သတင်း

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး

ရန်ကုန်မြို့တွင်း ၁၁မြို့နယ်ထဲမှာ ဆန္ဒပြခွင့်မပြုဖို့ နယ်လုံဝန်ကြီးက ညွှန်ကြားချက်ထုတ်ပြန်လာပါတယ်။ ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးပြီး ရဲတပ်ဖွဲ့တွေထံ နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ရည်ညွှန်းထားတဲ့ ၁၁မြို့နယ်တွေကတော့ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တစ်ထောင်၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်မြို့နယ်တို့ပါပဲ။

ဒီမြို့နယ်တွေကိုကြည့်ရင် ဘာကျန်သေးလို့လဲမေးရတော့မှာပါပဲ။ အဓိကအရေးပါသည့်နေရာများဖြစ်လို့၊ မိန်းလမ်းမကြီးတွေရှိလို့၊ အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်လမ်းကြောင်းများ ပါဝင်နေလို့ဆိုပြီး အကြောင်းပြထားပါတယ်။ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကတော့ လိုအပ်ချက်အရ ဒေသန္တရအမိန့်ထုတ်ပြန်ရတာ ဖြစ်မယ်လို့ ခန့်မှန်းပြောဆိုနေပါတယ်။

နေရာတိုင်းမှာ ဆန္ဒပြခွင့်ရတယ်။ နေရာတိုင်းမှာ ကြိုက်သလိုပြလို့ရတယ်။ ဒီလို သဘောတော့ ဥပဒေမှာ မပါဘူးလို့ ဒီချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆိုပါတယ်။ ဥပဒေရဲ့ သဘောတရားက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာသက်ရောက်ရာ ဒေသအသီးသီးမှာ အကျုံးဝင်တယ်ဗျ။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကဏ္ဍ၊ ပုဒ်မ ၃၅၄မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်)ပြည်သူတို့၏ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်။

(က)မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်၊ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် (ဂ)အသင်းအဖွဲ့(သို့မဟုတ်)အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် စတာတွေ ခွင့်ပြုပေးထားပါတယ်။

ဒါကိုထောက်ရင် ရန်ကုန်တိုင်းအစိုးရရဲ့ ကန့်သတ်ဧရိယာ(သို့မဟုတ်)တားမြစ်နယ်မြေ ၁၁မြို့နယ်မှာ အခြေခံဥပဒေသက်ရောက်တယ် မသက်ရောက်ဘူး အငြင်းပွားနေစရာမလိုတော့ပါဘူး။

နိုင်ငံတော်လုံခြုံရေး စတဲ့ အချက်လေးချက်အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်ဘူးဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြုလုပ်ခွင့်ရှိတယ်လို့ အခြေခံဥပဒေက ခွင့်ပြုပေးထားပါတယ်။

၁၁ မြို့နယ်ကို ကန့်သတ်အမိန့်ထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပုပ်ရဟန်းမင်းကြီး ခရီးစဉ်ကြောင့် ကန့်သတ်လိုက်တာပါဟု အကြောင်းပြပေမယ့် ပုပ်ရဟန်းမင်းကြီးခရီးစဉ်အပြီးမှာ ပြန်လည်ခွင့်ပြုမှာလားဆိုတော့ ပြောလို့မရဘူးလို့ ဆိုပြန်ပါတယ်။

အာဏာရပါတီနဲ့ ဒီချုပ်အစိုးရ တာဝန်ရှိသူတွေဟာ ပွင့်လင်းမြင်သာမှုမရှိတာတွေ၊ တာဝန်ယူ တာဝန်ခံမှု မရှိတာတွေပေါ်လွင်ထင်ရှားနေသလို ဥပဒေကို ဒေသန္တရအမိန့်အာဏာတွေနဲ့ ထိန်းချုပ်ပြီး အာဏာရှင် ဆန်ဆန်ပြုမူလာတာတွေ တွေ့ရပါတယ်။
ဒေသန္တရအမိန့်ဟာ ဥပဒေကို ကျော်လွန်ခွင့်မရှိပါဘူး။ အခက်အခဲရှိလျှင်သာ ပွဲစီစဉ်သူတွေနှင့် ညှိရမှာပါ။ ဥပမာ ၂၀၁၄ ခု အမျိုးစောင့်ဥပဒေတောင်းဆိုပွဲ မန္တလေးမှာ ကျင်းပဖို့ အာဏာပိုင်တွေကို အသိပေးထားစဉ်တုန်းက ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ပွဲစီစဉ်သူတွေနဲ့ မန်း မဘသရုံးမှာ လာရောက် ညှိနှိုင်းပါတယ်။ ဒါနဲ့ မူလစီစဉ်ထားတဲ့ ၈၄(ဗိုလ်ချုပ်)လမ်းအတိုင်း ချီတက်မည့်လမ်းကြောင်းကို မသုံးတော့ဘဲ ၃၅လမ်းမှ အနောက်၊ ရတနာပုံလမ်းမှ မြောက်ဘက် အိမ်တော်ရာဘုရားအထိ လူသွားနည်းသည့်လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့ပါတယ်။

ဘယ်အစိုးရပဲဖြစ်ဖြစ် ပြည်သူ့ဆန္ဒကို တားမြစ်ပိတ်ပင်ခွင့်မရှိပါဘူး။ ညှိနှိုင်းအဖြေရှာပြီးမှ အသင့်တော်ဆုံး လမ်းကြောင်းကို ရွေးချယ်ပေးရတာပဲ ရှိပါတယ်။ ဒီမိုကရေစီသဘောတရားကို ဒီချုပ်အစိုးရ အကြီးအကဲတွေ အလေးအနက်လိုက်နာဖို့ လိုပါတယ်။

