(ကျစွာဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် မေလမှာ ထုတ်ဝေခဲ့တဲ့စာအုပ်ပါ။ စာအုပ်ပါမိတ်ဆက်စကားအရ ကျစွာဆရာတော်ကြီးအကြောင်းကို အခန်းခွဲပြီး စာတန်းပြုစုထားတာပါ။ အခန်း(၆)ခန်းရှိပြီး အခုတင်ပြမည့်အခန်းကတော့ အခန်း(၃) “ရွှေမျက်မှန် ဦးဝိဇယ၏ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ရပ်နှင့် ဝံသာနုရက္ခိတ တရားများစာတန်း” ဖြစ်ပါတယ်။
ဆရာတော်ဦးပုညာနန္ဒာဘိဝံသ ပြုစုထားတာပါ။
အခုခေတ်နှင့်တိုက်ဆိုင်နေလို့ ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ တို့ပိုင်နက်တွေကို အဓမ္မသိမ်းယူတာ ဘယ်သူတွေလဲဟေ့- အင်္ဂလိပ် အင်္ဂလိပ် တို့တတွေကိုဒုက္ခပေးနေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် တို့လူမျိုးတွေကို နှိပ်စက်နေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့ရန်သူအစစ်တွေဟာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့မကြောက်ရမှာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် အင်္ဂလိပ်ကိုကြောက်သေးလား ပရိသတ်ကြီး – မကြောက်ဘူး မကြောက်ဘူး(စာ-၁၁၈)
အမျိုးသားရေးလုပ်ရင် ဘုန်းကြီးအချင်းချင်း အမြင်မကြည်ချင်ဘူး၊ လူတွေက နှာခေါင်းရှုံ့တယ် စတာတွေပါဝင်တဲ့ ဒုဋ္ဌဂါမဏိအကြောင်းလည်း ပါပါတယ်။ အခန်းဆက်တင်ပြပေးပါ့မယ်။
ဝီရသူ(မစိုးရိမ်)
22.11.2017
PM 10:16
========================================================
“အကျိုး အမြတ်”
ဆိုအပ်ပြီးသည့်အတိုင်း ဘုန်းတော်ကြီးများပါဝင်လျက် ကိုယ်ဖိရင်ဖိဟောပြော စည်းရုံးခြင်းကိုပြုသဖြင့် ခေတ်ကြီးကို တပြိုင်နက်တည်းပြောင်း၍ ပစ်လိုက်သလို ဝံသာနုစိတ်ဓာတ်များ အထွဋ်အထိပ်သို့ ရောက်အောင် တိုးတက်ရင့်သန်ကာ လူတိုင်းလူတိုင်းတွင် အကြောက်မဲ့ စိတ်ဓာတ်များ အဆများစွာ ကြီးထွား၍ လာကြလေသည်။
