ကျနုပ်သည် ငါးဖမ်းနည်းများကို လေ့လာခဲ့ဖူး၏။ ကျနုပ်လေ့လာခဲ့သမျှသော ငါးဖမ်းနည်းများသည် ငါးမျှားနည်း၊မြှုံးထောင်နည်း၊ ပိုက်တန်းနည်း၊ မျှောထောင်(ကျုံးသွင်း)နည်း၊ ကွန်ပစ်နည်းတို့ဖြစ်ပေသည်။
ငါးမျှားနည်း
ငါးမျှားတံတွင် နိုင်လွန်ကြိုးချည်ကာ ငါးမျှားချိပ်မှာ ငါးစာတပ်ပြီး မျှားသောနည်းသည် ငါးမျှားနည်းဖြစ်သည်။ ထိုနည်းသည် ငါးကိုထိုင်စောင့်နေရပြီး ငါးလည်းလာ ကျွမ်းကျင်မှုလည်းရှိမှ ငါးမိသောနည်းဖြစ်သည်။ ငါးလေးများအမိများပြီး ငါးမျှားချိပ်ကြီးလျှင် ငါးကြီးများလည်း မိတတ်ပေသည်။ ထမင်းစားဖြစ်ရုံသာ ငါးရပြီး စီးပွားဖြစ်လောက်အောင် ငါးမရသောနည်းဖြစ်ပေသည်။ဝါသနာအလျောက်ငါးဖမ်းကြသူများ၊အပျင်းပြေငါးဖမ်းကြသူများ၊အပျော်တမ်းငါးဖမ်းကြသူများ၊ အရင်းအနှီးမရှိသူများ၊ အတတ်ပညာဗဟုသုတနည်းကြသူ(စီးပွားရေးမျက်စိမပွင့်သူ)များသည် ဤငါးဖမ်းနည်းကို အသုံးပြုကြပေသည်။
မြှုံးထောင်နည်း
ပလိုင်းဝတွင် ၀င်၍သာရပြီး ထွက်၍မရသော လျှာပေါက်ဖြင့် ငါးများကို ထောင်ဖမ်းသောနည်းသည် မြှုံးထောင်ငါးဖမ်းနည်းဖြစ်၏။ ဤနည်းမှာ လူသက်သာပြီး ထိရောက်သော နည်းဖြစ်လေသည်။
ပိုက်တန်းနည်း
မြစ်၏ ရေနက်ပိုင်းများတွင် ဟိုဘက် သည်ဘက် တိုင်တွေစိုက်ထူကာ ပိုက်များသွယ်တန်းပြီး ဖမ်းရသောနည်းဖြစ်၏။ ပိုက်အစိပ်အကျဲအလိုက် ပိုက်ထဲတိုးဝင်သော ငါးများကို ဖမ်းမိပြီး၊ ပိုက်ချိတ်ထားသော ငါးမျှားချိတ်လေးများလည်း ငါးများမိနေတတ်လေသည်။ ငါးမျှားခြင်း၊မြှုံးထောင်ခြင်းတို့ထက် ပို၍ထိရောက်လေသည်။ ရေကြီးလျှင်ကြီးသလို လူပင်ပန်းမှုရှိလေ၏။ ထိုသို့ ပိုက်ထောင် ပိုက်တန်းနည်းကို စီးပွားရေးသမားများက စီးပွားဖြစ်လုပ်ကြလေသည်။
ကွန်ပစ်နည်း
ရေတိမ်ပိုင်းတွင် ငါးရှိမည့်နေရာ၌ မှန်းဆပစ်ရသောနည်းဖြစ်၏။ ပိုက်စိပ်လျှင်စိပ်သလို ငါးလေးများမှစ၍ ငါးကြီးများအထိရကြလေသည်။ လူပင်ပန်းသလောက် ငါးလည်းရသောနည်းဖြစ်သည်။ မြစ်ရေကျလျှင်ကျသလို ငါးအရေအတွက် များများရလေသည်။ စီးပွားဖြစ်သည်လည်းရှိ၏။ စီးပွားမဖြစ်သည်လည်းရှိ၏။ ငါးမျှားခြင်း၊မြှုံးထောင်ခြင်းတို့ထက် ၀င်ငွေကောင်းလေ၏။
