တရားမဲ့ကမ္ဘာ (၅)
“ထဘီအအုပ်ခံနေရသော ဦးနှောက်များ”
~~~~~~~~~~~~~~~~~~~~~~~
နိုင်ငံရေးလုပ်နေတဲ့ ဘုန်းကြီးတွေကို ကြည့်လိုက်ရင် ဘဝမေ့နေသူတွေပဲဆိုတာ တွေ့ရပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံရေးဘုန်းကြီးတွေဟာ ကိုယ့်ဘဝကိုယ်မေ့နေကြသူတွေပါ။
ရဟန်းဘဝ၊ ဘုရားသားတော်ဘဝလို့ သူတို့ကိုယ်သူတို့ မခံယူကြတော့တာလားတော့ မပြောတတ်ပါ။ သူတို့တစ်တွေဟာ ရဟန်းတစ်ပါးမပြုမူအပ်တဲ့၊ ဘုရားသားတော်နဲ့ လုံးဝမအပ်စပ်တဲ့ ကာယကံမှု၊ ဝစီကံမှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြလို့ပါပဲ။
“န ဟိ ပဗ္ဗဇိတော ပရူပဃာတီ။”
– ရဟန်းဆိုတာ သူတစ်ပါးကို မဖျက်ဆီးတတ်ပါ။
“န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။”
– သူတစ်ပါးကို ညှဉ်းဆဲရင် ရဟန်းမဟုတ်ပါ။
နိုင်ငံရေးလောကသား ဘုန်းကြီးတွေဟာ လူသတ်လက်နက်တွေနဲ့ ယဉ်ပါးနေတာကို တွေ့နေရပါတယ်။ တချို့က သေနတ်ဆိုင်သွားပြီး သေနတ်ဝယ်နေကြ၊ တချို့က သေနတ်ပစ်ကွင်းမှာ သေနတ်ပစ်ကျင့်နေကြ
၊ တချို့က ကိုယ်တိုင်သေနတ်လုပ်နေကြ၊ ဗုံးတွေ၊ မိုင်းတွေပါ တီထွင်ထုတ်လုပ်နေကြ၊ တချို့က အကြမ်းဖက်သမားတွေ မွေးထား၊ သေနတ်တွေ စုပေးထား၊ ဗုံးတွေ၊ မိုင်းတွေသိမ်းပေးထားနဲ့ ဘုရားသာသနာတော်နဲ့ ဆန့်ကျင်ဘက် အဖျက်လုပ်ငန်းကြီးတွေကို ကိုယ်တိုင်ကိုယ်ကျ ဝင်လုပ်နေကြတာ တွေ့နေရပါတယ်။
တချို့ဆိုရင် လိုင်းပေါ်မှာ Live လွှင့်၊ သတ်ရေး၊ ဖြတ်ရေးတရားတွေ ဟောနေကြပြီး လူတွေကိုတောင်မက သံဃာတော်တွေကိုပါ လိုက်သတ်ဖို့ လှုံ့ဆော်နေတာတွေ တွေ့နေရပါတယ်။
လက်နက်ကိုင်ပြီး လက်နက်ကိုင်အချင်းချင်း တိုက်ကြခိုက်ကြတယ်ဆိုရင်လည်း တော်သေးရဲ့။ အခုဟာက ဘာလက်နက်မှ မပါတဲ့ အပြစ်မဲ့ပြည်သူတွေကိုပဲ လိုက်သတ်၊ ဘာလက်နက်မှမကိုင်တဲ့ အပြစ်မဲ့သံဃာတွေကိုပဲ လိုက်သတ်နေကြတဲ့ ဖြစ်ရပ်ပါ။
စစ်သားတွေ၊ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်တာကို မပြောလိုဘူး။ လက်နက်မရှိ၊ လက်နက်မသိ၊ လက်နက်မပါ၊ လက်ဗလာနဲ့ အေးအေးလူလူ သွားလာနေထိုင်နေတဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ သံဃာတွေကို လိုက်သတ်နေတာ နိုင်ငံရေးလားလို့ မေးချင်နေတာပါ။
ရွာတွေကို မီးရှို့နေတာကရော နိုင်ငံရေးလား။
ဈေးတွေ၊ ရုံးတွေ၊ ကျောင်းတွေကို ဖျက်ဆီးနေတာကရော နိုင်ငံရေးလား။
ဘုန်းကြီးကျောင်းတွေကို မီးရှို့ဖျက်ဆီးနေတာကရော နိုင်ငံရေးလားလို့ မေးပါရစေ။
နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရတဲ့ အလုပ်လား။ မိတ်ဆွေကို ရန်သူဖြစ်အောင် လုပ်ရတဲ့အလုပ်လား။ ဘုရားအရေခြုံထားပြီး အဲဒီလောက်မှ အသိတရားမရှိကြတာဟာ ဘုရားသာသနာကို စော်ကားရာရောက်တယ်ဆိုတာကိုရော သတိပြုမိကြရဲ့လား။
စစ်တပ်ထောက်ခံသူဆိုရင် လိုက်သတ်၊
အမြင်မတူသူဆိုရင် ခြိမ်းခြောက်၊
ကြည့်မရသူဆိုရင် ဖျက်ဆီး၊
မုန်းတီးနေသူဆိုရင် အကြမ်းဖက်နဲ့ မာဖီးယားဂိုဏ်းသားတွေလို လုပ်နေကြတာကရော ဒီမိုကရေစီလား။ ဘုရားသာသနာတော်မှာနေ၊ ဘုရားသားတော်အမည်ခံထားပြီး ဘုရားအလုပ်၊ တရားအလုပ်နဲ့ ဆန့်ကျင်ဘက် ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်နေကြတာတွေဟာ ဘုရားသာသနာကို သူတစ်ပါးပြက်ရယ်ပြုအောင် တမင်ပဲ လုပ်ကြံနေကြတာလား။
ရဟန်းကျင့်ဝတ်လည်း နားမလည်၊ ဝိနည်းဆိုတာလည်း ဘယ်ဆီမသိ၊ ထေရ်ကြီးဝါကြီးတွေကိုပါမရှောင် သူတို့အလိုမကျတိုင်း စော်ကားမော်ကားကျူးလွန်နေကြတဲ့ အရေခြုံကပ်ပါးကောင်တွေကို ပြောချင်တယ်။
“မင်းတို့တွေ နိုင်ငံကို ဘယ်လောက်ထိချစ်သလဲ။”
“မင်းတို့တွေ ပြည်သူကို ဘယ်လောက်ထိချစ်သလဲ။”
“မင်းတို့တွေ တိုင်းပြည်အကျိုးစီးပွားကို ဘယ်လောက်ထိ လိုလားသလဲ။”
“မင်းတို့တွေ ပြည်သူ့အကျိုးစီးပွားကို ဘယ်လောက်ထိ လိုလားသလဲ။”
“မင်းတို့တွေ နိုင်ငံအတွက် ဘယ်လောက်ထိ ပေးဆပ်ပြီးပြီလဲ။”
“မင်းတို့တွေ ပြည်သူအတွက် ဘယ်လောက်ထိ ပေးဆပ်ပြီးပြီလဲ။”
မင်းတို့ မဖြစ်မနေလုပ်ဆောင်ရမဲ့ အမျိုးဘာသာ သာသနာအတွက်ဆိုတာကို လုံးဝ မမေးသေးဘူး။
မင်းတို့ ကြွေးကြော်နေတဲ့ နိုင်ငံနဲ့ ပြည်သူအတွက်ပဲ မေးထားသေးတယ်။
တကယ်တော့ မင်းတို့က နိုင်ငံကိုချစ်တာ မဟုတ်ပါဘူး။ ဒေါ်လာကိုပဲ ချစ်နေကြတာပါ။
မင်းတို့က ပြည်သူ့အစီးအပွားကို လိုလားသူတွေ မဟုတ်ကြပါဘူး။ ကိုယ်ကျိုးစီးပွားကိုပဲ လိုလားနေကြသူတွေပါ။
မင်းတို့အမြဲပြောတဲ့ နိုင်ငံနဲ့ပြည်သူဆိုတဲ့ စကားလုံးတွေဟာ လူတွေကို အချဉ်ဖမ်းတဲ့ အချဉ်ဖမ်းစက် သက်သက်ပါပဲ။
ဒီစကားလုံးတွေနဲ့ပဲ ဒေါ်လာကို ဖုံးထားမယ်။ အတ္တကို ကာကွယ်ထားမယ်။ ဒါပဲ မဟုတ်လား။
မင်းတို့ အချဉ်ဖမ်းလို့မရတိုင်း အချဉ်ဖမ်းမခံသူတွေကို ရန်လုပ်နေ၊ ရန်လိုနေရင်လည်း ရန်လုပ်၊ ရန်လိုပေါ့ကွာ။ ကံကြီးအထိုက်မခံချင်သူတွေကတော့ မင်းတို့နဲ့ ဝေးရာမှာပဲ နေမှာပေါ့။ ကံကြီးထိုက်ခံချင်သူတွေကတော့ မင်းတို့စက်ကွင်းထဲ ဇွတ်ဆင်းလာမှာပေါ့။ မင်းတို့ထိုက်နဲ့ မင်းတို့ကံပဲလေ။
တစ်ခုရှိတာက မင်းတို့က ဘုရားအရေခြုံထားတော့ ဘုရားသာသနာကို အထင်အမြင်လွဲမှားကုန်ကြမှာကိုပါပဲ။
