(ကျစွာဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိစာအုပ်ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ် မေလမှာ ထုတ်ဝေခဲ့တဲ့စာအုပ်ပါ။ စာအုပ်ပါမိတ်ဆက်စကားအရ ကျစွာဆရာတော်ကြီးအကြောင်းကို အခန်းခွဲပြီး စာတန်းပြုစုထားတာပါ။ အခန်း(၆)ခန်းရှိပြီး အခုတင်ပြမည့်အခန်းကတော့ အခန်း(၃) “ရွှေမျက်မှန် ဦးဝိဇယ၏ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ရပ်နှင့် ဝံသာနုရက္ခိတ တရားများစာတန်း” ဖြစ်ပါတယ်။
ဆရာတော်ဦးပုညာနန္ဒာဘိဝံသ ပြုစုထားတာပါ။
အခုခေတ်နှင့်တိုက်ဆိုင်နေလို့ ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်။ တို့ပိုင်နက်တွေကို အဓမ္မသိမ်းယူတာ ဘယ်သူတွေလဲဟေ့- အင်္ဂလိပ် အင်္ဂလိပ် တို့တတွေကိုဒုက္ခပေးနေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် တို့လူမျိုးတွေကို နှိပ်စက်နေတာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့ရန်သူအစစ်တွေဟာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် ဒို့မကြောက်ရမှာ ဘယ်သူတွေလဲဟေ့ – အင်္ဂလိပ် အင်္ဂလိပ် အင်္ဂလိပ်ကိုကြောက်သေးလား ပရိသတ်ကြီး – မကြောက်ဘူး မကြောက်ဘူး(စာ-၁၁၈)
အမျိုးသားရေးလုပ်ရင် ဘုန်းကြီးအချင်းချင်း အမြင်မကြည်ချင်ဘူး၊ လူတွေက နှာခေါင်းရှုံ့တယ် စတာတွေပါဝင်တဲ့ ဒုဋ္ဌဂါမဏိအကြောင်းလည်း ပါပါတယ်။ အခန်းဆက်တင်ပြပေးပါ့မယ်။
ဝီရသူ(မစိုးရိမ်)
22.11.2017
PM 10:16
========================================================
“စဥ့်ကူးနယ်အခွန်မှု”
ဆိုခဲ့ပြီး မြစ်ငယ်မှုနှင့်မရှေးမနှောင်းပင် စဥ့်ကူးနယ်၌ အစိုးရက တကြိမ်တည်းနှင့် အပြီးတောင်းရမည်ဟု အခွန်တောင်းမိန့်ချသည်။ လူထုက နှစ်ရစ်ထား၍ တောင်းမှပေးနိုင်မည်ဟု အရေးဆိုသည်။
လူထုက ဝံသာနုအစည်းအဝေးပွဲများပြုလုပ်ပြီးလျှင် ဒီမြို့အုပ်နှင့် ဒီသူကြီးအခွန်တောင်းက မပေးရန်ဟု အရွဲ့တိုက်၍ ဆုံးဖြတ်ချက်ချသည်။ မန္တလေးအရေးပိုင်က အသင်းလူကြီးများနှင့် ဆွေးနွေးလို၍ မန္တလေးသို့ လာစေလိုကြောင်း အကြောင်းကြားသည်။
သာမဂ္ဂီဘုန်းတော်ကြီးများက ကြော့ကြော့မော့မော့ဝတ်ဆင်၍ မသွားရန်၊ တောသားပုံကျကျ ဆင်းရဲသားပြီပြီ ဝတ်ဆင်သွားကြရန်နှင့် ဒီမြို့အုပ် ဒီသူကြီးတောင်းလျှင် မပေးရန်ဟု မဆုံးဖြတ်ပါဟု ဖြေဆိုရန် သင်ကြားပေးလိုက်သည်။