ထိုခေတ်အခါက မြန်မာဖြစ်အဝတ်အထည်များဖြင့် မြန်မာဆန်ဆန်ဝတ်ဆင်မှုဝါဒမှာ မြန်မာလူမျိုးအားလုံး ကုန်လောက်အပေါ်တွင် လွှမ်းမိုးနိုင်ခဲ့၏။ အိမ်များ၌ ဝံသာနုဟူသော ကမ္ဗည်းဆိုင်းဘုတ်များကို ရေးသားထားကြ၏။ ခရီးသွားရာတို့၌ ဝံသာနုလက်မှတ်ပါသူများမှာ အထူးစန်းပွင့်ကြ၏။
ဥပဒေစည်းကမ်း မကျလျှင်မခံဘူး ဟူသော စကားကိုနိုင်ငံရေးတရားပွဲတိုင်းမှလိုလို ချပို့ပေးသဖြင့် လူတိုင်း လူတိုင်း နှုတ်တက်နေကြပြီဖြစ်ရကား အစိုးရအရာရှိများသည် ရှေးကကဲ့သို့ အာဏာကို ထင်တိုင်းမသုံးရဲဘဲ တစတစလျှော့၍လာကြရတော့၏။ အစိုးရအရာရှိများလာလျှင် ရွာသူရွာသားများက အခမဲ့ အစေခံ ပေးရခြင်း၊ ပျော်တော်ဆက်ပေးရခြင်း၊ ကြက်သားဟင်းကောင်းများ ပေးရခြင်းစသောကိစ္စများမှာ ရပ်စဲ၍ သွားတော့၏။
အတင်းအကြပ်ရွာစည်းရိုး အကာခိုင်းခြင်း၊ ကင်းစောင့်ခိုင်းခြင်း၊ အပြစ်ရှိသည်ဆိုရသူကို ညှဉ်းဆဲနှိပ်စက်ဘို့ရန် ရွာသူကြီးအိမ်၌ ထိပ်တုံးများထားခြင်း ဤအလေ့အထများလည်း ပျောက်ကွယ်၍ သွားတော့၏။
လူတယောက်မတရားအနှိပ်စက်ခံရလျှင် အသင်းရံပုံငွေနှင့် ခုခံပြောဆိုကြ၏။ ရပ်ကွက်မိတ်ဆွေသင်္ဂဟ များကလည်း ရိုင်းပင်းထောက်ပံ့ကြ၏။ အာဏာဖီဆန်မှု၊ အစိုးရကိုအကြည်ညိုပျက်အောင်လုပ်ဆောင်မှု၊ နိုင်ငံရေးကိစ္စကို ဆောင်ရွက်မှုတို့ကြောင့် ထောင်တန်းကျသည်ဆိုလျှင် ၄င်းပုဂ္ဂိုလ်လုပ်ငန်းကို တသင်းလုံးက ဝိုင်း၍ကူညီကြ၏။
၎င်း၏လယ်ယာများမှာ သူရင်းငှားမထားဘဲ ဝံသာနုများက စိုက်ပျိုး လုပ်ကိုင်၍ပေးကြ၏။ သား မယားများမှစ၍ ဆွေမျိုးဉာတိမှီခိုသူများရှိလျှင် ဝံသာနုများက ဝိုင်းဝန်း၍ ထမင်းကျွေးမွေးခြင်း၊ အဝတ်အထည်ထောက်ပံ့ခြင်း၊ ကြွေးငွေ ထောက်ပံ့ကူညီခြင်းများကို ပြုကြ၏။ လယ်ခွန် လူခွန်စသော အများနှင့်ဆိုင်သော ကြီးကျယ်သော အရေးကိစ္စများတွင် သံဃာ့သာမဂ္ဂီ ဘုန်းတော်ကြီးများက ပါဝင်ဦးဆောင်ကာ တောင်းဆိုပေးကြ၏။ ဤသို့ ဝံသာနုစိတ်ဓာတ်များ မကြောက် တရားများ ကြီးထွား၍ လာကြလေသည်။
“ရွှေမျက်မှန်ဦးဝိဇယနှင့် မလှိုင်မှု”