နောက်သတင်းတစ်ခုက မဟာပရိတ်ပဋ္ဌာန်းပွဲကို ကန့်သတ်လိုက်တဲ့ သတင်းဆိုးပါ။
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးမှာ သံဃာတော်အပါး၉၀၀ဖြင့် မဟာပရိတ် ပဓာန်းတရားတော် ရွတ်ဖတ်ပူဇော်ပွဲ ခုနစ်ရက်တိုင်တိုင် ကျင်းပကာ အောင်ပွဲအဖြစ် ဒီဇင်ဘာ ၃ ရက်နေ့မှာ သံဃာတစ်သောင်းကျော်အား မဟာသံဃဒါနဆွမ်းလောင်းပွဲကျင်းပမည့် အစီအစဉ်ကို တားမြစ်လိုက်တာပါ။

စီစဉ်သူမှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့တို့ဖြစ်ပြီး ရည်ရွယ်ချက်ကတော့ အမိမြန်မာနိုင်ငံတော်ကြီး အန္တရာယ်ကင်းပြီး ငြိမ်းချမ်းသာယာစေဖို့ဖြစ်ပါတယ်။
ဒါကိုပဲ နေပြည်တော်ကောင်စီက သံဃာတစ်သောင်းကျော်ဆိုရင် ခွင့်မပြုနိုင်ဘူး။ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းဆိုရင် ခွင့်မပြုနိုင်ဘူးဆိုပြီး ပိတ်ပင်ခဲ့တာပါ။

နေပြည်တော်ကောင်စီက ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးထံ အကြောင်းပြန်စာထဲမှာ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ခံချက်များ ပါဝင်မှုမရှိလို့ဟု ဆိုထားပြီး (က)မှ(ဆ)အထိ ခုနစ်ချက်ဖြင့် ပူးတွဲတင်ပြဖို့ ထုတ်ပြန်လာတာပါ။

အချက်ခုနစ်ချက်ထဲမှာ မြို့နယ်သံဃနာယကထောက်ခံချက်၊ ဂေါပကအဖွဲ့ထောက်ခံချက်၊ မြို့နယ်အဆင့် ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေး၊ သာသနာရေးတို့ရဲ့ ထောက်ခံချက်၊ ခရိုင်အဆင့် ထွေအုပ်၊ ရဲတပ်ဖွဲ့၊ သာသနာရေးတို့ ထောက်ခံချက်တွေ လိုအပ်ကြောင်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနဲ့ သံဃာတစ်သောင်းကျော်ဆိုတာနဲ့တင် အလိုလိုပိတ်ပင်ပြီးသားဖြစ်သွား တာကိုပဲ ဆင်ခြေအမျိုးမျိုးပေးနေကြတာပါ။
ဗုဒ္ဓဘာသာနိုင်ငံမှာ ဘုရားဝန်းထဲ ပရိတ်ပဋ္ဌာန်းပွဲနှင့် ဆွမ်းလောင်းပွဲတွေကျင်းပဖို့ ဒီလောက်အထိ ခွင့်တိုင်ဖို့ လိုပါသလား?

ဗုဒ္ဓဘာသာနိုင်ငံမှာ ပရိတ်ပဋ္ဌာန်းပွဲ ဆွမ်းလောင်းပွဲတွေကို အစိုးရက ခွင့်ပြုမှ ကျင်းပခွင့်ရမှာလား?

ဒီမိုကရေစီခေတ်မှာ ဆန္ဒပြပွဲတောင် ပွဲမိန့်ခံစရာမလိုတော့ဘဲ အသိပေးရုံလောက်နဲ့ ပြီးတဲ့အဆင့်ရောက်နေ ပေမယ့် ဆွမ်းလောင်းပွဲအတွက် ပွဲမိန့်အဆင့်ဆင့်ခံနေရမယ်၊ ထောက်ခံချက်အဆင့်ဆင့် ယူနေရမယ်ဆိုရင် ဒါဟာ ရည်ရွယ်ချက်ရှိရှိ ဗုဒ္ဓသာသနာတော်ကို နှိပ်ကွပ်နေတာပဲလို့ ဆုံးဖြတ်ရမှာပါ။

အစိုးရကို ဖြုတ်ချဖို့၊ အစိုးရကို ကန့်ကွက်ဖို့၊ အစိုးရကို ဆန့်ကျင်ဖို့ လုပ်ကြတဲ့ ဆန္ဒပြပွဲတွေမှာတောင် ပွဲမိန့်ခံစရာမလိုဘဲ အသိပေးတင်ပြရုံနဲ့တင် ပြီးကြရတဲ့ ဒီမိုကရေစီခေတ်ကြီးမှာ သံဃဒါနဆွမ်းလောင်းပွဲကို အဆင့်ဆင့်တင်ခိုင်းနေတာတွေဟာ ဥပဒေနဲ့ ညီပါသလားဗျ။

ဆန္ဒပြဖို့မဟုတ်၊ အစိုးရကိုဖြုတ်ချဖို့မဟုတ်၊ အစိုးရကို ဆန့်ကျင်ဖို့မဟုတ်၊ အစိုးရကို အသရေဖျက်ဖို့မဟုတ် ဘဲ ဆွမ်းလောင်းလှူဖို့၊ ဆွမ်းအလှူခံကြွရောက်ကြမည့် သံဃာတော်တွေနဲ့ အလှူရှင်တွေကို ပိတ်ပင်တားဆီးကြတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကြီးရဲ့ ဒီမိုကရေစီလက်သစ်ဥပဒေတွေ လားဟု မေးခွန်းထုတ်တာလေးကိုတော့ ခွင့်ပြုလောက်မယ် ထင်ပါတယ်နော်။ ။

ဝီရသူ(မစိုးရိမ်)