ဆောင်းပါး

ပျက်သုဉ်းတော့မည့် နိုင်ငံရေးမျိုးဆက်

ပျက်သုဉ်းတော့မည့် နိုင်ငံရေးမျိုးဆက်

သင်္ဃန်းဖြူဆရာတာ်

(19.8.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၃၅) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)

          တိုင်းရေးပြည်ရေးကား မည်သည့်အခါများမှာမှ ငြိမ်းချမ်းလိမ့်မည်မသိ။ သတင်းစာဖတ်ရသည့်အခါတိုင်း စိတ်မချမ်းမြေ့ဖွယ် သတင်းဆိုးများကိုသာ နေ့စဉ်တွေ့မြင်နေရ၏။ မုဆိုးမသား လူရမ်းကားများကြောင့် တိုင်း ပြည် မတည်မငြိမ်ဖြစ်ကာ တစ်ခါဖူးမျှ မကြုံဖူးသော ဆိုးသွမ်းရမ်းကားမှုများနှင့် ကြုံနေရလေ၏။ အဆိုပါ မြို့ တွင်းသောင်းကျန်းသူဟု ခေါ်ဆိုအပ်သော အနီရောင်ရမ်းကားသူများ၏ အလုံးစုံပျက်သုဉ်းရေး အဖျက်အမှောင့် လုပ်ငန်းများကို သတင်းအဖြစ် တွေ့မြင်ရဖန်များသဖြင့် ဤဆောင်းပါးကို ရေးဖြစ်ခြင်းဖြစ်၏။

ဒုက္ခသည်အိမ်ရှေ့မင်းသားနှင့် အကျဉ်းသူပင်တိုင်စံမင်းသမီး

          ဘုရားအလောင်း ဃဋပဏ္ဍိတမင်းသားဘ၀၌ ဥတ္တရပထတိုင်းကို မဟာကံသမင်းကြီး စိုးစံတော်မူ၏။ ၎င်း၌ ကံသ၊ ဥပကံသဟူသော သားတော်နှစ်ပါးနှင့် ဒေ၀ဂဗ္ဘာဟူသော သမီးတော်တစ်ပါးရှိ၏။ သမီးတော်ကို မွေးဖွားစဉ်၌ အင်္ဂ၀ိဇ္ဇာဗေဒပါရဂူ ပညာရှင်များက “ဤသမီးတော်၏ ၀မ်း၌တည်သော သားတော်များသည် ကံသ မင်းမျိုးကို ဖျက်ဆီးကြလိမ့်မည်။ ၎င်းတို့လက်ထက်၌ ကံသမင်းဆက် ပျက်သုဉ်းမည်”ဟု ကိုယ်စီကိုယ်စီ အတတ်ဟောကြ၏။ မဟာကံသမင်းကြီးသည် သမီးတော်ကို မသတ်ရက်သောကြောင့် ဒေ၀ဂဗ္ဘာ ကြီးပြင်းခွင့် ရရှိသွား၏။ မဟာကံသမင်းကြီး နတ်ရွာစံ၍ သားတော်နှစ်ပါး စိုးစံသည့်အခါ၌လည်း နှမတော်ကို တစ်ပင်တိုင် စံနန်းတွင် အစောင့်အရှောက်များဖြင့် ကန့်သတ်၍ထားကြ၏။ ထိုအချိန်တွင် ဥတ္တရမဓုရပြည်၌ သာဂရမင်းဆက် စိုးစံနေ၏။ မဟာသာဂရမင်းကြီး နတ်ရွာစံသည့်အခါ သာဂရမင်းသား နန်းတက်၏။ ၎င်းကို ညီတော်အိမ်ရှေ့မင်း သား ဥပသာဂရက ပုန်ကန်ခြားနားရာမှ တိုင်းပြည်မငြိမ်မသက် ဖြစ်နေ၏။ အဆိုပါ ပုန်ကန်မှု၌ ညီတော်မင်းသား အရေးနိမ့်၍ ထွက်ပြေးသွားရ၏။ ထွက်ပြေးသွားသော ဥပသာဂရသည် ကံသညီနောင်နှစ်ပါးထံ လာရောက်ခိုလှုံ ၏။ ၎င်းနှင့် အိမ်ရှေ့မင်းသား ဥပကံသတို့သည် တက္ကသိုလ်ပြည်၌ ပညာသင်ဖက် ဆရာတူတပည့် သူငယ်ချင်း များ ဖြစ်ကြ၏။ ဒုက္ခသည် ဥပသာဂရနှင့် အကျဉ်းသူ ဒေ၀ဂဗ္ဘာတို့သည် ကံသမင်းထံ အခစားလာခိုက် တစ်ခါမျှ သာ မြင်ဖူးခဲ့ရပြီးနောက် တိတ်တဆိတ် ပေါင်းသင်းကြရာမှ သမီးတော်တစ်ပါး မွေးဖွား၏။

