သတင်း

ရဟန်းအိုနှင့် ယာဉ်အို(၁)

ကျွနုပ်တို့သာသနာတော်၌ ရဟန်းတော်များသည် ပုံသဏ္ဍာန် အမျိုးမျိုး ဖြင့်ရပ်တည်နေသည်ကို တွေ့ရ၏။ အချို့က ပရိယတ္တိအတွက်၊ အချို့က ပဋိပတ္တိအတွက်၊ အချို့က သာသနာရေးအတွက်၊ အချို့က လူမျိုးရေး အတွက်၊ အချို့က ကိုယ်ကျိုးစီးပွားအတွက်၊ အချို့က အများကောင်းစားရေး အတွက်၊ အချို့က သာသနာအတွက်လည်းမဟုတ်၊ လူမျိုးအတွက်လည်း မဟုတ်၊ ဘယ်အတွက်ရပ်တည်နေမှန်းပင် မသိကြပေ။ မိမိလက်ထက်၌ မိမိမစွမ်းဆောင်နိုင်လျှင်၊ အနာဂတ်အတွက် စွမ်းဆောင်နိုင်သူကိုတော့ မွေးမထုတ်နိုင်ခဲ့လျှင်တောင်မှ မွေးစားထားခဲ့ဖို့လိုပေသည်။ ထိုသို့မဟုတ် သော ဆရာတော်များကို ကျနုပ်တွေ့ကြုံခဲ့ရဖူးလေသည်။

“နယ်ပိုင်ဆရာတော်ကြီး”

ကျနုပ်သည် ရွာကြီးတစ်ရွာသို့ တရားဟောကြွခဲ့ဘူး၏။ ရထားလမ်းသာပေါက်ပြီး ကားလမ်းမပေါက်သော ရွာကြီးဖြစ်၏။ ရထားသံလမ်း၏ ဝဲယာတွင် တည်ရှိ၏။ ကျနုပ်တို့ ရထားဆိုက်လျှင်ပင် ရွာရှိဝတ်အသင်းများ ဘူတာရုံ၌ အသင့်စောင့်ကြိုနေ သည်ကိုတွေ့ရ၏။ ကျနုပ်နားနေသောကျောင်း၏ ကျောင်းထိုင်ဆရာတော် ကြီးမှာ အသားညိုညို၊ အရပ်အမောင်းကောင်းကောင်း ရပ်ရည်ဥပဓိကလည်း ကြည်ညိုဖွယ်ဆောင်လှ၏။ ထေရ်ကြီးဝါကြီးဆရာတော်ကြီးဖြစ်၍ သက်တော်နှင့် ရွယ်တော်အရပင် အလွန်အမင်း ခန့်ငြားလျက်ရှိပေသည်။ ဆရာတော်ကြီး၏ နားရွက်ကြီးများမှာ ရှေးခေတ်ရုပ်ပွားတော်များ၏ နားရွက်တော်များအလား ရှည်လျား ကျယ်ပြန့်ဖွံ့ထွားလှ၏။ ကြည်ညိုဖွယ် အတိပင်။ သို့သော် ထိုကျောင်း၌ ကိုရင်မရှိ၊ ဦးဇင်းမရှိ၊ ကျောင်းသားကပ္ပိယ မရှိ၍ စုံစမ်းကြည့်ရာ ထိုဆရာတော်ကြီးအကြောင်းကို ဤသို့ သိရှိခဲ့ရ ပေသည်။

