သတင်း

ရဟန်းအိုနှင့် ယာဉ်အို(၂)

“မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့”

ကျနုပ်တို့သာသနာ၌ အရည် အချင်းရှိသော အနာဂတ်၏ မျိုးဆက်သစ်လူငယ် ရဟန်းပျိုများကို နေရာပေးသည့်အလေ့အထ အစဉ်အလာသည် ဘုရားလက်ထက်ကပင် ရှိခဲ့လေသည်။ မြတ်စွာဘုရားသည် ဆွေမျိုးတော်စပ်သော ရှင်ကြီးဒေဝဒတ် ကိုလည်း အဂ္ဂသာဝကရာထူး မချီးမြှောက်ခဲ့၊ အသက်ကြီးသည့် ထေရ်ကြီး ဝါကြီး အညာသိကောဏ္ဍညမထေရ်ကြီးကိုလည်း လက်ဝဲရံ၊ လင်္ကျာရံနေရာ မပေးခဲ့ပေ။ အရည်အချင်းနှင့် ထိုက်တန်သော နေရာမျိုးမှာ အရည်အချင်း ရှိသူသာ ဆောင်ရွက်စေလိုသောကြောင့်ဖြစ်၏။ ထိုသို့ ဆောင်ရွက်နိုင်ပါမှ သာ တစ်စထက်တစ်စ တိုးတက်လာမည်ဖြစ်ပေ၏။ အညာသိကေဏ္ဍည မထေရ်ကြီးသည်၊ ရှင်သာရိပုတြာ၊ ရှင်မောဂ္ဂလာန်တို့ထက် ဝါကြီးသော် လည်း အခမ်းအနားများ၌ နေရာမရရှာပေ၊ ဗုဒ္ဓမြတ်စွာက ရှေ့ဆုံးကထိုင် တော်မူပြီး၊ ရှင်သာရိပုတြာကို လင်္ကျာ၌လည်းကောင်း၊ ရှင်မောဂ္ဂလာန်ကို လက်ဝဲ၌လည်းကောင်း နေရာပေးတော်မူပေသည်။ အညာသိကောဏ္ဍည မထေရ်ကြီးကိုကား ဗုဒ္ဓမြတ်စွာ၏ နောက်ကျောတည့်တည့်မှာသာ နေရာပေး လေသည်။ ထိုအခါ အဂ္ဂသာဝကများက ရှင်ကောဏ္ဍညမထေရ်ကြီးကို အားတုံ့အားနာဖြစ်လေ့ရှိကြပေသည်။ ထိုအခြင်းအရာကိုသိသော မထေရ် ကြီးက အဂ္ဂသာဝကနှစ်ပါးကို ငဲ့ညှာပြီး ဟိမဝန္တာတောထဲမှာ တစ်ပါးတည်း ဧကစာရီနေလျက် ဇာတ်မြှုပ်သွားပေတော့သည်။

ကျနုပ်တို့သာသနာ၌လည်း စာချ၊ ကျောင်းထိုင်၊ နာယက၊ တိုက်အုပ်၊ တိုက်ကြပ်စသည့်နေရာ အဆင့်ဆင့်အတွက် အရည်အချင်းရှိသော ပိဋကတ်ပညာရှင် မျိုးဆက်သစ်များကို လက်ဆင့်ကမ်းနေရာပေးကြဖို့ လိုပေသည်။ သို့မှသာ စာသင်တိုက်ပျက်များ၊ အရပ်ကြမ်းပိုးများ မတိုးပွားမှာ ဖြစ်လေသည်။ သာသနာ၏ တန်ခိုးအရှိန်အဝါများ တိုးသည်ထက် တိုးပွား လာမှာဖြစ်ပေသည်။ ထိုသို့အရည်အချင်းကိုကြည့်ပြီး လူကြီးခန့်ခြင်းမဟုတ်ဘဲ အသက်အရွယ်၊ ငွေကြေးဥစ္စာ သဘာလုပ်သက်တို့ကိုကြည့်ပြီး လူကြီးတင်မိ သည့်အတွက် တစ်ချို့စာသင်တိုက်ကြီးများမှာ တိပိဋကဓရများ၊ အဘိဝံသများ မွေးထုတ်ပေးနိုင်သော အစဉ်အလာများ ရပ်ဆိုင်သွားပြီး၊ မသမာသည့်နည်းဖြင့် နေရာလုကြသည့် ခွေးအ သာသနာတိုးပွား လာလေသည်။ ထိုအခါ စာတတ်ပေတတ်ရဟန်းသံဃာများ ဘေးရောက် သွားကြလေသည်။ ဘေးမရောက်သော်လည်း တိပိဋကလုပ်ရမှာလိုလို ရိပ်သာဆရာလုပ်ရမှာလိုလို ဟိုမရောက် သည်မရောက်ဖြစ်ကုန်ကြတော့ လေသည်။ မြို့ကြီးများတွင် ကျောင်းမဲ့ အလုပ်မဲ့ ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များ တောင်လိုပုံနေလေသည်။ ၄င်းတို့သည် စာသင်တိုက်ကြီး များမှာလည်း နေရာမရ၊ ၄င်းတို့ကလည်း ကျေးလက်မပြန်ချင်ဖြင့် သောင်မတင် ရေမကျ ဖြစ်နေရလေသည်။ စာတတ်ပေတတ် ကျမ်းဂန်တတ် ရဟန်းတော်များ ရောက်လာမှာကြောက်ရွံ့သော ရိပ်သာဆရာများကလည်း ၄င်းတို့ကိုလက်မခံကြပေ။ ထိုရိပ်သာများကိုကြည့်လျှင်လည်း တောထွက်ရဟန်းအိုကြီးများနှင့် လူပုဂ္ဂိုလ်ကမ္မဋ္ဌာန်းဆရာများ ဦးဆောင်နေ သည်ကို တွေ့ရပေလိမ့်မည်။ တစ်ချို့ စာပေပိဋကတ် ကျမ်းဂန်တတ်သည့် စာချအကျော်အမော်ဆရာတော်ကြီးများကလည်း သာသနာ့မျက်နှာကို မကြည့် ဆွေးမျိုးမျက်နှာကိုကြည့်ကာ စာမတတ်သူများကို ကျောင်းလွှဲခဲ့ သည်ကို တွေ့ရပေသည်။ ဤအကြောင်းများကြောင့် သာသနာ့မျိုးဆက်သစ် များ မတိုးတက်နိုင်ဖြစ်နေရလေသည်။