          ကံသညီနောင်တို့သည် အစောင့်ထားသော ကျွန်မ နန္ဒိလောပါကို ခေါ်၍စစ်ရာမှ အကြောင်းစုံသိသွား ကြ၏။ သားလေးမွေးလျှင် ကွပ်မျက်မည့်အစီအစဉ်ရှိသော်လည်း သမီးလေးမွေးသောကြောင့် ချမ်းသာပေးလိုက် ကြ၏။ ဤသို့ဖြင့် နှမတော်နှင့် ယောက်ဖတော်တို့ တရားဝင်ပေါင်းသင်းခွင့် ရရှိသွားကြ၏။ “မီးဖွားတိုင်း သတင်း ပို့ရမည်”ဟုသာ အမိန့်ထုတ်ထား၏။ နှမတော်သည် ဒုတိယကိုယ်ဝန်မှ၍ ဧကာဒသမ (တစ်ဆယ့်တစ်ယောက် မြောက်) ကိုယ်ဝန်အထိ သားယောက်ျားလေးတစ်ကျိပ် မွေးဖွား၏။ တိုက်ဆိုင်သည်ကား ကျွန်မ နန္ဒိလောပါ သည်လည်း သမီးလေးတစ်ကျိပ် မွေးဖွား၏။ သားတော်လေးများနှင့် ကျွန်မလေးများသည် တစ်နေ့တည်း၊ တစ် ချိန်တည်းတွင် မွေးဖွားခဲ့ကြသည့် ဖွားဖက်တော်လေးများ ဖြစ်ကြ၏။ နှမတော်သည် ရင်သွေးလေးများကို ကွပ် မျက်ပစ်မည်ကို မလိုလားသောကြောင့် ကျွန်မ၏ကလေးများနှင့် လဲလှယ်၍ထား၏။ မင်းသမီးက ကျွန်မလေး များကို ရင်သွေးအသွင် မွေးမြူထားကာ ကျွန်မက မင်းသားလေးများကို ရင်သွေးအသွင် မွေးမြူထားကြခြင်းဖြစ် ၏။ ၎င်းတို့ အရွယ်ရောက်လာသည့်အခါ ကျွန်သားညီနောင်တစ်ကျိပ်ဟု ထင်ရှားလေ၏။ အဆိုပါ ကျွန်သားညီ နောင်တို့သည် စရိုက်ကြမ်း၏။ ဆိုးသွမ်း၏။ အသတ်အပုတ် အထုံပါ၏။ အရပ်သူ၊ အရပ်သားများ၊ နန်းတွင်းသူ၊ နန်းတွင်းသားများ၏ ပစ္စည်းဥစ္စာများကို လုယက်တိုက်ခိုက်ကြ၏။ နောက်ဆုံးတွင် ရှင်ဘုရင်ထံ ဆက်သလာ သည့် ပဏ္ဏာ (လက်ဆောင်) တော်များကိုပါ လုယက်ယူငင်၏။ ထိုအခါ ကံသမင်းညီနောင်တို့က စစ်ဆေးရ၏။ ကျွန်ဖြစ်သူ အန္ဓကဝေဏ္ဍသည် အသက်ကိုချမ်းသာပေးမည့်အရေး တောင်းဆိုကာ ဖြစ်ရပ်မှန်ကို တင်ပြရလေ တော့၏။ ကံသညီနောင်နှစ်ပါးသည် တူတော်တစ်ကျိပ်ကို နှိမ်နင်းရန် စီစဉ်ရလေတော့၏။

ကျွန်သားညီနောင်မှ ဒေ၀ညီနောင်သို့

          မင်းရင်ပြင်၌ လက်ဝှေ့ပွဲကြီး ကျင်းပနေ၏။ ညီနောင်မင်းနှစ်ပါးလုံး ရှုစားနေ၏။ ပထမလက်ဝှေ့ကျော်က စိန်ခေါ်၏။ ကျွန်သားညီနောင် တစ်ကျိပ်အနက် ဒုတိယဗလဒေ၀ ထွက်လာ၏။ “မင်းလောက်တော့ ငါ့လက်နှင့် တောင် ထိစရာမလိုဘူး”ဟုဆိုကာ ဆင်ချည်ကြိုးဖြင့် ပစ်ဖမ်း၍ လေထဲဝှေ့ယမ်းကာ ကြမ်းပြင်၌ ကြိုးဖြင့်ကိုင် ပေါက်သတ်လိုက်လေ၏။ ဒုတိယလက်ဝှေ့အကျော် ထွက်လာ၏။ ဗလဒေ၀က “မင်းလား လက်ဝှေ့ကျော်”ဟု မေးကာ လက်များကို ချိုးပစ်လိုက်၏။ “မင်းလား လက်ဝှေ့ကျော်”ဟု ထပ်မေး၏။ “ငါ လက်ဝှေ့ကျော်ဟုတ်၏”ဟု ဖြေသည်နှင့် ခါးရိုးမှစ၍ အရိုးများကိုချိုးကာ ကိုင်ပေါက်သတ်လိုက်လေ၏။ ရှုစားနေသော ကံသမင်းနှစ်ပါးသည် သတ်ရဲဖြတ်ရဲ၊ လက်ရဲဇက်ရဲရှိလှသော တူတော်မောင်များကိုကြည့်၍ အချိန်မီနှိမ်နင်းမှ ဖြစ်တော့မည်ဟု ဆုံး ဖြတ်ကာ ပစ်မိန့်ပေးလိုက်ကြလေ၏။ ထိုအခါ ကျွန်သားညီနောင်တစ်ကျိပ်အနက် အကြီးဆုံး ၀ါသုဒေ၀က စက် လက်နက်ဖြင့် ပစ်ခွင်းလိုက်ရာ မင်းနှစ်ပါးလုံး ဦးခေါင်းကြေမွသွားကြ၏။ ရွှေပွဲလာပရိသတ်အားလုံးသည် မင်းရင် ပြင်၌ ပျပ်ပျပ်ဝပ်ကာ အသက်ကိုချမ်းသာပေးရန် တောင်းပန်ကြလေ၏။ ကျွန်သားညီနောင်တစ်ကျိပ်တို့သည် မိဘနှစ်ပါးကို ကောင်းမွန်စွာပြန်ထားကာ ထီးနန်းစိုးစံကြလေ၏။

