၌ တရားဓမ္မများ ဌာပနာသောအားဖြင့် ဓမ္မစေတီထိုက်သော ကလေးများဖြစ်သွားပါမည်။ လူလိမ္မာ၊လူယဉ်ကျေး၊ လူသူတော်ကောင်းလေးများအဖြစ် ဂုဏ်ယူဝမ်းမြောက်နိုင်သည်။

နိုင်ငံတိုးတက်အောင် တည်ထောင်လိုလျှင်လည်း ကလေးများနှင့် တည်ထောင်ရပါမည်။ သာသနာ တော်သန့်ရှင်းအောင် ထွန်းကားပြန့်ပွားအောင် တည်ထောင်လိုလျှင်လည်း ကလေးများနှင့် တည်ထောင်ရ ပါမည်။ လူမျိုးကြီးပွားအောင် တည်ထောင်လိုလျှင်လည်း ကလေးများနှင့် တည်ထောင်ရပါမည်။ အိမ်တွေ မှာ နတ်အုန်းသီးများတွေ့ရခြင်း ၊ နတ်ရုပ်များတွေ့ရခြင်း ၊ တောင်ပြုံးနှင့် ရတနာ့ဂူမှာ တစ်နိုင်ငံလုံး ရူးနှမ်း ကြခြင်း၊ တစ်နိုင်ငံလုံး ကိုးကွယ်မှုအဆင့်အတန်း နိမ့်ကျနေခြင်းတို့သည် မိဘဆရာနှင့် တပည့်တော်တို့ ရဟန်းသံဃာများက ကလေးများကို ပစ်ပယ်ထားခြင်း၏ ပြယုဂ်၊ မိဘ ဆရာ ရဟန်းသံဃာတို့ ညံ့ဖျင်းခြင်း၏ ဥဒါဟရုဏ် ဖြစ်ပါသည်။

နိုင်ငံကျော်ဓမ္မကထိက ဆရာတော်ကြီးတစ်ပါးကတော့ နတ်နှင့်ပတ်သက်သည်များကို ပြင်းထန်စွာ ဟောတော်မူရှာပါသည်။ သို့သော် အဝေဖန်ခံရရုံ အကြည်ညိုပျက်ရုံမှတစ်ပါး မထူးခြားလှပါ။ အကြောင်းမှာ လူကြီးများ၏ နတ်ကိုးကွယ်မှုသည် အရိုးစွဲနေပြီဖြစ်ပါသည်။ ကလေးများ ကိုးကွယ်ယုံကြည်မှု မြင့်မားလာပါက ထေရ၀ါဒနှင့် မညီမှုများကို ကလေးများနှင့် ကာကွယ်ရှင်းလင်းပြီး သန့်ရှင်းသော ထေရ၀ါဒသာသနာကို ကလေးများနှင့် ထူထောင်သင့်ပါသည်။

ယနေ့ ကလေးများကို သာသနာပြုနေသော မဟာစည်၊ချမ်းမြေ့၊ရွှေတောင်ကုန်းစသည့်ရိပ်သာများကို နည်းမှီပြီး နွေရာသီ အထူးသင်တန်းများကို ပုံစံတစ်မျိုးဖြင့် ပို့ချရင်း သာသနာပြုသင့်ပါသည်။ အရှင်ဘု ရားသည် အရှင်ဘုရားတရားနာပရိသတ်ကို သောတာပန်ဖြစ်အောင် မဟောနိုင်ပါ။ အရှင်ဘုရားစာဖတ်ပရိ သတ်ကို သောတာပန်ဖြစ်အောင် မရေးနိုင်ပါ။ ကလေးများကို ပျိုးထောင်သောအားဖြင့် အခြေခံသာသနာပြု ကုသိုလ်အစစ်ကိုတော့ အရှင်ဘုရား အရယူနိုင်ပါသည်။

အကူးအပြောင်းကာလမှာ စနစ်နှစ်ခု ကြားက မြေဇာပင်ဖြစ်ရရှာသည့် တပည့်တော်တို့ လူမျိုးကိုလည်း ပြန်ကြည့်ပါဦးဘုရား။

