ဖွဲ့ဆိုတော်မူပါအရှင်ဘုရား၊ ဖွဲ့နွဲ့တော်မမူပါနဲ့အရှင်ဘုရား” (ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကသို့ အိတ်ဖွင့်လျှောက်စာ-၂)
(စာမူဟောင်းလေးပြန်တွေ့ပါပြီ။ လက်ရေးမူရော ကွန်ပျူတာမူပါ တစ်ဖိုင်လုံး ပြန်တွေ့တာပါ။ တိုက်ဆိုင်တယ်လို့ ဆိုရပါမယ်။ ရွှေပါရမီတောရဆရာတော်မွေးနေ့ ရွှေရတုအချိန်အခါမှာမှ စာမူဟောင်းကို ပြန်တွေ့ရလို့ပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စာမူလေး ပြန်တွေ့ရတာဟာ နှစ်ပေါင်းများစွာ ခွဲခွာနေရတဲ့ သားသမီးအရင်းကို ပြန်တွေ့ရသလိုပါပဲ။ ပိုပြီး ဝမ်းသာစရာကောင်းတာက အရှင်ဆန္ဒာဓိက၏ နှစ်ဦးတရားတော်နှင့် ပတ်သက်နေ့လို့ပါပဲ။ မနေ့က တင်ခဲ့တဲ့ အပိုင်းရဲ့ နောက်ဆက်တွဲလေးပါ။)
အမုန်းခံသမားကြီး
ဝီရသူ (မစိုးရိမ်)
9.1.2018
——————————————————————
“ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကသို့ အိတ်ဖွင့်လျှောက်စာ”(၂)
အရှင်ဘုရားမှာ အရွယ်ကငယ်ငယ်၊အတွေ့ကြုံကနုနု၊ ဥပဓိကကောင်းကောင်း၊ ကျော်ကြားမှုကကြီးကြီး၊ ငွေကြေးကပြည့်စုံ၊ဆရာနှင့်ကင်းနေသည့်အပြင် နှလုံးသားတရားများဟော၊ နှလုံးသားစာများရေးနေ၍ အရှင်ဘုရားအတွက် စိုးရိမ်မိပါသည်။
“နာနာကျင်ကျင် အပြစ်မြင်တိုင်း ၀မ်းတွင်မသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော့”ဟူသော မဃဒေ၀လာ ဆရာမျိုး အရှင်ဘုရားအနားမှာ ရှိစေချင်ပါသည်။
နိုင်ငံတော် ဈာပနတစ်ခုမှာ စာချဆရာတော်တစ်ပါးက ပျံလွန်ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ လက်ကမ်းစာလေး ဖြန့်ဝေပါသည်။ ခေါင်းစဉ်က ”အသက်တမျှ ချစ်မြတ်နိုးသူ”ဟူ၍ ဖြစ်ပါသည်။ ပျံလွန်ဆရာတော်ကြီးသည် သီလသိက္ခာကို အသက်နှင့်လဲ၍ ကာကွယ်ခဲ့သူ၊ အသက်နှင့်ထပ်တူသ ချစ်မြတ်နိုးသူအဖြစ် အလင်္ကာရသမြောက်အောင် ဖွဲ့ဆိုခြင်းဖြစ်ပါသည်။ သို့သော် စာဖတ်သူ အမျိုးသားအများစုက “သည်ကိုယ်တော် ဘယ်သူ့ကို ရည်းစားစကားပြောလိုတာလဲ မသိဘူး”ဟု ဝေဖန်ကြပါသည်။