အိမ်ခြေနှစ်ထောင်ကျော်ရှိသောရွာကြီး၌ သူတစ်ပါးတည်းတစ်ကျောင်း တည်းသာ ရှိစေလို၍ တခြားကျောင်းများပေါ်လျှင် လက်မခံ၊ သက်ဆိုင်ရာသို့ ကန့်ကွက်စာတင်ကာ အပြင်းအထန်ကန့်ကွက်လေသည်။ ဆန်လှူအသင်း များနှင့် တခြားနယ်လှည့်ဓမ္မကထိကများလာလျှင်လည်း ကျောင်းမှာ နောက်တစ်ကြိမ်မတည်းနိုင်အောင် ပညာပြလေသည်။ တရားဟောဆရာ တော် များမှာ ထိုရွာသို့ တရားဟောကြွရမှာကြောက်ရွံ့နေကြလေသည်။ အာဂန္တု ရဟန်းများမပျော်အောင်၊ အမြဲနေရဟန်းများ မပျော်အောင် လုပ်ဆောင်မှု ကြောင့် တစ်ရွာလုံး၏ အကြည်ညိုပျက်မှုကို ခံနေရလေသည်။ ကျောင်းဝိုင်းကြီးကကျယ်ဝန်းသော်လည်း ကျောင်းဆောင်များက ကျဲလှ၏။ ဆောက်လက်စ ကျောင်းဆောင်ကြီးမှာလည်း အပြီးမသတ်နိုင် တိုးလို့တန်းလန်းဖြစ်နေသည် ကိုတွေ့ရလေသည်။ ထိုရွာသူ/ရွာသားများ သည် မြို့ပေါ်ရှိစာသင်တိုက်များ၊ ရိပ်သာများသို့သာ အသင်းအဖွဲ့လိုက် အလှူသွားလုပ်ကြလေသည်။ ထိုဆရာတော်ကြီး၏ နည်းဗျူဟာမှာ လောသကဇာတ်တော်လာ အတိတ် ဝတ္ထုမှ အရှင်တိဿမထေရ်၏ ဗျူဟာမျိုးပင်ဖြစ်လေသည်။ ၄င်းကို တစ်ရွာလုံးက နယ်ပိုင်ဆရာတော်ကြီးဟု ခေါ်ဝေါ်ကြလေ၏။ သာသနာပြု ရဟန်းတော်ကျောင်းထိုင်ဆရာတော်များ သည် ရပ်ရွာအကျိုး၊ သာသနာ အကျိုးကို သယ်ပိုးထမ်းရွက်ရာ၌ ရှေ့ဆုံးကပါဝင်ထိုက်ပါလျက်၊ ကိုယ်ကိုယ်တိုင်က အလုပ်မလုပ်ဘဲ တရားဓမ္မနှင့်အေးအေး လူလူနေထိုင်လိုပါက အလုပ်မလုပ်လိုပါက အလုပ်လုပ်သူများကို လက်ကမ်း ကြိုဆိုရမည်ဖြစ်ပါလျက် ယခုကဲ့သို့ နောက်ကားများ ကျော်မတက်နိုင်အောင် လမ်းပိတ်ဆို့ မောင်းနှင်နေသော ယာဉ်အိုကြီးများလို အပိုင်စီး ခွထိုင်နေသည်မှာ သာသနာအတွက် အန္တရာယ် ကြီးလှပေသည်။ တစ်ရွာတစ်ကျောင်းစနစ်သည် အလုပ်မလုပ်သော၊ အလုပ်လုပ်သူများ ဝင်မလာအောင် ကြိုတင်ပိတ်ဆို့ထားသော နယ်ပိုင်ဆရာတော်ကြီးများနှင့်သာ နှစ်ပါးသွားနေရပါမူ ရွာများနှစ်နာလှ ပေသည်။

“မြေပိုင်ဆရာတော်ကြီး”