နိုင်ငံတကာနှင့်စာလျှင် အများကြီးကို နိမ့်ကျသွားခဲ့ပါပြီ။ အသိဉာဏ်တွေ၊ အသိတရားတွေ၊ စီးပွားရေးတွေ၊ ပညာရေးတွေ၊ ကျန်းမာရေးတွေ၊ လူနေမှုအဆင့်အတန်းတွေ များစွာနိမ့်ကျသွားခဲ့ပါပြီ။ ရေမြင့်မှ ကြာတင့်ဆိုသလို လူမျိုးချမ်းသာမှ သာသနာချမ်းသာပါမည်။ လူမျိုးအဆင့်အတန်းမြင့်မှ သာသနာအဆင့်အတန်းမြင့်ပါမည်။ လူမျိုးနိမ့်ကျက သာသနာလည်းနိမ့်ကျ သွားပါမည်။ လူမျိုးမွဲတေက သာသနာလည်း ဆင်းရဲသွားပါမည်။ လူဆင်းရဲတို့၏ သာသနာကို ကမ္ဘာက အထင်ကြီးပါ မည်လော၊ လူနေမှုအဆင့်အတန်းနိမ့်ကျသူတို့၏ သာသနာကို ကမ္ဘာကလေးစားနိုင်ပါမည်လော။

ဥပမာ- စင်ကာပူက ရွှေဘုရားကျောင်းဆရာတော်နှင့်အဖွဲ့ ၊ ထိုင်းမှ ဦးဂန္ဓသာရနှင့်အဖွဲ့တို့ မြန်မာပြည်လာပြီး လှူဒါန်းနေကြသည်ကို ကြည့်နိုင်ပါသည်။ မြန်မာရဟန်းတော်များမှာတော့ နိုင်ငံခြားက လာရောက် ထောက်ပံ့မှုများကို ပေးစာ ကမ်းစာအဖြစ် လက်ခံကြရ၊ နိုင်ငံခြားမှ ပြန်လာလျှင်လည်း အလှူခံပြီးတော့ ပြန်လာကြရနှင့် တကယ်တွေးကြည့်လျှင် ရှက်စရာကောင်းပါသည်။ ဤသို့ ဖြစ်သည်မှာ ခေတ်ကာလ အပြင် သာသနာကို ဦးဆောင်ကြသည့် တပည့်တော်တို့ ရဟန်းသံဃာများနှင့် မိဘပြည်သူများကြောင့်ဟု ဆိုနိုင်ပါသည်။

လူကြီးတွေကတရားရှာ ၊ လူငယ်တွေကပညာရှာ ၊ရဟန်းသံဃာများက ဘွဲ့တံဆိပ် သာသနာပြုနေကြသောကြောင့် အမျိုးသားစီးပွားရေးများ လက်လွတ်ကုန်ကြပါပြီ။ ယနေ့မျက်မှောက်ကာလ၏ အမျိုးသားအကျိုးစီးပွားကိုလည်း တစ်ချက်လောက်တော့ အကဲခတ်ကြည့်စေချင်ပါသည်။

ဆင်းရဲသူများသည် နိုင်ငံနှင့်လူမျိုးကိုလည်းကောင်း၊ သာသနာကိုလည်းကောင်း၊ဆိုးအောင်လည်း ပြုနိုင်ပါသည်။ ကောင်းအောင်လည်းပြုနိုင်ပါသည်။ တပည့်တော်တို့၏ ဘာသာ၊ သာသနာကို ဖြိုခွင်းရာ၌ ဆင်းရဲသူများသည် သူစိမ်းတို့၏ ထိရောက်သည့်၊ အစွမ်းထက်သည့် လက်နက်တစ်ခု ဖြစ်သွားနိုင်ပါသည်။ ယခုပင်လျှင် ရေတိုက်စား၍ ကမ်းပါးပြိုသလို အဆွယ်ကောင်းသူများထံ ဆင်းရဲသူများ ဘာသာကူးပြောင်း သွားကြသည်ကို နေ့စဉ်နှင့်အမျှ တွေ့နေရပါသည်။ မိသားစုလိုက်၊ အုပ်စုလိုက်၊ ရွာလုံးကျွတ်လိုက်၊ ကူးပြောင်း နေကြပါသည်။ ထိုသူများမှာ ဆင်းရဲနွမ်းပါးသူများ ဗဟုသုတနည်းပါးသူများ၊ အသိတရားခေါင်းပါးသူများ ဉာဏ်အလင်းရောင်မရကြသူများဖြစ်ပါသည်။ ထိုသူတို့ကို ကာကွယ်ဘို့အတွက် ကြိုတင်ပြင်ဆင်မှု များ ပြုလုပ်သင့်ပါသည်။