တောရရိပ်သာဆိုသည့်ဂုဏ်ပုဒ် ရဟန်းဘ၀ဆိုသည့်သိက္ခာကို ထိပါးညှိုးနွမ်းစေမည့် ဝေါဟာရနုနုလေးများကို ရှောင်ရှားစေလိုပါသည်ဘုရား။ တည်တော်ဆရာတော်ကြီးမှာ ကလောင်ခွဲများစွာ ရှိပါသည်။ တည်တန့်ခန့်ငြားသည့် ကျမ်းများကို တည်တောဆရာတော် အမည်ခံ၍ ဓမ္မရသဇာတ်ဝတ္ထုများကို ထီးချိုင့်နတ်စိုး၊ ရွှေထီးဣန္ဒရာ စသည်ဖြင့် ကလောင်ခွဲများသုံးကာ ရသပေါ်လွင်အောင် ဖွဲ့ဆိုတော်မူခဲ့ပါသည်။ ရဟန်းစာဆိုအဖြစ် ရဟန်းဘွဲ့ကလောင်အမည်တပ်လျှင် ဖွဲ့ဆိုခြင်းသာ တင့်တယ်ပါသည်။ ဖွဲ့နွဲ့ခြင်းကား မတင့်တယ်ပါ။ ဖွဲ့ပြီးဆိုစေချင်ပါသည်။ ဖွဲ့ပြီး မနွဲ့စေလိုပါ။ ခေါင်းစဉ်အမျိုးမျိုး ရှိရာ၌ စာအုပ်အမည်တပ်သင့်သော ခေါင်းစဉ်ရှိသလို စာအုပ်အမည် မတပ်သင့်သော ခေါင်းစဉ်များလည်း ရှိပါသည်။ ခေါင်းကြီးနှင့်သင့်တော်သော ခေါင်းစဉ်ရှိသလို ခေါင်းကြီးနှင့် မသင့်တော်သော ခေါင်းစဉ်များလည်း ရှိပါသည်။ တချို့စာသားများမှာ စာအုပ်အမည်၊ ခေါင်းစဉ်အမည် မပြောနှင့် ခေါင်းစဉ်ငယ်တစ်ခုအဖြစ်တောင် မသုံးစွဲထိုက်လှပါ။ စာသားအဖြစ်သာ ပါဝင်သင့်လှပါသည်။
အရှင်ဘုရား အညာသိကောဏ္ဍညမထေရ်ကြီး ပရိနိဗ္ဗာန်စံခန်းကို အာရုံဝင်စားကြည့်ပါဦးဘုရား။ သူ့ကို (ခေါင်းမွှေးဖြူနှင့် ရဟန်းအိုကြီးက ဘုရားထံလာပြီး ကဲနေသည်။)ဟု လူတွေကကဲ့ရဲ့လျှင် အပြစ်ဖြစ်ကြမှာ စိုးသဖြင့် “တပည့်တော် ကောဏ္ဍညပါဘုရား။ တပည့်တော် အညာသိကောဏ္ဍညပါဘုရား”ဟု ဘုရားကို လျှောက်တော်မူပါသည်။ ဘုရားက ကောဏ္ဍညမထေရ်မှန်း သိပါလျက် တပည့်တော် ကောဏ္ဍညပါဘုရားဟု သူ၏ဘွဲ့တော်အမည်ကို လူရှေ့သူရှေ့ ပရိသတ်ရှေ့မှာ လျှောက်ထားရခြင်းသည် အညတရ သူ့ဘ၀ကို မသိကြသူများ၊ နှုတ်လွယ်သူများ ပရူပ၀ါဒ အပြစ်ဖြစ်မှာစိုးသောကြောင့်ပါဘုရား။
ထို့ကြောင့် တောရမထေရ်တစ်ပါး အဖြစ်လည်းကောင်း၊ ရိပ်သာဆရာတော်တစ်ပါး အဖြစ်လည်းကောင်း စာဖတ်သူတို့ ပရူပ၀ါဒအပြစ် မဖြစ်အောင် ရေးဖွဲ့တော်မူစေချင်ပါသည်။
အမျိုးသားရေးတရားတွေဟောသည့် ဆရာတော်၏ တရားများ၊ စကားများ၌ ဂါမ္မဒေါသ၊ ဗန္ဓဖရုသဒေါသများ သင့်လျက်ရှိပါသည်။ မွတ်စလင်မုန်းတီးရေးဝါဒဖြစ်၍ အမုန်းဂိုဏ်းဟု ခေါ်ကြပါသည်။ ကဗျာဆန်သော အရှင်ဘုရားတို့ကိုကား အချစ်ဂိုဏ်းဟု ခေါ်ကြပါသည်။ ညီတော်အရှင်ရာဇိန္ဒ (ရဝေနွယ်အင်းမ)သည်ပင် အရှင်ဘုရားကိုအတုလိုက်၍ အတူပြုကာ “ချစ်သောအမှာစာ”ဟု ရေးလာပါပြီ။ အရှင်ဘုရားစကားနှင့် ပြောရလျှင် ဓာတ်ကူးသည်ဟု ဆိုရပါမည်။ အမှာစာ ရေးသော နောင်တော်ကြီး အရှင်ဝီရိယ(ဓမ္မဘေရီ)နှင့် ဤကိစ္စ ဆွေးနွေးသင့်ပါသည်။