ကျနုပ်၏ မိတ်ဆွေ မိုးကုတ်မြို့ ဓမ္မရံသီ ရိပ်သာမှ ဆရာတော်ဦးသုနန္ဒသည် မန္တလေးမြို့တွင် ကျောင်းသားအရွယ် ကလေးသူငယ်များအတွက် ယဉ်ကျေးမှုသင်တန်းကျောင်း ဖွင့်လှစ်လိုသည့် ဆန္ဒရှိသည့်အကြောင်း ကျနုပ်ဒကာ မိုးကုတ်ရွှေဆိုင်ပိုင်ရှင် ကိုဝင်းမောင်ကို မိန့်တော်မူလေသည်။ ကျနုပ်ဒကာကိုဝင်းမောင်ကလည်း ဆရာတော်အား ထောက်ခံအားပေးရင်း ကျောင်းမြေနေရာ စုံစမ်းပေးလေသည်။ ကျနုပ်ဒကာ ကိုဝင်းမောင်၏ အိမ်အနီးနားတွင် ကျောင်းဝင်းကြီးတစ်ခု လစ်လပ်နေသည် ကို တွေ့ရလေသည်။ ကျောင်းဝင်းကြီးမှာ သုံးလေးဧကလောက်ပင် ကျယ်ဝန်း လေသည်။ ဝါးလုံးများဖြင့် ဝင်းထရံကို ခပ်ကျဲကျဲကာထားပြီး သာသနာ့ အလံများစိုက်ထူထားပေသည်။ ထိုကျောင်းဝိုင်းပိုင်ရှင်ဆရာတော်မှ ကျနုပ် ဒကာကိုဝင်းမောင်နှင့် ဆရာဒကာများအဖြစ် ရင်နှီးကျွမ်းဝင်၍ ကိုဝင်းမောင် က ထိုဆရာတော်အား လျှောက်ထားလေသည်။ ထိုဆရာတော်က ဝမ်းသာအားရပင် အလုပ်လုပ်မည့်သူများဖြစ်၍ ကျနုပ်တို့နှင့်တွေ့ချင် ကြောင်း မိန့်ကြားသဖြင့် ကျနုပ်တို့သွားကြလေသည်။ ထိုဆရာတော်နှင့် အလုပ်သဘောပြောကြသည့်အခါ အလုပ်လုပ်မှာကို ကြိုဆိုသော်လည်း မြေနေရာပေးလည်း မပေးနိုင် လှူလည်းမလှူနိုင်ဟုဆိုလေသည်။ သူ၏ သဘောမှာ သူ့ဝင်းအတွင်း ကျောင်းလာဆောက်၊ စခန်းလာဖွင့်ပါ သို့သော် သူကျောင်းဆောက်နိုင်သည့်အခါ ကျောင်းကိုဖျက်၍ ပြန်ယူသွားရမည်ဟု ဆိုလိုပေသည်။ ထိုဆရာတော်မှာ စာသင်တိုက်လည်းမဟုတ်၊ ရိပ်သာလည်း မဟုတ်၊ ခေတ်မီအသုံးအဆောင်ဇိမ်ခံပစ္စည်းများ ဆိုဖာများဖြင့် တခမ်းတနား နေသောဆရာတော်ဖြစ်လေသည်။ မြို့တော်ဝန်နှင့် လုပ်ငန်းသဘောအရ ဆက်ဆံနေရ၍ ကျောင်းဝင်းရထားခြင်းဖြစ်လေသည်။ သူ့ကျောင်းမြေကို တန်ရာတန်ကြေးရောင်းလျှင်လည်း ကျနုပ်တို့က ပေးမည်အမှန်ပင်။ ထိုသို့ ရောင်းချခြင်းကို အပြစ်မမြင်သည့်အပြင် ကျေးဇူးပင် တင်ရပေဦးမည်။ မလှူနိုင်လျှင်လည်း ရောင်းသင့်ပေသည်။ မရောင်းလျှင်လည်း မဖိတ်ခေါ် သင့်ပေ။ ကျနုပ်မှာ စကားပြောရာ၌ မျက်နှာပူ၍ အပြင်ထွက်နေလိုက်ပေ သည်။ ကျောင်းဝင်းအကျယ်ကြီးသည် သာသနာအတွက် အမှန်တကယ် အလုပ်လုပ်မည့်သူလက်ထဲသို့ ရောက်သွားလျှင် ကျေနပ်ပါသည်။ သို့မဟုတ် လျှင်မူ သာသနာအတွက် မြေပုပ်မြေဆွေးဖြစ်နေမည်ကို စိုးရိမ်နေပါပေ သည်။ ကိုယ်လည်း မလုပ်နိုင် လုပ်မည့်သူများကိုလည်း မဝေမျှနိုင် ဖြစ်နေ ရှာသည့် မြေပိုင်ဆရာတော်ကြီးပါတကား။

“မဟာယာနထူထောင်နေသူများ”