ယနေ့ နိုင်ငံတကာ၌ ဆင်းရဲနွမ်းပါးမှုများ၊ လျှော့ချနေကြပါပြီ။ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းသည် ဘုရားဟော ကရုဏာ ဗြဟ္မစိုရ်ဖြစ်ပါသည်။ သို့ဖြစ်လျှင် ဘုရားသားတော်များသည် ဘုရားလမ်းစဉ် လိုက်သင့်သည်၊ မလိုက်သင့်သည်ကို ဝေဖန်ဆုံးဖြတ်နိုင်ပါသည်။ ဉာတတ္ထစရိယ (အမျိုသားရေးလမ်းစဉ်) ကို ကျင့်သုံးရာ ရောက်/မရောက် တွေးကြည့်သင့်ပါသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရာ၌ ပညာရေးသည် အခြေခံအကျဆုံး အရေးပါဆုံးဖြစ်ပါသည်။ ကျောင်းနေအရွယ် ကျောင်းမနေနိုင်သည့်ကလေးများကို ကျောင်းထားပေးခြင်းဖြင့် သူတို့၏ဘ၀ကို မြှင့်တင်ပေးနိုင်ပါသည်။ နောင်တော်ကြီး ဓမ္မဒူတအရှင်ဆေကိန္ဒလည်း သာကေတမြို့နယ်က အဆွယ်ခံ မိဘများ၏ ကလေးများကို ကျောင်းထားပေးဖူးပါသည်။ ပဒေသာပင်အင်အား ဒကာ၊ ဒကာမအင်အား တောင့်တင်းသော အရှင်ဘုရားနှင့် နောင်တော်ကြီးတို့ ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် ထိရောက်နိုင်ပါ သည်။ ကျောင်းဖွင့်ချိန်တွင် အဆိုပါကလေးငယ်များအတွက် စီမံကိန်းများ၊စီမံချက်များ ရေးဆွဲ၍ ဌာနဆိုင် ရာ၏ အကူအညီကို ရယူကာ ပညာသင်ကြားနိုင်အောင် ထောက်ပံ့ပေးမည်ဆိုလျှင် ကိုယ့်လူမျိုးကိုလည်း မြှင့်တင်ပေးရာရောက်ပါသည်။ သာသနာပြုရာလည်းရောက်ပါသည်။

ထိုသို့ အမျိုးသားရေးကို အခြေခံသည့် သာသနာပြုနည်းမျိုးကို တပည့်တော်တို့ ရဟန်းသံဃာများ ဆောင်ရွက်ကောင်းသည် မဟုတ်ပါလားဘုရား။
တပည့်တော်တို့ သာသနာတော်၌ ကျောင်းမှာထိုင်ပြီး သာသနာပြုသည့် ကျောင်းထိုင်သာသနာပြု နည်းကို ပြုပြင်သင့်ပါပြီ။ အိုမင်းဟောင်းနွမ်းဆွေးမြေ့နေသည့်အပြင် မအောင်မြင်ခြင်း၊ဆုံးရှုံးခြင်းတို့ကြောင့် ဖြစ်ပါသည်။ ကျောင်းထိုင်သာသနာပြုနည်းသည် သာသနာတော်ကို တိုးပွားအောင်မလုပ်နိုင်ရုံတင်မကဘဲ သာသနာအဓွန့်ရှည်တည်တန့်နိုင်အောင်လည်း မကာကွယ်နိုင်ပါ။ သာသနာတော်သန့်ရှင်းအောင်လည်း မဆောင်ကြဉ်းနိုင်ပါ။ကျောင်းထိုင်ဆရာတော်များ၏ လက်ရှိရပ်တည်မှုသည် သာရေးနာရေး ခန်းဝင်ပစ္စည်း တစ်ခုမျှသာ ဖြစ်ပါသည်။လှူတာယူ ပင့်ရာကြွရသည့် ရုပ်ပွားတော်သာသနာပြုနည်းမျှသာ ဖြစ်ပါသည်။

