သတင်း

ဒီမိုကရေစီ(၄) သခင်ဘသောင်း

၎။ လွတ်လပ်မှုရှိခြင်းလမ်း
လွတ်လပ်ခြင်းဆိုတဲ့ စကားလုံးနဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးကိုများသောအားဖြင့် ယှဉ်တွဲသုံးကြတာ များပါတယ်။ လွတ်လပ်လို့သာ ဒီမိုကရေစီလို့ ခေါ်ဆိုနိုင်တာ ဖြစ်ပါတယ်။ မလွတ်လပ်တဲ့ ဒီမိုကရေစီရယ်လို့ မရှိပါဘူး။ ဒီမိုကရေစီ မရှိရင်လည်း လွတ်လပ်မှုဆိုတာ မရှိနိုင်ပါဘူး။ လူတွေဟာ သူတို့ကို တပါးသူကလာပြီး နဖားကြိုးထိုးတာ ထမ်းပိုးတပ်တာတွေ၊ အဓမ္မခိုင်းစေတာတွေကို မလိုလား မနှစ်သက်ကြပါဘူး။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ပြည်သူတွေဟာ မိမိတို့ဘာသာ အချင်းချင်း တိုင်ပင်ပြီး ဥပဒေတွေကို ရေးဆွဲထုတ်ပြန်ကြပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီနိုင်ငံတွေမှာ တိုင်းသူပြည်သားများက ဥပဒေတွေကို လိုလိုချင်ချင်နဲ့ လိုက်နာကြပါတယ်။ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေမှာ မကောင်းတဲ့မတရားတဲ့ဥပဒေရယ်လို့ မရှိပါဘူး။ ဥပဒေပြုလုပ်တာ၊ ပြဌာန်းတာတွေ လုပ်ရာမှာ လူတိုင်းပါဝင်ဆွေးနွေးငြင်းခုံခွင့် ပြုရခြင်းတွေဟာ ဒီမိုကရေစီစနစ်ရဲ့ အသက်သွေးကြောလို့တောင် ခေါ်ဆိုနိုင်ပါတယ်။

လူတွေမှာ လွတ်လပ်တဲ့ အတွေးအခေါ် လွတ်လပ်တဲ့ အပြောအဆို လွတ်လပ်တဲ့အပြုအမူရှိဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။ လွတ်လပ်တာကို လိုချင်တဲ့ လူတိုင်းဟာ ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ မိမိကိုယ်တိုင် အစွမ်းရှိသလောက် ဆင်ခြင်စဉ်းစားကြဖို့လိုပါတယ်။ အဲဒီလို စဉ်းစားဆင်ခြင်နိုင်အောင်လည်း မှန်ကန်တဲ့သတင်းတွေ အကြောင်းအချက်အလက်တွေကို ရှာဖွေကြရပါမယ်။ စဉ်းစားသုံးသပ်တတ်ဖို့လည်း လိုပါတယ်။ ကိုယ်ကိုတိုင်ပြုလုပ်ရမည့် အလုပ်တွေကို လိုလိုလားလား လုပ်ချင်စိတ်မရှိပါက အလစ်ချောင်းနေတဲ့ အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းချင်တဲ့ လူတစ်စုက ပြည်သူပြည်သားတွေရဲ့ကိုယ်စားအလုပ်ဝင်လုပ်တယ်လို့ အသံကောင်းဟစ်ပြီး အာဏာရှင်စနစ်ကို ပြန်ပြီး အသက်သွင်း အကောင်အထည်ဖော်တတ်ကြပါတယ်။ ဒါကြောင့် ပြည်သူပြည်သားများအနေနှင့် အဲဒီလို အချောင်သမားတွေရဲ့ သဘောသဘာဝတွေကို အချင်းချင်း အမြဲမပြတ် သတိပေးနှိုးဆော်နေဖို့ လိုအပ်ပါသည်။

