ဥပသာဠကဇာတ်
ရာဇဂြိုဟ်ပြည်၌ မိစ္ဆာအယူရှိသော ပုဏ္ဏားကြီးတစ်ယောက်သည် သူသေလျှင် သဂြိင်္ိုဟ်မည့်နေရာအတွက် လူတစ်ဦးတစ်ယောက်မျှ မသဂြိင်္ိုဟ်ရသေးသော သုသာန်မြေသစ်ကိုရှာဖွေပြီး သားဖြစ်သူအားပြသလေသည်။ သူရှာဖွေသော သချိင်္ိုင်းသစ်မှာ ဂိဇ္ဈကုဋ်တောင်ထိပ်ဖြစ်လေသည်။ တောင်ပေါ်မှ သားအဖနှစ်ယောက်ဆင်းလာသည်ကို မြတ်စွာဘုရားကစောင့်ကြိုနေလေသည်။ မြတ်စွာဘုရားက ဒုကနိပါတ်၊ သန္ထတ၀ဂ်၊ ဥပသာဠကဇာတ်တော်ကို ဟောတော်မူလေသည်။ လူမသေဖူးသည့် မြေနေရာဟူ၍ မရှိကြောင်း သည်နေရာမှာပင် သည်နာမည်ဖြင့်သေသူ တစ်သောင်းလေးထောင်ကို သဂြိင်္ိုဟ်ဖူးကြောင်း သစ္စာလေးပါးသည်သာ မသေရာအစစ်ဖြစ်ကြောင်း ဟောပြတော်မူရာ သားအဖနှစ်ယောက်လုံး သောတာပန်တည်လေသည်။
ဥရဂဇာတ် – ရန်ပြေငြိမ်းတရား
ကောသလမင်း၏ အမတ်ကြီးနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မသင့်မြတ်ကြပေ။ တွေ့သည့်နေရာ၌ ရန်ဖြစ်ကြလေ၏။ တစ်ပါးသူကို မဆိုထားဘိ ကောသလမင်းသည်ပင် သင့်မြတ်အောင်မလုပ်နိုင်ခဲ့ပေ။ မြတ်စွာဘုရားက ပထမအမတ်ကြီးအိမ်သို့ ဆွမ်ခံကြွပြီးတရားဟောရာ သောတာပန်တည်သွားလေသည်။ မြတ်စွာဘုရားသည် ထိုသောတာပန်အမတ်ကြီးကို သပိတ်ပိုက်ခိုင်းကာ ဒုတိယအမတ်ကြီးအိမ်သို့ ခေါ်သွားလေသည်။ ပထမအမတ်ကြီးကလည်း ဒုတိယအမတ်ကြီးအိမ်ထဲသို့ သပိတ်ပိုက်လျက် ၀င်လိုက်လာပေသည်။ ဘုရားကတရားဟောရာ ဒုတိယအမတ်ကြီးလည်း သောတာပန်တည်ခဲ့လေသည်။ ထို့နောက်၌ စစ်သူကြီးများလည်းဖြစ်သော အမတ်ကြီးနှစ်ယောက်သည် ဘုရားရှေ့တွင် အချင်းချင်းဝန်ချတောင်းပန် ကန်တော့ကြပြီး၊ ဆွမ်းတော်ပွဲကျကို ဘုရားရှေ့မှာပင် ပန်းကန်တစ်ချပ်တည်း၌ နှစ်ယောက်အတူစားကြလေသည်။ (ဒုကနိပါတ်၊ဒဠှဝဂ်၊ဥရဂဇာတ်)။
သုဇာတဇာတ်
