မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ကောကာလိကဘွဲ့အမည်ရသော ရဟန်းတော်နှစ်ပါး ရှိခဲ့ဖူးသည်။ ၄င်းတို့ကို မဟာကောကာလိက၊ စူဠကောကာလိကဟူ၍ ခေါ်ကြ၏။ မဟာကောကာလိကသည် ရှင်ကြီးဒေဝဒတ်၏ တပည့်ဖြစ်ကာ စူဠကောကာလိကသည် ကောကာလိကတိုင်း၊ ကောကာလိကမြို့၊ ကောကာလိကသူဌေးသားဖြစ်၏။
စူဠကောကာလိကသူဌေးသားရဟန်းတော်သည် ကောကာလိကမြို့မှာပင် ဖခင်သူဌေးကြီးဆောက်လုပ် လှူဒါန်းသောကျောင်းတိုက်၌ သီတင်းသုံးနေထိုင်၏။
ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလန်တို့သည် ပရိသတ်များကို စွန့်ခွါကာ နားအေးပါးအေးနေတော်မူလို၍ စူဠကောကာလိကထံသို့ ရောက်လာကြ၏။ ကောကာလိကကလည်း နှုတ်လုံသည်။ မထေရ်တို့၏ အလိုတော်အတိုင်း မည်သူ့ကိုမျှ အသိမပေးဘဲ မထေရ်နှစ်ပါးအား ပြုစုလုပ်ကျွေးရှာ၏။
ဝါကျွတ်သည့်အခါ မထေရ်နှစ်ပါးက ပြန်ကြွတော့မည်ဖြစ်ကြောင်း အသိပေးလေသော် ကောကာလိကက နောက်တစ်နေ့မှ ပြန်ကြွစေလိုကြောင်း တောင်းပန်လျှောက်ထား၏။ ၄င်းနောက် မြို့သူ မြို့သားများကို ဆင့်ခေါ်ကာ “မထေရ်မြတ်ကြီးနှစ်ပါး တစ်ဝါတွင်းလုံး သီတင်းသုံးနေထိုင်တော်မူတာကို သိကြရဲ့လား၊ ဘာမှအားကိုးလို့မရဘူး”ဟု အပြစ်တင်လေ၏။ မြို့သူမြို့သားများကလည်း တပည့်တော်မတို့ မသိကြောင်းအမှန်ပါဘုရား ဒီလိုမှန်းသိရင် ဘယ်အလွတ်ခံမလဲဘုရား” ဟု လျှောက်ထားသည့်အခါ ကောကာလိကက “ဒါဆိုရင် မနက်ဖြန်ပြန်ကြွတော့မှာ သွားကြ၊ လှူစရာတန်းစရာတွေ ယူခဲ့ကြ” ဟု ပြောဆိုလျက် မထေရ်နှစ်ပါးကို လက်ညှိုးထိုးပြလိုက်လေသည်။
ကောကာလိကက အကြံသမားဖြစ်၏။ “မထေရ်နှစ်ပါးကတော့ ငါအလှူခံထားတာတွေ ယူကြမှာမဟုတ်ဘူး ကျောင်းမှာပဲ ထားခဲ့ကြမှာပဲ”ဟု ကြံကာ မထေရ်နှစ်ပါးကို အကြောင်းပြု၍ လာဘ်ရအောင် ကြံဆောင်လိုက်ခြင်းဖြစ်၏။
နောက်တစ်နေ့ရောက်သည့်အခါ မြို့လုံးကျွတ်နီးပါးပင် လာရောက်လှူဒါန်းကြ၏။ ရိက္ခာများ အသုံးအဆောင်များ စုံလင်လှ၏။ ကောကာလိကကလည်း မျက်စိကျနေ၏။ မထေရ်နှစ်ပါးကား လုံးဝလက်မခံဘဲ ပြန်ပေးလိုက်လေသည်။