မျှောထောင်(ကျုံးသွင်းနည်း)
ရေစီးအားကောင်းပြီး ငါးစားကျက်ပေါသည့် နေရာများ၌ ကြိမ်ဝါးများကိုကွပ်ကာ ၃ ပေ၊၄ ပေခန့်ကြမ်းပြင်ခင်းပြီး ဘေးတစ်ဘက်တစ်ချက်မှ အကာအရံအမြင့်ကြီး ကာထားသည့်နည်းဖြစ်သည်။ မျှောဝတွင် ငါးကြီးများ ခုန်ဝင်အောင် ၀ါးခြမ်းပြားများဖြင့် ယင်းထောင်ထားပြီး ရေစီးနှင့်အတူမျောပါလာသော ငါးများသည် မျှောကြမ်းပြင်တွင် ကျန်ရစ်ခဲ့ပြီးလေသည်။ ရေကအောက်သို့ဆင်း ဘေးသို့ထွက်သွားသော်လည်း ငါးများကား မျေားထဲတွင်သာ ပိတ်မိနေလေသည်။ ငါးများကို အမှိုက်ကြုံးသလို သိမ်းကြုံးကောက်ယူရသော နည်းဖြစ်၏။ ငါးအရဆုံး၊ လူအသက်သာဆုံး၊စီးပွားအဖြစ်ဆုံး၊ငါးဖမ်းနည်းဖြစ်လေသည်။ ငါးဖမ်းကုမ္ပဏီများက ပြုလုပ်တတ်ကြ၏။
ကျနုပ်သည် ကျနုပ်တို့ဘုရားရှင်၏ သာသနာပြုနည်းဗျူဟာများကို လေ့လာမိသည့်အခါ ငါးဖမ်းနည်းမျိုးစုံဖြင့် မြစ်ထဲငါးမျှားသော ငါးဖမ်းသမားများကို ထင်မြင်လာမိသည်။ ဗုဒ္ဓမြတ်စွာထံသို့ အားလပ်ချိန်များတွင် သီးသန့်လာရောက်ပူဇော်ကြသော ဧည့်သည်တစ်ယောက်စ နှစ်ယောက်စမှစ၍ မင်းပရိသတ်တိုင်အောင်သော ဥပါသကာ ဥပါသိကာတို့အား ဗုဒ္ဓမြတ်စွာသည် သီးသန့်တရားတိုလေးများကို ဟောလေသည်။ ဤနည်းသည် ငါးထိုင်မျှားခြင်းနှင့်တူသည်ဟု ထင်မိလေသည်။
ဒုရာဇာနဇာတ်
သာဝတ္ထိပြည်၌ ဥပါသကာအမျိုးသားတစ်ယောက်၏ မယားဖြစ်သူသည် စာရိတ္တပျက်ပြားနေလေသည်။ ဖောက်ပြန်သောနေ့၌ လင်ဖြစ်သူအား ကျွန်မကဲ့သို့ ရိုသေစွာလုပ်ကျွေးပြီး မဖောက်ပြန်သောနေ့၌ သခင်မကဲ့သို့ လင်ကိုအနိုင်ကျင့်လေသည်။ အသိရခက်သော မာယာများသောမယားဖြစ်လေသည်။ လင်ဖြစ်သူမှာ ဘုရင်မကိုယူထားရသလို တစ်ခါတစ်ရံမှာ အမိန့်နာခံနေရပြီး ကျွန်မကိုယူထားရသလို တစ်ခါတစ်ရံမှာ ပိုင်စိုးခွင့်ရနေလေသည်။ ဘာသာပြန်၍ နားမလည်နိုင်သော ထိုမယားအပေါ် စိတ်သောကရောက်နေ၍ ဘုရားထံ မလာနိုင်ခြင်းဖြစ်ကြောင်း မြတ်စွာဘုရားအား လျှောက်ကြားသောအခါ မြတ်စွာဘုရားက ဧကနိပါတ်၊ ဣတ္ထိဝဂ်၊ ဒုရာဇာနဇာတ်ကို ဟောတော်မူလေသည်။ မိန်းမတို့၏ အမူအရာကို ဘာသာပြန်ဖို့ ခက်ခဲကြောင်း ဟောတော်မူခြင်းဖြစ်၏။ တရားနာသူ ဥပါသကာတစ်ယောက်တည်းဖြစ်ပြီး တရားတော်မှာလည်း တစ်ဂါထာတည်းသာ ရှိလေသည်။ ထိုအဆုံးအမကြောင့် ဥပါသကာသည် မယားဖြစ်သူအား လျစ်လျူရှုထားလိုက်ရာမှ မယားဖြစ်သူ သူ့ကိုယ်သူမလုံမလဲဖြစ်ကာ ပြုပြင်သွားလေ၏။