“ယာဉ်အိုနှင့် ယာဉ်ပျို”

အချို့ယာဉ်အိုကြီးများသည် မော်ဒယ် ကရှေးကျနေသည့်အပြင် အင်ဂျင်ကပါ ခေတ်မမီတော့၍၊ ခေတ်မီမော်ဒယ် သစ် အင်ဂျင်သစ်ကားများကို မယှဉ်နိုင်တော့ပေ၊ တစ်ချို့ယာဉ်အိုကြီးများမှာ ကိုယ်ကလည်း မစွမ်းနိုင်၊ စွမ်းနိုင်သူကိုလည်း ကျော်တက်ဖို့ လမ်းမပေးနိုင်ဘဲ ကန့်လန့်ခံ ခွမောင်းနေသည်ကို တွေ့ရပေသည်။ လမ်းကြောပိတ်ဆို့သည့် ယာဉ်အိုကြီးများဖြစ်လေ၏။ မြို့ပြအတွက် အန္တရာယ်ကြီးသော ယာဉ်အို ယာဉ်မောင်းကြီးများဖြစ်ကြ၏။
သာသနာ့အစဉ်အလာကို သာသနာ့ဝန်ထမ်းများကမှ မလိုက်နာ နိုင်လျှင်၊ ဘုရားအစဉ်အလာကို ဘုရားသားတော်များကမှ မလိုက်နာနိုင်လျှင် ရဟန်းအိုနှင့်ကျောင်းအိုကြီးများသည် ယာဉ်အိုကြီးများသဖွယ် သာသနာကို အန္တရာယ်ပြုလာနိုင်ပေသည်။ ဤပြဿနာမျိုး၌ ရဟန်းတော်များသာမကဘဲ ကျောင်းဒကာများမှာလည်း တာဝန်ရှိပေသည်။ ကျောင်းဒကာများက မိမိကျောင်း၏ အနာဂတ်အတွက် ကျောင်းထိုင်ဆရာတော်ကို လျှောက်ထား ရမည်၊ ကျောင်းထိုင်ဆရာတော်က ရွေးချယ်ထားမှုမရှိလျှင် စိတ်တိုင်းကျ ရွေးချယ်ရမည်၊ ကျောင်းထိုင်ဆရာတော်က ရွေးချယ်ထားသူရှိလျှင် ယူရမည်။ အရေအတွက်ကို အဓိကမထားဘဲ အရည်အချင်းကို အဓိကထားရမည်၊ ဘွဲ့တံဆိပ်ကို အဓိကမထားဘဲ လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်မှုကို အဓိက ထားရမည်။ လိုအပ်လျှင် ဆရာဖြစ်သူက သာသနာ့အမွေပေးဖို့ တပည့်များ ကို ပညာသင်စေလွှတ်ရမည်၊ ဒကာဖြစ်သူက ထိုစာသင်သားကို ထောက်ပံ့ ရမည်၊ ဤသို့ဆိုလျှင် ယာဉ်အိုကြီးများပါးသည်ထက်ပါး၊ ရှားသည့်ထက်ရှား ပြီး သာသနာတော်ကြီးသည်လည်း မြို့လုံးကျွတ်၊ ရွာလုံးကျွတ် စည်ပင် ဖွံ့ဖြိုးလာပေလိမ့်မည်။ ထိုအခါ အလျင်ဦးဆုံး ကြည်နူးရမည့်သူမှာ ထိုဆရာနှင့် ထိုဒကာပင် ဖြစ်လေသည်။