ထို့ကြောင့် စာသင်တိုက်များ ရိပ်သာများမှတစ်ပါး ကျောင်းထိုင်ဆရာတော်များသည် ရှေးဆရာတော်ကြီး များကဲ့သို့ ရပ်ရေး၊ ရွာရေးနှင့် အမျိုးဘာသာ၊သာသနာအရေးအတွက် ရှေ့တန်းထွက်၍ ဦးဆောင်သင့်ပါပြီ။ စာကြည့်တိုက်များ သာရေး၊နာရေးအသင်းများ လူသားအကျိုးပြု ပရိယတ္တိသင်တန်းများ ထွန်းကားအောင် ဆောင်ရွက်သင့်ပါပြီ။
တင်းစာများမှာ ကျေးလက်ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်သည့် အနေဖြင့် မျက်စိအထူးကုဆရာဝန်များနှင့် အတူပူးပေါင်းဆောင်ရွက်ခြင်း၊ရေရှားသည့်ရွာများအတွက် အ၀ီစိတွင်း များတူးဖော်ပြီး ရေအလှူပွဲကြီးများ အရှင်ဘုရားကိုယ်တိုင် ဦးစီးကျင်းပခြင်းများကို ဖတ်လိုက်ရပါသည်။ သတင်းစာဖတ်ပြီး ကြည်ညိုလေးစားလွန်း၍ ၀မ်းမြောက်ဂုဏ်ယူလွန်း၍ လက်အုပ်အတန်တန်ချီပြီး သာဓုအလီလီ ခေါ်မိပါသည် အရှင်ဘုရား။

နောက်နောင်သတင်းစာဂျာနယ်များမှာ တွေ့ရဦးမည်အထင်ဖြင့် မျှော်လင့် စောင့်စား စူးစမ်းရှာဖွေ ဖတ်ရှုသော်လည်း မတွေ့ရတော့ပါ။ အရှင်ဘုရားဇာတိမြေ ရေနံချောင်းအပါအ၀င် မိုးခေါင်ရေရှား အပူပိုင်း ဒေသများရှိ တောသူတောင်သားများကို ကယ်တင်တော်မူပါဦးဘုရား။ ရေတွင်းစီမံကိန်းအတွက် ကော်မတီဖွဲ့ခြင်း၊ စီမံချက်များရေးဆွဲခြင်း၊ ပဒေသာပင် မ-တည်ခြင်း၊ ဌာန ဆိုင်ရာနှင့် လက်တွဲဆောင်ရွက် ခြင်းဖြင့် အမျိုးသားရေးကို အခြေခံသည့် အဆင့်မြင့်သာသနာပြု ခရီးတစ်ခုကို ပေါက်မြောက်အောင်မြင်အောင် လျှောက်လှမ်းစေချင်ပါသည်အရှင်ဘုရား။

မင်းသားကျော်သူ နာရေးအသင်း၌ နာယကအဖြစ် ဆောင်ရွက်ခြင်း၊ နောင်တော်ကြီးဓမ္မဘေရီ အရှင်ဝီရိယ၊ ညီတော် အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)တို့နှင့် အတူ နာရေးအသင်းများ ဦးဆောင်ဖွဲ့စည်းပေးခြင်း၊ လူမှုကူညီရေး ပါရမီဖြစ် ဆောင်းပါးများကို ရေးသားခြင်းတို့ကြောင့် ရွှေပါရမီဆရာတော်သည် ပါရမီကုသိုလ်အရေးမျိုး၌ နှောင့်နှေးနေမည်မထင်ကြောင်း တပည့်တော်ယုံကြည်ထားဖြစ်၍ ဆက်လက် အားပေး လျက်ပါဘုရား။