ပုဋဘတ္တဇာတ်
သာဝတ္ထိပြည်၌ လင်မယားနှစ်ယောက်သည် ခရီးပန်းလာကြ၏။ ရိက္ခာပြတ်၍ ဆာလောင်မွတ်သိပ်နေကြ၏။ ထိုလင်မယားကိုမြင်၍ ခရီးသွားများက နှစ်ယောက်စာ ထမင်းထုပ်ကို ပေးလှူလိုက်ကြလေသည်။ လင်ဖြစ်သူက မယားကိုရှေ့ကသွားခိုင်းပြီး ထမင်းထုပ်ကို တစ်ယောက်တည်းစားပစ်လိုက်လေ၏။ မယားဖြစ်သူသိသောအခါ လင်ယောက်ျားအပေါ်၌ စိတ်ကွက်မိလေသည်။ ထိုင်လင်မယားသည် ဇေတဝန်ကျောင်းသို့ ရေဝင်သောက်ရင်း နားခိုဖို့ ရောက်လာလေသည်။ မြတ်စွာဘုရားက ထိုင်လင်မယားကို မြင်သာအောင် ရပ်တော်မူနေလေသည်။ ထိုလင်မယားက ဘုရားလာဖူးသည့်အခါ ဘုရားက ဒုကနိပါတ် ကာသာဝဝဂ် ပုဋဘတ္တဇာတ်ကို ဟောလေသည်။ တရားနာသူမှာ လင်မယားနှစ်ယောက်သာဖြစ်ပြီး တရားတော်မှာလည်း နှစ်ဂါထာသာ ရှိလေသည်။
ဝါရုဏိဒူသကဇာတ်
အနာထပိဏ်သူဌေးကြီး၏မိတ်ဆွေ အရက်ကုန်သည်ကြီး ရေချိုးသွားချိန်တွင် တပည့်လေးတစ်ယောက်အား အရက်ရောင်းဖို့ အပ်ထားခဲ့လေ၏။ တပည့်လေးက အရက်သမားတို့သည် အရက်ကို ဆားဖြင့် မြီးလျက် သောက်နေသည်ကို မြင်သည့်အခါ ဆားပေါ့သည်ထင်ပြီး အရက်ထဲ၌ ဆားခတ်ရောင်းလေသည်။ အရက်သမားများက ဆက်မသောက်ကြတော့ဘဲ ပြန်သွားကြလေ၏။ ကုန်သည်ကြီးပြန်ရောက်လာ၍ ဖောက်သည်များကို မမြင်သည့်အခါ တပည့်လေးကိုမေးမှ အကြောင်းမှန်သိရလေ၏။ ကုန်သည်ကြီးသည် တပည့်လေးအား ကြိမ်းမောင်းပြီး အနာထပိဏ်သူဌေးကြီးအား ရယ်စရာအဖြစ် ပြန်ပြောလေ၏။ အနာထပိဏ်သူဌေးကြီးက စကားလက်ဆောင်ရပြီးဟုဆိုကာ ဘုရားထံသွားလျှောက်လေသည်။ ထိုအခါ ဘုရားက ဧကနိပါတ် အတ္ထကာမဝဂ် ဝါရုဏိဒူသကဇာတ်ကို ဟောလေသည်။ တရားနာသူမှာ သူဌေးကြီးတစ်ယောက်တည်းဖြစ်ပြီး တရားတော်မှာလည်း တစ်ဂါထာမျှသာ ရှိလေသည်။
နေရုဇာတ်
ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံ ကမ္မဋ္ဌာန်းသင်ယူပြီး အစွန်အဖျားကျသော တောရွာလေးတစ်ခု၌ ဝါကပ်လေ၏။ ရွာသားများက ထိုရဟန်းကိုကြည်ညိုပြီး ကိုးကွယ်ကြလေ၏။ ထို့နောက် ထိုရွာသို့ တိတ္ထိများရောက်လာကြလေ၏။ ရွာသားများသည် တိတ္ထိများကိုကြည်ညိုကာ ရဟန်းတော်ကို ပစ်ပယ်ထားကြလေသည်။ ဝါကျွတ်၍ ဘုရားထံသွားသောအခါ ထိုရဟန်းအား ဘုရားက အကျိုးအကြောင်းမေးလေ၏။ ရဟန်းက ဂုဏ်ကျေးဇူးကို မသိတတ်သူတို့ထံ၌ ဆင်းရဲစွာနေရကြောင်း လျှောက်ထားသည့်အခါ မြတ်စွာဘုရားက ဆက္ကနိပါတ်၊ အဝါရိယဝဂ်၊ နေရုဇာတ်ကို ဟောတော်မူလေသည်။ တရားနာသူမှာ ရဟန်းတစ်ပါးတည်းဖြစ်ပြီး တရားတော်မှာလည်း ခြောက်ဂါထာသာ ရှိလေသည်။
မဟာသုပိနဇာတ်
ဤဇာတ်တော်သည် ကောသလအိပ်မက် တစ်ဆယ့်ခြောက်ချက်ဟု လူသိများသောဇာတ်တော် ဖြစ်လေ၏။ ကောသလမင်းသည် အိပ်မက်များကြောင့် ထိတ်လန့်ခြောက်ခြားလျက်ရှိ၏။ နိမိတ်ဖတ်သော ပုဏ္ဏားများကလည်း အိမ်မက်ကို အမှန်အတိုင်းမလျှောက်ကြဘဲ ကောသလမင်းကြောက်နေမှန်းသိ၍ ဖြဲခြောက်ကြလေသည်။ ကောသလမင်း၏ အမူအရာကြောင့် မလ္လိကာမိဖုရားက သိရှိသွားပြီး ဘုရားရှင်ထံသွားဖို့ အကြံပြုလေသည်။ မြတ်စွာဘုရားက ဧကနိပါတ်၊ ဝရုဏဝဂ်၊ မဟာသုပိနဇာတ်ကို ဟောလေသည်။ တရားနာပရိသတ်မှာ ကောသလမင်းနှင့် မှူးမတ်များဖြစ်ပြီး တရားတော်မှာ တစ်ဂါထာသာ ရှိလေသည်။
ဤသို့လျှင် မြတ်စွာဘုရားသည် ကျောင်းတော်မှာပင် သီတင်းသုံးတော်မူလျက် ကျောင်းသို့ရောက်လာသည့် တစ်ယောက်နှစ်ယောက်စသော လူ၊ ရဟန်း၊ မင်း၊ ပရိသတ်တို့အား တရားတိုလေးများ ဟောကြား၍ သာသနာပြုတော်လေသည်။ ဤသို့ တရားနာပရိသတ် တစ်ယောက်စ နှစ်ယောက်စမှစ၍ မင်းပရိသတ်တိုင်အောင်ထိ ဟောကြားတော်မူသော တရားတိုလေးများမှာ ၅၅၀ နိပါတ်တော်တွင် ရာချီရှိလေသည်။ ငါးမျှား သာသနာပြုနည်းဟု ဆိုနိုင်လေ၏။
မြုံးထောင်၊ ပိုက်တန်း သာသနာပြုနည်း
မြတ်စွာဘုရားလက်ထက်တော်က တပည့်ဒါယကာဒါယိကာမများသည် ဥပုသ်သီတင်းနေ့များတွင် ဇေတ၀န်ကျောင်းတော်သို့လာ၍ သီတင်းသီလဆောက်တည်ကြလေသည်။ ထိုအခါမြတ်စွာဘုရားက သီလပွဲအနေဖြင့် ဒါနသီလနှင့်ပတ်သက်သော အနုမောဒနာတရားတော်များကို ဟောကြားတော်မူလေသည်။ ဒါနရှင်များအတွက် ဒါနကိုကောင်းချီးပေးသည့် ဒါနအကျိုးပြတရားတော်များ၊သီလရှင်သီတင်းသည်များအတွက် သီလကိုအမွှန်းတင်သည့် သီလအကျိုးပြတရားတော်များကို ဟောကြားတော်မူပြီး သစ္စာလေးပါးဖြင့် အဆုံးသတ်လေ့ရှိသည်။ ထို့အပြင် သားသေ မယားသေ လင်ယောက်ျားသေ၍ သားသောက မယားသောက လင်ယောက်ျားသောကသည်များအား သောကငြိမ်းအေး အမြိုက်ဆေးကို တိုက်ကျွေးပြီး အပူကြီးသည့်သောကမီးကို အပြီးငြိမ်းစေတော်မူလေသည်။ ယုံမှားသံသယရှိကြ၍ ဘ၀ပြဿနာများ၊ ၀ါဒပြဿနာများ လာရောက်လျှောက်ထားမေးမြန်းသူတို့အားလည်း ပြဿနာဖြေရှင်းပြီး အယူမှားသံသယများကို ပယ်နုတ်တော်မူလေသည်။ဤသည်မှာ နေ့စဉ်လုပ်ငန်းဖြစ်လေ၏။ မြုံးထောင်ပိုက်တန်း သာသာနာပြုနည်း ဟု ဆိုနိုင်လေသည်။
ဓမ္မသဘင် ပွဲကြီးယင်
ထို့အပြင်ဗုဒ္ဓမြတ်စွာသည် နေ့စဉ်တရားပွဲများ ဆင်ယင်ကျင်းပခဲ့လေသည်။ ညနေချမ်းဆည်းဆာတွင် လူပရိသတ်အတွက် လူတရားပွဲနှင့် ညအခါ ရဟန်းပရိသတ်အတွက် ရဟန်းတရားပွဲတို့ဖြစ်လေသည်။ ညနေချမ်းအချိန်ရောက်ပြီဆိုလျှင် သာသ၀တ္ထိမြို့သူမြို့သားတို့သည် ပန်းဆီမီးစသည့် လှူဖွယ်များကိုင်ဆောင်လျက် အိမ်တိုင်းအိမ်တိုင်း တရားပွဲသို့လာကြလေသည်။ သာဝတ္ထိမြို့ရောက် ဧည့်သည်လူစိမ်းများပင် ပါဝင်လေသည်။ အချို့သော လူပရိသတ်များမှာ တရားနာ၍အားမရနိုင်ဘဲ ညတရားပွဲမှာပင် သံဃာများနှင့်အတူနာကြလေသည်။လူပရိသတ် ရဟန်းပရိသတ်များဖြင့် စည်ကားသိုက်မြိုက်သော ဓမ္မသဘင်များဖြစ်လေ၏။ ထိုဓမ္မသဘင်များ၌ မြတ်စွာဘုရားသည် မျက်မှောက်ကာလ မျက်မှောက်အဖြစ်အပျက်များနှင့် တိုက်ဆိုင်သော ကာလပေါ်တရားများကို ဟောလေသည်။ ဒေ၀ဒတ်ကျေးဇူးကန်း၍ ဂိုဏ်းခွဲထွက်သည့်အခါ၌ ကျေးဇူးတရားနှင့်ပတ်သက်သည့် ဇာတ်တော်များ၊ ဒေ၀ဒတ်ဘုရားကိုလုပ်ကြံလျှင် လုပ်ကြံမှုနှင့်ပတ်သက်သည့် ဇာတ်တော်များကို ဟောလေသည်။ ထိုဇာတ်တော်များမှာ ဧကနိပါတ်၊ ၀ရုဏ၀ဂ် သစ္စံကိရဇာတ်တော်လေးမှစ၍ ဇာတ်တော်ကြီးဆယ်ဘွဲ့လာ စန္ဒကုမာရဇာတ်တော်တိုင်အောင်သော ဇာတ်တော်ကြီးများဖြစ်လေသည်။