ကျနုပ်မစိုးရိမ်နာယကဘုန်း ကြီးဖြစ်ခါစကဖြစ်သည်။ ဆွမ်းခံကြွစဉ် တစ်နေ့တွင် ဆွမ်းဒကာကြီးနှင့် စကားကောင်းနေ၏။ ထိုစဉ် ရဟန်းတော်တစ်ပါး တိုက်ထဲကြွလာသည်ကို တွေ့လိုက်ရ၏။ ထိုရဟန်းတော်သည် ကတ္တီပါခြုံထည် အနီရောင်ခြုံပြီး ကောင်တာရှိ ဆွမ်းဒကာကြီး၏ သမီးထိုင်သည့်စားပွဲသို့ တန်းကြွလာ၏။ ဆွမ်းဒကာမမှာ ရုတ်တရက်ကြီးဖြစ်နေ၍ ကြောင်အန်းအန်းနှင့် မှင်သက်မိနေ၏။ ပြီးမှနေရာဖယ်ပေးပြီး မတ်တပ်ရပ်နေလေ၏။ ထိုရဟန်း တော်က လက်ထဲမှာ အသင့်ယူလာသော အရာဝတ္ထုများကို ထုတ်ပြနေလေ သည်။ ဆွမ်းဒကာမမှာ နှာခေါင်းရှုံ့နေလေ၏။ ထို့နောက် ရဟန်းတော်က ဘာပြောသည်မသိ၊ ဆွမ်းဒကာမက ကျနုပ်နှင့်စကားပြောနေသော သူမ၏ ဖခင်ကို လှမ်းခေါ်လေတော့သည်။ ဆွမ်းဒကာကြီးမှာ ထိုသူတို့ဘက်သို့ ကျောပေးထား၍ ဘာမျှမသိမမြင်ရှာပေ။ အခြေအနေရိပ်စားမိသော ကျနုပ်က ဆွမ်းဒကာကြီးအား ထိုရဟန်းတော်ကို ကျနုပ်ထံသို့ ပင့်ခဲ့ဖို့ရန် မှာလိုက်လေသည်။ ထိုဆရာတော်ကြွလာသည့်အခါ ကတ္တီပါခြုံထည် ကလည်း အနီရောင်ဖြစ်၍ အရောင်တောက်ပနေ၏။ ဝတ်ဆင်ထားသော သင်္ကန်းများမှာလည်း သစ်သစ်လွင်လွင်ချည်းပင်။ သက်တော်(၃၅)ရဟန်း သိက္ခာ(၄)ဝါရပြီဆို၏။ ကျနုပ်က ဆန်ပြုတ်ကပ်ကြပါရန် တိုက်တွန်းလိုက် သည့်အခါ ဆွမ်းဒကာကြီးက ရိုသေစွာဖြင့် နွားနို့ဆန်ပြုတ် ကပ်ရှာ၏။ အကျိုးအကြောင်းမေးကြည့်သည့်အခါ ရန်ကုန်ကဖြစ်ကြောင်း၊ အလှူခံလာ ခြင်းဖြစ်ကြောင်း၊ ကျောင်းဆောက်လက်စ အပြီးမသတ်နိုင်၍ ငွေလိုအပ်နေ ကြောင်း ပြောပြနေသည်။ ပြီးလျှင် အသင့်ယူလာသော သာသနာဝင် မှတ်တမ်းနှင့် ကျောင်းဆောင်ဓာတ်ပုံများကိုပြလေသည်။ ကျနုပ်က တစ်အိမ်ဝင် တစ်အိမ်ထွက် အလှူခံခြင်းကို လူတွေက အထင်သေးကြောင်း တကယ့်လိုအပ်သည်မှန်လျှင် မြို့နယ်သံဃနာယက အဆင့်ဆင့်ထံမှ ထောက်ခံချက်ယူပြီး အလှူခံဌာနဖွင့်လိုကဖွင့်၊ မဖွင့်လိုက ကားငှားပြီး အသံချဲ့စက်ဖြင့် အလှူခံစေလိုကြောင်း ပြောပြလိုက်ပါသည်။ ထိုရဟန်း တော်လည်း ဆွမ်းဒကာကပ်သော ဆန်ပြုတ်၊ အကြော် စသည့် ခဲဖွယ်တို့ကို မြိန်ရည်ယှက်ရည် ဘုဉ်းပေးပြီး ပြန်ကြွသွားပေသည်။ ဆွမ်းဒကာကြီးမှာ ကျောင်းဒကာ၊ ရဟန်းဒကာလည်းဖြစ် ဘုရားဂေါပကလည်းဖြစ်၊ ပရိယတ္တိ သာသနဟိတအသင်းကြီး၏ သင်းမ လူကြီးလည်းဖြစ်၍ အသံဖောင်ဖောင် ဖြင့် ရန်ထောင်လိုစိတ်မရှိပေ၊ သို့ဖြစ်စေကာမူ သည်လို အလှူခံမျိုးကိုတော့ စက်ဆုပ်ရွံရှာသည်မှာ အမှန်ပင်။