အရေးပိုင်ကား ဆက်ဆံရာ၌ လိမ္မာပါးနပ်သောပုဂ္ဂိုလ်ဖြစ်သည်။ အသင်းသားများ ရောက်ရှိလာလျှင် ကုလားထိုင်ပ်ါထိုင်ကြရန် ညွှန်ကြားလေသည်။ တချို့က ဘုရားထူးမိသောအခါ ခင်ဗျားက ဝံသာနုထင်တယ်ဟု ရယ်ဘွယ်ပြောသည်။ (ထိုအခါတုန်းက ဝံသာနုများက ဘုရားမထူးရ၊ လက်အုပ်မချီရ၊ ဒူးမတုပ်ရဟု ပညတ်ထားလေသည်။)
ဤဆွေးနွေးပွဲမှ နှစ်ရက်ကျနှင့် တောင်းခံရေးမူကို အရေးပိုင်က သဘောတူလိုက်သည်။ မိမိသဘောတူချက်ကို အင်္ဂလိပ်လိုရေးသားပြီး အသင်းလူကြီးများကိုယ်တိုင် မြို့အုပ်ထံသို့ ပို့စေရန် မှာကြား၍ စာအိတ်ကို မလုံ့တလုံပိတ်ခါ ပေးလိုက်သည်။ ထိုစာအိတ်ကို သာမဂ္ဂီဘုန်းကြီးများက ဖောက်၍ ကြည့်သောအခါ မလှိုင်နှင့် မြစ်ငယ်တွင် ဤကိစ္စနှင့်ပတ်သက်၍ ဆူပွက်နေပါသည်၊ ဘယ်နည်းနှင့်ရရ ရသည့်နည်းနှင့်သာ တောင်းခံပါ၊ ဆူပွက်မှုကိုမဖြစ်ပါစေနှင့်ဟု ရေးသားထားသည်ကို တွေ့ရလေသည်။
“ဆရာတော်ဦးစန္ဒိမာ ပြန်လွန်တော်မူရသော မန္တလေးအဓိကရုဏ်းမှု”
သံဃာ့သာမဂ္ဂီသမိုင်းတလျှောက်၌ ဆိုခဲ့ပြီးသောအခွန်မှု မြောက်မြားစွာအပြင် ထိခိုက်ဒဏ်ရာရစေသော အဓိကရုဏ်းမှု၊ အာဏာဖီဆန်အတိုက်အခံပြုမှုများလည်း အမြောက်အမြား ပေါ်ပေါက်ခဲ့လေသည်။ ထိုအမှုများတွင် မန္တလေးအဓိကရုဏ်းမှုသည် ထင်ရှားသော အမှုတခုဖြစ်လေသည်။
၁၂၈၆ ခု ဝါခေါင်လဆုတ် ၂ ရက်နေ့၌ စီပီဦးခင်မောင်၊ ဦးထွန်းအောင်ကျော်တို့ပူးပေါင်း၍ ဝံသာနုအချို့၏ ပင့်ဆောင်ချက်အရ ထောင်မှလွတ်ခါစဖြစ်သော ဆရာတော်ဦးဥတ္တမသည် မန္တလေးမြို့သို့ ကြွလာလေသည်။ ဆရာတော်မန္တလေးသို့ရောက်သောအခါ ဘူတာကြီးသို့အရောက် လိုက်ပါမသွားဘဲ ရှမ်းစုဘူတာမှကြိုတင်ဆင်း၍ အလွန်ကြီးမားသော လူထုကြီးက ဓာတ်ရထားလမ်းအတိုင်း ခြေလျင်လျှောက် လျက် စည်းကားသိုက်မြိုက်စွာ ပင့်ဆောင်လာကြလေသည်။
ထိုအချိန်တွင် ၂၁ ဦးနှင့် ဝံသာနုတို့ကွဲပြီးဖြစ်၍ ၂၁ ဦးတို့က ဆရာတော်ဦးဥတ္တမကြွလာခြင်းသည် ၂၁ ဦးတို့ မကောင်းကြောင်းကို မိန့်ခွန်းပြောဆိုရန် ဝံသာနုများက တမင်ပင့်ဆောင်ခြင်းကြောင့် ဖြစ်သည်ဟု အထင်ရှိကြလေသည်။ ထို့ကြောင့် မိမိတို့နေသော ရပ်ကွက်အတွင်း ဆရာတော်ဦးဥတ္တမကို ဖြတ်သန်း ပင့်ဆောင်မသွားရလေအောင် တားမြစ်ပေးဘို့ရန် အစိုးရအား တိုင်ကြားလေသည်။