အနာထပိဏ်သူဌေးကြီး၌ စရိုက်ကြမ်းသော၊ မာနကြီးသော ၊ ဆိုဆုံးမခက်သော ချွေးမတစ်ယောက်ရှိလေသည်။ ထိုချွေးမ၏အမည်မှာ သုဇာတာဖြစ်ပြီး ၀ိသာခါကျောင်းအမကြီး၏ ညီမအရင်းဖြစ်လေသည်။ သူမသည် မယားဝတ္တရားမကျေပွန်၊ လင်နှင့် ယောက္ခမများကိုလည်း မရိုသေ၊ အိမ်စေများအပေါ်၌လည်း မောက်မာပြီး၊ မိသားစုနှင့်လည်း မသင့်မြတ်ပေ။ မြတ်စွာဘုရား ဆွမ်းစားကြွလာသည်ကိုပင် လာရောက်ရှိခိုးရကောင်းမှန်း မသိဘဲ၊ ခိုက်ရန်ဖြစ်ပွားနေလေသည်။ မြတ်စွာဘုရားတရားဟောနေစဉ် ဆဲသံဆိုသံကြား၍ မေးတော်မူပြီးနောက် သုဇာတာကိုခေါ်တွေ့လေသည်။ မယားခုနစ်မျိုးကိုဟောပြရာမှ သောတာပန်တည်သွားလေသည်။ သောတာပန်တည်ပြီးနောက် “ဘုရင်မလို မယားမျိုးမဖြစ်လိုပြီ၊ ကျွန်မလို မယားမျိုးသာဖြစ်လိုပါသည်” ဟု လျှောက်ထားလေသည်။ (တိကနိပါတ်၊ ပဒုမ၀ဂ်၊ သုဇာတဇာတ်)
ဤဇာတ်တော်မှာ ဆွမ်းစားကြွတော်မူရင်း တရားဟောတော်မူကြောင်းပြဆိုလေသည်။
ထို့အတူ ဒုကနိပါတ်၊သန္ထတ၀ဂ်၊ သုသီမဇာတ်၌ မြတ်စွာဘုရားအလှူကြွရင်း တရားဟောတော်မူသည်ကိုလည်းကောင်း၊ ဒုကနိပါတ် ဗီရဏဘာထမ္ဘက၀ဂ်၊ ဘရုဇာတ်၌ ကောသလမင်းလာဘ်စားပြီး တိတ္ထိတို့ကိုနေရာချပေးခဲ့ခြင်းကြောင့် မြတ်စွာဘုရားက သံဃာများလွှတ်သော်လည်းမရ၊ အဂ္ဂသာဝကနှစ်ပါးလွှတ်သော်လည်း ကောသလမင်းကအတွေ့မခံ၍ ကိုယ်တော်တိုင်နန်းတော်သို့ကြွ၍ မင်းကျင့်တရားဆယ်ပါးကို ဟောတော်မူခဲ့သည်ကိုလည်းကောင်း၊ ကောင်းသလမင်းနှင့် မလ္လိကာတို့ မကြာခဏရန်ဖြစ်ကြသဖြင့် ကိုယ်တော်တိုင်နန်းတွင်းသို့ကြွကာ စတုက္ကနိပါတ် ကာလိင်္ဂ၀ဂ်၊ သုဇာတဇာတ်၊၀ီသတိနိပါတ်၊ ဘလ္လာတိယဇာတ်တို့ကို ဟောတော်မူခဲ့သည်ကိုလည်းကောင်း၊ အိုဇာတာမကောင်းရှာသော အပစ်အပယ်ခံ အထီးကျန် အိုပယ်ဆင်မကြီး ဘဒ္ဒ၀တီအတွက် ဥတေနမင်းနန်းတော်သို့ ကိုယ်တော်တိုင်ကြွ၍ သတ္တကနိပါတ်၊ ဒဠှဓမ္မဝဂ်၊ ဒဠှဓမ္မဇာတ်တော်ကိုလည်းကောင်း၊ အသီတိနိပါတ် မဟာကုဏာလဇာတ်၌ ကပိလနှင့် ကောလိယ နှစ်ပြည်ထောင်မင်းတို့စစ်ခင်းပွဲ၌ ဧကနိပါတ် သမ္မောဒမာနဇာတ်နှင့် ရုက္ခဓမ္မဇာတ်၊ စတုက္ကနိပါတ် ဒုဒ္ဒုဘဇာတ်၊ ပဉ္စကနိပါတ် လဋုကိကဇာတ်၊တေရသကနိပါတ် ဖန္ဒနဇာတ်တော် ငြိမ်းချမ်းရေးတရားများကို မိုးကောင်းကင်တိမ်လွှာကြားမှ တိုက်ရိုက် ဟောကြားတော်မူသည်ကိုလည်းကောင်း၊ ဧကနိပါတ်၊ လိတ္တ၀ဂ်၊ မဟာသာရဇာတ်တော်၌ ကောသလမင်း၏ လျှောက်ထားချက်အရ မြတ်စွာဘုရား၏ခွင့်ပြုချက်ကိုရယူကာ ရှင်အာနန္ဒာသည် နန်းတွင်းသူတို့အား သင်တန်းပို့ချခြင်း၊ တရားဟောခြင်းများ နေ့စဉ်ပြုလုပ်သောအားဖြင့် သာသနာပြုတော်မူသည်ကိုလည်းကောင်း၊ ဧကနိပါတ်၊ အတ္ထကာမ၀ဂ်၊ မကသဇာတ်နှင့် အာရာမဒူသကဇာတ်တို့ကို မြတ်စွာဘုရားခရီးကြွတော်မူရင်း ဟောတော်မူခဲ့သည်ကို လည်းကောင်း၊ ဒွါဒသကနိပါတ်၊ဘဒ္ဒသာလဇာတ်တော်၌ ဥာတတ္ထစရိယ (အမျိုးသားရေး)အတွက် ဆောင်ရွက်တော်မူခဲ့သည်ကို လည်းကောင်း၊ ဒွါဒသကနိပါတ် မဟာကဏှဇာတ်၌ လောကတ္ထစရိယ (လောကသားတို့အတွက်) ဆောင်ရွက်တော်မူခဲ့သည်ကို လည်းကောင်း တွေ့ရှိရပေသည်။
ဗုဒ္ဓကျင့်သုံးသည့်လမ်းစဉ်
ကောသလမင်းကြီး၏သားဖြစ်သူ ၀ိဋဋူဘ နန်းတက်သောအခါ သာကီဝင်မင်းမျိုးတို့ကို မျိုးသုဉ်းအောင်သတ်ဖြတ်ဖို့ ကြံရွယ်ပြီး စစ်တပ်ချီ၍ ကပိလ၀တ်ပြည်သို့ သွားလေသည်။ မြတ်စွာဘုရားသည် ကပိလ၀တ်ပြည်နယ်စပ်ရှိ ဇီးပင်အောက်တွင် သီတင်းသုံနေတော်မူလေသည်။ အချိန်မှာ နံနက်ဆွမ်းခံကြွချိန်ဖြစ်၍ ဇီးပင်မှာအရိပ်မကောင်းသဖြင့် မြတ်စွာဘုရားအားနေရောင်ထိုးနေပေသည်။ ၀ိဋဋူဘစစ်တပ်ကြီးရောက်လာသည့်အခါ မြတ်စွာဘုရားနှင့် ရင်ဆိုင်တွေ့လေသည်။ ထိုအခါ ၀ိဋဋူဘက သာဝတ္ထိပြည်နယ်စပ်၌ရှိသော ပညောင်ပင်ကြီးကို လက်ညိုးညွှန်ကာ နေပူကြီးထဲမှာ အရိပ်ရှိသော ညောင်ပင်ရိပ်ကိုမခိုဘဲ အရိပ်မရှိသည့်ဇီးပင်အောက်မှာ သီတင်းသုံးရခြင်းအကြောင်းကို မေးလေသည်။ မြတ်စွာဘုရားက “ဆွေရိပ် မျိုးရိပ်ဟာ အေးမြပါတယ် ” ဟုဖြေတော်မူလေသည်။ ဆိုလိုရင်းမှာ ညောင်ပင်ကြီးသည် အရိပ်အေးမြသည်မှန်သော်လည်း ရန်သူ့နယ်မြေမှာရှိသောကြောင့် မလုံခြုံ၊ ဇီးပင်လေးသည် အရိပ်မရသော်လည်း