အရှင်ဘုရားကို တပည့်တော်အနေဖြင့် ဘ၀သုံးမျိုး အပိုင်းသုံးပိုင်း ခွဲမြင်ခဲ့ပါသည်။ ပထမပိုင်းမှာ ဂုဏ်ယူအားကျသောအပိုင်းဖြစ်ပြီး ဒုတိယပိုင်းမှာ နှမြောတသသည့်အပိုင်း ဖြစ်ပါသည်။ တတိယပိုင်းကိုမူ သနားကရုဏာသက်သည့်အပိုင်းဟု ဆိုနိုင်ပါသည်။ လေးစားကြည်ညိုမှု၊ ယုံကြည်အားထားမှုကတော့ ဘ၀သုံးမျိုး၊ အပိုင်းသုံးပိုင်းလုံးမှာ ယှဉ်တွဲလျက် ရှိပါသည်။ ဘွဲ့တံဆိပ် ငတ်ကြီးကျသူများလို ဘွဲ့တံဆိပ်မမက်မော၍ ပို၍ပင် ကြည်ညိုမိပါသည်။
သာသနာ့ဘောင်ဝင်စ အရှင်ဘုရားဘ၀ကို ခေတ်သစ်သိဒ္ဓတ္ထအဖြစ် ဂုဏ်ယူဝမ်းမြောက်ခဲ့ပါသည်။ စာအုပ်အထွက်စိပ်လာ၊ ဂျာနယ်တွေဖတ်လာသည့် အရှင်ဘုရားဘ၀ကို ဒါရုက္ခန္ဓောပမသုတ္တန်အရ(လူဆယ်ခံရသော ထင်တုံးကြီးပမာ) နှမြောတသမိခြင်း ဖြစ်ပါသည်။ ပရိသတ်အသံကို လက်မခံ၊ နားမ၀င်၊ ဂရုမစိုက်သည့် အရှင်ဘုရားဘ၀ကို သနားမိပါသည်။
အနုပညာသမား ဆိုသည်မှာ ပရိသတ်အသံကို နားထောင်ရပါမည်။ ပရိသတ်ဆန္ဒကို လေးစားရပါမည်။ အရှင်ဘုရား ကျောင်းသားဘ၀လောက်က ဖြစ်ပါမည်။ အနောက်တိုင်း စာပေတွေ ဖတ်ပြီး အနောက်တိုင်း လူနေမှုဘ၀တွေကို အတုခိုးကာ Living together ဇာတ်ကောင်တွေ ဖန်တီးခဲ့သည့် စာရေးဆရာမ တစ်ယောက်သည် ပရိသတ်အသံကို နားမစွင့်ဘဲ ခေါင်းမာမြဲ မာခဲ့ပါသည်။ သူမကို အလဇ္ဇီစာရေးဆရာမ၊ ယဉ်ကျေးမှုဖျက်ပိုး၊ ကြမ်းပိုးမ စသည်ဖြင့် မကြားဝံ့ မနာသာ ပညာရှိသူတော်ကောင်းများက ဝေဖန်ခဲ့ကြပါသည်။ လူငယ်လူလတ်များသည် သူမ၏ ၀တ္ထုထဲက မင်းသား၊ မင်းသမီးများကို အားကျကာ ကိုယ်တိုင်သရုပ်ဆောင်လာကြပါသည်။ ဘော်ဒါဆောင်တွေ၊ ပန်းခြံတွေ၊ သင်္ဘောတွေ၊ ရထားတွေပေါ်မှာ ဆရာမ၏ဇာတ်လိုက်ဖြစ်ကုန်ကြပါသည်။ တစ်တိုင်းပြည်လုံး ထိန်းမနိုင်၊ သိမ်းမနိုင် အညွန့်ကျိုးကုန်ကြပါသည်။ အစိမ်းသက်သက် တွေ့ကာစများပင် စာအုပ်(နာမည်)ထောင်ပြလိုက်လျှင် OK သွားကြပါသည်။ ယခုအချိန်မှာတော့ သူမသည် လူငယ်များအတွက် တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေ အားတက်သရော လုပ်ဆောင်လျက်ရှိပါပြီ။ အာပတ်ဖြေသည့် အပိုင်းဟု ဆိုရပါမည် အရှင်ဘုရား။