ဝိနည်းတော်အရ ရဟန်းတစ်ပါး၏ ဝစီပယောဂ(နှုတ်မြွက်)မှုကြောင့် ရရှိလာသော ပစ္စည်းများသည် မအပ်စပ်သော ပစ္စည်းများဖြစ်သဖြင့် “ဒါတွေဟာ ငါတို့အတွက်လည်း မအပ်ဘူး၊ ကောကာလိကအတွက်လည်း မအပ်ဘူး”ဟုဆိုကာ ပြန်ပေးလိုက်သဖြင့် ကောကာလိကလည်း နှမ်းထွက်မကိုက်ဖြစ်လျက် အမျက်ရှသွားလေ၏။
မထေရ်နှစ်ပါးလည်း ဘုရားဖူးပြီး၍ ပုံမှန်အတိုင်းပင် ရွာစဉ်လှည့်၍ တရားဟောကြားတော်မူ၏။ ဤသို့ဖြင့် ကောကာလိကမြို့သို့ ပြန်လည်ရောက်ရှိလာသည့်အခါ မြို့သူမြို့သားတို့သည် မြို့ထဲ၌ မဏ္ဍပ်ဆောက်၍ အတိုးချပူဇော်လှူဒါန်းကြ၏။ မထေရ်နှစ်ပါးကလည်း ပယောဂကင်းသော လှူဖွယ်အားလုံးကို လက်ခံတော်မူ၏။ ထို့နောက် မြို့ခံသံဃာများကို ပြန်လည်လှူဒါန်းလိုက်ပေသည်။
ထိုအခါ ကောကာလိကအကြီးအကျယ် ဒေါသထွက်သွားလေသည်။ “ဒီမထေရ်နှစ်ပါးဟာ အရင်တုန်းက အလိုအတော်နည်းတာပဲ။ အခုတော့ အတော်လောဘကြီးနေပြီ။ အင်းလေ အရင်တုန်းကလည်း အလိုနည်းသယောင်၊ ရောင့်ရဲသယောင်နေပြတာနေမှာ”ဟု ပြစ်မှားကာ ဘုရားရှေ့မှာ အရှက်ခွဲပြမည်ဟုကြံလျက် မြတ်စွာဘုရားထံ အပြေးသွားလေသည်။
မြတ်စွာဘုရားထံရောက်သည့်အခါ “မြတ်စွာဘုရား ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလာန်တို့က သိပ်ယုတ်မာတာပဲဘုရား”ဟု မဆိုင်းမတွပင် လျှောက်လေ၏။ မြတ်စွာဘုရားကလည်း “ကောကာလိက အဲဒီလိုမပြောပါနဲ့။ ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလန်တို့ဟာ သီလဖြူစင်ကြတယ်။ သူတို့အပေါ် စိတ်ကြည်ကြည်လင်လင်ထားပါ”ဟု မိန့်ကြားတော်မူ၏။
ဤသို့ဖြင့် ကောကာလိကကလည်း သုံးကြိမ်တိုင်တိုင် လျှေက်ထား၏။ မြတ်စွာဘုရားကလည်း သုံးကြိမ်လုံးပင် တားမြစ်တော်မူ၏။
မြတ်စွာဘုရားအား လျှောက်ထားပြီး၍ အပြန်တွင် ကောကာလိကရဟန်းတော်၏ ကိုယ်ခန္ဓာအနှံ့အပြား၌ မုန်ညှင်းစေ့ခန့် အနားလေးများ ချက်ချင်းပေါက်လာပေသည်။ ထိုအနာလေးများသည် ချက်ချင်းဆိုသလိုပင် ပဲနောက်စေ့အရွယ်ထိကြီးလာကာ၊ ထိုမှတစ်ဆင့် ဥသျှစ်သီးအရွယ်၊ ပိန္နဲသီးအရွယ်ထိ ကြီးလာလေသည်။ သွေးတွေပြည်တွေလည်း ထွက်ကျလာကာ ယင်းကောင်တစ်လောင်းလောင်းဖြင့် ငှက်ပျောရွက်ခင်းကာ ဇေတဝန်ကျောင်းထဲမှာပင် လူးလှိမ့်ခံစားနေရပေသည်။