ဤမလှိုင်မှုဆိုသည်မှာ ၁၂၈၈ ခုနှစ် မြေသမာဓိကြေး တောင်းဆိုသည့်ကိစ္စကို အစွဲပြု၍ ပေါ်ပေါက်လာခဲ့သည်။ စံနစ်ဟောင်းအားဖြင့် သမာဓိကြေး(လယ်ခွန်ယာခွန်)ကိုတောင်းခံရာ၌ စိုက်ပျိုးအပ်သော စပါးကောင်းသည်မကောင်းသည်ကို မြေတိုင်းစာရေးများနှင့် လယ်ကွင်းသို့ဆင်း၍ ကြည့်ရှုပြီးမှ စပါးကောင်းလျှင် ကောင်းသည့်အလျောက် မကောင်းလျှင်လည်း မကောင်းသည့်အလျောက် သမာဓိကြေးကိုတောင်းခံရလေသည်။ စံနစ်သစ်မှာမူ ဆိုခဲ့ပြီးအတိုင်း လယ်ကွင်းသို့ဆင်း၍ မကြည့်ရှုတော့ဘဲ ဤရွာမှတထောင်၊ ဤရွာမှတသောင်း စသဖြင့် ကြေးဖြတ်ကာ တောင်းခံခြင်း ဖြစ်လေသည်။
ယင်းစံနစ်သစ်ကို စမ်းသပ်သည့်အနေဖြင့် မလှိုင်မြို့နယ်မှ စတင်တောင်းခံလေရာ အခွန်ထမ်းရမည့် ပုဂ္ဂိုလ်များက စံနစ်ဟောင်းကို ကြိုက်နှစ်သက်သဖြင့် မပြေမလည်ဖြစ်ရလေသည်။ ထိုကိစ္စ ပြေလည်မှုရစေရန် သရက်မြို့မှ ဦးဝိမလဗုဒ္ဓိ၊ မလှိုင်မြို့ ဦးဒေဝိန္ဒဟူသော သံဃာ့သာမဂ္ဂီ ဘုန်းတော်ကြီးများ က ဦးဆောင်ကြပြီး ဘဏ္ဍာရေးဝန်ကြီးက အရေးပိုင်နှင့် ဝန်ထောက်တို့ကိုစုံစမ်းခိုင်းပြီး ပြေပြစ်အောင် စီစဉ်ပါမည်ဟု ဝန်ခံလိုက်သော်လည်း တစုံတရာအရေးယူဆောင်ရွက်ချက်ကို မတွေ့ရသဖြင့် သံဃာတော်များနှင့် နယ်သူနယ်သားအားလုံး မျက်နှာစုံညီ အစည်းအဝေးတရပ်ကို ကျင်းပလေသည်။ ထိုအစည်းအဝေးမှ-
နည်းဟောင်းစံနစ်ဟောင်းဖြင့် ကြေးခွဲလျှင် ခွေးလည်းပင်းကိုပင်စာဆွဲ၍ လွတ်ပါ၊ ပေးပါမည်၊ နည်းသစ်စံနစ်ဆိုလျှင် မပေးနိုင် အစိုးရသဘောအတိုင်းဟု ဆုံးဖြတ်ချက်ချကြပြီး မေမြို့သို့တက်ခါ ဒုတိယအကြိမ် ဘဏ္ဍာရေးဝန်ကြီးနှင့် အရေးဆိုပြန်လေသည်။
ဘဏ္ဍာရေးဝန်ကြီးက နယ်သူနယ်သားများထံမှ စံနစ်သစ်အတိုင်းပေးဆောင်ပါမည်ဟူသော ဝန်ခံချက်ရရှိခဲ့ ကြောင်း မိမိခိုင်းလိုက်သော ပုဂ္ဂိုလ်များက ပြောပါသည်ဟု အဖြေပေးလေသည်။ စုံစမ်းရန်လာသော အရေးပိုင်နှင့် ဝန်ဆောင်များမှာ ဘဏ္ဍာရေးဝန်ကြီး၏ အလိုတော်ရိများဖြစ်ကြသဖြင့် အမှန်အတိုင်း အစီရင်မခံဟု သိရ၏။