ထို့ကြောင့် အနုပညာသမား ဆိုသည်မှာ ပရိသတ်အသံကို နားစွင့်ရမည်။ ပရိသတ်ကို လေးစားရမည်ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။
ဤသို့ လျှောက်ရခြင်းမှာလည်း “ဖိတ်ခေါ်သံ ခေါင်းစဉ်ပါ အမှားအမှန် အကောင်းအဆိုးကို အပြုသဘောနဲ့ ဝေဖန်အကြံပြုမယ်ဆိုရင်လည်း လေးစားကျေနပ်စွာ ခံယူပြုပြင်သွားမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။” ခွင့်ပြုချက်ကိုဖတ်မိ၍ ဖြစ်ပါသည်။ ဆရာလုပ်ခြင်းလည်း မဟုတ်ပါ။ လူစွာလုပ်ခြင်းလည်း မဟုတ်ပါ။ သြ၀ါဒပေးခြင်းလည်း မဟုတ်။ Guide Line (လမ်းညွှန်ချက်) ပေးခြင်းလည်း မဟုတ်ပါ။ ဤစာပါ တပည့်တော်လျှောက်သမျှသည် အရှင်ဘုရားကို အကြံပြုခြင်းမျှသာ ဖြစ်ပါသည်။
ဤကဲ့သို့ သာသနာရေး၊ အမျိုးသားရေးကို မြင်မိခြင်းသည် အပေါ်စီးမှ တက်ကြည့်၍ မြင်ခြင်းမျိုး မဟုတ်ပါ။ အပြင်ဘက်ထွက်ကြည့်၍ မြင်ခြင်းမျိုး ဖြစ်ပါသည်။ အပေါ်စီးက ကြည့်နိုင်သူများသည် အပြင်က ကြည့်သူများထက် ပို၍မြင်နိုင်ပါလိမ့်မည်။ တပည့်တော်လျှောက်သမျှ အစီအစဉ်များတွင် အရှင်ဘုရား စိတ်ကူးရှိပြီးသားလည်း ဖြစ်ပါမည်။ လုပ်ဆောင်ဆဲလည်း ဖြစ်ပါမည်။ မည်သို့ပင် ဖြစ်စေ အရှင်ဘုရားကို အားကိုးတကြီး လျှောက်ထားအကူအညီတောင်းသော တပည့်တော်၏ လျှောက်ထားစာသည် အရှင်ဘုရားကိုသော်လည်းကောင်း၊ တစ်စုံတစ်ရာကိုသော်လည်းကောင်း ကျေးဇူးပြုလိမ့်မည်ဟု ယုံကြည်ပါသည်။ တပည့်တော်သည် ဗဟုစာရီတောရဆောက်တည်နေသော ၀တ်ဖြူစင်ကြယ် (အရှင်ဘုရားထက် အနည်းငယ် ငယ်သော) ရဟန်းတော်တစ်ပါး ဖြစ်ပါသည်။ တစ်ချိန်ချိန်မှာ အရှင်ဘုရား ခြေတော်ရင်းသို့ လာရောက်ဂါရ၀ပြုပါမည်။
ယခုအချိန်မှာတော့ အရှင်ဘုရားအပေါ် လွန်တာရှိလျှင် ၀န္ဒာမိပါ အာစရိယဆရာဟု တောင်းပန်ဝန်ချလျက် . . . . . . . . . .။
အရှင်သာသနဒါသ (စာချနာယက)
မဏ္ဍလာနဂရေ၊ မရမ္မရဋ္ဌေ။
ဆယ်သွယ်ရန်လိပ်စာ
အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသ
လင်္ကာဒီပကျောင်းဆောင်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်းမြို့။
C/O
အရှင်သာသနဒါသ (သင်္ကန်းဖြူဆရာတော်)
28.2.2007