ကျောက်သွေးတန်း ဘဌေးပိုးထည်ဆိုင်နှင့် ရွှေမောင်းတိုက်ရှေ့သို့ ရောက်သောအခါ ရာဇဝတ်ဝန်နှင့် အရေးပိုင်တို့က ရှေ့သို့ဆက်လက်မသွားရန် လူထုကြီးအား တားမြစ်လေသည်။ မောင်ဆောင်ဆိုသူ ပုဂ္ဂိုလ်တဦးက ဤသို့ မတားမြစ်ရန်၊ ဤသို့ တားမြစ်ပါက အမှန်အဓိကရုဏ်းဖြစ်ပါလိမ့်မည်ဟု ရဲတင်းစွာ ဝင်ရောက်ပြောဆိုသည်။
သို့သော် အရေးပိုင်နှင့် ရာဇဝတ်ဝန်တို့က မတားဘဲမနေနိုင်၊ ဘုရင်ခံ၏ အမိန့်ဖြစ်သည်ဟု တင်းတင်းမာမာ ဆိုလေသည်။ ဤအချိန်တွင် ဂွပ်ဟူသောမြည်သံနှင့်အတူ ခဲတလုံးသည် ရာဇဝတ်ဝန်၏ ဦးခေါင်းသို့ ထိမှန်လေရာ ရာဇဝတ်ဝန် မှောက်လျက်လဲကျသွားလေသည်။ ယင်းဖြစ်ရပ်ကို အကြောင်းပြု၍ အလွန်ဒေါသကြီးလာသော အရေးပိုင် စတူးဝပ်က လူအုပ်ထဲသို့ သေနတ်နှင့်မွှေ့၍ ပစ်လိုက်သဖြင့် အဓိကရုဏ်းမီးကြီးကား အကြီးအကျယ် တောက်လောင်ခဲ့ရတော့သည်။
အဓိကရုဏ်းတွင် ဆရာတော်ဦးစန္ဒိမာ ဆီးပုံးသေနတ်မှန်၍ ပြန်လွန်တော်မူရသည်။ လူအမြောက်အမြားနှင့် ပုလိပ်အမှုထမ်းများ ဒဏ်ရာရကြလေသည်။ ဆရာတော်ဦးဥတ္တမနှင့် ဦးကေတုတို့အား ယင်းမှုခင်းဖြစ်ပွား သည့်နေရာမှာပင် ပုလိပ်များက ခေါ်ဆောင်သွားကာ ထိုနေ့ညဥ့်ရထားဖြင့် ရန်ကုန်မြို့သို့ပြန်ပို့လိုက် လေသည်။ ဤအဓိကရုဏ်းမှုနှင့်ပတ်သက်၍ ဦးတိုး၊ ဦးမြ၊ ဦးစံညွန့်၊ ဦးထွန်းအောင်ကျော်တို့ ထောင်ဒဏ် ၇နှစ်၊ စီ၊ ပီ ခင်မောင် ၄နှစ်၊ မြတောင်တိုက် ဦးဇာဂရ ၃နှစ်၊ ဦးဝိစိတ္တ၊ ဦးစောမောင်၊ ရှမ်းပွဲဦးမောင်ကြီး ၂ နှစ်စီအသီးအသီး အပြစ်ပေးခံရသည်။ ဦးဆောင်တယောက်သာ လွတ်လေသည်။
“ရွှေမျက်မှန်ဦးဝိဇယနှင့် ဆရာတော်ဦးစန္ဒိမာဈာပန”
ဆိုခဲ့ပြီးအတိုင်း ဆရာတော်ဦးစန္ဒိမာသည် ၁၂၈၆ ခုနှစ် ဝါခေါင်လဆုတ် ၂ ရက်နေ့၌ ပြန်လွန်တော်မူပြီး နောက် ၃နှစ်အကြာ ၁၂၈၉ခု တန်ခူးလသို့ရောက်မှ ဈာပနကို ကျင်းပရလေသည်။
ကျင်းပရာဌာနကား မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးတောင်ဘက် စလေကျောင်းတိုက်ကြီးအတွင်း ဖြစ်သည်။ ဆင်ဖြူခံသင်္ချိုင်းတွင် မြှုပ်နှံထားသော အလောင်းကို တူးဖော်ခွင့်မရသဖြင့် အလောင်းမပါဘဲ ခေါင်းသက်သက် အလောင်းတုဖြင့်သာ ကျင်းပရလေသည်။
၎င်းပွဲ ကျင်းပမည်ဟု ကြားကတည်းက အစိုးရပိုင်းမှ အထူးဂရုစိုက်၍ စုံထောက်လေသောကြောင့် ပွဲကျင်းပသောအခါ တရားဟောရဲသည့် ပုဂ္ဂိုလ်မရှိလောက်အောင်ပင် အတော်ကြီး အဆင်မပြေဖြစ်ရလေသည်။