“ငြိမ်းချမ်းရေး ဂေဟာများ”

တချို့ကျောင်းတော်များမှာ ရှေးဆရာ အဆက်ဆက်က ခက်ခဲစွာ ထူထောင်ခဲ့ကြပြီး သာသနာပြုခဲ့ကြသော်လည်း နောက်ဆရာများလက်ထက် တွင် စာအံသံဆိတ်သုဉ်းလာကြသည်ကို တွေ့ရ ပေသည်။ ကျောင်းဆရာမ တစ်ယောက်သည် ရွာဘုန်းကြီး၏ တာဝန်ပေးချက် အရ ကိုရင်အပ်ရန် ကျောင်းလိုက်ရှာလေသည်။ ကျောင်းအများစုမှာ စာအံသံမကြားရ၍ ဘယ်ကျောင်းကို ဘယ်လိုအပ်ရမှန်းပင် မသိရှာပေ။ နောက်ဆုံးစာအံသံကြား သော ကျောင်းတစ်ကျောင်းကိုတွေ့၍ အရဲစွန့်လျှောက်ထားခဲ့ရလေသည်။ ကျောင်းတိုက်ကြီးတစ်ခုလုံးမှာမှ စာအံသောကျောင်းဆောင်တစ်ခုကိုသာ တွေ့ခဲ့ရသည်မှာ သာသနာအတွက် ရှက်စရာအတိဖြစ်ပေသည်။

နယ်မှ သူဌေးတစ်ယောက်သည် မန္တလေးရောက်တိုင်း ဘုန်းကြီး ကျောင်း၌သာတည်းလေသည်။ သူတည်းသောကျောင်းမှာ သူဌေးကတော်၏ ဘကြီးတော်ကျောင်းဖြစ်လေသည်။ ကုသိုလ်လည်းရသည်၊ ဘကြီးတော်ကို လည်းထောက်ပံ့ပြီး၊ ပြုစုပြီးသားဖြစ်သည်၊ တည်းခိုခန်းထက်လည်း နေရတာ လွတ်လပ်သည်၊ ထို့ကြောင့် တည်းခိုးခန်း၌ မတည်းဘဲ ကျောင်းမှာတည်းခြင်း ဖြစ်၏။ သို့သော် သူတည်းသောကျောင်းမှာ ဓုရဝိမုတ်(အလုပ်လက်မဲ့) ကျောင်းဖြစ်နေ၍ စိတ်မချမ်းသာရှာပေ။ သို့ဖြစ်၍ သူဌေးကတော်အား ဤသို့အမြဲဆိုလေသည်။ ” ရှင်မရေ တခြားကျောင်းတိုက်တွေမှာတော့ စာအံသံတွေ ဘဝဂ်ညံလို့ ကြည်ညိုစရာကောင်းပါဘိ၊ ရှင်မ ဘဘုန်းကျောင်း ကဖြင့် ဘဘုန်းလေလည်သံပဲ ကြားရပါလား” ဟူ၏။

ကျနုပ်နှင့် ကျနုပ်ဒကာတို့သည် အကြံအစည်တစ်ခုဖြင့် ဗလီနှင့်နီးသော ဘုန်းကြီးကျောင်းတစ်ခုကို စည်းရုံးခဲ့ဖူး၏။ အဇ်နေ့များတွင် နွားသတ်သည့် မြင်ကွင်းကို ကင်မရာဖြင့် ဆွဲရိုက်လို၍ အကြိုညတွင် တပည့်တစ်ပါးကို ညအိပ်စေလွှတ်ခဲ့လေ၏။ ထိုကျောင်းတိုက်သည် မြို့ပြနေရာ အချက်အချာ ကျပြီး ကျောင်းဝင်းလည်းကျယ်၊ ကျောင်းဆောင်တွေလည်းများသော ကျောင်းတိုက်ဖြစ်လေသည်။ တပည့်လေးတစ်ပါးက ညအိပ်သည့်အခါ ခြင်ထောင်အပိုမရှိလို့ဟုဆိုကာ ပြန်လွှတ်လိုက်ပေသည်။ ထိုအခါ ကျနုပ်က ဒကာ ဤသို့မှတ်ချက်ချလေသည်။ ”ကျောင်းတိုက်ကြီးတစ်ခုလုံးဖြစ်ပါလျက် အာဂန္တုတစ်ပါးစာတောင် အိပ်စရာမရှိတာ အလုပ်မလုပ်ကြလို့နေမှာ” ဟုဖြစ်လေ၏။ သာသနာအတွက် အလုပ်မလုပ်လိုဘဲ အေးအေးဆေးဆေး နေကြလိုသူများအတွက် လာဘ်လာဘများလည်း အေးဆေးသွားကြပေ သည်။ အလုပ်လက်မဲ့ကျောင်းအများစုမှာ ဧည့်သည်အာဂန္တုရောက်လာလို့မှ တည်ခင်းဧည့်ခံစရာ စားစရာအပိုမရှိ၊ ကိုယ့်အတွက်တောင် အနိုင်နိုင် ဟူသည့်ကျောင်းများဖြစ်နေလေသည်။ ဧည့်သည်က လှူလျှင်လှူ ချက်ပြုတ်ကပ်လျှင်ကပ်၊ မလှူ မကပ်လျှင် ဆွမ်းငတ်မည့်အနေအထားမျိုး ရှိကြလေ၏။