ကျန်းမာရေးနှင့်ပတ်သက်၍ ဆက်လက်လျှောက်ထားရလျှင် မင်္ဂလာဗျူဟာသွေးလှူအသင်းမှာ အတော်အောင်မြင်နေပါသည်။ နောင်တော်ကြီးဓမ္မဒူတအရှင်ဆေကိန္ဒလည်း စုပေါင်းသွေးလှူဒါန်းပွဲများ ဦးဆောင်နေပါသည်။ အရှင်ဘုရားနှင့် နီးစပ်သည့် အနုပညာရှင်များပင် စုပေါင်းသွေးလှူနေကြသည်ကို တွေ့မြင်နေရပါသည်။ တပည့်တော်အတွေ့အကြုံလေးတစ်ခု လျှောက်ထားလိုပါသည်။ မန္တလေးဆေးရုံကြီး မှ ခွဲစိတ်လူနာ အဖွားကြီးတစ်ယောက်သည် သွေးအလွယ်တကူမရ၍ အရှေ့ပြင် တောင်ပြင်ရှိကျောင်း တိုက်များသို့ သွေးအလှူခံသွားပါသည်။ မရခဲ့ပါ။ အနောက်ပြင်ရောက်သည့်အခါ “ပါရမီပျိုးခင်း”သွေးလှူ အသင်း တာဝန်ခံဆရာတော်က သွေးရှာပေးခြင်း၊Taxi ငှားပြီး လိုက်ပို့ပေးခြင်း၊သွေးခံပုလင်းအတွက်ပါ လှူဒါန်းပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ အလွန်တရာမွန်မြတ်ပါသည် အရှင်ဘုရား။ အကြောင်းမှာ သွေးအလှုခံ ထိုအဖွားကြီးမှာ ဖိနပ်မစီးနိုင်လောက်အောင် နွမ်းပါးသူဖြစ်နေသောကြောင့်ပါဘုရား။ မန္တလေးလေးပြင်လေးရပ် ခြေလျင်လျှောက်သွားနေသော်လည်း ခြေထောက်မှာ ဖိနပ်မပါရှာပါ။ ဆေးရုံများမှ သွေးရှားနေခြင်းသည် သွေးလှုမည့်သူမရှိ၍ မဟုတ်ပါ။အလှူရှင်မရှိ၍ သွေးရှားခြင်းမျိုးမဟုတ်ဘဲ အလှူရှင်မသိ၍ သွေးရှားနေခြင်း၊ကိုယ်စားလှယ်မရှိ၍ သွေးရှားနေခြင်းဖြစ်ပါသည်။

နောင်တော်ကြီး ဆေကိန္ဒနည်းတူ လေးလတစ်ကြိမ်ဖြစ်စေ ၊ အခါခွင့်သင့်သည့်အချိန်မှာဖြစ်စေ၊ အရှင်ဘုရားဦးဆောင်ပြီး ရွှေပါရမီသွေးလှူဒါန်းပွဲကြီး ကျင်းပမည်ဆိုပါက ခြိမ့်ခြိမ့်သဲအောင်မြင်မည်ထင်ပါသည်။ ဆေးရုံများမှာ သွေးပြည်စုံရုံတင်မက သွေးလျှံသွားမည်ဟုပင် ယုံကြည်ပါသည်။ မြန်မာပြည်၏ အခြေခံယဉ်ကျေးမှုကလည်း လူပုဂ္ဂိုလ်ဦးဆောင်သည်ထက် ရဟန်းသံဃာဦးဆောင်သည်ကို ပို၍ ကိုးစားယုံကြည်လေ့ရှိသောကြောင့်ဖြစ်ပါသည်။