ညနေဆည်းဆာတရားပွဲလာကြသော ပရိသတ်များသည် ကောကာလိက၏ အနာများကို ရွံသည်ထက် ကောကာလိက၏ အကုသိုလ်လုပ်ရပ်ကို ရွံကြသည်က များလေသည်။ “မှတ်ပလား မထေရ်မြတ်တွေကို ပြစ်မှားတဲ့ကိုယ်တော်”ဟူ၍လည်းကောင်း၊ “သေပစေ အတော်ယုတ်မာတဲ့ကိုယ်တော်ဟူ၍လည်းကောင်း၊ မထေရ်မြတ်တွေကို ပြစ်မှားလို့ ကံကြီးထိုက်တာ”ဟူ၍လည်းကောင်း အမျိုးမျိုး အဖုံဖုံပြောဆိုရေရွတ်ကာ “ထွီ”ကနဲ “ထွီ”ကနဲ တံတွေးထွေးသွားကြလေသည်။
၎င်းနောက် တုရူဗြဟ္မာကြီးရောက်ရှိလာ၏။ တုရူဗြဟ္မာကြီးသည် ရဟန်းဘဝတုန်းက ကောကာလိကကို ရဟန်းခံပေးခဲ့သော ကောကာလိက၏ ဥပဇ္ဈာယ်ဆရာဖြစ်ခဲ့လေသည်။ မထေရ်မြတ်နှစ်ပါးကို ပြန်တောင်းပန်ဖို့ တုရူဗြဟ္မာကြီးက တပည့်ဖြစ်ခဲ့ဖူးသော ကောကာလိကကို တိုက်တွန်းလေသည်။
ကောကာလိကလည်း အဆုံးစွန်ထိ မိုက်မည့်သူဖြစ်ရကား တုရူဗြဟ္မာကြီးစကားကိုလည်း နားမထောင်ခဲ့ပေ။
ထို့နောက် ဇေတဝန်ကျောင်းထဲမှာပင် ညတွင်းချင်းသေသွားလေတော့၏။
ညသန်းခေါင်ကျော်တွင် မြတ်စွာဘုရားထံသို့ သဟမ္ပတိဗြဟ္မာကြီးကြွလာတော်မူလေသည်။ သဟမ္ပတိဗြဟ္မာကြီးက “မြတ်စွာဘုရား ကောကာလိကတော့ ဆုံးရှာပြီဘုရား၊ ပုဒမငရဲသို့ ရောက်သွားပြီဘုရား”ဟု လျှောက်ထားလေ၏။
နောက်တစ်နေ့တွင် မြတ်စွာဘုရားက ရဟန်းတော်များအား ကောကာလိကကို အကြောင်းပြု၍ ဤတရားကို ဟောကြားတော်မူလေသည်။
ပုရိသဿ ဟိ ဇာတဿ၊
ကုဌာရီ ဇာယတေ မုခေ။
ယာယ ဆိန္ဒတိ အတ္တာနံ၊
ဗာလော ဒုဗ္ဘာသိတံ ဘဏံ။
မိမိစကားက မိမိကိုယ်ကို ခုတ်သတ်၏။
ကြမ်းတမ်းသောစကားသည် ဓားမသဖွယ်(ပုဆိန်သဖွယ်)ဖြစ်၏။ ဝစီဘေဒ နှုတ်ဓားမတည်း။
ယော နိန္ဒိယံ ပသံသတိ၊
တံ ဝါ နိန္ဒတိ ယော ပသံသိယော။
ဝိစိနာတိ မုခေန သော ကလိံ၊
ကလိနာ တေန သုခံ န ဝိန္ဒတိ။
လူမိုက်သည် ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၏။
ချီးမွမ်းထိုက်သူကိုကား ကဲ့ရဲ့၏။
ခံတွင်းဖြင့် အပြစ်ကို ရှာဖွေ စုဆောင်း၏။
ထိုအပြစ်ဖြင့် ချမ်းသာကို မရနိုင်။
အပ္ပမတ္တကော အယံ ကလိ၊
ယော အက္ခေသု ဓနပရာဇယော။
သဗ္ဗဿာပိ သဟာပိ အတ္တနာ၊
အယမေဝ မဟန္တတရော ကလိ။
ယော သုဂတေသု မနံ ပဒေါဇယေ။
လောင်းကစားရာ၌ ပစ္စည်းဥစ္စာဆုံးရှုံးခြင်းသည် အနည်းငယ်သောအပြစ်သာဖြစ်၏။ သူတော်ကောင်းတို့ကို ပြစ်မှားမိခြင်းသည် သာလွန်ကြီးမား၏။
