သတင်း

မင်္ဂလာဆွမ်း အနုမောဒနာ တရားတော်

———————-။———————-

မင်္ဂလာဆွမ်း အနုမောဒနာ တရားတော်

———————-။———————-

          မောင်အေးကို+မဝင်းဝင်းနွယ်တို့ရဲ့ မင်္ဂလာဆွမ်းကပ်ပွဲပါ။

          နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ၊ ရွှေအိမ်စတိုးဆိုင်မှာ ကျင်းပပါတယ်။

          ၁၃၈၆ခုနှစ် ဝါဆိုလဆန်း ၁၄ရက်၊ (19.7.2024) ရက်နေ့မှာ ကျင်းပတာပါ။

          မင်္ဂလာဆွမ်းကပ်ပွဲမှာ ရန်ကုန်၊ မန္တလေး၊ ဖြုး၊ ရေတာရှည်၊ တောင်ငူ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ မိတ္ထီလာ၊ ကျောက်ဆည်နှင့် နေပြည်တော်ရှစ်မြို့နယ်မှ မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ တက်ရောက်ကြပါတယ်။

          ပျော်ဘွယ်မြို့မှ ထေရ်ကြီး နှစ်ပါး၊ တပ်ကုန်းမြို့နယ် ရှောက်ကုန်းရွာ ဆရာတော်ကြီး၊ မန္တလေး ဘုရားကြီးတိုက် ဇေယျာရွှေမြေ ဆရာတော်ကြီး၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ကျွဲရှင်း ဆရာတော်ကြီးနှင့် ဖြူးမြို့ရွှေကျင်တောင်ဆရာတော်ကြီး တို့လည်း ကြွရောက်ချီးမြှောက်ကြပါတယ်။

          ကျွဲရှင်းဆရာတော်ကြီးက သီလပေးပြီး၊ ဇေယျာရွှေမြေဆရာတော်ကြီးက ရေစက်ချကာ စာရေးသူက အနုမောဒနာတရား ဟောကြားပါတယ်။

          သတို့သားက စာရေးသူရဲ့ တပည့်ရင်း လူပျံတော် ၊ သတို့သမီးက စာရေးသူ့ ရဟန်းဒါယက ဒါယိကာမများရဲ့သမီးဖြစ်နေလို့ စာရေးသူကို ဟောကြားခိုင်းကြတာပါ။

          ထုံးစံအတိုင်း မယားခုနစ်မျိုး+ လင်ရှစ်မျိုးတရားတော် ဟောကြားခဲ့ပါတယ်။

          မယားခုနှစ်မျိုး၊ ရှိမြဲရိုးတွင်၊

          ခိုးသူအရှင် ၊ သူသတ်သွင်သို့၊

          အကြင်မယား၊ လား၏ ငရဲ

          အမြဲမှတ်ဘိ။

          အမိတမျှ ၊ နှမ မယွန်း ၊

          ခင်ပွန်း သဖွယ် ၊ ကျွန့်နယ်လေးဖြာ

          မယားမှာကား ၊ နိမ္မာနတ်ပြည်၊

          လားမြဲ မည်၏။

          ယင်းသည့်လေးသွယ်၊ မယားဝယ်လည်း

          ကျွန့်နယ်မခြား ၊ ထိုမယားမူ

          ယောက်ျား ဆုပန် ၊ နိဗ္ဗာန်ဆုကောင်း၊

          တောင်းက မလွတ်၊ မချွတ်တူတည်၊

          ပြည့်မြဲ မည်၏။  (မဃဒေဝ။ ၃၁၂)

          လင်မွဲလင်နာ၊ လင်သူရာကြိုက်၊ လင်မိုက်လင်ဖျင်း၊

          လင်ပျင်းလင်အို၊ အလိုမပြည့်၊ မဖြည့်ဆန္ဒ၊

          ရှိတုံကမူ၊ မိန်းမဟူသည်၊ ဤရှစ်လီကြောင့်၊

          မကြည်မသာ ၊ အနာဒရပြုတတ်စွရှင့် ။ (မဃဒေဝ။ ၂၉၇)