အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ဇဇ(၃-၄)ရပ်ကွက်ရှိ နဂါးနီစုဘူး အမှတ်(၄) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။
ဒီကနေ့ (29.5.2017) မွန်းတည့်(၁၂း၀၀)နာရီ ကံသာယာရပ်ကွက် အောင်သုခဓမ္မာရုံမှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ သတင်းထောက် အရှင်ခေမိန္ဒ (ဝီရ ခေမိန်)တို့ တက်ရောက်ကြပါတယ်။
အသင်းနာယက အရှင်ဇဝနမှ သြဝါဒမိန့်ကြားပါတယ်။ အသင်းသူ/သားများအနေဖြင့် စည်းမျဉ်းစည်းကမ်းများ လိုက်နာရန်၊ ရိုးသားကြိုးစားကြရန်၊ စာရိတ္တကိုအခြေခံတဲ့ အောင်မြင်ကြီးသူများဖြစ်အောင် ရည်မှန်းကြိုးစားကြရန်၊ လတ်တလောဖြစ်ပေါ်နေသော မဘသ သတင်းဂယက်ကြောင့် နဂါးနီစုဘူးအသင်းအပေါ် တစုံတရာသက်ရောက်မှုမရှိ၍ အသင်းသူ/သားများအနေဖြင့် မဘသပျက်ပြီး နဂါးနီစုဘူးငွေ ပေးစရာမလိုတော့ဘူး စတဲ့ ထင်ယောင်ထင်မှန်းသတင်းလွှင့်မှုတွေကို နားမယောင်ရန် အသိပေး မိန့်ကြားခဲ့ပါတယ်။
တစ်သိန်းခွဲတန်း အသင်းဝင်(၉၃)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီနှင့် တစ်သိန်းတန်းအသင်းဝင်(၃၂)ဦးတို့အား တစ်သိန်းကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။
ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ကံသာယာ ဇဇ(၃-၄) နဂါးနီစုဘူးအသင်းဟာ စတုတ္ထမြောက် အမှတ်(၄)စုဘူးဖြစ်ပြီး (၂၆.၇.၂၀၁၄)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ရာ ယခုအခါ အသင်းဝင်(၁၂၅)ဦးရှိပါပြီ။
နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရပါတယ်။ အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ၊ (၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန် သုံးစွဲပြီး ရရှိလာသော အမြတ်ငွေများကို တခြားစုဘူးအတွက်သုံးစွဲခြင်းမရှိဘဲ သက်ဆိုင်ရာ စုဘူး၌သာ ပြန်လည်သုံးစွဲပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ဖွင့်လှစ်ပေးတဲ့ နဂါးနီစုဘူးပေါင်း (၇)ခုရှိပါပြီ။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)
“နဂါးနီစုဘူး ဆောင်ပုဒ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)