ဒါ့အပြင် တိုင်းပြည်ကို အုပ်ချုပ်စီမံတဲ့ ကိစ္စတိုင်းကို ငါတို့နှင့် မဆိုင်တဲ့ကိစ္စ၊ ငါတို့နားမလည်တဲ့ကိစ္စလို့ သဘောမထားဘဲ ပါဝင်ဆောင်ရွက်ကြဖို့ လိုပါတယ်။ ကိုယ်ကိုတိုင် မပါဝင် မဆောင်ရွက်ဘဲနဲ့တော့ တိုင်းပြည်အုပ်ချုပ်စီမံတဲ့ ကိစ္စတွေကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ မိမိတို့အကျိုးစီးပွားနှင့် သက်ဆိုင်တဲ့ကိစ္စတွေကို ဘယ်သူတွေကိုမှ လွှဲမထားဘဲ ကိုယ်ကိုတိုင် ကိုယ်ထိလက်ရောက် ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ အစပိုင်းမှာတော့ အမှားတွေလုပ်မိတတ်ကြပါတယ်။ အမှားတွေ မလုပ်မိဘဲနှင့်တော့ အမှန်မလုပ်တတ်ကြပါဘူး။

ဒါပေမယ့် အာဏာရှင်စနစ်ကို နှစ်သက်သူတွေကတော့ သာမာန်လက်လုပ်လက်စားပြည်သူ ပြည်သားတွေကို အထင်အမြင်သေးတတ်ကြပါတယ်။ ဒီလူတွေက သာမာန်ပြည်သူပြည်သားတွေဟာ သူတို့ကိုသူတို့ မအုပ်ချုပ်တတ်ကြဘူး။ ဒါကြောင့် အာဏာရှင်တစ်ယောက်ကောင်း နှစ်ယောက်ကောင်းက အုပ်ချုပ်ထိုက်တယ်လို့ ဝါဒဖြန့်လေ့ရှိပါတယ်။ အာဏာရှင်စနစ်မှာ ပြည်သူတွေကို ဘာတစ်ခုမှ ပါဝင်ဆောင်ရွက်ခွင့် မပေးကြပါဘူး။ လူတွေကို ဘာမျှနားမလည်တဲ့ တိရစ္ဆာန်တွေလို သဘောထားကြပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာတော့ ပြည်သူပြည်သားတွေက မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ဆောင်ရွက်ကြတာ ဖြစ်တဲ့အတွက် မှားရင်လည်း ကိုယ့်တာဝန်မှန်ရင်လည်း ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။ အမှားကို ဆုံးဖြတ်မိတဲ့တိုင်အောင် အမှားကို လုပ်နိုင်ခွင့်ရှိတာနဲ့ မှားမှန်းသိတဲ့အခါ ကိုယ့်ဘာသာ ပြုပြင်နိုင်စွမ်း ရှိတာတွေဟာ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရတွေလို့တောင် ဆိုနိုင်ပါတယ်။ အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေက မှားပေမယ့် ပြည်သူတွေက မှားတယ်လို့ မပြောနိုင် မပြင်နိုင်ကြပါဘူး။ အာဏာရှင်တွေဟာ သာမာန်ပြည်သူတွေကို တိုင်ပင်ဆွေးနွေးတာတွေ လိပ်ပတ်လည်အောင် ပြောပြတာတွေ မလုပ်ဘဲ အတင်းဇိကုပ်နတ်ပြည်တင်တဲ့ သဘောနဲ့ လုပ်လေ့ရှိပါတယ်။ သူတို့ လုပ်ချင်တာတွေကို ပြည်သူတွေနဲ့ မတိုင်ပင်ဘဲ ဇွတ်အတင်းလုပ်တတ်ကြပါတယ်။

