ညွှန်ကြားလွှာအမှတ် (၇၅)ဖြင့် အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတွက် ဖြည့်စွက် လျှောက်ထားချက်ပါ ဘုရား
အထက်ပါ စာအုပ်၌ သာသနာတော်သန့်ရှင်းတည်တံ့စေလိုသော စေတနာကောင်းဖြင့် မေတ္တာ ကရုဏာ ရှေ့ရှု၍ ရေးဆွဲထားသော စည်းမျဉ်းဥပဒေများကို တွေ့ရှိရပါသည်။ အပြည့်အဝ ထောက်ခံအပ်ပါသည်။ ဖြည့်စွက်လျှောက်ထားလိုသည်မှာ –
အကျဉ်းစံ သံဃာတော်များ၏ ဘဝဒုက္ခများကို ကယ်တင်ရေး ဖြစ်ပါသည်။
အကျဉ်းသား သံဃာများတွင် အပေါင်းအသင်းမှားခြင်း စသော အကြောင်းတစ်ခုခုကြောင့် အမှားတစ်ခု ကျူးလွန်ခဲ့သော်လည်း – အကျဉ်းဆင်းရဲနှင့် မထိုက်တန်သော၊ အကျဉ်းသားဘဝနှင့် မအပ်စပ်သော ပရိယတ္တိဝန်ဆောင် ရှင်ရဟန်းများကို တွေ့ရှိခဲ့ရပါသည်။
၎င်းတို့တွင် ဓမ္မာစရိယကျမ်းစွဲ၊ ဓမ္မာစရိယဘွဲ့ရ ပုဂ္ဂိုလ်များပင် ပါဝင်ကြပါသည်။ လူဝတ်ဘဝဖြင့် နေရခြင်း၊ လူတွေလို ဆက်ဆံခံရခြင်း၊ လူတွေနှင့် ရောရောနှောနှော နေရခြင်း၊ လူအကျဉ်းသား ထုံးစံအတိုင်း နွားလိုရုန်း၍ တောင်ယာလုပ်ရခြင်းမှစ၍ လူတွေစွန့်ထားသော မစင်ပုံးများ၊ မစင်အိုးများကို သန့်ရှင်းဆေးကြောပေးရခြင်းများအထိ လုပ်ကိုင်ပေးရပါသည်။
ပြစ်ဒဏ်ပေးရုံတင် မဟုတ်ဘဲ၊ မိမိသာသနာကို မိမိကိုယ်တိုင် ညှိုးနွှမ်းအောင် နှိမ့်ရာပင် ရောက်နေပါသည်။ အချို့ ဘဝဇာတ်မြှုပ်ပြီး ပင်ပန်းဆင်းရဲကြီးစွာနှင့် အထီးကျန် နေထိုင်ခဲ့ကြသလို၊ အချို့ အာဟာရချို့တဲ့ခြင်း၊ အလုပ်ပင်ပန်းခြင်း၊ ဆေးဝါးမတတ်နိုင်ခြင်းတို့ကြောင့် ပျံလွန်ကြရသည်များပင် ရှိခဲ့ကြပါသည်။
ဤသို့သော အကြောင်းများကြောင့် သာသနာတော်မျက်နှာကို ထောက်ထား၍ အပြစ် အသေးအဖွဲလေးများဖြင့် ပြစ်ဒဏ်ကျနေရသော သံဃာများကို လူအကျဉ်းသားတွေလို နှိမ့်ချဆက်ဆံမှုများ မပြုလုပ် နိုင်ကြစေရေးအတွက် ရှင်ကောင်း၊ ရဟန်းကောင်းများကို ကာကွယ်စောင့်ရှောက်ရာ စည်းမျဉ်းဥပဒေများ အသစ်ရေးစွဲသင့်ကြောင်း လျှောက်ထားရခြင်း ဖြစ်ပါသည်။
အပြစ်ကျူးလွန်ကြောင်း ထင်ရှားလျှင် –
အတု။အစစ်
ဥပဇ္ဈာယ်ဆရာ တာဝန်ယူ။မယူ
ပါရာဇိက ကျ။မကျ
စိစစ်ပြီး
ထောင်ကျထိုက်ပါက – ပါရာဇိက မကျသေးသူအား လူဝတ်မလဲရေး၊ သံဃာဆောင် သီးသန့်ထားရေး၊ အလုပ်ကြမ်းမခိုင်းရေး၊ အယူခံ အဆင့်ဆင့် တင်ပေးမည့် အဖွဲ့ ဖွဲ့စည်းရေး၊ ထောင်တွင်း ပရိယတ္တိနှင့် ထောင်တွင်းသံဃာဆောင်ကို ကျောင်းတိုက်တစ်ခုအသွင် တည်ဆောက်ရေး၊ ထောင်စည်းကမ်း လိုက်နာမှု ရှိ။မရှိ စောင့်ကြည့်လေ့လာရေးအဖွဲ့ ထားရှိဆောင်ရွက်သင့်ကြောင်း လျှောက်ထားအပ်ပါသည်။
ဤသို့သော ဥပဒေ ပေါ်ပေါက်လာခဲ့သော် မည်သည့်ခေတ်၊ မည်သည့်စနစ်ပင် ဖြစ်စေကာမူ – အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး၊ နိုင်ငံရေး စသည့် ဉာတတ္ထစရိယ၊ လောကတ္ထစရိယ၊ ပရဟိတ ဆောင်ရွက်ချက်များဖြင့် အကျဉ်းချခံရစေကာမူ သံဃာ့အခွင့်အရေး မဆုံးရှုံးမှာ ဖြစ်ပါသည် ဘုရား။
သင်္ကန်းဆိုသည်မှာ အရဟတ္တဓဇ-ရဟန္တာတို့၏ အလံတံခွန် ဖြစ်ပါသည်။ လောကဥပဒေ ချိုးဖောက်သောကြောင့် ပေးရသည့်ပြစ်ဒဏ်ဖြစ်ရကား ထောင်ထဲမှာ ထားရုံမျှဖြင့်ပင် ပြည့်စုံလုံလောက်ပြီ ဖြစ်ပါသည်။
ဓမ္မဝိနယဥပဒေအရ – လူဝတ်လဲခွင့် မရှိပါ။ လူဝတ်မလဲသင့်ပါ။ ရဟန်းသံဃာတော်များကို သင်္ကန်းချွတ်သည့်အပြစ်က ထောက်ချသည့်အပြစ်ထက် ပိုကြီးကြောင်း ဆိုင်ရာ အစိုးရများ သိရှိနိုင်မည် ဖြစ်ပါသည် ဘုရား။
အုပ်ချုပ်ခံ သံဃာတော်များကို ဘုရားသားတော်များပီပီ ရင်အုပ်မကွာ စောင့်ရှောက်နိုင်မှာဖြစ်ပြီး၊ သာသနာတော်ကို မြေဝယ်မကျ ကာကွယ်နိုင်မည် ဖြစ်ပါသည် ဘုရား။ နှစ်ဦးနှစ်ဖက် အကုသိုလ် တိုးပွားခြင်းမှ ကာကွယ်ပြီးသား ဖြစ်ပါမည် ဘုရား။
ဝီရသူ(မစိုးရိမ်)
၇.၂.၂ဝ၁၄