ထိုသူတို့၏ ကျောင်းများသည် ဘုန်းကြီးကျောင်းနှင့်မတူ၊ အလုပ်လက်မဲ့ တို့၏ ငြိမ်းချမ်းရေးဂေဟာများနှင့်သာ တူလေသည်။ ငြိမ်းချမ်းရေးဆိုသော် လည်း ဗုဒ္ဓဓမ္မဖြင့် တကယ့်ကို ငြိမ်းချမ်းစွာနေသည့် သူတော်ကောင်းတို့၏ ငြိမ်းချမ်းရေးမျိုးမဟုတ်ပေ၊ ဆူဆူငြံငြံ စာအံသံမကြားရသည့် ငြိမ်းချမ်းရေး မျိုး၊ တရားဓမ္မ နားဝမှာ မကြားရနိုင်သည့် ငြိမ်းချမ်းရေးမျိုးဖြစ်လေ၏။

နိုင်ငံတော်သံဃမဟာနာယကနှင့် သာသနာရေးဝန်ကြီးဌာနသည် ထိုကဲ့သို့ နည်းမျိုးစုံဖြင့် ဖြစ်သလို ကျောင်းထိုင်နေကြသော ဓုရဝိမုတ် (အလုပ် လက်မဲ့)ကျောင်းများ တိုးပွားမလာရေး၊ လျော့ကျသွားရေး၊ အလျဉ်းပပျောက် ရေးများအတွက် နည်းလမ်းတကျ ဆောင်ရွက်သင့်လှပေပြီ။ ဒုစရိုက်မျိုးစုံ ကျူးလွန်သူများကို ကြည့်လျှင် ထိုကျောင်းတိုက်များက ဖြစ်နေလေသည်။ သာသနာ့အညစ်အကြေး သာသနာ့အမှိုက်ပုံများဟု ခေါ်ဆိုနိုင်လေ၏။

ကျောင်းထိုင်အင်္ဂါရပ်နှင့် မညီသောအရည်အချင်းမဲ့ ကျောင်းထိုင်များ ကို ဖယ်ရှားရမည်၊ စာမေးပွဲဝင်မည့် ရဟန်းသံဃာများ လုံးဝမရှိသည့် ကျောင်းများကို စီမံကိန်းတစ်ရပ်ရေးဆွဲရမည်။ စီမံချက်များ ချမှတ် ဆောင်ရွက်ရမည်။ ဒုစရိုက်ကျူးလွန်ရာ၌ ကျော်ဇောမှုကြီးသောကျောင်း များကို ချိပ်ပိတ်သင့်ကပိတ်ရမည်။ အတန်းကျောင်းဖွင့်သင့်က ဖွင့်ရမည်၊ အရည်အချင်းရှိသည့် စာချဆရာတော်များကို ပင့်ဆောင်ကျောင်းထိုင် စေရမည်။ ဤသို့ဆိုလျှင် ကျနုပ်တို့ သာသနာသည် ကြယ်စင်များဝန်ရံခနေ သည့် ငွေလမင်းကြီးသဖွယ် တင့်တယ်လှပနေပေလိမ့်မည်။ သန့်ရှင်း ဝင်းပ နေပေလိမ့်မည်။ သူတပါးရဲ့ အကဲ့ရဲ့မှာ လွတ်မြောက်နိုင်ပေလိမ့်မည်။

ဝီရသူ(မစိုးရိမ်)
(မဟာဝီရ အမှတ်(၂၄) ၁၃၇၉ ခု၊ နယုန်လ၊ ၂၀၁၇ ခုနှစ် ဇွန်လထုတ်ပါ ဆောင်းပါးအား ကူးယူဖော်ပြသည်။)