          ကျွန်သားညီနောင်တစ်ကျိပ်သည် နောင်အခါ ဒေ၀ညီနောင်တစ်ကျိပ်အဖြစ် ထင်ရှားလာ၏။ ၀ါသုဒေ၀၊ ဗလဒေ၀၊ စန္ဒဒေ၀၊ သူရိယဒေ၀၊ အဂ္ဂိဒေ၀၊ ၀ရုတာဒေ၀၊ အဇ္ဇုန၊ ပဇ္ဇုန၊ ဃဋပဏ္ဍိတ၊ အင်္ကုရဟူ၍ အမည်ရင်း တစ်ကျိပ်ရှိရာတွင် အကြီးဆုံးခြောက်ပါးကိုအစွဲပြု၍ ဒေ၀မင်းညီနောင်ဟု ထင်ရှားလာခြင်းဖြစ်၏။ ၎င်းတို့သည် မြို့ပြနိုင်ငံများကို ဆက်လက်သိမ်းပိုက်လာရာ ခြောက်သောင်းသုံးထောင်ပြည့်ရန် တစ်မြို့သာကျန်တော့၏။ ထို တစ်မြို့ကား ဒွါရ၀တီ (သံတွဲ) ပြည်တည်း။ ထိုပြည်ကို သိမ်းပိုက်နိုင်ရန်ဝေးစွ၊ အနားပင်မကပ်နိုင်၍ ဆရာရသေ့ ထံ ဆည်းကပ်ရတော့၏။ ဆရာရသေ့၏ ဘွဲ့အမည်ကား “ကဏှဒီပါယန”တည်း။ ၎င်းသည် ဒိဗ္ဗစက္ခုအဘိညာဉ် ရရှိထားသောကြောင့် ဒိဗ္ဗစက္ခုရသေ့ဟု ထင်ရှား၏။ ၎င်းက မိန့်ဆိုသည်မှာ “ဒွါရ၀တီပြည်ကို ဘီလူးစောင့်၏။ ရန်သူလာလျှင် ဘီလူးက မြည်းအသွင်ဖန်ဆင်းကာ ဟီ၏။ မြည်းဟီသံကြားလျှင် မြို့သည် ကောင်းကင်ပေါ် ပျံ တက်သွား၏။ ထို့ကြောင့် မြည်းကိုတွေ့အောင်ရှာ၍ စည်းရုံးပါ”ဟူ၏။ ဒေ၀ညီနောင်တို့သည် ဆရာရသေ့ အကြံ ဥာဏ်အတိုင်း မြည်းကိုစည်းရုံး၏။ မဟီရန် တောင်းပန်၏။ မြည်းက “မဟီ၍မဖြစ်ပါ။ ဒွါရ၀တီပြည်ကို လိုချင်လျှင် မြို့တံခါးလေးခုတွင် သံငုတ်ရိုက်၍ တံခါးကို သံကြိုးဖြင့်ချည်ကာ မြည်းဟီသံကြားသည်နှင့် သံကြိုးနှင့် သံငုတ် ကို သံချိတ်ဖြင့်တွဲလိုက်ပါ”ဟူ၏။ ဒေ၀ညီနောင်လည်း မြည်းပြောသည့်အတိုင်း ပြုလုပ်လိုက်ကြသဖြင့် အာကာ ပျံဝဲ မြို့သံတွဲလည်း အာကာပျံမ၀ဲနိုင်တော့ဘဲ ကျဆုံးသွားရလေတော့၏။ (ယခုအခါ ရခိုင်ပြည်ရှိ သံတွဲမြို့သည် ပိဋကတ်တော်လာ ဒွါရ၀တီသံတွဲပြည်နှင့် မြို့တည်ပုံ ပထ၀ီအနေအထား အလုံးစုံတူကြောင်း တွေ့ရပါသည်။)

