21.3.2017 ရက်နေ့ထုတ် 7Day Daily သတင်းစာ ရေးတဲ့အတိုင်း ဟုတ် မဟုတ် အထောက်အထားတွေ ထုတ်ပြလိုက်ပါပြီ။ အဲဒီတုန်းက ပြန်လည်ချေပခဲ့တဲ့ ပို့စ်အဟောင်းလေးကိုလည်း ပူးတွဲတင်ပြပေးလိုက်ပါတယ်။
သတင်းရင်းမြစ်ဖြစ်တဲ့ တိုင်းသံဃနာယကအဖွဲ့ကိုလည်း ဖုန်းဆက်ပြီး လျှောက်ထားခြင်း၊ လူကိုယ်တိုင် လာရောက် စုံစမ်း အတည်ပြုချက်ရယူခြင်း မရှိဘဲ မြို့နယ်သံဃနာယကအကျိုးတော်ဆောင်ဆိုသူ ဘုန်းကြီးတစ်ပါးရဲ့ မဟုတ်က ဟုတ်က လျှောက်ပြောတာတွေကို သတင်းအဖြစ်ရေးသားပြီး ပြည်သူလူထုက ဦးပဉ္စင်းကို အထင်အမြင်လွဲမှားပြီး အကြည်ညိုပျက်အောင် ထင်ယောင်ထင်မှားနှင့် ပြစ်မှားစော်ကားအောင် ရေးသားထားတာ တွေ့ရမှာပါ။
သတိပေးတာလား အသိပေးတာလား
အစည်းအဝေးတည်ရောက်ကြောင်း လက်မှတ်ထိုးတာလား
တရားပွဲပိတ်ကြောင်း မဟနထုတ်ပြန်ချက် မသိဘူးလို့ ဘူးခါငြင်ဆန်နေလို့ အတင်းအကြပ် လက်မှတ်ထိုးခိုင်းတာလား
အဖြေမှန်ပေါ်ပါလိမ့်မယ်။
ဦးဇင်းကတော့ ဝေဒနာနဲ့မပြောပါဘူး ဒေတာနဲ့ပဲ ပြောပါတယ်။ တိုင်းသံဃနာယကအဖွဲ့ရဲ့ 19.3.2017 ရက် တနင်္ဂနွေနေ့ရက်စွဲပါ အစည်းအဝေး တက်ရောက်သည့်ဆရာတော်များနှင့် လူပုဂ္ဂိုလ်များ၊ အစည်းအဝေး အစီအစဉ် မှတ်တမ်းတင်သူ၊ အစည်းအဝေး တက်ရောက်ကြောင်း လက်မှတ်ထိုးစာရင်းတို့ကို ပူးတွဲ တင်ပြ ပေးလိုက်ပါတယ်။
ဝီရသူ(မစိုးရိမ်)
19.1.2018
PM 7:23
========================================================
ဒီတစ်ခါ 7 DAY DAILY အလှည့်
************************
အသံဖိုင်လ်လည်းရှိတယ်။ မှတ်တမ်းဓာတ်ပုံတွေလည်းရှိတယ်။ တိုင်းဥက္ကဋ္ဌဆရာတော်ကြီးကိုလည်း လျှောက်ပြီးပြီ။ မြို့နယ်ဥက္ကဋ္ဌဆရာတော်ကိုလည်း လျှောက်ပြီးပြီ။ နိုင်ငံရေးကိုယ်တော်ကြီးကိုလည်း တိုင်းသံဃနာယကရုံးကိုဆင့်ခေါ်ထားပါပြီ။
နိုင်ငံရေးကိုယ်တော်ကြီးပြောတိုင်း လျှောက်ရေးနေတဲ့ အတင်းသမားတွေ ရှင်းလေရော့လဟယ်ပဲ။
ဝီရသူ( မစိုးရိမ်)
21.3.2017
AM 9:24
==========================================================
ခေါ်ယူသတိပေးတာမဟုတ်ပါဘူး။
ခေါ်ယူအသိပေးတာပါ။
မဟန အမိန့်စာ အပိုဒ်(ဂ)အရ တိုင်းသံဃနာယက ဆောင်ရွက်ရန် တာဝန်ရှိသဖြင့် မဟန အမိန့်စာ ထုတ်ထားကြောင်း ဖတ်ပြပြီး တရားဝင် အသိပေးခြင်းသာဖြစ်ပါတယ်။ မဟန အမိန့်စာထွက်ရှိပြီးနောက်ပိုင်း ပလာစတာ တရားပွဲတွေကျင်းပတာနဲ့ လုံးဝမသက်ဆိုင်ပါ။
ဝန်ခံကတိလက်မှတ်ထိုးခိုင်းတာလည်း မဟုတ်ပါဘူး။
