မင်းပြားမြို့နယ်တွင် ၀ါးဖောင်ဖြင့်ရပ်နားနေသူ နှစ်ဦးအား မျက်နှာဖုံးစွပ်ဘင်္ဂါလီများက ဓားဖြင့်ခုတ်ပြီး ပစ္စည်းများလုယက်မှုဖြစ်ပွား
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ၀ါးဖောင်ဖြင့် ရပ်နားနေသူနှစ်ဦးအား မျက်နှာဖုံးစွပ်ဘင်္ဂါလီများက ဓားဖြင့်ခုတ်ကာ ပစ္စည်းများလုယူမှု နိုဝင်ဘာ ၁၀ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မင်းပြားမြို့နယ် ပန်းဇင်းမော်ကျေးရွာအနီးရှိ မင်းမချောင်းတွင် ၀ါးဖောင်ဖြင့် ညအိပ်ရပ်နားနေသည့် ၀ါးဖောင်သမားနှစ်ဦးဖြစ်သော ပြောင်းပြာကျေးရွာမှ ဦးစိန်နှင်းကြိုင်နှင့် ဦးစောဝင်းတို့နှစ်ဦးအား ည ၁၂ နာရီခန့်တွင် မျက်နှာဖုံးစွပ်ထားသူ ဘင်္ဂါလီသုံးဦးခန့်က ၀ါးဖောင်ပေါ်သို့တက်လာပြီး ဓားဖြင့်ခုတ်ကာ ဖမ်းဆီးချုပ်နှောင်ပြီးပစ္စည်းများ လုယူသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မျက်နှာဖုံးစွပ်ထားသူများအ နက်ချောင်းကမ်းပါးထက်တွင် စောင့်ဆိုင်းနေသူများလည်းရှိကာ ဗမာစကားပြောဆိုသော်လည်း ဗမာစကားကို ကောင်းစွာပြောဆိုနိုင်သူမဟုတ်၍ ဘင်္ဂါလီများပြောဆိုသည့် စကားသံအတိုင်းသာဖြစ်ကြောင်း သိရသည်။
“၀ါးဖောင်သမားတွေက ၀ါးဖောင်ကိုရပ်တန့်ပြီး ညအိပ်နေတဲ့အချိန် ဘင်္ဂါလီတွေ စက်လှေနဲ့ကူးလာပြီး သူတို့ကိုဓားနဲ့ခုတ်တယ်။ ပြီးတော့ ပစ္စည်းတွေလုသွားတယ်။ လှေတွေ၊ စက်လှေမောင်းတဲ့ စက်တစ်လုံး၊ ဖုန်းတွေ၊ ပါလာတဲ့ငွေတွေ အားလုံးလုယူသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာနည်းနည်းများတယ်။ တစ်ယောက်ကတော့ ဒဏ်ရာမစိုးရိမ်ရဘူး။ အဲဒီအမှုနဲ့ပတ်သက်ပြီး ဒေသခံလုံခြုံရေးတပ်ဖွဲ့အားလုံး အခင်းဖြစ်ပွားတဲ့နေရာကို သွားနေတယ်။ တရားခံဖမ်းဆီးရရှိရေးအတွက် ဆောင်ရွက်နေကြပါတယ်” ဟု မင်းပြားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဝါးဖောင်သမားများထံမှ ကျပ် ၈၀၀၀၀ နှင့်အတူ ပိုက်ဆံအိတ်တစ်အိတ်၊ လက်ကိုင်ဖုန်းတစ်လုံး၊ ၀ါးဖောင်နှင့်အတူပါလာသည့် စက်လှေငယ်ပေါ်မှ ဟွန်ဒါစက်နှင့် ထမင်းချက်အိုးများကိုပါ ယူဆောင်သွားကြကြောင်း၊ ဓားခုတ်ခံရသူနှစ်ဦးက အော်ဟစ်အကူအညီတောင်းခံမှုကြောင့် အနီးအနားရှိ စပါးရိတ်သိမ်းနေသူများ ရောက်ရှိလာပြီး ကူညီပို့ဆောင်ပေးမှုကြောင့် မင်းပြားဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းပြားမြို့မရဲစခန်းက (ပ) ၁၉၂/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
• writer: သန်းလှိုင်
• http://news-eleven.com/news/21592