သတင်း

မဟာဗောဓိမြိုင်ဆရာတော်ကြီး ရေးစပ်တော်မူသော ဦးဝီရသူ ဂုဏ်ပြုကဗျာ

“တစ်ဖက်စောင် အောင်သွယ်နဲ့ ရန်ဖြစ်”

ဘာသာသွေးလွှမ်း၊ ငါသွေးပြွမ်းကြောင့်
ကြမ်းတမ်းစနစ်၊ အားမာန်ရစ်လည်း
စင်စစ်မှာကား၊ ငါစားလာဘ်ကုပ်
အမြတ်ထုတ်၊ မဟုတ်တန်ရာပါ။

ဗုဒ္ဓဘုရား တည်ဖန်ထားသော
တရားဝါဒ အနတ္တကို
ယွင်းပဖုံးကွယ်၊ လွင့်ပျောက်ပြယ်မှ
ကာကွယ်ဖို့ဟာ ဟုတ်တန်ရာ၏။

တစ်ဖန်စွယ်ပွား သူ့စိတ်ထားမှာ
ဘုရားသွေးသား
လူများအားလုံး မျိုးမတုံးဘဲ
ရှေးဘုန်းခုကံ၊ ဆုမွေခံဖို့
စိန်မှန်သဒ္ဓါ စေတနာဖြင့်
ဘာသာသွေးလွှမ်း၊ ငါသွေးပြွမ်း
ဝင်ထမ်းခြင်းမျှပင်။

သို့ကြောင့်ပင်လျှင်၊ ကျွန်ဦးတင်ပါ့
အရှင်ဝီရ မြတ်သူရ
သကျပုတ္တ သာဝကမျိုး
သွေးသတိုးကို
စိုးမိုးထိပ်ဆောင်း ကိုယ့်တွက်ကောင်းမျှ၊
လမ်းပြောင်းချနင်း လူတစ်သင်းက
ထောင်သွင်းကျဉ်းချ ညှဉ်းသော်မှလည်း
ညှဉ်းရာမှာပင် မြတ်သွေးစဉ်
သွင်သွင်စီးပါ့ အရှင့်သား။

တစ်ဖန်လက်ပြင်၊ ကျွန်ဦးတင်ပါ့
အရှင်ဝီရ မြတ်သူရ၊
အတ္တမဖက် သက်သက်ပရ
ဘက်အတ္ထဖြင့် မြွက်ဟကြွေးကြော်
သင့်အာဘော်ကို
ကော်ရော်လေးစား ငါညွတ်တွားသည်
ဘုရားကပင် သိစေသား။

ဝီရာသဘ မြတ်ဗုဒ္ဓကို
သည်ကပင်လျှင် ဆုပန်ဆင်၏
ရှင်တော်ဗုဒ္ဓ မြတ်ဇိန၏
တည်ထသာသနာ နှောင်းကြမ္မာကား
ဘာသာကြားထိုး လူကြားထိုးနှင့်
ကြားထိုးမျိုးနွယ် ချင်းဖလှယ်တို့
သွယ်လိုသူသွယ်၊ ခြယ်လိုခြယ်လည်း
ကာကွယ်သူဝေး၊ အားမလေး
ရှေ့ရေးမကောင်းတော့ပါဘုရား။

ထိုအရေးကို မျှော်တွေးဆင်ခြင်
ဉာဏ်သက်ဝင်လျက်
ကယ်တင်သောငှာ…
ကြိုးစားပါက လိုရာမထိ
မငြိသူ့မှာ ဖြတ်လမ်းသာပြီး
ကိုယ်မှာကိုယ်ချင်း ပျက်လမ်းခင်းကာ
ဘေးတွေ့ပါသည်
ကွယ်ကာလိုမှ မသာတော့ပါဘုရား။

ဝီရာသဘ မြတ်ဗုဒ္ဓ
သာသနာနောက်ဖျား အရှင့်သားတို့
ဘုရားသာသနာ ဘာသာလူမျိုး
သူသူခိုးတို့ ဆိုးချင်တိုင်းဆိုး
ဖြတ်တောတိုးစဉ်
အမျိုး ဘာသာ ကာကွယ်ရာတွင်
အာဏာဇောင်းထက် ကိုယ်ချင်းဖျက်က
အဖျက်နောက်ပါး၊ ရစ်သောအားဖြင့်
တွန်းလားကန်လား ညှဉ်းဆဲလားကို
ဖယ်ရှားဘေးပုတ်၊ တင်ချလုပ်
ပထုတ်ပေးတော်မူပါဘုရား။

မဟာဗောဓိမြိုင်ဆရာတော်

(မြတ်မာပြည်အထက်ပိုင်း ကချင်ပြည်နယ် တောတွင်းတစ်နေရာတွင် တစ်ပါးတည်း တောရဆောက်တည် တရားအားထုတ်လျက်ရှိသော ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ ဆရာတော်ဦးဝီရသူအား ဂုဏ်ပြုရေးဖွဲ့ထားသော ကဗျာ၊ ၂၀၁၇ ခုနှစ်ဦးပိုင်းတွင် ရေးဖွဲ့ခဲ့သော ဤကဗျာကို အောင်ဇေယျတုဂျာနယ် ပရိသတ်ကြီးအတွက် နှုတ်ဆက်ခွဲခွာခြင်း အမှတ်တရအဖြစ် ဖော်ပြလိုက်ပါသည်။
ဤကဗျာကို ယူဆောင်လာသော ကပ္ပိယကြီးအားလည်း အထူးကျေးဇူးတင်စွာဖြင့်ပင် ဤသို့ ဖော်ပြမိခြင်း အတွက် အနူးအညွတ် တောင်းပန်ပါသည်။ ဆရာတော်ဦးဝီရသူကိုပင် ဆက်ကပ်ခြင်းမပြုခဲ့သော ဤကဗျာကို အောင်ဇေယျတုဂျာနယ် နောက်ဆုံးထုတ်စာစောင်တွင် အမှတ်တရ ဖော်ပြခြင်းအတွက် နားလည်ခွင့်လွှတ်နိုင်စေရန် ထပ်မံတောင်းပန်အပ်ပါသည်။)