ရသေ့ရဟန်း သတ်ညှဉ်းပန်း ကြငှန်းမင်းနွယ် ပျက်လတ္တံ့

          ဒေ၀မင်းညီနောင်တို့သည် ဒွါရ၀တီပြည်တွင် နန်းတည်ကာ မြို့ပေါင်းခြောက်သောင်းသုံးထောင်ကို ဆယ်စုပုံ၍ ခွဲတမ်းကျစိုးစံကြ၏။ ၎င်းတို့ခေတ်၌ လူ့သက်တမ်းသည် အနှစ်တစ်သောင်းတမ်းဖြစ်၏။ ၎င်းတို့၏ သားများသည်လည်း ၎င်းတို့အတိုင်းပင် အမြဲတမ်းသွေးဆာနေသူများ ဖြစ်ကြ၏။ ထိုမင်းသားငယ်တို့သည် ဖခင် တို့၏ မင်းဆရာ အရှင်ရသေ့ကိုလည်း ကြည့်ရဟန်မတူပေ။ “ဒိဗ္ဗစက္ခု တကယ်ရ-မရ”ဟုဆိုကာ ပညာစမ်းရန် သွားကြ၏။ မင်းသားငယ်တစ်ပါးကို ကိုယ်ဝန်ဆောင်မင်းသမီးအသွင် ၀တ်ဆင်ပေးထားကာ “သားယောက်ျား လေး မွေးမည်လော၊ သမီးမိန်းကလေး မွေးမည်လော” ဟောခိုင်းခြင်းဖြစ်၏။ ဆရာရသေ့သည် မိမိ သေနေ့စေ့၍ ကံတော်ကုန်မည့်နေ့မှန်း သိရှိထားသဖြင့် “ဤမင်းသမီးငယ်သည် ခုနစ်ရက်မြောက်နေ့၌ ရှားတုံးကို မွေးလိမ့် မည်။ ၀ါသုဒေ၀မင်းမျိုး ပျက်သုဉ်းမည်။ ရှားတုံးကို မီးရှို့၍ ပြာကို မြစ်ထဲမျှောလေလော့”ဟု ပြတ်သားစွာ ဟော လိုက်လေ၏။ မင်းသားငယ်များသည် “ယောက်ျားက မီးဖွားရိုးထုံးစံ ရှိသလော”ဟုဆိုကာ မခံချင်စိတ်ဖြင့် ရသေ့ ကို သတ်လိုက်ကြလေ၏။ သတ်ပုံကား ရက်ကန်းကြိုးဖြင့် ဦးခေါင်းကို ထန်းဖူးစည်းသလိုစည်း၍ ရိုက်သတ်လိုက် ကြခြင်းဖြစ်၏။ ဤအကြောင်းကို ဖခင်မင်းများ သိသွားသည့်အခါ တိုင်းပြည်ပျက်တော့မည့်အရေး စိတ်လေးကြ ကာ ကိုယ်ဝန်ဆောင်အသွင်ယူခဲ့သော မင်းသားငယ်ကို အစောင့်အရှောက်များဖြင့် လုံခြုံအောင်ဝန်းရံထားလိုက် ကြ၏။ ခုနစ်ရက်မြောက်သောနေ့၌ ထိုမင်းသားငယ် မီးဖွားပါသည်။ ရှားတုံးကို မွေးဖွားခြင်းပင်။ ဖခင်မင်းများ သည် ရှားတုံးကိုမီးရှို့၍ ပြာကိုမြစ်ထဲသို့ မျှောလိုက်ကြလေ၏။ ထိုပြာသည် သမုဒ္ဒရာအနီးရှိ မြစ်ဝတစ်ဖက်ကမ်း၌ သောင်တင်လေ၏။ ထိုပြာများတည်ရှိရာ ကမ်းပါး၌ ပြိန်းမြက်များ ပေါက်လေ၏။ ထိုပြိန်းမြက်များသည် သူသတ် လက်နက်များပင်တည်း။

          မင်းသားငယ်များသည် အခြံအရံကိုယ်စီဖြင့် ပြိန်းမြက်ပေါက်ရာ မြစ်ဝသို့ ရေကစားကြရန် လာကြ၏။ ရေကစားစဉ် မတော်တဆထိခိုက်ရာမှ အထင်အမြင်လွဲကာ အချင်းချင်းသတ်ကြ၏။ မင်းသားအချင်းချင်းသတ် ရာမှ ပရိသတ်အချင်းချင်းပါ သတ်ဖြတ်ကြရာ လက်နက်မပါသောသူများသည် မြက်ပင်ကိုင်ဆွဲ၍ သတ်ကြ၏။ ၎င်းတို့လက်ထဲသို့ ရောက်သောအခါ ပြိန်းမြက်များသည် ရှားကျည်ပွေ့ဖြစ်သွားကြလေ၏။ ရေသဘင်ပွဲလာ လူ များစွာသည် ထိုရှားကျည်ပွေ့လက်နက်ဖြင့် ရိုက်ပုတ်သတ်ဖြတ်ကြလေရာ သွေးချောင်းစီး လူသတ်ပွဲကြီး ဖြစ် သွားလေ၏။ ဤပြဿနာကို အကြောင်းပြု၍ ပြည်သူများ ဆူပူဆန္ဒပြကြသဖြင့် ဒွါရ၀တီပြည်ကြီး ဆူပွက်နေလေ တော့၏။ တိုင်းပြည်ပျက်တော့မည့်အရေး စိတ်လေးခဲ့သော ဘုရင်ကြီးသည် ညီတော်၊ နှမတော်ကိုခေါ်ကာ မြင်း ရထားဖြင့် ထွက်ပြေးသွားလေ၏။

          တစ်ခုသောတောအုပ်သို့ရောက်သောအခါ ဘီလူးက ကြို၍နေ၏။ ရထားပေါ်၌ ဗလဒေ၀ပါလာသည်ကို သိသဖြင့် တောကိုရွာအသွင်ဖန်ဆင်းကာ လက်ဝှေ့သမားအသွင်ဆောင်၍ လမ်းပေါ်ရပ်လျက် စိန်ခေါ်နေခြင်း ဖြစ်၏။ ထိုဘီလူးကား ဗလဒေ၀သတ်ခဲ့သော ဒုတိယလက်ဝှေ့ကျော်ကြီး မုဋ္ဌိကတည်း။ မုဋ္ဌိကသည် အရိုးချိုးခံရ စဉ် မသေမီ ဆုတောင်းသွား၏။ “နောက်ဘ၀ ဘီလူးဖြစ်၍ ဗလဒေ၀ကို သတ်စားရပါလို၏”ဟူသတည်း။ ဗလဒေ၀လည်း အသတ်အပုတ် အားကြီးသူဖြစ်ရာ ၀ါသုဒေ၀ တားသည်ကိုပင် မလိုက်နာတော့ဘဲ ဆင်း၍သွား ၏။ မိမိကိုစိန်ခေါ်သော လက်ဝှေ့သမားသည် လူသားမဟုတ်ဘဲ ဘီလူးဖြစ်နေသည်ကိုမသိမူ၍ ၀င်လုံးခြင်းဖြစ် ၏။ မုဋ္ဌိကဘီလူးသည် ဗလဒေ၀ အသားကို ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးသို့ စိမ်ပြေနပြေ စားပစ်လိုက်လေ၏။ ၀ါသုဒေ၀တို့ ဆက်၍ပြေးကြရာ တောအုပ်တစ်ခု၌ နားလေ၏။ နှမတော် အဉ္ဇနဒေ၀ီနှင့် ပုရောဟိတ်ကို ထမင်း ချက်ခိုင်းကာ ချုံပုတ်တစ်ခုထဲ ပုန်းအောင်းနေစဉ် ခြေမလှံစူးလေတော့၏။ မုဆိုးက သားကောင်ထင်၍ လှံဖြင့် ပစ်လိုက်ခြင်းဖြစ်၏။ လူအော်သံကြား၍ မုဆိုးထွက်ပြေးရာ ၀ါသုဒေ၀မင်းကြီးက မပြေးရန်လှမ်းတားကာ လှံနုတ် ပေးရန် မေတ္တာရပ်ခံလေ၏။ မုဆိုးအမည်ကိုမေးရာ “ဧရာ”ဟု ဖြေလေ၏။ “ဧရာမည်သောသူသည် ငါ့ကို လှံဖြင့် ထိုး၍ သေရမည်”ဟု ဗေဒင်အဟောရှိ၏။ “ငါ ယနေ့သေရတော့မည်”ဟုဆိုကာ ထမင်းမစားတော့ဘဲ နှမတော် ကို ပုရောဟိတ်လက်သို့အပ်ကာ နတ်ရွာစံသွားလေ၏။ (နှမတော်ဆိုသည်မှာ ဒေ၀ဂဗ္ဘာ မွေးဖွားသော အကြီးဆုံး သမီး အဉ္ဇနဒေ၀ီ ဖြစ်သတည်း။)

          ဤသည်ကား ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ ဒသကနိပါတ်၊ ဃဋပဏ္ဍိတဇာတ်တော်လာ အတိတ်ဝတ္ထုအဖြစ် အပျက်တည်း။