အရှင်ဘုရား ယခုအခါမှာ ကျေးရွာစာကြည့်တိုက်များ ပျိုးပင်များလို ဥဒဟိုပေါ်ပေါက်နေကြပါပြီ။ ပြန်ကြားရေးဌာနကလည်း စီမံကိန်းတစ်ရပ်အနေဖြင့် ဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ ကောင်းသောအစဉ်အလာ ဖြစ်ပါသည်ဘုရား။ စာကြည့်တိုက်စီမံကိန်း မပေါ်ခင်က သင်္ဃန်းကျွန်းမြို့နယ် ငါးကျမ်းပြန် ထားဝယ်သာသနာ့ရိပ်သာမှ အမေရိကသာသနာပြုဆရာတော် ဦးဓမ္မပိယ( Ph.D )လည်း စာကြည့်တိုက် သာသနာထွန်းကားအောင် ဆောင်ရွက်ခဲ့ပါသည်။ယခုဓမ္မဗိမာန် စာပေအသင်း ကိုတည်ထောင်သည့် ဆရာတော် ဦးသာသန၀ရ(M.A)သည်လည်း ရှိုင်းဟုပ်ကုမ္မဏီမှ ဒါယိကာမကြီး ဒေါ်စန်းရီကို ကျောထောက်နောက်ခံပြီးမှ ကျေးရွာများမှာ စာကြည့်တိုက်များ တည်ထောင်ပေးခဲ့သည်မှာ စာကြည့်တိုက် ပေါင်း(၅၀)ကျော်ရှိမည်ထင်ပါသည်။ အရှင်ဇ၀န(မေတ္တာရှင်)ရွှေပြည်သာဆရာတော်လည်း စာကြည့်တိုက် သာသနာပြုနေကြောင်း သိရပါသည်။

ကမ္ဘာကြီးကို ခြုံငုံကြည့်မယ်ဆိုလျှင် လူသားအားလုံး သည် ကြောင် တောင်ကန်းများ တစ်ဖက်ကန်းများသာ များပါသည်။ လောကမျက်လုံး ကွယ်သူကကွယ်၊ ဓမ္မမျက်လုံးကွယ် သူကကွယ်နှင့် နှစ်ဖက်မြင်များက လွန်စွာရှားလှပါသည်။ သိပ္ပံပညာ ထွန်း ကား သော နိုင်ငံများ၌ ဓမ္မမျက်လုံးများ ကွယ်ပနေပြီး၊ ၀ိဇ္ဇာပညာထွန်းကားသောနိုင်ငံများ၌ လောကမျက်လုံးများ ကွယ်ပနေပါသည်။ သိပ္ပံ ၀ိဇ္ဇာနှစ်မျိုးလုံး ထွန်းကားမှ နှစ်ဖက်စလုံး မြင်ပါမည်။ နှစ်မျိုးလုံးမထွန်းကားက အန္ဓ(စုံလုံးကန်း)သာ ဖြစ်နေပါမည်။ (အဂုင်္တ္တရနိကာယ်၊ အန္ဓသုတ်) စာပေသာမရှိခဲ့လျှင် လင်ကွန်းဆိုတာ ဖြစ်နိုင်ပါ့မလားဘုရား။ ဦးသန့်ဆိုတာကော၊ သခင်အောင်ဆန်းဆိုတာကော၊ အရှင်ဆန္ဒာဓိကဆိုတာကော ဖြစ်လာနိုင်ပါ့မလားဘုရား။ ပေါ်လစီအရ စာကြည့်တိုက် ထောင်ကြရသော်လည်းတစ်ချို့စာကြည့်တိုက်များမှာ စာအုပ်၊ စာစောင်၊ဂျာနယ်၊ မဂ္ဂဇင်းအဟောင်းအမြင်း ပေါင်း(၇၀)မျှသာရှိသည်။ အချို့ဆိုလျှင် အရေအတွက်ပင် ကိန်းဂဏန်းချ၍ ဖော်မပြနိုင်ပါ။ ဌာနဆိုင်ရာနှင့် လက်တွဲ၍ စာကြည်တိုက်များရှင်သန်ထွန်း ကားအောင် ဆောင်ရွက်သင့်ပါသည်။ စာကြည့်တိုက် သာသနာပြုခြင်းဖြင့် မြတ်စွာဗုဒ္ဓ အလိုတော်ဖြစ်သော စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ၀ိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ များအတွက် ဆောင်ရွက်ခြင်းပင် မဟုတ်ပါလားဘုရား။ သို့ဖြစ်၍ ရဟန်းသံဃာတော်များ စာကြည့်တိုက်သာသနာပြုခြင်းဖြင့် ဘ၀အလင်းရောင် ထွန်းပြောင်ဂုဏ် ဆောင်စေချင်ပါသည်။