မင်းတို့ကတော့ အဲဒီလိုတွေးမိကြမှာ မဟုတ်ဘူးနော်။ မင်းတို့ဦးနှောက်တွေက ထဘီ အအုပ်ခံထားရတာကိုး။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်ဆိုတာ
အကြီးတန်းအထိ ပညာသင်ယူရင်း သာသနာ့တာဝန် ကျေပွန်ခဲ့တဲ့ အရှင်အာစိဏ္ဏရဲ့ လူပြန်တော်ဘဝပဲ။ တိုင်းပြည်နဲ့လူမျိုးကိုချစ်လို့ မြင့်မြတ်ရာဘဝကို စွန့်လွှတ်ပစ်ခဲ့တာ။
မင်းတို့ အဲဒီလို ပေးဆပ်နိုင်ရင် သင်္ကန်းချွတ်လိုက်လေကွာ။
သင်္ကန်းလည်း မချွတ်၊
သေနတ်လည်း တကားကား၊
ပါးစပ်ကလည်း တဖွားဖွားနဲ့ အသတ်အဖြတ်တရားဟောနေကြတာတော့ အံ့စရာပေါ့။
မင်းတို့ ပစ်မှတ်ထားနေတဲ့ ရန်သူဟာ အင်္ဂလိပ်မဟုတ်ဘူး။ တိုင်းတစ်ပါးသားမဟုတ်ဘူး။ အင်္ဂလိပ်ရဲ့ ငယ်ကျွန်၊ ငယ်မယားမဟုတ်ဘူး။ ရုပ်သေးလည်း မဟုတ်ဘူး။ ဆဲလ်တွေ(Cell)၊ ကေဒါတွေ(Cadre)၊ အေးဂျင့်တွေ(Agent)
လည်း မဟုတ်ဘူး။ သစ္စာဖောက်လောက်ကောင်တွေလည်း မဟုတ်ဘူး။ အလိုတော်ရိတွေလည်း မဟုတ်ဘူး။
မင်းတို့ရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့သူတွေက တိုင်းရင်းသားအချင်းချင်းဖြစ်တယ်။ နိုင်ငံသားအချင်းချင်းဖြစ်တယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နေသူတွေဖြစ်တယ်။ ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ်လိုလားသူတွေဖြစ်တယ်။ တိုင်းပြည်ကို သစ္စာစောင့်သိသူတွေဖြစ်တယ်။ အမျိုးဘာသာ သာသနာကို မြတ်နိုးသူတွေဖြစ်တယ်။ဒီမိုကရေစီကို တန်ဖိုးထားနေသူတွေဖြစ်တယ်။ လူ့အခွင့်အရေးကို လေးစားသူတွေဖြစ်တယ်။ သူ့ကျွန်မခံလိုသူတွေဖြစ်တယ်။ အပြစ်မဲ့ ပြည်သူတွေ ဖြစ်တယ်။ အပြစ်မဲ့ သံဃာတွေဖြစ်တယ်။
အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အပြစ်မဲ့ ပြည်သူတွေနဲ့ သံဃာတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့နေရာမှာ ကိုယ်ရောစိတ်ပါ ပါဝင်ပတ်သက်နေတဲ့ ရွှေဝါရောင်ဘုန်းကြီးတွေစာရင်းကို ကြည့်လိုက်ရင် ပါရာဇိကချိုး(ဂျိုး)တွေ၊ သိက္ခာပုဒ်ကို မလေးစားသူတွေ၊ ဒေါ်လာနဲ့ အဝယ်ခံထားရသူတွေ၊ ဒေါ်လာပေးတဲ့သူတွေကို မှန်တယ်၊ မှားတယ်၊ ကောင်းတယ်၊ ဆိုးတယ် နည်းနည်းလေးမှ ပြန်မပြောရဲဘဲ ခိုင်းတာလုပ်နေရသူတွေဖြစ်တယ်။
ပြည်ပမှာနေရာတစ်ခုရဖို့ ပြည်မကို သစ္စာဖောက်နေသူတွေဖြစ်တယ်။
နိုင်ငံခြားမှာအစားချောင်ဖို့ သမားယောင်ဆောင်ပြီး ဘုရားကို ရောင်းစားနေသူတွေဖြစ်တယ်။
နောက်ဆုံးပြောလိုက်မယ်။
ဘုရားအရေတော်ကို စွန့်မှာလား။
မင်းတို့ရဲ့ လုပ်ရပ်ကို စွန့်မှာလား။
မင်းတို့ သွားရမဲ့လမ်းက ကောင်းတဲ့လမ်းတော့ မဟုတ်နိုင်တော့တာက အသေအချာ
ပါပဲလေ……။
အရှင်ဝီရသူ(သုံးထောင်ပြန်)
၁၉-၂-၂၀၂၂