သတံ သဟဿာနံ နိရဗ္ဗုဒါနံ၊
ဆတ္တိံသတိ ပဉ္စစ အဗ္ဗုဒါနိ။
ယမရိယဂရဟိ နိရယံ ဥပေတိ၊
ဝါစံ မနဉ္စ ပဏိဓာယ ပါပကံ။
ယုတ်မာသော ဝစီကံ မနောကံကြောင့် အရိယာပုဂ္ဂိုလ်တို့ကို ကဲ့ရဲ့မိသော လူမိုက်သည် ငရဲသို့ ရောက်၏။
ထိုငရဲ၏ အသက်အတိုင်းအရှည်သည် နိရဗ္ဗုဒတစ်သိန်းနှင့် အဗ္ဗုဒခြောက်ခုတို့ ဖြစ်၏။
(သဂါထာဝဂ္ဂသံယုတ်။ သံ၊ ၁။ ၁၅၁- တုရူဗြဟ္မသုတ်။)
(သဂါထာဝဂ္ဂသံယုတ်။ သံ၊ ၁။ ၁၅၄-ကောကာလိကသုတ်။)
(ဒသကနိပါတ်။ အံ။ ၃။ ၃၉၄။ ကောကာလိကသုတ်။)
ကောကာလိကရဟန်း ပဒုမငရဲသို့ ကျရောက်သွားကြောင်း သိရသောအခါ ရဟန်းတော်များက ပဒုမငရဲသက်တမ်းကို ဘုရားရှင်အား မေးလျှောက်ကြပေသည်။
ပဒုမငရဲသက်တမ်းကို နှစ်ပရိစ္ဆေဒဖြင့် ပိုင်းခြား၍ မရနိုင်ပေ။ ဥပမာအားဖြင့်သာ နှိုင်းယှဉ်၍ ပြနိုင်ပေသည်။
နှမ်းစေ့ပေါင်း တင်းရှစ်ဆယ်တင်ဆောင်ထားသော နှမ်းလည်းကြီးပေါ်မှ နှစ်ပေါင်းတစ်ရာလျှင် တစ်စေ့စီ ထုတ်ယူသည့်အခါ နှမ်းလှည်းကြီးပေါ်မှ နှမ်းစေ့များ ကုန်ဆုံးသွားသော်လည်း သက်တမ်းမကုန်ဆုံးသေးသော ငရဲကို အဗ္ဗုဒငရဲဟု ခေါ်ပါသည်။
ထိုအဗ္ဗုဒငရဲသက်တမ်း၏ အဆနှစ်ဆယ်သည် နိရဗ္ဗုဒ။
နိရဗ္ဗုဒ၏ အဆနှစ်ဆယ်သည် အဗဗ။
အဗဗ၏ အဆနှစ်ဆယ်သည် အဋဋ။
အဋဋ၏ အဆနှစ်ဆယ်သည် အဟဟ။
အဟဟ၏ အဆနှစ်ဆယ်သည် ကုမုဒ။
ကုမုဒ၏ အဆနှစ်ဆယ်သည် သောဂန္ဓိက။
သောဂန္ဓိက၏ အဆနှစ်ဆယ်သည် ဥပ္ပလ။
ဥပ္ပလ၏ အဆနှစ်ဆယ်သည် ပုဏ္ဍရိက။
ပုဏ္ဍရိက အဆနှစ်ဆယ်သည် ပဒုမ။
အငယ်ဆုံး အဗ္ဗုဒငရဲသက်တမ်းသည်ပင် နှစ်ပေါင်းတစ်ရာပြည့်မှ တစ်စေ့စီထုတ်ယူခွင့်ရှိသော နှမ်းစေ့ပေါင်း တင်းရှစ်ဆယ်ကုန်ဆုံးသွားသည့် ပမာဏထက်ကျော်လွန်နေသေးလျှင် ၄င်းထက် အဆပေါင်းတစ်သိန်းကျော်သော ပဒုမငရဲသက်တမ်းဆိုလျှင် ပြောစရာပင်မလိုပေ။
ထိုငရဲသို့ ရောက်ရသည်မှာ ဝစီကံကြောင့်ဖြစ်၏။
ထိုငရဲသို့ ရောက်ရသည်မှာ သူတော်ကောင်းကို ပြစ်မှားမိသောကြောင့်ဖြစ်၏။
မိမိပါးစပ်သည် ပုဆိန်မည်၏။
မိမိပါးစပ်သည် ဓားမမည်၏။
မိမိနှုတ်ပုဆိန်-နှုတ်ဓားမဖြင့် သူတစ်ပါးကို ပြစ်မှားခြင်းသည် မိမိဘဝကို ခုတ်သတ်ခြင်းဖြစ်၏။