ဤကိစ္စအတွက် အတင်းအကြပ် အရေးဆိုရန် သံဃာ့သာမဂ္ဂီဘုန်းတော်ကြီး ရွှေမျက်မှန်ဦးဝိဇယနှင့် ဇီးကုန်းကျောင်းဘုန်းကြီး ဦးကောသလ္လတို့သည် မလှိုင်မြို့နယ် သက္ကယ်ကျင်းရွာကျောင်းသို့ သွားရောက် ပြီးလျှင် ရဲဆေးတင် တရားပွဲများကို ကျင်းပဟောပြောရလေသည်။
ဟောကြားပုံသရုပ်ကို အနည်းငယ် ထုတ်ဖော်လိုက်ပါဦးအံ့။ စိုးပါနဲ့မေရယ် မိုးကြယ်မို့လား၊ ဒီတောင်ကို မောင်ဖြိုပါ့မယ် မြင်းမိုရ်မို့လားလို့ ဆိုရိုးစကားရှိတဲ့အတိုင်း ဒီကနေ့ ဖြိုရမှာကတော့ မြင်းမိုရ်မဟုတ်ဖူး၊ ကြက်ခြံဖြစ်တယ်(ထောင်ကိုရည်ရွယ်သည်)၊ အခွန်မပေးဘဲနေယင် ထောင်ချချင် ချလိမ့်မယ်။ ဒို့လူတွေ ဒို့လူတွေ ထောင်ချခံနိုင်ကြပါ့မလား ခံမယ် ခံမယ် (ပရိသတ်များ)။
ထောင်မချယင်လဲ ပစ္စည်းကိုသိမ်းယူပြီး လေလံပစ်လိမ့်မယ်၊ လေလံပစ်ဆိုဒါက ၅၀ိတန်လောက်ကို ဈေးအဆမတန်ချပြီး ၁၀၊ ၁၅နဲ့ရောင်းဒါမျိုးဘဲ၊ ဒီလို လေလံပစ်တာကို ခံနိုင်ကြပါ့မလား ခံနိုင်ပါတယ် ခံနိုင်ပါတယ်(ပရိသတ်များ)။
အဲဒီလို လေလံပစ်တဲ့နေရာမှာ ဒို့ပရိသတ်များက အနိုင်ရစရာအကြောင်းတခုရှိတယ်၊ အဲဒီပရိသတ်ဆိုဒါက အခြားမဟုတ်ဘူး၊ လေလံမဆွဲဘဲ တညီတညွတ်ထဲ တောင့်ခံထားဘို့ဘဲ ဘယ့်နှယ်လဲ ပရိသတ်များ ညီပါ့မလား ညီပါတယ် ညီပါတယ်။
ဤကဲ့သို့ ရဲ့ဆေးတင်တရားပွဲကျင်းပနေစဉ် ပုလိပ်များရောက်ရှိလာပြီး ရုံးတံဆိပ်ခပ်နှိပ်ပြီး စာများဖြင့် တာဝန်ဝတ္တရားအရ တရားပွဲကို ပိတ်ပင်တားမြစ်ရပါသည်ဟုဆိုကာ စာရွက်တရွက်ကို တရားဟောနေသော ဘုန်းတော်ကြီး ရွှေမျက်မှန်ဦးဝိဇယအား ပေးအပ်လေသည်။ ယင်းစာ၌ အင်္ဂလိပ်စာလုံးဖြင့် မြို့ပိုင်လက်မှတ် ရေးထိုးထား၏။ ရုံးတံဆိပ်ကားမပါချေ၊ ဘုန်းတော်ကြီး ရွှေမျက်မှန်ဦးဝိဇယသည် ယင်းစာရွက်ကို ကြည့်ရှုပြီးနောက် ဤစာရွက်မှာ ရုံးတံဆိပ်မပါ၊ ငါမသိ နားမလယ်တဲ့စာလုံးနဲ့ လက်မှတ်ထိုးထားတဲ့ အလကားစာ၊ လူညာတွေပေးခဲ့တဲ့စာ၊ ငါမယူနိုင်ပါဟု ကဗျာဆန်ဆန်ဆိုမြည်လိုက်ပြီးနောက် ပရိသတ်ရှေ့တွင် လွှင့်ပစ်လိုက်ပြီး တရားကိုဆက်လက်ဟောလေသည်။