အနီဆိုလျှင် ငရုတ်သီးမှည့်ကိုပင် မထားချင်၊ မစားချင်ကြတော့ပြီ

          ဤ၀တ္ထု၌ ကံသမင်းဆက် ပျက်သုဉ်းရခြင်း သို့မဟုတ် ဒွါရ၀တီပြည်ကြီး ပျက်စီးရခြင်း၏ နီးသော အကြောင်းကား ရသေ့၊ ရဟန်းကို စော်ကားပြစ်မှားခြင်းဖြစ်၏။ နိုင်ငံရေးအမြင်ကြီးသော နိုင်ငံရေးသမားများ သည် ရသေ့၊ ရဟန်းများကို နိုင်ငံရေးမျက်စိ၊ စီးပွားရေးမျက်စိဖြင့်သာ ရှုမြင်တတ်ကြ၏။ ထို့ကြောင့် ၎င်းတို့ အမြင်၌ သံဃာတော်များကို တိုင်းပြည်အတွက် အကျိုးမရှိသော လူတန်းစားအဖြစ်လည်းကောင်း၊ မျိုးသုဉ်းရေး အဖွဲ့အစည်းအဖြစ်လည်းကောင်း၊ ပြည်သူက တင်ကျွေးနေရသည့် လူပိုအဖြစ်လည်းကောင်း ရှုမြင်နေကြခြင်း ဖြစ်၏။ အမှန်အားဖြင့် ရသေ့၊ ရဟန်းတို့ ကျင့်သုံးအပ်သော တရားဓမ္မကို နိုင်ငံရေးသမားတို့ လိုက်မမီခြင်းပင် ဖြစ်၏။ ထို့ကြောင့် နိုင်ငံရေးသမားတိုင်းသည် ဘာသာတရားများ လိုက်စားရန်လို၏။ ရဟန်းသံဃာများအပေါ် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်သာမက ဘာသာရေးမျက်စိ၊ ယဉ်ကျေးမှုမျက်စိတို့ဖြင့်လည်း ကြည့်တတ်ရန်လို အပ်၏။ အမှန်အားဖြင့် ဒိဗ္ဗစက္ခုရသေ့သည် မင်းဆရာလည်းဖြစ်၏။ ကျေးဇူးရှင်လည်းဖြစ်၏။ ဒေ၀မင်းညီနောင် တို့၏ မှီခိုအားထားရာ၊ ကိုးကွယ်ဆည်းကပ်ရာလည်းဖြစ်၏။ ဆရာရသေ့ကျေးဇူးကြောင့် ဒေ၀မင်းတို့ လုံးဝ မတတ်နိုင်သော ဒွါရ၀တီပြည်ကြီးကို သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်၏။ ယခုအခါ ဆရာရသေ့ကို ပြစ်မှားကျူးလွန် သောကြောင့် ဒေ၀မင်းနေပြည် သံတွဲမြို့ကြီး ပျက်သုဉ်းသွားရခြင်းဖြစ်၏။ ကံသမင်းဆက် ပျက်သုဉ်းသွားရခြင်း ဖြစ်၏။ သင်ခန်းစာ ယူထိုက်ပေစွ။

          စာရေးသူသည် သတင်းစာဖတ်ရသည့်အခါတိုင်း မြို့တွင်းသောင်းကျန်းသူများဖြစ်သည့် ဦးကိုမောင်နီ နှင့် မဒေါ်မေနီများကို အမြဲတမ်းသွေးဆာနေသည့် ကျွန်သားညီနောင်တစ်ကျိပ်ပမာ အာရုံစွဲနေမိလေ၏။ ကျွန် သားညီနောင်မှ ဒေ၀ညီနောင် ဖြစ်လာသည့်အခါ ၎င်းတို့၏မျိုးဆက်များက ကျေးဇူးရှင်ဆရာရသေ့ကို သတ်ပစ် လိုက်သကဲ့သို့ လူထုခေါင်းဆောင်ဘ၀မှ နိုင်ငံ့ခေါင်းဆောင်ဘ၀သို့ ရောက်ရှိလာသည့်အခါ ၎င်း၏သားသမီးများ က သံဃာ့ကျေးဇူးကို ပြစ်မှားခဲ့ကြလေသည်။ NLD အစိုးရလက်ထက်၌ ဗုဒ္ဓသာသနာတော် ညှိုးမှိန်ခဲ့ခြင်း၊ ဗုဒ္ဓ ဘာသာဝင်များ ပစ်ပယ်ခံရခြင်း၊ ဗုဒ္ဓသံဃာတော်များ တစ်ဆင့်နှိမ့်ခံရခြင်း၊ ဗုဒ္ဓသာသနာ့ဦးသျှောင် မထေရ်ကြီး များ မဖွယ်မရာစော်ကားခံရခြင်း စသည်ဖြင့် လူများစုကိုးကွယ်ရာ ဗုဒ္ဓဘာသာသည် စိတ်တိုင်းကျဖျက်ဆီးမှုဒဏ် ကို မရှုမလှခံခဲ့ရလေ၏။ ယခုတစ်ဖန် အာဏာလက်လွတ် ငှက်တောင်ကျွတ်ဘ၀သို့ ရောက်သောအခါ၌လည်း ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးများကို ပစ်မှတ်ထားကာ ကျူးလွန်စော်ကားကြပြန်၏။ ဘုန်းတော် ကြီးကျောင်းတိုက်များကို လူအင်အားဖြင့် ၀င်ရောက်ဖျက်ဆီးခြင်း၊ ဘုန်းတော်ကြီးကားကို လူအုပ်ဖြင့် ပိတ်ဆို့ရပ် ခိုင်းကာ ဖမ်းဆီးချုပ်နှောင် ရိုက်နှက်ခြင်း၊ သံဃာ့ထေရ်ဆရာတော်ကြီးများကို မဖွယ်မရာများဖြင့် စော်ကားမော် ကားပြုလုပ်၍ လူပုံအလယ်ဖြန့်ချိခြင်း စသည့် အကြမ်းပတမ်း လူရမ်းကားလုပ်ရပ်များကို ကျူးလွန်ပြုလုပ်လာကြ ပြန်၏။