အရှင်အာနန္ဒာမထေရ်က ဘုရားကိုအသက်စွန့်ကာကွယ်သည့်အခါ စတ္တာလီသနိပါတ် စူဠဟံသ၊ မဟာဟံသ ဇာတ်တော်များ၊ အင်္ဂုလိမာလ လူသတ်သည့်အခါ အသီတိနိပါတ် မဟာသုတသောမဇာတ်၊ အဇာတသတ်နှင့်ပတ်သက်လျှင် သဋ္ဌိနိပါတ် သံကိစ္စဇာတ် စသည်တို့ဖြစ်လေသည်။ မျက်မှောက်ကာလအဖြစ် ခေတ်ကိုထင်ဟပ်သည့် ခေတ်ပေါ်တရားများဖြစ်လေသည်။ ပရိသတ်လေးပါးစုံလင်လှသည့် တရားပွဲကြီးများဖြစ်၏။ ဗုဒ္ဓဘုရားရှင်ဒေသစာရီကြွတော်မူသောအခါ ထိုညစဉ်တရားပွဲများကို အဂ္ဂသာဝကနှစ်ပါးက ဦးဆောင်ကျင်းပလေသည်။ ထိုခေတ် ထိုအခါက ခြိမ့်ခြိမ့်သဲသဲပွဲစည်သည့် ပွဲကြီးပွဲကောင်းများဖြစ်လေသည်။ ငါးအသေးအမွှားမှစ၍ ငါးအကြီးအမားတိုင်အောင် အလွယ်တကူဖမ်းမိနိုင်သော မျှောထောင်ကျုံးသွင်း သာသနာပြုနည်းဟု ဆိုနိုင်လေ၏။
ပိုက်ကွန်ပစ် သာသနာပြုနည်း
ပိုက်ကွန်ပစ်၍ ငါးဖမ်းသူသည် အငြိမ်မနေဘဲ ငါးရှိသည့်နေရာ ငါးပေါသည့်နေရာများသို့ ရွှေ့ပြောင်းကာ ပိုက်ကွန်ပစ်၍ ငါးဖမ်းရလေသည်။ ကွန်ကျရာနေရာရှိငါးများ ရှောင်တိမ်းချိန်မရလိုက်ဘဲ ကွန်အတွင်း၌မိရလေသည်။ ဤနည်း၌ ငါးဖမ်းသူသည် ငါးရှိသည့် ငါးပေါသည့်နေရာကိုသိရမည်။ လိမ္မာကျွမ်းကျင်ရမည်။ အချက်ကျကျပစ်တတ်ရမည်။ ငါးရှိရာသို့ ကိုယ်ကသွားရမည်ဖြစ်လေသည်။ ဗုဒ္ဓမြတ်စွာဘုရားသည် ကျောင်းမှာပင်အငြိမ်းစားထိုင်၍ သာသနာပြုနေသည်မဟုတ်ပါ။ ကျွတ်ထိုက်သည့်ဝေနေယျများရှိရာသို့ ခရီးမည်မျှဝေးဝေး သွားရောက်ချေချွတ်တော်မူပါသည်။ ထိုသို့ ကိုယ်တော်တိုင် ဝေနေယျရှိရာသို့ကြွ၍ တရားဟောတော်မူသည့် သာဓကဖြစ်စဉ်များ ၅၅၀ နိပါတ်တော်၌ များစွာရှိလေသည်။
မင်္ဂလဇာတ်
ရာဇဂြိုလ်ပြည်၌ ပုဏ္ဏားမျိုးနွယ်သူဌေးတစ်ယောက်ရှိလေသည်။ သူသည် ဒိဋ္ဌမင်္ဂလာ၊သုတမင်္ဂလာတို့အပေါ်၌ အစွဲအလမ်းကြီးသော နိမိတ်ဖတ်ဆရာတစ်ယောက်ဖြစ်လေသည်။ ဒိဋ္ဌမင်္ဂလာဆိုသည်မှာ အမြင်အာရုံအပေါ်၌ ကောင်းဆိုးယုတ်မြတ်ကို အတတ်ဟောခြင်းဖြစ်လေသည်။ သုတမင်္ဂလာဆိုသည်မှာ အကြားအာရုံအပေါ်၌ ကောင်းဆိုးယုတ်မြတ်ကို အတတ်ဟောခြင်းဖြစ်လေသည်။ ယ္ခုခေတ်အ၀တ်အစားများအပေါ် အရောင်အဆင်းအစွဲကြီးသူများ သင်္ချာဂဏန်းများအပေါ်အစွဲကြီးသူများကဲ့သို့ဖြစ်လေသည်။