ဂျာနယ်တစ်ခုတွင် မင်းသားကြီးဦးကျော်ဟိန်းတို့ မိသားစု စာသင်ကျောင်းတစ်ခုမှာ ပဒေသာပင် စိုက်ထူလှူဒါန်းပွဲ ပြုလုပ်သည်ကို ဖတ်လိုက်ပါရသည်။ ဦးကျော်ဟိန်းလည်း ၀မ်းသာလွန်းလို့ မျက်ရည်စို့ရှာ ပါသည်။

အရှင်ဘုရားပညာသင်ခဲ့သည့်ကျောင်းတွင် ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲ ကျင်းပကြသည်ကို မတွေ့ရသေးပါ။ (တပည့်တော်လက်လှမ်းမမှီ၍လည်း ဖြစ်ပါမည်။) မရှိသေးလျှင် အရှင်ဘုရား ဦးဆောင်သင့်ပါသည်။ ရှိပြီးဖြစ်လျှင်လည်း အရှင်ဘုရား အားဖြည့်သင့်ပါသည်။ မြန်မာပြည်မှာ သနားစရာ အကောင်းဆုံးဝန်ထမ်းများဟာ ကျောင်းဆရာ၊ ဆရာမများဖြစ်ပါသည်။

တပည့်များက အသီးသီးကြီးပွား သွားကြသော်လည်း ဆရာများကား စက်ဘီးစုတ်ကိုပင် အပ်ချုပ်၍ စီးနေရပါသည်။ သို့သော်လည်း “တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏”ဟူသော ဆောင်ပုဒ်အတိုင်း ဆရာများမှာတော့ ရွှင်လန်းတက်ကြွလျက်ပင်ရှိပါသည်။ ပီတိကိုစား အားရှိသည် မှန်သော်လည်း ဗိုက်မပြည့် ဗိုက်မ၀ပါအရှင်ဘုရား။ ဆရာများ၏ ဘ၀ကို ကျောင်းသားဟောင်းများက မြှင့်တင်ပါမှ ဘ၀အဆင့်အတန်း မြင့်မားကြပါမည်။ ဤအရေး၌ နိုင်ငံကျော်ဂုဏ်ထူးရှင် လူရည်ချွန်သုံးထပ်ကွမ်းဖြစ်သော အရှင်ဘုရားမှလည်း တာဝန်ရှိပါသည်။ မွေးရပ်မြေ စာသင်ကျောင်းမှာ အာစရိယပူဇော်ပွဲ ကျင်းပပေးခြင်း၊ နွမ်းပါးထူးချွန် ကျောင်းသားများအတွက် ပဒေသာပင်စိုက်ထူပေးခြင်း၊ တရားပွဲများ ကျင်းပပေးခြင်းဖြင့် မင်းသားကြီးဦးကျော်ဟိန်းလို ပီတိမျက်ရည် ခံစားရမည် ထင်ပါသည်။ အရှင်ဘုရားရေးသလို ဆေးပေါင်းခသည့် မျက်ရည်ဖြစ်ပါမည်။