          ဆရာရသေ့ကို ပြစ်မှားသော ကံသမင်းဆက် ပျက်ရသကဲ့သို့ ထေရ်သံဃာကို ပြစ်မှားသော အောင် ဆန်းစုကြည်မျိုးဆက် အဆုံးသတ်ပေတော့မည်။ အောင်ဆန်းစုကြည်သွေးမျိုးဆက်ကား လင်ယူမှား၍ ပျက် သွားခဲ့ရပြီးဖြစ်၏။ ယခုအခါ သူတော်ကောင်းကိုစော်ကား၍ အောင်ဆန်းစုကြည် နိုင်ငံရေးမျိုးဆက် ပျက်စီးရပေ တော့မည်။ နောင်သောအခါ ပြည်သူတို့သည် အနီဆိုလျှင် ငရုတ်သီးတောင့်ပင် မထားချင်၊ မစားချင် ဖြစ်ရ လောက်အောင် စက်ဆုပ်ရွံမုန်းကြတော့မည်ဖြစ်၏။ မှန်၏။ အဆိုပါ လူရမ်းကားအုပ်စုကို ကြည့်လိုက်လျှင် ဦးကို မောင်နီနှင့် မဒေါ်မေနီများ ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ ၎င်းတို့သည် သာမန်လူများ မကျူးလွန်ရဲသော အကုသိုလ်ကြီးများကို ပယ်ပယ်နယ်နယ် ကျူးလွန်ခဲ့ကြ၏။ လမ်းဟူသည်ကား ပိတ်ကောင်းသည့် အရာမဟုတ်၊ ဖွင့်ကောင်းသည့်အရာသာဖြစ်၏။ ဖုံးကောင်းသည့်အရာမဟုတ်၊ ဖောက်ကောင်းသည့်အရာသာဖြစ်၏။ ဖျက် ကောင်းသည့်အရာမဟုတ်၊ ပြင်ကောင်းသည့်အရာသာဖြစ်၏။ ရှုပ်ကောင်းသည့်အရာမဟုတ်၊ ရှင်းကောင်းသည့် အရာသာဖြစ်၏။ တားကောင်းသည့်အရာမဟုတ်၊ ညွှန်ကောင်းသည့်အရာသာဖြစ်၏။ ထို့ကြောင့် လမ်း၊ တံတား ဖျက်ဆီးသည့် အကုသိုလ်ကား နည်းပါးသည့်အပြစ်မဟုတ်။ အများပြည်သူ သွားလာ၍မရအောင် လမ်းပိတ်ဆို့ ခြင်း၊ အမှိုက်ပုံခြင်းသည်လည်း ထို့အတူပင်။ ရထားစီးခရီးသည်များ သေကျေပျက်စီးအောင် လုပ်ကြံခြင်းကား အဆိုးဆုံးဖြစ်၏။ အဆိုးတကာ့ အဆိုးဆုံးကား သံဃာကို သံဃာမှန်းမသိလောက်အောင် အသိစိတ်ကင်းမဲ့သွား ခြင်းနှင့် သံဃာကျေးဇူး ပြစ်မှားခြင်းပင်။

ပြည်သူအချင်းချင်းသတ်သော နိုင်ငံရေးတစ်ရပ် ပေါ်ထွန်းလာခဲ့ပြီ

          ခေတ်အဆက်ဆက်သော မြန်မာ့နိုင်ငံရေး၌ သံဃာတော်များ၏ အခန်းကဏ္ဍသည် ဖုံးကွယ်၍မရ လောက်အောင်ပင် ထင်ရှား၏။ NLD အပါအ၀င် နိုင်ငံရေးအင်အားစု မှန်သမျှသည်လည်း သံဃာ့ကျေးဇူးနှင့် ကင်းရှင်းသူ တစ်ဦးတစ်ယောက်မျှမရှိ။ တော်လှန်ရေးကာလ၌ သံဃာ့အရိပ်ကိုခို၊ သံဃာ့အထောက်အပံ့ကိုယူ၊ သံဃာ့ထံနည်းခံ၍ နိုင်ငံရေးလုပ်ခဲ့ကြသူချည်းဖြစ်၏။ (ဘာသာမဲ့ဆိုသူ ကွန်မြူနစ်များသည်ပင် သံဃာ့အရိပ်နှင့် မကင်းပေ။) ခေတ်လူငယ်များနှင့် ဝေးကွာလွန်းသော အတိတ်ကာလများကို အသာထား၍ ပတ္တနိက္ကုဇ္ဇန (သပိတ်မှောက်ကံ) အရေးအခင်း၊ ရွှေဝါရောင်အရေးအခင်းတို့သည် ထင်ရှား၏။ လူထုခေါင်းဆောင်ဆိုသူ ဘာမျှမလုပ်နိုင်သောအချိန်၊ NLD ဆိုသူများ နိုင်ငံရေးအမှောင်ကျနေသောအချိန်မျိုးတွင် သံဃာတော်များသည် အသက်နှင့် ခန္ဓာကို ဘေးချိတ်ကာ အန္တရာယ်ကို ရင်ဆိုင်ခဲ့ကြသည်ချည်းဖြစ်၏။ ဒေါ်စုကို ၀န်းရံသဖြင့် ထောင် ကျခဲ့သော သံဃာတော်များ၊ NLD ကို ထောက်ခံအားပေးသဖြင့် ချိပ်ပိတ်ခံရသော ကျောင်းတိုက်ကြီးများကား မနည်းလှပေ။