မှတ်ချက်။ ။ မြို့ပိုင်သည် နယ်လှည့်ယင်း မတ်တတ်တွေ့ဆုံ၍ ပေးရသောစာဖြင်သဖြင့် ထိုစာ၌ ရုံးတံဆိပ်မပါသည်ကား အမှန်ဖြစ်လေသည်။ လက်မှတ်ထိုးထားသည့် စာလုံးများကို ဖတ်စွမ်းနိုင် သော်လည်း ပရိယာယ်လုပ်၍ ငါနားမလယ်ဟု ဆိုလိုက်ခြင်းဖြစ်၏။ ထိုစာရွက်ကို လွှင့်ပစ်လိုက်သောအခါ စာပို့လာသည် ပုလိပ်များသည် စာရွက်ကို ကောက်ယူပြီးလျှင် တရားဟောပုဂ္ဂိုလ်ရှေ့နားရှိ တိုင်တတိုင်တွင် ကပ်ထားပြီး ပြန်သွားကြလေသည်။
ဤသို့ ရဲဆေးတင်တရားပွဲများကို မန္တလေးမှတလှည့်၊ ရန်ကုန်မှတလှည့် သာမဂ္ဂီသံဃာများ မလှိုင်မြို့နယ်သို့ သွားရောက်၍ ဟောပြောကြလေသည်။ ပဋ္ဌမအသုတ် မန္တလေးရွှေမျက်မှန်ဦးဝိဇယ ဦးစီးသည်။ ဒုတိယအသုတ် ရန်ကုန် ဦးဝိစာရ ဦးစီးသည်။ တတိယအသုတ် မန္တလေးဘုရားကြီးတိုက် အထွေထွေအကျိုးဆောင် ဦးပဏ္ဍိတ ဦးစီးသည်။ စတုတ္ထနောက်ဆုံးသုတ် ရန်ကုန်နေ သရက်ဦးဝိမလ၊ မလှိုင်ဦးဒေဝိန္ဒ၊ ကျွဲခြံဆရာတော်၊ ကန်ကြီးကုန်း ဦးပုညနှင့် ဦးကဝိန္ဒတို့ကြွရောက်ဟောပြောကြလေသည်။ ဤနောက်ဆုံးသုတ်၌ မျက်နှာဖြူအစိုးရက တရားပွဲကို ပြင်းပြင်းထန်ထန် အနှောက်အယှက်ပေးသည်။ တရားနာပရိသတ်အား နင်းပစ်ဖြိုခွဲတော့မည့်ဟန် ခပ်လှမ်းလှမ်းမှ မြင်းတပ်စုတစုကို ပရိသတ်ရှိရာသို့ အတင်းစိုင်းနှင်၍လာသည်။ တရားဟောဘုန်းကြီး ဦးဝိမလက ပရိသတ်အားလုံး မျက်စိမှိတ်ငုံ့နေဟူသော အမိန့်အရ ပရိသတ်များလိုက်နာကျင့်ကြံ ကြံ့ကြံ့ခံလိုက်သဖြင့် အနီးရောက်မှ ဇက်ကြိုးကိုဆွဲလှည့်ကာ တပ်ခေါက်၍ ပြန်ကြလေသည်။
ထိုတရားပွဲ၏ ပတ်ဝန်းကျင်၌ တောသူတောင်သားများ အလွန်ဆင်းရဲနွမ်းပါးပါသည်။ ဈေးအချောင်ရသည့် အကျိုးအမြတ်ကိုသာကြည့်ပြီး လေလံဆွဲကြမည်ဆိုလျှင် တောသူတောင်သားအပေါ် မထောက်ထားရာ ကျပါသည်။