ဘယ်နိုင်ငံမှာမဆို ပြည်သူတွေရဲ့ ကိစ္စတွေကို သာမန်ပြည်သူတွေထက် ပိုနားလည်တဲ့ ပညာရှိဆိုတဲ့သူတွေ ရှိတတ်ပါတယ်။ အဲဒီ ပညာရှိပညာတတ်ဆိုသူတွေကလဲ သာမန်ပြည်သူတွေအပေါ် အထင်အမြင်မသေးဘဲ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ တာဝန်ဝတ္တရားတွေကို နားလည်သဘောပေါက်လာအောင် စိတ်ရှည်လက်ရှည် ကူညီကြဖို့ တာယန်ရှိပါတယ်။ ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံတွေမှာ ပညာရှင်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ မဲပေးမမှားရအောင် မဲပေးသင့်သူကို မဲပေးတတ်အောင် ကူညီပြီး သင်ကြားပေးရမှာဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ဘယ်ကိစ္စမဆို လူအများစုရဲ့ သဘောပဲဖြစ်ပါတယ်။ ဒါပေမယ့် လူနည်းစုတွေကို လူအများစုက အနိုင်ကျင့်ခွင့်တော့ မရှိပါဘူး။ လူနည်းစုရဲ့ အခွင့်အရေး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လေးစားကြရပါတယ်။

လူနည်းစုတွေ ရှိနေတာဟာ ဒီမိုကရေစီကို အင်အားချိနဲ့ခြင်း မဖြစ်စေတဲ့အတွက် အင်အားကိုပိုလို့ပင် ဖြစ်ထွန်းစေပါတယ်။ ဒါပေမယ့် အာဏာရှင်တွေကတော့ လက်ရှိအခြေအနေတွေကို ဝေဖန်အကြံပြုတတ်တဲ့ လူနည်းစုတွေကို မနှစ်သက် မနှစ်မြိုတတ်ကြပါဘူး။ အာဏာရှင်တွေဟာ ဘယ်လို ဝေဖန်မှုမျိုးကိုမဆို အသံကိုတောင် ကြားချင်တဲ့သူတွေ မဟုတ်ကြပါဘူး။ သို့သော်လည်း အများအကျိုးကို မျှော်ကိုးပြီး ဝေဖန်အကြံပြုဖို့ လိုပါတယ်။ ဝေဖန်အကြံပေးတတ်သူဟာလည်း တစ်ဦးချင်းတစ်ယောက်ချင်း ပေါ်ပေါက်လာတတ်တာကြောင့် လူနည်းစုတွေရဲ့ ထင်မြင်ယူဆချက်တွေ အကြံပြုချက်တွေကို ရိုသေလေးစားဖို့ လိုပါတယ်။

ဒီမိုကရေစီဝါဒသမားတွေဟာ သည်းခံစိတ်မွေးပြီး လူနည်းစုတွေရဲ့ ကွဲပြားခြားနားတဲ့ထင်မြင်ယူဆချက်တွေ ဝေဖန်တာတွေကို သဘောထားကြီးကြီးနဲ့ နားထောင်ဖို့လည်း လိုပါတယ်။
၅။ ဒီမိုကရေစီ အုပ်ချုပ်နည်းလမ်း
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ တိုင်းပြည်ရဲ့အာဏာကို ပြည်သူပြည်သားတွေကသာ တကယ်ပိုင်ပြီး အစိုးရဆိုတာ ပြည်သူတွေရဲ့ အစေခံအဖြစ်နဲ့ တိုင်းပြည်ကို ခဏအုပ်ချုပ်ရတာဖြစ်ပါတယ်။ ဥပဒေကို ဖျောက်ဖျက်ကျူးလွန်နေတဲ့ အစိုးရဟာ သာမန်သူခိုးဓားပြနှင့် ဘာမျှမခြားပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ဂရုမစိုက်တဲ့ အစိုးရတွေကို နောက် ရွေးကောက်ပွဲမှာ ပြန်ပြီးဖြုတ်ချနိုင်ပါတယ်။

အစိုးရတွေရဲ့ အသက်ဟာ ပြည်သူတွေရဲ့ ဆန္ဒမဲအပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကျင့်သုံးတဲ့ အစိုးရဟာ ဘဝင်မြင့်တာ သွေးနထင်ရောက်တာတွေမရှိဘဲ ပြည်သူတွေရဲ့ ကျေနပ်မှုကို ရရှိအောင် အမြဲကြိုးပမ်းကြပါတယ်။ တင်မြောက်ပြီးတဲ့အစိုးရကိုလဲ ပြည်သူတွေက အမြဲတမ်း သတိနဲ့ စောင့်ကြည့်နေပြီး တောင်းဆိုချက်တွေ ညွှန်ကြားချက်တွေ ပေးဖို့လည်း လိုပါတယ်။ အမှုမဲ့အမှတ်မဲ့ ထားခဲ့ရင် အခိုင်းခံအစိုးရဟာ ပြည်သူတွေရဲ့ သခင်ဘဝ(အာဏာရှင်)အဖြစ် ရောက်တတ်လို့ အစိုးရရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားဖို့ လိုအပ်ပါတယ်။