          သို့သော် ဒေါ်စုနှင့် NLD သည် အစိုးရတစ်ရပ်အဖြစ် အာဏာရရှိလာသည့်အခါ ၎င်းတို့အားထားခဲ့ရာ သံဃာတော်ကြီးများကိုပင် ထောင်ချရန် ကြံစည်ခဲ့ကြ၏။ နည်းမျိုးစုံဖြင့် ပြစ်မှားခဲ့ကြ၏။ အကြမ်းပတမ်း နှိပ်ကွပ် ခဲ့ကြ၏။ အာဏာလက်လွတ် ငှက်တောင်ကျွတ်သွားသည့်အခါ၌ကား ပို၍ပင်ဆိုးလေ၏။ မြန်မာပြည်၌ ပြည်သူ ကို ပြည်သူချင်းသတ်သော နိုင်ငံရေး၊ သံဃာကို ပြည်သူကအကြမ်းဖက်သော နိုင်ငံရေးအသစ်များ ပေါ်ထွန်း လာခဲ့လေပြီ။ NLD ကို မထောက်ခံသော ပြည်သူများသည် NLD ကို ထောက်ခံသူများ၏ သတ်ဖြတ်မှုကို ခံနေကြရ၏။ NLD ကို မထောက်ခံသော သံဃာတော်များသည် NLD ကို ထောက်ခံသူများ၏ အကြမ်းဖက်ရန် ပြုမှုဒဏ်ကို ခံနေကြရ၏။ NLD ကို ကြောက်၍ ပုန်းရှောင်နေရသော ပြည်သူများ၊ NLD ကို ကြောက်၍ ကိုယ့် ကျောင်း၌ကိုယ်မနေရဲသဖြင့် ထွက်ပြေးနေရသော သံဃာတော်များ မြန်မာပြည်၌ ရှိဖူးခဲ့ရလေပြီတည်း။

လူမိုက်သား ရမ်းကား၊ မုဆိုးမသားသမီး အဖျက်ကြီး

          အမှန်အားဖြင့် တိုင်းဖျက်၊ ပြည်ဖျက်၊ အမျိုးဖျက်၊ ဘာသာဖျက်၊ သာသနာဖျက်၊ ယဉ်ကျေးမှုဖျက် စသည့် အဖျက်လုပ်ငန်းများကိုသာ တစိုက်မတ်မတ် ပြုလုပ်ခဲ့သော အဖျက်စွမ်းအားကြီးမားသည့် မိန်းမကြီးတစ် ယောက်ကို အရိယာသူတော်စင်ကြီးတစ်ဦးကဲ့သို့ ယုံမှတ်၍ နိုင်ငံ့ခေါင်းဆောင်တင်မြှောက်ကာ တိုင်းပြည်ကို ပုံအပ်လျက် တိုင်းပြု ပြည်ပြု သာသနာပြုလုပ်ငန်းများ လုပ်ဆောင်ပေးလိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် ဘုရားလိုကိုးကွယ်သောနိုင်ငံဟူ၍ ဤကမ္ဘာတွင် ကျွန်ုပ်တို့ မြန်မာတစ်နိုင်ငံသာ ရှိလေသတည်း။

          လူမိုက်၏သား ရမ်းကားသည်ဟု မြန်မာစကားပုံရှိ၏။ မုဆိုးမသားသမီး အဖျက်ကြီးသည်ဟု မြန်မာ စကားပုံအသစ်တစ်ခုလည်း ပေါ်ပေါက်လာနိုင်ပေသည်။ မှန်၏။ ၎င်း၏သားသမီးများသည် ၎င်းအတိုင်းပင် မြန်မာပြည်ကြီး အလုံးစုံပျက်သုဉ်းရေးကို အစဉ်တစိုက်ပြုလုပ်ကာ တိုင်းပြည်ကို စိတ်တိုင်းကျဖျက်ဆီးနေကြ လေ၏။

ကျွန်သားညီနောင်နှင့် အောင်ဆန်းစုကြည်မျိုးဆက်

          အမြဲတမ်းသွေးဆာနေသော ကျွန်သားညီနောင်များကြောင့် ဒေ၀မျိုးဆက် ပျက်ခဲ့သကဲ့သို့ အမြဲတမ်း သွေးဆာနေသော လူရမ်းကားတစ်သိုက်ကြောင့် အောင်ဆန်းစုကြည်မျိုးဆက် ပျက်တော့မည်။ အောင်ဆန်းစု ကြည်၏ နိုင်ငံရေးမျိုးဆက် ပျက်တော့မည်။ အောင်ဆန်းစုကြည်၏ ပါတီဝင်များသည် ဤအဆင့်မျှသာရှိသည် ကိုလည်းကောင်း၊ အောင်ဆန်းစုကြည်ကို ထောက်ခံသူများသည် ဤသို့သောလူတန်းစာမျိုး ဖြစ်သည်ကိုလည်း ကောင်း အာဏာလက်လွတ် ငှက်တောင်ကျွတ်ကာလ၌ ဖြစ်ပျက်ခဲ့သော CRPH၊ ဆေးသပိတ်နှင့် သွေးထိတ် ဖွယ်ရာ ဖြစ်ရပ်များစွာက သက်သေပြနေခြင်းဖြစ်၏။

          လူသားတိုင်း လူရမ်းကားဘေးမှ ကင်းဝေးကြပါစေသတည်း။  ။

သင်္ဃန်းဖြူဆရာတော်

၁၉-၄-၂၀၂၁