တိုင်းသံဃနာယက ဥက္ကဋ္ဌဆရာတော်ကြီးကိုယ်တိုင်က လက်မှတ်ထိုးစရာမလိုဘူး ပြောပြီးမှ ဖိတ်ခေါ်တာပါ။
လက်မှတ်ထိုးခဲ့ရတာက အစည်းအဝေးတက်ရောက်ကြောင်း မှတ်တမ်းပါ။ တိုင်းဥက္ကဋ္ဌဆရာတော်ကြီးက အရင်ဆုံးလက်မှတ်ထိုးပါတယ်။ 7 Day သတင်းမှာပါတဲ့ နိုင်ငံရေးကိုယ်တော်ကြီးလည်း လက်မှတ်ထိုးပါတယ်။ အားလုံးလက်မှတ်ထိုးတာကို ခံဝန်ကတိလက်မှတ်ထိုးစေခဲ့တယ်လို့ ပြောနေ၊ ရေးနေကြတာဟာ လုံးဝမတရားပါဘူး။
မဟန အမိန့်စာ ထုတ်ထားတာကို မသိရှိကြောင်း ငြင်းဆန်တယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး။ စကားတစ်ခွန်းမှကို မပြောခဲ့တာပါ။ အသံဖိုင်လည်းရှိပါတယ်။ အမိန့်စာထုတ်ထားတာသိတဲ့အကြောင်း 11.3.2017 အိမ်မဲ၊ သီးကွင်းမှာ မြို့နယ် ခရိုင် ထွေအုပ်တွေကိုတောင် ပြောခဲ့ပါသေးတယ်။
မသိဘူးလို့ ငြင်းဆန်ရလောက်အောင် ဝီရသူမှာ ဘလောင်းဘလဲဆန်ပြီး သူရဲဘောကြောင်တဲ့ စိတ်ထားမျိုး လုံးဝ မရှိဘူးလို့ မှတ်ထားပါ။ နိုင်ငံရေးကိုယ်တော်ကြီးက ပလာစတာတရားပွဲ ကျင်းပနေတာကို ဆက်လက်မကျင်းပဖို့ ခံဝန်ကတိလက်မှတ် ထိုးခိုင်းတဲ့သဘောမျိုး ပြောနေပါတယ်။
မြို့နယ်သံဃနာယကအတွင်းရေးမှူးတစ်ပါးဖြစ်နေပြီး လုပ်ထုံးလုပ်နည်းကို ဒီလောက်မှနားမလည်တာ အကြီးအကဲနာယကတစ်ပါးကျင့်ဝတ်ဖောက်ဖျက်တာ ဘလောင်းဘလဲဆန်ပြီး ကောက်ကျစ်တာတွေကို တိုင်းဥက္ကဋ္ဌဆရာတော်ကြီးထံ တိုင်ကြားထားပါတယ်။
တိုင်းဥက္ကဋ္ဌဆရာတော်ကြီးက မြို့နယ်သံဃနာယက အတွင်းရေးမှူးဆိုသူ ခေါင်းငိုက်စိုက်ကိုယ်တော်ကြီးကို ဒီနေ့ 1.3.2017 ရက်နေ့ နေ့လည်ပိုင်းမှာ တိုင်းရုံးသို့ ဆင့်ခေါ်ထားပါတယ်။ အဲဒီကိုယ်တော်ကြီး ရှင်းပေရော့ပဲ…………။
စာရေးသူနဲ့ တိုင်းဥက္ကဋ္ဌဆရာတော်ကြီးတို့ ကျောက်ဆည်မြို့ ဟံမြင့်မိုရ်ကျေးရွာ၊ ရေဦးကျောင်းတိုက်၊ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲမှာ တွေ့ဆုံကြရင်း ဆရာတော်ကြီးက တိုင်းရုံးကို လာခဲ့ဖို့ ဖိတ်ခေါ်တာပါ။
ဒီနေ့အားရင် ဒီနေ့လာပါလို့ပြောပါတယ်။ တစ်ခါတည်းလိုက်ခဲ့ရင်လည်း ရတယ်လို့ မိန့်ပါတယ်။ စာရေးသူက ဆရာတော်ကြီးတို့ကို ယုံကြည်ပြီးသားပါ တစ်ခါတည်းလိုက်ခဲ့ပါမယ်ဘုရားလို့ လျှောက်လိုက်ပါတယ်။
အခမ်းအနားပြီးတော့ တိုင်းဥက္ကဋ္ဌဆရာတော်ကြီးတို့က ရှေ့မှသွားရာ စာရေးသူက နောက်မှ လိုက်သွားပါတယ်။ တရားခံကို လက်ပူးလက်ကြပ်ဖမ်းသလို တစ်ပါတည်းခေါ်ဆောင်လာတယ်ဆိုတဲ့သဘောမျိုး ပြောနေ၊ ရေးနေကြတာတွေက ပြစ်မှုမြောက်နေပါတယ်။
ဝီရသူ(မစိုးရိမ်)
21.3.2017
AM 10:58