ဆွေမျိုးတို့၏ တိုင်းပြည်မှာရှိသောကြောင့် အေးမြလုံခြုံသည်ကို ရည်ရွယ်၍ “ ဆွေရိပ် မျိုးရိပ်က အေးမြသည် (ဥာတကာနံ ဆာယာ နာမ သီတလာ)” ဟု မိန့်တော်မူခြင်းဖြစ်ပေသည်။ ၀ိဋဋူဘလည်း ဘုရားရှင်သည် သူ၏ ဆွေတော်မျိုးတော်တို့ကို လာရောက်စောင့်ရှောက်ခြင်းဖြစ်ပေလိမ့်မည်ဟု ယူဆကာ တပ်ဆုတ်သွားခဲ့ပေသည်။ ဤသို့ဖြင့် မြတ်စွာဘုရားသည် ဒုတိယအကြိမ် တတိယအကြိမ်တိုင်အောင် ဆွေတော်မျိုးတော်တို့ကို ရန်သူ့ဘေးမှ ကာကွယ်ပေးတော်မူခဲ့ပေသည်။ စတုတ္ထအကြိမ်ချီတက်လာသည့်အခါမှသာ ဆွေတော်မျိုးတော်တို့၏ အတိတ်ကံဝဋ်ကြွေးကို မြင်တော်မူကာ လက်လျှော့ခဲ့ခြင်း၊ ဥပေက္ခာပြုတော်မူခြင်းဖြစ်လေသည်။ (ဒါဒသကနိပါတ်၊ ဘဒ္ဒသာလဇာတ်)
လောကအတွက် မြတ်ဗုဒ္ဓ
မြတ်စွာဘုရားသည် လောကသားအားလုံးအတွက် အနားမနေ အအားမနေဘဲ ဖလသမာပတ္တိသုခချမ်းသာကို စွန့်လွှတ်တော်မူ၍ ကြိုးစားပမ်းစားဆောင်ရွက်တော်မူခဲ့ပေသည်။ ဘုရားဖြစ်ခါစ တစ်ဆယ့်ရှစ်ယူဇနာဝေးသော မိဂဒါဝုန်သို့ ကိုယ်တော်တိုင်ကြွတော်မူ၍ ပဉ္စ၀ဂ္ဂီတို့အားလည်းကောင်း၊ ဥရုဝေလတောသို့ ကြွတော်မူ၍ ရသေ့တစ်ထောင်တို့အားလည်းကောင်း၊ ရှင်မဟာကဿပအား သုံးဂါဝုတ်တိုင်အောင် ခရီးဦးကြိုဆိုခြင်းကို ပြုတော်မူ၍လည်းကောင်း၊ ပက္ကုသာတိအမျိုးသားအား ညတွင်းခြင်း လေးဆယ့်ငါးယူဇနာ ခရီးသို့ ကြွတော်မူ၍လည်းကောင်း၊ မဟာကပ္ပိနမင်းအား ယူဇနာတစ်ရာ့နှစ်ဆယ်တိုင်အောင် ခရီးဦးကြိုဆိုခြင်းကိုပြုတော်မူ၍လည်းကောင်း၊ အင်္ဂုလိမာလအား ညတွင်းခြင်း သုံးယူဇနာခရီးသို့ ကြွတော်မူ၍လည်းကောင်း၊ အာဠာဝကဘီလူးအား ယူဇနာသုံးဆယ်ခရီးသို့ ကြတော်မူ၍လည်းကောင်း၊ နတ်ဗြဟ္မာကုဋေရှစ်ဆယ်အတွက် တာဝတိံသာနတ်ပြည်၌ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောကြားတော်မူ၍လည်းကောင်း၊ ဗကဗြဟ္မာအမှူးရှိသော ဗြဟ္မာတစ်သောင်းအတွက် ဗြဟ္မာ့ပြည်တိုင်အောင်ကြွတော်မူ၍လည်းကောင်း၊ နှစ်စဉ်နှစ်တိုင်း