ပြည်သူတွေဟာ ရွေးကောက်ပွဲတွေမှာ မဲပေးရုံနဲ့ မပြီးပဲ မိမိတို့ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေရဲ့ အပြုအမူလုပ်ဆောင်ချက်တွေကို အမြဲတမ်း စောင့်ကြည့်နေဖို့လိုပါတယ်။ ကိုယ်စားလှယ်တွေဟာ မိမိတို့ လုပ်ဆောင်ရမယ့်တာဝန်တွေကို မကျေပွန်ပဲ အဂတိလိုက်စားပြီးနေမယ်ဆိုရင် ပြန်လည်ဖြုတ်ချဖို့လည်း လိုပါတယ်။ ဒီမိုကရေစီစနစ်ကောင်း မကောင်း ပီပြင် မပီပြင်ဆိုတာကို တိုင်းသူပြည်သားတွေရဲ့ ဘဝအခြေအနေကို ကြည့်ပြီး တိုင်းတာလို့ရပါတယ်။ ဒီမိုကရေစီဝါဒဆိုတာ အပြောဝါဒမဟုတ်ပဲ တကယ့်လက်တွေ့ပါဝင်ဆောင်ရွက်ရတဲ့ ဝါဒသာလျှင် ဖြစ်ပါတယ်။

နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်သလို ပုံစံနဲ့ ပွဲကြည့်ပရိသတ်လို ဘေးကရပ်ကြည့်နေတတ်တဲ့ လူတွေများရင် ဒီမိုကရေစီစနစ် မရှင်သန်ပဲ အာဏာရှင်စနစ်ပဲ ထွန်းကားရှင်သန်းနေပါလိမ့်မယ်။
ဒီမိုကရေစီကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ အစိုးရဆိုတာ ပြည်သူတွေရဲ့ အရှင်သခင်မဟုတ်ဘဲ ပြည်သူတွေရဲ့ အခိုင်းခံ အစေခံအဖွဲ့ပဲဖြစ်ပါတယ်။

ဒီမိုကရေစီကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ သက်ဦးဆံပိုင် ဘုရင်ဆိုတာမရှိပါဘူး။ ရှင်ဘုရင်ရှိနေရင်လည်း ဒီမိုကရေစီစနစ်ဟာ မရှင်သန် မပီပြင်နိုင်ပါဘူး။ ဒါပေမဲ့ တိုင်းသူပြည်သားတွေ အနေနဲ့လည်း ကိုယ်နဲ့သက်ဆိုင်တဲ့ကိစ္စအဝဝကို ပျင်းရိပေါ့ဆသောအားဖြင့် အစိုးရအဖွဲ့နဲ့သာ လွှဲအပ်ထားရင် အစိုးရအဖွဲ့ဟာ ရှင်ဘုရင် စိတ်ပေါက်လာပြီး ပြည်သူတွေအပေါ် နှိပ်စက်လာတတ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေမှာ ရှင်ဘုရင် စိတ်ပေါက်နေတဲ့လူတွေ ဘဝင်မြင့်နေတဲ့လူတွေကို မဲမပေးမိဖို့လဲလိုပါတယ်။ ရုံးအဆောက်အအုံတွေ ကောင်းကောင်းဆောက်ရုံ လမ်းတွေ ကောင်းကောင်းဖောက်ရုံနဲ့တော့ အစိုးရကောင်းလို့ မခေါ်နိုင်ပါဘူး။ အစိုးရအဖွဲ့ကောင်းမကောင်းဆိုတာ ပြည်သူတွေအပေါ် ကျိုးနွံဆက်ဆံမှု ပြည်သူတွေကို စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိအောင် ဆောင်ရွက်ပေးမှုတွေအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ကြရပါတယ်။