လောင်းကစား ကြီးကြီးမားမားပြုလုပ်သဖြင့် လောင်းကစားရှုံးရာ၌ မိမိနှင့်အတူ မိမိမိသားစုတို့ ကျွန်ဘဝသို့ ရောက်ခြင်း၊ ရှိသမျှ စည်းစိမ်ဥစ္စာဆုံးရှုံးခြင်းသည် မပြောပလောက်သော အပြစ်သာဖြစ်ပေသည်။
သူတော်ကောင်းကို စော်ကားခြင်းကြောင့် မိမိဘဝပျက်စီးခြင်းသည်သာ ကြီးမားသော အပြစ်ဖြစ်၏။
လူအများစုသည် ဒုဿီလမှန်းသိလျက် ချီးမွမ်းကြ၏။ သီလဝန္တမှန်းသိလျက် ကဲ့ရဲ့ကြ၏။
ချီးကျူးထိုက်သူကို ကဲ့ရဲ့ခြင်းနှင့် ကဲ့ရဲ့ထိုက်သူကို ချီးကျူးခြင်းသည် အပြစ်ရပုံခြင်း အတူတူပင်။
ထို့ကြောင့် နိုင်ငံရေးကြောင့်ပင်ဖြစ်စေ၊ အထင်အမြင်လွဲမှားသောကြောင့်ပင်ဖြစ်စေ၊ ဒေါသအလျောက်ကြောင့်ပင်ဖြစ်စေ သူတော်ကောင်းကို မပြစ်မှားအပ်သလို သူယုတ်မာကို မချီးကျူးအပ်ပေ။
နိုင်ငံရေးသမားတို့သည် နိုင်ငံရေးဘုန်းကြီးများကို ချီးကျူးဂုဏ်ပြုနေကြပေသည်။ ၄င်းတို့၏ သီလသိက္ခာကို ပြန်လည်စိစစ်ပြီးမှ ချီးကျူးထိုက်သည်ဆိုလျှင် ချီးကျူးရပေမည်။ ကဲ့ရဲ့ထိုက်သူကို ချီးကျူးမိလျှင် သူတော်ကောင်းကို စော်ကားသည့်အပြစ်နှင့် ထပ်တူခံစားရနိုင်ပေသည်။
နိုင်ငံရေးသမားတို့သည် မင်းကွန်းဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီး၊ ရွာမဆရာတော်ကြီးအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကို ပြစ်မှားနေကြသည်ကို တွေ့ရပေသည်။ မပြစ်မှားထိုက်သူကို ပြစ်မှားမိလျှင် ကောကာလိကနောက် လိုက်ရပေလိမ့်မည်။
သီလဝန္တကို ဒုဿီလဟု စွပ်စွဲခြင်း၊(သီလစင်ကြယ်သူကို သီလမရှိဟု စွပ်စွဲခြင်း)သည် ပါရာဇိကဝတ္ထုဖြင့် စွပ်စွဲရာရောက်ပါသည်။
“အယုတ္တံ ကောကာလိကေန ကတံ အဂ္ဂသာဝကေ အန္တိမဝတ္ထုနာ အဗ္ဘာစိက္ခန္တေန”(ကောကာလိသည် အဂ္ဂသာဝကနှစ်ပါးကို ပါရာဇိကဖြင့် စွပ်စွဲခြင်းဖြင့် မသင့်သောမှုကို ပြုခဲ့ပေပြီ။)
(အံ။ ဋ္ဌ။ ၃။ ၃၂၈)
ဤသည်မှာ ကောကာလိက၏ ဥပဇ္ဈာယ်ဆရာဖြစ်ခဲ့ဖူးသော တုရူဗြဟ္မာကြီး၏ ငြီးတွားသံ ဖြစ်ပါသည်။
သူတော်ကောင်းကို မဟုတ်မတရား စွပ်စွဲခြင်းဖြင့် မိမိဘဝကို မိမိကိုယ်တိုင် ဖျက်ဆီးသည့် အဆင့်သို့ ရောက်လောက်အောင် မမိုက်မဲကြဖို့ အထူးစောင့်ထိန်းကြရပေမည်။
ဝီရသူ(မစိုးရိမ်)
7.12.2017
PM 1:23