အ၀န်းသုံးပါးတို့၌ ဒေသစာရီကြွတော်မူလျက် ဥပနိဿယနှင့် ပြည့်စုံသော လူတို့အား သရဏဂုံ၊သီလ၊ မဂ်ဖိုလ်တို့ကို ချီးမြှောက်တော်မူပေသည်။ လူ နတ်ဗြဟ္မာသာမကဘဲ ဂဠုန် နဂါး ဆင် ဖား စသည့် သတ္တ၀ါအမျိုးမျိုးတို့၏ အကျိုးစီးပွားကို အပင်ပန်းခံကာ အစွမ်းကုန်ကျင့်တော်မူလေသည်။ (ဒွါဒသကနိပါတ်၊ မဟာကဏှဇာတ်)
ဘုရားသားတော်နှင့် ဘုရားလမ်းစဉ်
ကျွန်ုပ်တို့သည် မြတ်စွာဘုရားကိုယ်တော်တိုင် ဆွေတော်မျိုးတော်များကို နေပူခံ အပင်ပန်းခံကာ အကြိမ်ကြိမ်ကာကွယ်စောင့်ရှောက်တော်မူခဲ့သည်ကို တွေ့မြင်ခဲ့ရပေပြီ။ ထိုအခါ ဘုရားသားတော်များဖြစ်သော ကျွန်ုပ်တို့ရဟန်းတော်များသည် ကိုယ့်လူမျိုးအတွက် အကြိမ်မည်မျှ ဆောင်ရွက်ပြီးကြပြီနည်း။ အဘယ်သို့ဆောင်ရွက်ခဲ့ကြလေသနည်း။ ဤသို့စောကြောကြည့်ရန် အချိန်ကျရောက်လာပြီဖြစ်လေသည်။ လမ်းသစ်ထွင်ဖို့ ဆိုသည်ကို အသာထား၍ မြတ်စွာဘုရားဖောက်တော်မူ၍ လျှောက်တော်မူခဲ့သည့် လမ်းဟောင်းကိုပင် ကျနုပ်တို့ကောင်းကောင်းလျှောက်လှမ်းခဲ့ပါသလော။ ဘုရားချမှတ်သည့်လမ်းစဉ်ဟူသော လုပ်ငန်းကိုလုပ်ပါမှသာ ဘုရားသားတော်ဟူသော ဂုဏ်ပုဒ်က ပို၍ပီပြင်မည်ဖြစ်ပေသည်။
ကျောင်းထိုင်သာသနာပြုနည်းသည် ငါးများခြင်းနှင့်တူလှ၏။ ငါးကိုလူကစောင့်နေပြီး ငါးလာမည်မလာမည်မှာ လုံးဝမသေချာလှပေ။ လာလျှင်ရမည်။ မလာလျှင်မရနိုင်ပေ။ ထို့ကြောင့် ထိရောက်သော သာသနာပြုနည်းမဟုတ်ပေ။ မြှုံးထောင်၊ ပိုက်တန်း၊ မျှောထောင်၊ကွန်ပစ် သာသနာပြုနည်းများကိုလည်း အစွမ်းကုန်ပြုသင့်လှပေသည်။ ကျောင်းမှာ ဗုဒ္ဓစာပေနှင့် ပတ်သက်သည့် သင်တန်းမျိုးစုံဖွင့်သင့်လှပေသည်။ အရပ်ထဲရွာထဲသို့ဆင်းရမည်။ စာသင်ကျောင်းများသို့ကြွရမည်။ ဓမ္မာရုံများသို့ကြွရောက်ရပေမည်။ နိုင်ငံခြားသာသနာပြုရဟန်းတော်များဆိုလျှင် တစ်အိမ်တက်ဆင်း၊ တံခါးခေါက်စနစ်ဖြင့် အိမ်တိုင်ရာရောက်သာသနာပြုနိုင်ရပေမည်။ ICRC