အရှင်ဘုရား စာရေးသာသနာပြုသည်ကိုလည်း အားပေးဂုဏ်ယူပါသည်။ မြန်မာသမိုင်း၊သာသနာ့ သမိုင်းတွင်အရှင်ဘုရားလောက် အုပ်ရေများသည်ကို မတွေ့ဖူးပါ။ ဒေးလ်ကာနက်ဂျီ၏ မိတ္တဗလဋီကာလို မြန်မာပြည်၏ (Best Seller)စာအုပ်များဟု ဆိုနိုင်ပါသည်။ လယ်တီဒီပနီကြီးများလို ရတနာ့ဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာ ကျမ်းများလို စကားလုံးများ နုပျိုလန်းဆန်းပြီး သစ်လွင်တောက်ပနေသည့် အရွယ်သုံးပါးလုံးက လက်ခံနိုင်လောက်အောင် ကလက်မှုမရှိဘဲ တည်ကြည်ခန့်ငြားသည့် ခေတ်အဆက်ဆက်မှာ အသစ်စက်စက်ဖြစ်နေမည့် ဂန္ထ၀င်မြောက်ကျမ်းစာအုပ်မျိုးကို အချိန်ယူရေးသားပြုစုတော်မူစေချင်ပါသည်။

“ဘုရားတောင် အမှီရှိမှ ပွင့်လို့ရသည်”ဟူသော ဆိုရိုးစကားကို အရှင်ဘုရားကြားဖူးပါမည်။ မြတ်စွာဗုဒ္ဓသည် လောကမှာ အမှီရှိမှတင့်တယ်သည်။ လောကသည်လည်း ငါ၏မှီရာမဟုတ်၊ လောကမှာ ငါမှီစရာ ပုဂ္ဂိုလ်သတ္တ၀ါဟူ၍လည်းမရှိ ငါသည် ဓမ္မကိုပင် အမှီပြု၍နေတော့အံ့ဟု မှီစရာပုဂ္ဂိုလ်မရှိ၍ ဓမ္မကို အမှီပြု၍နေတော်မူခဲ့ပါသည်။ အရှင်ဘုရားအနားမှာ အကြံပေးဆုံးမမည့် နိဿယည်းဆရာ၊ သြ၀ါဒါ စရိယဆရာများ ရှိသင့်ပါသည်။

ဧကနိပါတ် ဇာတက အပါယိမှဝဂ် သုရာပါနဇာတ်ကို အရုံယူ ကြည့် ပါဦးဘုရား။ ဆရာကင်း၍ ပျက်စီးပြီး ကချေသည် ဘ၀မျိုး ရောက်သွားရသည့် တပည့်ရသေ့ များအကြောင်း ဖြစ်ပါသည်။ သောက်လည်းသောက်ခဲ့ကြပြီ၊မှောက်လည်းမှောက်ခဲ့ကြပြီ၊ ဆိုလည်းဆိုခဲ့ကြပြီ၊ ငိုလည်းငိုခဲ့ကြပြီဟု နောင်တရကြသည့် ရသေ့များ အကြောင်းဖြစ်ပါသည်။ အရှင်အာဒိစ္စရံသီ(ဆရာဆန်းလွင်)လည်း ဆရာနှင့်ကင်း၍ ကျဆုံးခဲ့ရသည်မဟုတ် ပါလော။ အမျိုးသားရေးတရားတွေ ဟောသည့် ၀ံသာနုဆရာတော်လည်း ထို့အတူပင် မဟုတ်ပါလော။ အရှင်ဘုရားမှာ အရွယ်ကငယ်ငယ်၊အတွေ့ကြုံကနုနု၊ ဥပဓိကကောင်းကောင်း၊ ကျော်ကြားမှုကကြီးကြီး၊ ငွေကြေးကပြည့်စုံ၊ဆရာနှင့်ကင်းနေသည့်အပြင် နှလုံးသားတရားများဟော၊ နှလုံးသားစာများရေးနေ၍ အရှင်ဘုရားအတွက် စိုးရိမ်မိပါသည်။ “နာနာကျင်ကျင် အပြစ်မြင်တိုင်း ၀မ်းတွင်မသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော။

https://www.facebook.com/koko.mg.528…