တိုးချဲ့ရပ်ကွက်များ၌ ကျောင်းမြေဝယ်၍လွယ်ကူသဖြင့် ကျောင်းထောင်လို သောရဟန်းတော်များသည် ရှိစုမဲ့စုလေးများ ထုခွဲ၍ လည်းကောင်း၊ ကျေးရွာများ မြို့ပြများသို့ အလှူခံ၍လည်းကောင်း၊ သူ့ထက်ငါဦးရာ စနစ်ဖြင့် ကျောင်းထောင်လာသည်ကိုတွေ့ရပေသည်။ စာသင်တိုက်ဖွင့်လို၊ ရိပ်သာဖွင့်လို၊ သာသနာအတွက် အလုပ်လုပ်လို၍ မဟုတ်ဘဲ ကိုယ့်ကျောင်းကိုယ်ကန်ဖြင့် တစ်သီးတစ်သန့် ရပ်တည်လိုသည် တောထွက်ရ ဟန်းတော်များက များပေသည်။ ၄င်းတို့၏ ရပ်တည်မှုမှာ သာသနာအတွက် ရပ်တည်ခြင်းမျိုးမဟုတ်ဘဲ၊ ဇိမ်ယဇ်ခြင်း၊ စည်းစိမ်ခံခြင်း၊ မဟာယာန ပုံစံချိုး လိုခြင်းဖြင့်သာ ရပ်တည်နေသည်ကို တွေ့ရပေသည်။ ဆွမ်းခံကြွမည် ဆွမ်းစားကြွမည်၊ စာရေးတံမဲအလှူခံကြွမည်၊ တီဗီကြည့်မည်၊ ဘောလုံးပွဲ ကြည့်မည်၊ ဗီဒီယိုကြည့်မည်၊ ချဲတွက်မည်၊ ချဲဂဏန်းပေးမည်၊ ဧည့်သည်မွေး မည်၊ လိုအပ်လျှင် ဘုရားဖူးလိုက်ပို့မည်၊ ရပ်ဝေး အလှူခံ ကြွမည်၊ သူ့အတွက် တော့ ဘုရားဝတ်တက်ကောင်းတက်မည်၊ ပုတီးစိပ် ကောင်းစိပ်မည်၊ ပရိတ်ရွတ်ကောင်းရွတ်မည်၊ သည်မျှသာဖြစ်သည်။ သည်ထက်ပိုသူများလည်း ရှိသေးသည်။ အမြဲနေ ဧည့်သည်များ မွေးမြူထားပြီး တိတ်တိတ်ပုန်း နှစ်ပါးသွားနေ၊ သိက္ခာအတွက်မရပ်တည်၊ ရိက္ခာ အတွက်ရပ်တည်နေပြီး ဝိဇ္ဇာဥာဏ်မဲ့စွာဖြင့် လိပ်ပြာမသန့်သော သာသနာကို ထူထောင်နေသူများ ဖြစ်ပါ၏။

(ဆက်လက်ဖော်ပြမည်။)
ဝီရသူ(မစိုးရိမ်)
(မဟာဝီရ အမှတ်(၂၄) ၁၃၇၉ ခု၊ နယုန်လ၊ ၂၀၁၇ ခုနှစ် ဇွန်လထုတ်ပါ ဆောင်းပါးအား ကူးယူဖော်ပြသည်။)