ထိုပုဏ္ဏားသည် တစ်နေ့သောအခါ ရေချိုးခေါင်းလျှော်ပြီး၍ အ၀တ်အစားလဲရန် ပုဆိုးအသစ်ယူခိုင်းလိုက်လေသည်။ သေတ္တာထဲရှိ သူ၏ပုဆိုးအသစ်မှာ ကြွက်ကိုက်ခံထားရကြောင်း တပည့်လေးကတင်ပြလေသည်။ ထိုအခါပုဏ္ဏားကြီးက သေတ္တာထဲမှာထားသော ပုဆိုးကို ကြွက်ကိုက်ခြင်းသည် ကျက်သရေယုတ်သော သတင်းဖြစ်သည်။ မင်္ဂလာလည်းမရှိသော သတင်းဖြစ်သည်။ ဤပုဆိုးကိုအိမ်မှာထားလျှင် အိမ်မီးလောင်မည်။ သူတစ်ပါးကိုပေးလိုက်လျှင် ပုဆိုးလက်ခံယူသော သူတစ်ပါးပျက်စီးမည်။ထို့ကြောင့်ပုဆိုးကိုယူပြီး သုသာန်၌စွန့်ပစ်ရန် စွန့်ပစ်ပြီးခေါင်းလျှော်ပြီးမှ ပြန်လာရန်၊ ပုဆိုးကိုယူသွားသည့်အခါ လက်ဖြင့်မကိုင်ဘဲ တုတ်ချောင်းဖြင့်ညှပ်ယူသွားရန် သားဖြစ်သူအားစေခိုင်းလိုက်လေသည်။
သားဖြစ်သူ သုသာန်သို့ လာရောက်စွန့်ပစ်မည့်နေရာ၌ မြတ်စွာဘုရားက ကြိုတင်စောင့်ဆိုင်းနေလေသည်။ သားဖြစ်သူက ဘုရားအားအကြောင်းစုံပြောပြပြီး ကြွက်ကိုက်ရာပါသော ပုဆိုးကို မြွှေကိုတုတ်ဖြင့် ညှပ်ယူစွန့်ပစ်သလို စွန့်ပစ်လိုက်လေသည်။ မြတ်စွာဘုရားက သားဖြစ်သူရှေ့တွင်ပင် ချက်ချင်း ပံသုကူသင်္ကန်းအဖြစ် ချက်ချင်းကောက်ယူလိုက်လေသည်။ သားဖြစ်သူက ဘုရားကိုတား၍မရသည့်အခါ အိမ်ပြန်၍ ဖခင်ပုဏ္ဏားကြီးအား ပြောပြလေသည်။ ပုဏ္ဏားကြီးသည် သူ့ပုဆိုးစုတ်ကြောင့် ဘုရားဒုက္ခရောက်တော့မည်။ သူ့ပုဆိုးကြောင့် ဘုရားဒုက္ခရောက်လျှင် တစ်မြို့လုံးက သူ့ကို စွပ်စွဲကြတော့မည်။ ပုဆိုးအသစ်များနှင့်လဲပြီး ပုဆိုးစုတ်ကိုစွန့်ပစ်မှသင့်မည်ဟုဆိုကာ သားနှင့်အတူဘုရားကျောင်းတော်သို့ အမြန်လိုက်လေသည်။ ထိုအခါ ဘုရားက ပံသုကူအ၀တ်သင်္ကန်းဆိုသည်မှာ သာသနာတော်နှင့် အပ်စပ်သင့်တော်ကြောင်း အ၀တ်ပုဆိုးက လူ့ကံကြမ္မာကို မစီရင်နိုင်ကြောင်း၊ဒိဋ္ဌ၊သုတ မင်္ဂလာတို့အပေါ် အယူမသည်းသင့်ကြောင်း ဧကနိပါတ် အပါယိမှဝဂ်၊မင်္ဂလဇာတ်ကိုဟောလေသည်။ ပုဏ္ဏားသားအဖနှစ်ယောက်လုံး သောတာပန်တည်၍ အယူမှားများ ကင်းစင်သွားလေသည်။
(ဆက်လက်ဖော်ပြပါမည်။)
ဝီရသူ(မစိုးရိမ်)
(အမှတ်(၂၃) ၁၃၇၉ ခုနှစ် ကဆုန်လ၊ ၂၀၁၇ ခုနှစ် မေလထုတ် မဟာဝီရ ရသစုံမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)