ဆင်းရဲနွမ်းပါးသည့် မိမိတို့အမျိုးသားများအပေါ် ထောက်ထားသောအားဖြင့် မလှိုင်လူထုက လေလံမဆွဲရန် မေတ္တာရပ်ခံပါကြောင်းဟူသော ချော့မော့တောင်းပန်သည့် ပိုစတာစာတန်းများ၊ လေလံဆွဲတဲ့အကောင် သတိထား၊ ဒို့တောလာရောက်လျှင် အသက်ပျောက်စေမည်စသော ခြိမ်းခြောက် သည့် ပိုစတာစာတန်းများကို ဦးကဝိန္ဒက တိတ်တဆိတ် စီမံရလေသည်။
ဤအရေးအခင်းတွင် အစိုးရက တောသူတောင်သားများထံမှ မောင်းဆုံများ၊ လှည်း နွား မြင်း ထွန် ထယ် စသော လယ်ယာသုံးပစ္စည်းများကိုသိမ်းယူပြီး မလှိုင်မြို့သို့ သယ်ဆောင်ကာ လေလံပစ်လေသည်။ လေလံဆွဲသေူာသူ တစ်ယောက်မျှမရှိသဖြင့် ပစ္စည်းများကို ပစ္စည်းရှင်များလာရောက်ယူရန် ဆင့်ခေါ်ရပြီး လူထုအလိုကို လိုက်လျောကာ စံနစ်ဟောင်းအတိုင်း အခွန်တောင်းရလေသည်။
ဤပွဲအပြီးတွင် ဦးဝိမလ၊ ဦးဒေဝိန္ဒ၊ ကန်ကြီးကုန်းဘုန်းကြီးဦးပုည၊ ကျွဲခြံဆရာတော်၊ အကျိုးဆောင် မောင်ဘသောင်းနှင့် မိန်းမရှစ်ဦးအဖမ်းခံရသည်။ ဘုန်းကြီးလေးပါးနှင့် မောင်ဘသောင်းတို့ ထောင်ချခံရ၍ မိန်းမရှစ်ဦးကားလွတ်မြောက်လေသည်။ မိန်းမရှစ်ဦးကို ရုံးအပေါ်ထပ်တွင် ချုပ်နှောင်ထားရာ ချုပ်တည်းမရ၊ လွယ်မထားနိုင်သောကိစ္စဖြစ်သည်ဟု ဆိုကာ အပေါ့များ စွန့်ချသဖြင့် အောက်ထပ်နေ စာရေးများ ရွှဲရွှဲစိုလေသည်။
“ရွှေမျက်မှန် ဦးဝိဇယနှင့် မြစ်ငယ်မှု”
မလှိုင်အရေးအခင်းနှင့် မရှေးမနှောင်းပင် မြစ်ငယ်ရွာလည်း အခွန်မှုခင်းတရပ်ပေါ်လေသည်။ အစိုးရက သဿမေဓအခွန်ကို တခါတည်းအပြေပေးဆပ်ရန် တောင်းဆိုသည်။ အခွန်ထမ်းများက ၂ ခါဆိုင်း၊ ၃ခါဆိုင်းစံနစ်ဖြင့် တောင်းခံရန် အရေးဆိုလေသည်။
ဤကိစ္စ၌ သံဃသာမဂ္ဂီသံဃာများ ဦးဆောင်ပါဝင်ကာ တခါတည်းဖြင့် အပြေတောင်းလျှင် မပေးရန်၊ ဆင့်ခေါ်က ယောက်ျားများမသွားဘဲ မိန်းမများသာ သွားရောက်တွေ့ဆုံရန် နင်တို့ ယောက်ျားတွေကော ဟု မေးလျှင် စားစရာမရှိ၍ တောသို့သွားရောက် ရှာဖွေနေရသည် အိမ်၌ မနေနိုင်ပါဟု ပြောကြရန် သင်ကြားထားလေသည်။
