2.12.2017 ရက်နေ့ ညနေ ၅း၀၀ နာရီ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ်(၁၉)ရပ်ကွက် ကိုလှကျော်ဦးဆောင်သော လှိုင်သာယာဘုရားဖူးအဖွဲ့ ရောက်ရှိလာပါတယ်။ ကိုလှကျော်တို့ လှိုင်လူငယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ 1.4.2017 ရက်နေ့တုန်းက အမှတ်(၁၉)ရပ်ကွက်လုံးဆိုင်ရာ ချစ်ကြည်ရေးလမ်းမိသားစု တတိယအကြိမ်ဆွမ်းအောင်ပွဲ ဓမ္မသဘင် ဦးစီးကျင်းပခဲ့တဲ့သူတွေ ဖြစ်ပါတယ်။
မန္တလေးသို့ ရောက်တုန်းရောက်ခိုက် စာရေးသူ သီတင်းသုံးရာ ဓမ္မသဟာယကျောင်းသို့ လာရောက်ဖူးမြော်ကြတာပါ။ တရားပွဲတွေအပိတ်ခံထားရလို့ ငွေကြေးအခက်အခဲရှိနိုင်တာကြောင့် နဝကမ္မဝတ္ထုငွေ စုပေါင်းပြီး လှူဒါန်းသွားကြပါသေးတယ်။
စာရေးသူက နမောတဿ ဘုရားရှိခိုး အထင်မသေးဖို့ သိကြားမင်းလို ကောသလမင်းလို နန်းရေးဝန်လို ပုရောဟိတ်လို မြင့်မြတ်သူတို့ ဖန်တီးခဲ့တဲ့ ဘုရားရှိခိုးဖြစ်ကြောင်း တန်ခိုးအင်မတန်ထက်ကြောင်း သတိရတိုင်း စိတ်ထဲမှာ ရွတ်ဆိုသင့်ကြောင်း သွားရင်းလာရင်း စာရင်းသောက်ရင်း လုပ်ရင်းကိုင်ရင်း နေရင်းထိုင်ရင်း စတာတွေမှာ သတိရတိုင်းရွတ်ဆိုလျှင် ရွတ်ဆိုသလောက် အကျိုးကျေးဇူးအင်မတန်များပြားကြောင်း ဟောပြောတိုက်တွန်းခဲ့ပါတယ်။