ကမ္ဘာ့ကြက်ခြေနီအဖွဲ့သည် အကျဉ်းသားများ၊ ဒုက္ခသည်များကို ရပ်ရွာထိဆင်း၍ ကူညီစောင့်ရှောက်သလိုပင် ဘုရားသားတော်များသည် ဓမ္မကို ရပ်ထဲရွာထဲသို့ဆင်း၍ ဖြန့်ချိရပေမည်။ ဘုရားကျောင်းကန်နှင့် ဝေးကွာသူကို နီးစပ်အောင်၊ အရောက်အပေါက်နည်းသူကို များလာအောင် ဆောင်ရွက်နိုင်ရပေမည်။ ကျောင်းသူကျောင်းသားများ၊ လူငယ်လူရွယ်များ၊ လူလတ်လူကြီးများတိုင်အောင် အရွယ်အနှံ့ဖြန့်ကြက်၍ သာသနာပြုနိုင်ရပေမည်။ လူတိုင်းလူတိုင်း၏ရင်ထဲ၌ ဘုရားအဆုံးအမများကို ဌပနာသွင်းပေးရပေမည်။ ဓမ္မစေတီတည်ပေးရပေမည်။
ကျနုပ်သည် တွံတေးမြို့နယ်မှ ဆရာတော်တစ်ပါး စာသင်ကျောင်းများသို့ ကြွ၍ သာသနာပြုတော်မူကြောင်း ကြားခဲ့ရဖူး၏။ အစပထမတွင် စာကျက်ပုံ ကျက်နည်းကိုသင်ပြပေးပြီး၊ နောက်ပိုင်းတွင် ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ တရားတော်များကို အခြေခံမှစ၍ နည်းနည်းချင်း ပို့ချပေးသည်။ ဇာတ်နိပါတ် သုတ္တန်များကပြောသော အဆုံးအမများကို ပုံပြင်တစ်ပုဒ်သဖွယ် ပြောပြသည်ဟု သိရလေသည်။ ဆရာ/ဆရာမများ ကျောင်းသူ/ကျောင်းသားများ၏ အသည်းစွဲဆရာတော်တစ်ပါးဖြစ်နေလေ၏။ ပိုက်ကွန်ပစ်သာသနာပြုနည်းကို လက်တွေ့ကျင့်သုံးသူပါတကား။
ယနေ့ကမ္ဘာ၌ လူသားတို့သည် ကိုယ်စီကိုယ်ငှ သောကဖိစီးလျှက်ရှိကြ၏။ လူသားတို့သောကမီးကို အမှန်တကယ်ငြိမ်းစေနိုင်သည်မှာ ဓမ္မပင်ဖြစ်လေသည်။ သောကအပူမီးကို တရားရေစင်ဖြင့် ငြှိမ်းသတ်ပေးရမည်။ အပူသည်များဘ၀မှ ချမ်းမြေ့သောဘ၀သို့ ပို့ဆောင်ပေးရမည်။ ဤသည်မှာ ဗုဒ္ဓအလိုကျ သာသနာပြုနည်းဖြစ်လေသည်။
ဒကာကြီးတစ်ယောက်ကိုလည်း တွေ့ဖူး၏။ ထိုဒကာမကြီးသည် လီရှောတိုင်းရင်းသားဖြစ်ပြီး ဗုဒ္ဓသာသနာမရောက်သည့် အလွန်ခေါင်းပါးသည့် နယ်စွန်နယ်ဖျားအရပ်ဒေသများသို့ သာသနာအရောက်ပို့နေသူ ဖြစ်လေသည်။ သား မယားပစ်၊ အိုးအိမ်ပစ်ဘ၀ဖြင့် စွန့်စားသာသနာပြုနေသူဖြစ်၏။ အလွန်ခေါင်သော အရပ်ရှိ မဖွံ့ဖြိုးသော လူသားများသည် တရားငတ်မွတ်လျှက်နေကြပေသည်။ သူတို့ထံလာရောက်စည်းရုံးသူများမှာလည်း တရားပြစည်းရုံးခြင်းမဟုတ်ဘဲ အစားပြစည်းရုံးခြင်းဖြစ်၍ တရားအငတ်မပြေကြချေ။ သံဃာများကြွရောက် ဟောကြားသည်မဟုတ်ဘဲ လူပုဂ္ဂိုလ်ဟောပြောရုံဖြင့်ပင် အစုလိုက် အပြုံလိုက် ဗုဒ္ဓဘာသာ ခံယူလာကြ၏။ ရေငတ်နေသူအတွက် ရေသာအရေးကြီးသည်။ ရေတိုက်သူက အရေးမကြီးပေ။ သူ့အတွက်ရေသာ ပဓာနဖြစ်လေ၏။ ထို့ကြောင့် ကျနုပ်တို့သည် မရောက်သည့်နေရာ အရောက်ပို့ရန် ရေငတ်နေသူကို ရေတိုက်နိုင်ရန် ဆောင်ရွက်ဖို့လည်းလိုလေ၏။
မီးနိုင် ရေနိုင်
ယခင်က ကျနုပ်တို့သာသနာတော်သည် ကမ္ဘာသို့ ထိုးဖောက်နိုင်ခဲ့၏။ ကမ္ဘာ့လူဦးရေ၏ ငါးပုံလေးပုံသည် ဗုဒ္ဓ၏တပည့်သာဝကများဖြစ်ခဲ့၏။ ကမ္ဘာ့လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံအား ရှစ်ဆယ်ရာခိုင်နှုန်းသော ဗုဒ္ဓဘာသာဝင်များက လွှမ်းမိုးထားသဖြင့် ကမ္ဘာကြီးငြိမ်းချမ်းခဲ့၏။ စစ်မီးဟူ၍ ပြောပလောက်အောင်မရှိခဲ့။ ယခုအခါတွင်မူ ဗုဒ္ဓဘာသာဝင်လူဦးရေသည် ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံပင်မရှိပြီ။ ကမ္ဘာကြီးလည်း စစ်မီးသင့်လျှက်ရှိ၏။ ယခင်က ရေများရေနိုင်ခဲ့ပြီး ယခုအခါ၌ မီးများမီးနိုင်ခြင်းသဘောပင်။ ဆုံးရှုံးခဲ့သော ဗုဒ္ဓနယ်မြေများတွင် စစ်မီးအစားထိုးဝင်ရောက်ခဲ့ပေပြီ။ စစ်သည် မီး၏သင်္ကေတဖြစ်၍၊ ရေသည် ငြိမ်းချမ်းရေး၏ အမှတ်လက္ခဏာဖြစ်၏။ ဗုဒ္ဓသာသနာကျဆုံးခြင်းသည် စစ်မီးတောက်လောင်ခြင်း၊ ငြိမ်းချမ်းရေးပျက်သုဉ်းခြင်းပင်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာကျရှုံးလေ ကမ္ဘာကြီး စစ်မီးတောက်လေဖြစ်နေပေပြီ။ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူများမှာလည်း မီးကိုရေဖြင့်ငြှိမ်းသတ်ရမည့်အစား ပို၍လောင်အောင် မီးစာထည့်ပေးသကဲ့သို့ ရှိလေ၏။ ထို့ကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အမှန်တယ်လိုလားသူများသည် ကမ္ဘာမှာ ဗုဒ္ဓဘာသာပြန်လည်ထွန်းကားအောင် ပြုလုပ်သင့်ပေသည်။ ဗုဒ္ဓတရားတော်များသည်သာ အမှန်တကယ် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်သောကြောင့်ဖြစ်၏။
