သတင်း

မန်း မဟော်သဓာမှာ ခဏတာ

ဒီကနေ့ နတ်တော်လပြည့်ကျော် ၅ရက် 8.12.2017 ရက်နေ့ မနက်ပိုင်းမှာ မန်း မဟော်သဓာဆီသို့ ရောက်ခဲ့ပါတယ်။
အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့်အတူ တမာတန်း သစ်စိမ့်တိုက်မှ နောင်တော်ကြီး ဦးဝါသဝတို့လည်း လိုက်ပါကြည့်ရှု အားပေးကြပါတယ်။

မြင်းခြံမဘသ မြန်မာထရမ့်ဟိုတယ်မှ ကိုကျော်ကြီးနှင့်အဖွဲ့လည်း ရောက်လာကြပါတယ်။ ဝိုင်းတော်သားတွေနှင့်အတူ မဟော်သဓာမြေကွက်မှာ စာသင်ဆောင်၊ အိပ်ဆောင်၊ နားနေဆောင်၊ ရေတွင်း၊ ရေစဉ်၊ အားကစားကွင်း၊ အလံတိုင် စသည်တို့ စနစ်တကျရှိစေဖို့ အင်ဂျီနီယာဆရာမလေးတွေနှင့် သွားရောက် တိုင်းတာရင်း ဆောက်လုပ်ဆဲ မုခ်ဦးအခြေအနေကို လေ့လာခဲ့ပါတယ်။

မုခ်ဦးကြီးကတော့ ဟဲဗီးကြီးပေါ့ဗျာ။ အိတ်စိုက်လူမိုက်ကြီး ဝီရမိုးကိုဦးနှင့် ဒေါ်ခိုင်မာဝင်း (သမီး) ခင်ဇာခြည်ဝင်းတို့ရဲ့ အလှူဒါနဖြစ်ပါတယ်။ မကြာခင် လုပ်ငန်းစပါတော့မယ်။ အများပြည်သူလှူထားတဲ့ သိန်းတစ်ထောင်ကျော်နှင့် စတင်ဆောက်လုပ်တော့မှာပါ။ မန်းလေးတိုင်းအစိုးရကတော့ ဒီလိုကြီးမားတဲ့ ဌာနကြီးတစ်ခုကို စပွန်ဆာအားကိုးနှင့် တည်ဆောက်တယ်ထင်ပြီး အလှူရှင်စာရင်းတွေ တောင်းနေပါတယ်။

ပေးရဦးမှာပေါ့ဗျာ။ အဲဒီတော့မှ အစိုးရကြီးကိုယ်တိုင် လှူချင်စိတ်တွေတောင် ပေါက်လာဦးမှာပါ။ ဒီတစ်ခါ တိုင်းရုံးကိုတင်ပြတဲ့အခါ ဖေးဘုတ်မှာ အမြဲတင်တဲ့အလှူရှင်စာရင်းကို ပူးတွဲတင်ပြပေးလိုက်ပါမယ်။ ဝီရသူရဲ့နောက်မှာ အိတ်စိုက်လူမိုက်တွေပဲရှိပါတယ်။ ခရိုနီတွေ တိုက်ကွန်တွေ မရှိပါဘူး။

အောင်သောင်းတွေ ခင်ညွန့်တွေလည်း မလှူဖူးပါဘူး။ အင်မတန်ကပ်စီးနဲတဲ့ ကြံ့ခိုင်ရေးဆိုရင် ပိုတောင်မှ ဝေးပါလိမ့်ဦးမယ်။
ဝီရသူက မန်းမဟော်သဓာကျောင်းတော်ကြီးကို နမောတဿ ဘုရားရှိခိုးအားကိုးနှင့် တည်ဆောက်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်ဗျာ။