တနေ့တွင် နယ်ပိုင်ဝန်ထောက် မောင်ကျော်တို့လူစုက မြင်းစီးလျက် သေနတ်များကိုကိုင်ဆောင် ခြိမ်းခြောက်ကာ အခွန်တောင်းလေသည်။ ဆင့်ဆို၍ ရောက်ရှိလာသော မိန်းမထဲတွင် အကြီးအကဲ မိန်းမတဦးက မြင်းဦးစွန်းကိုဆွဲပြီး မြင်းပေါ်ကလူကို ဘိနပ်နှင့်ရိုက်မည်အပြုတွင် မြင်းကိုဒုန်းစိုင်း၍ ထွက်ပြေး ကြလေသည်။
ဥက္ကဋ္ဌလုပ်သူအား ဖမ်းဆီးရန် မြို့အုပ်နှင့်ပုလိပ်များရောက်လာကြသည်ဟု ကြားရသဖြင့် ဥက္ကဋ္ဌကြီးအား ရေကြည်ပေါက် ဝါဆိုကျောင်းဘုံပေါ်၌ ဝှက်ထားပြီး ထိုဝါဆိုကျောင်းနေ ဦးဝိဇယကိုယ်တော်ကလေးက ဒို့ပိုင်နက်ထဲ မဝင်ခဲ့နှင့် ဝင်လျှင်ချမည် ဟုဆိုကာ ဒါး ဒုတ် ပုလင်းတို့ကို ကိုင်ဆောင်ကာ ခုခံလေသည်။
ထိုအချိန်၌ မန္တလေးမြို့ မိုးထားတိုက်မှ ဘုန်းတော်ကြီး ဦးဝိဇယ(ရွှေမျက်မှန်ဦးဝိဇယ)သည် မီးရထားဖြင့် လိုက်ပါလာကာ တောင်မြို့၌ ဆင်းပြီး ဘုန်းအိုးရွာမှဖြတ်၍ မြစ်ငယ်ဝါဆိုကျောင်းသို့ ထိုအမှုကိစ္စစုံစမ်းရန် ရောက်ရှိလာလေသည်။ ခုခံသော ဦးဝိဇယလေးနှင့် အာဂန္တုဘုန်းတော်ကြီး ရွှေမျက်မှန်ဦးဝိဇယကိုပါ ဖမ်းဆီးပြီးလျှင် ဂတ်ထဲ၌ ချုပ်နှောင်ထားလေသည်။
ညဥ့်အခါ၌ တိုက်ပိုင်ကိုဘကြီးက ကောဇောခေါင်းအုံးဆေးလိပ်များကို တိတ်တဆိတ်ပို့သဖြင့် တမံသလင်းပေါ်၌ မအိပ်ရဘဲ အအိပ်အနေချမ်းချမ်းသာသာရှိလေသည်။ ဂတ်မှထုတ်၍ မန္တလေး ထောင်ကြီးချုပ်သို့ ပို့သောအခါ မြစ်ငယ်ဘူတာ၌ အရေးပိုင်နှင့် ရာဇဝတ်ဝန်ကြီးများ ရောက်ရှိနေ၍ ၄င်းတို့ ရှေ့မှောက်ကို ဖြတ်သန်းသွားရမည်ဖြစ်သဖြင့် လက်ထိပ်ခတ်မှ ဖြစ်မည်ဟုဆိုပြီးလျှင် သက်ဆိုင်ရာ အမှုထမ်းများက ဘုန်းကြီးနှစ်ပါးကို လက်ထိပ်ခတ်လေသည်။ ဘုန်းကြီးနှစ်ပါး လက်ထိပ်ခတ်ခံရသည် ဟူသော ဤသတင်းသည် တမဟုတ်ချင်း ပျံ့နှံ့သွားလေရာ လူထုမြောက်မြားစွာ ဘူတာရုံသို့ စုရုံးရောက်ရှိ လာကြလေသည်။
ဦးဝိဇယကိုယ်တော်ကလေးမှာ ခေါင်းငုံ့၍ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်၍ နေသည်။ ဒါဟာ ဂုဏ်ငယ်တဲ့ပုဒ်မ မဟုတ်ဖူး၊ အမျိုးသားရေးဆောင်ရွက်ရတဲ့ဂုဏ်ရှိတဲ့ ပုဒ်မဖြစ်တယ်၊ ရှက်ဖို့မလို၊ ကြောက်ဖို့ မလိုဟု အာဂန္တုဘုန်းကြီးရွှေမျက်မှန် ဦးဝိဇယကအားပေးပြီး လူထုကြီး မြင်လောက်အောင် လက်ထိပ်ကိုပင် မြှောက်ကာ မြှောက်ကာ ခေါ်ဆောင်ရာသို့ လိုက်ပါခဲ့လေသည်။