ကျနုပ်တို့နိုင်ငံတွင်လည်း ကျနုပ်တို့သာသနာသည် သာသနာပ ဘာသာခြားတို့၏ ထိုးဖောက်မှုကို မရှုမလှခံနေရ၏။ ကိုယ့်အိမ်ကိုယ့်ကွင်းတွင် ကိုယ်ကတိုက်စစ်ဆင်နေရမည့်အစား သူတစ်ပါး၏ ထိုးစစ်ကိုပင် မခုခံနိုင် မကာကွယ်နိုင် ဖြစ်နေပေသည်။ ခံစစ်ဖြင့်သာယှဉ်ပြိုင်နေရပြီး၊ အရှုံးကြီးရှုံးလျက်ရှိလေ၏။ အနစ်နာဆုံးမှာ နိုင်ငံနှင့်လူမျိုး ဖြစ်ပေသည်။ ဗုဒ္ဓသာသနာကျရှုံးရခြင်းမှာ ဗုဒ္ဓတရားတော်က အရည်အသွေးမရှိ၍မဟုတ်ဘဲ၊ သာသနာ့ဝန်ဆောင်ရဟန်းတော်တို့ အမြင်ကျဉ်းခြင်း၊ ညံ့ဖျင်းခြင်းနှင့် မအောင်မြင်သော ကျောင်းထိုင်သာသနာပြုနည်းကို အသေဆုပ်ကိုင်ထားသောကြောင့် ဖြစ်လေသည်။
ပိုက်ကွန်ပစ်ခြင်းဖြင့် ငါးကြီးကြီးမားမားရသည်လည်းရှိ၏။ များများစားစားရသည်လည်းရှိ၏။ ငါးရှိသည့်နေရာကိုသိဖို့ ငါးရှိရာသို့သွားဖို့သာလို၏။ သမင်မုဆိုးသည် သမင်သွားလမ်းကိုသိပြီးမှ သမင်ဖမ်း၏။ ကျားမုဆိုး၊ သားမုဆိုးတို့သည်လည်း ထို့အတူပင်။ ထို့ကြောင့်တရားမုဆိုးဖြစ်သော ကျနုပ်တို့သည် တရားဖြန့်ချိရမည့်နေရာဒေသ၊ တရားငတ်မွတ်နေသည့် နေရာဒေသ၊ ငြိမ်းချမ်းရေးလိုအပ်နေသည့် နေရာဒေသများသို့ အရောက်သွားကာ အချိန်ကိုက် အံဝင်ခွင်ကျဖြစ်အောင် ကွန်ပစ်သာသနာပြုနည်းကို ကျင့်သုံးသင့်လှပေပြီ။ ဤသည်မှာ ဗုဒ္ဓအလိုတော်ကျ သာသနာပြုနည်းဖြစ်ပါ၏။
(အမှတ်(၂၃) ၁၃၇၉ ခုနှစ် ကဆုန်လ၊ ၂၀၁၇ ခုနှစ် မေလထုတ် မဟာဝီရ ရသစုံမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)
ဝီရသူ (မစိုးရိမ်)
17.10.2006
၁၃၆၈ ခု၊ သီတင်းကျွတ်လဆုတ် ၁၄ ရက်၊ အိုးဘိုဘဝတက္ကသိုလ်(မော်စကို)မှာ ရေးသားသည်။