ရာဇဝတ်ဝန်ကြီးက လက်ထိပ်ကိုအဖြုတ်ခိုင်းသည်(မပြေးမည့်သူ၊ အားမရှိသူ၊ မိန်းမများ လက်ထိပ်မခတ်ရ)။
မန္တလေးထောင်သို့ရောက်သောအခါ ဦးဥတ္တမကြိုဆိုပွဲ အဓိကရုဏ်းနှင့်ပတ်သက်၍ ထောင်ကျနေကြသော စီပီခင်မောင်၊ အမတ်ဦးဘသီ၊ အိမ်တော်ရာဘုရား၌ အင်္ဂလိပ်ရာဇဝတ်ဝန်ကလေး၏ နှာခေါင်းကို ဓားနှင့်ခုတ်သော ဦးကေသရတို့နှင့် တွေ့ရသည်။
အချုပ်နှင့်လေးလနေရပြီး တရားစစ်သောနေ့၌ သက်သေများကို စစ်ဆေးပြီးသောအခါ ဝန်ထောက် မောင်ကျော်လေးက စွဲချက်တင်ရမည်ဟု ပြောလေသည်။ အာဂန္တုဘုန်းကြီး ရွှေမျက်မှန်ဦးဝိဇယက ယခုထွက်ဆိုသွားသော သက်သေများတွင် တဦးတယောက်ကမျှ ဘုန်းကြီးသည် အစိုးရလက်နက်ကိုင် များနှင့် ရင်ဆိုင်သည်၊ လက်နက်ကိုင်၍ ခုခံသည်ဟု မထွက်ဆိုကြပါ ဖမ်းလျှင်လိုက်မည်ဟု ပြောပြီးသား ဖြစ်သည်။ သို့ဖြစ်၍ ခုခံရေးပုဒ်မနှင့် ဘုန်းကြီးဘာမျှမဆိုင် ဟု ချေပလေရာ ဤချေပချက်ဖြင့်ပင် အာဂန္တုဘုန်းကြီးရွှေမျက်မှန်ဦးဝိဇယအား လွတ်စေဟု တရားသူကြီးက ဒီကရီချလေသည်။ ဤသို့ဖြင့် ရေမျက်မှန်ဘုန်းကြီး ဦးဝိဇယကို ထောင်ချလိုက်မည်ဟု ကြိုးစားထားသော အလိုတော်ရိတိုင်း ကြုံးဝါးချက်သည် ပျက်ပြယ်၍သွားတော့၏။
လွတ်သောနေ့၌ ဝန်ထောက်ရုံးခန်းထဲသို့ ခေါ်ပြီးလျှင် ပြည်ထဲရေးယန်ကြီးထံမှပေးပို့လိုက်သော ဝန်ထောက်ဦးကျော်သည် သေနတ်များနှင့်ခြိမ်းခြောက်ပြီး ကြမ်းတမ်းစွာ မိန်းမတွေကို အတင်းအကြပ် အခွန်တောင်းသည် စသော သတင်းများကို မှင်နီတားထားသည့်သတင်းစာ စာရွက်ကိုပြကာ မိမိအား ကြည့်နိုင်သလောက် ကြည့်ရှုစောင့်ရှောက်ပါဟု ဝန်ထောက်ဦးကျော်က တောင်းပန်လေသည်။ ဤသတင်းများကား ရတနာပုံ စက္ကရီတေရီ ဦးတင်က ပေးပို့သော သတင်းများဖြစ်သည်။ ဦးပဉ္စင်းငယ် ဦးဝိဇယမှာ ထောင်လေးလကျသည်။ အစိုးရက ၂ခါဆိုင်း၊ ၃ခါဆိုင်း အခွန်တောင်းစနစ်ကို လိုက်လျောရလေသည်။