သံဃာတော်ဘက်မှ မိုးထားတိုက်နေ သံဃာ့သာမဂ္ဂီဘုန်းတော်ကြီး ရွှေမျက်မှန်ဦးဝိဇယ ခေါင်းဆောင်၍ လူဘက်မှ အသင်းအကျိုးဆောင် မောင်ဆောင်က ဦးဆောင်ပြီး ကျင်းပလေသည်။ ပရိသတ်စည်ကားရေး အတွက် မောင်ဆောင်က အမိမြန်မာပြည် ရုပ်ကြီးစင်ဇာတ်ထုပ်ကို တည်ခင်းပြသရလေသည်။
ယင်းဇာတ်ထုတ်ကပြဟန်ကို သရုပ်ဖော်ရသော မဏ္ဍပ်အလည်တွင် ကြီးကျယ်သော ဒေါင်းရုပ်ကုလားထိုင်ကြီးကို ပြင်ဆင်ပြီးလျှင် အလှဆုံးမိန်းကလေးတစ်ဦးအား မလ္လိကာ တန်ဆာကို ဆင်မြန်းစေလျက် ဣနြေ္ဒရရထိုင်၍နေစေ၏။ အမိမြန်မာပြည် ဟူသော စာတန်းကိုလည်း ထိုမိန်းကလေး ဦးထိပ်ပေါ်၌ ချိတ်ဆွဲထား၏။ ၄င်းအမိမြန်မာပြည် နောက်တွင် မြန်မာမင်းလက်ထက်ဟူသော စာတန်းဆိုင်းဘုတ်ကို ချိတ်ဆွဲထားပြီး ၄င်းဆိုင်းဘုတ် စာတန်းအောက်တွင် တဦးတယောက်တည်း စားနပ်ရိက္ခာ အရှာထွက်ရုံမျှဖြင့် တအိမ်သားလုံး စားသုံးဘို့ စရိတ်လောက်လောက် ငငရရှိပုံ၊ အိမ်ရှိ ကလေးများအားလုံး ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပုံ၊ ပိုးသင်ကန်းကိုဝတ်ရုံပြီး ပျော်ရွှင်သော မျက်နှာထားနှင့် ကိုယ်တော်တပါး ဆွမ်းခံကြွလာပုံ၊ ကြိုးကြီးချိတ် လုံချည်ကို ဝတ်ဆင်လျက် လှပစွာ ပြင်ဆင်ထားသော လုံမငယ်တဦးက အေိမ်မှထွက်၍ ဝက်သားတုံးကြီးကို လောင်းလှူပုံများကို ပကတိလူသားတို့ကို ဝတ်ဆင်စေလျက် သရုပ်ဖော်ပေးထားလေသည်။
၎င်း အမိမြန်မာပြည်၏ ရှေ့ဘက်တွင် အင်္ဂလိပ်မင်းလက်ထက်ဟူသော စာတန်းဆိုင်းဘုတ်ကို ချိတ်ဆွဲ ထားပြီး ၄င်းစာတန်းဆိုင်းဘုတ်အောက်တွင် ကလေးလူကြီးမကျန် တအိမ်သားလုံးထွက်၍ စားနပ်ရိက္ခာရှာဖွေရပုံ၊ မြင်းလှည်း၊ လန်ချား၊ မော်တော်ကားများအကြား၌ပင် ကလေးများ ကွာစိလှော်၊ မြေပဲလှော် ရောင်းရပုံ၊ ဆန်အိုးတွင် ဆန်မရှိ၍ အိမ်ရှင်မက ဆံပင်ဖားလားချပြီး ထမင်းအိုးကြီးကိုင်ကာ မှိုင်၍နေပုံ၊ သင်္ကန်းညစ်တိညစ်နွမ်းနှင့် ဆွမ်းခံကြွလာသော ဘုန်းကြီးအား ဆံပင်စုတ်ဖွား အဝတ်အစား ညစ်နွမ်းလှသော လုံမငယ်က ဆီမပါသော ပဲပြုတ်ကိုသာ လောင်းလှူရပုံ၊ ဆီမပါသော ပဲပြုတ်ကိုရသဖြင့် ဆွမ်းခံဘုန်းကြီးမှာ နှလုံးမသာ မျက်နှာမလှဖြစ်ပုံ၊ လူတယောက်အား လေးဘက်ထောက်ပြီး ရှုံ့မဲ့သောမျက်နှာဖြင့် ခါးညွတ်နေစေ၍ ကျောပေါ်၌ စက်ကူကပ်ထားသော အလွန်ကြီးမားသည့် ခြင်းကြားကြီးကိုတင်ပြီးလျှင် ယင်းအပေါ်၌ အလွန်ကြီးမားသော အခွန်ဝန်ထုပ်ကြီးဟု ရေးသားကာ မြန်မာ လူမျိုးများကို မျက်နှာဖြူအစိုးရက အစွန်ကိစ္စဖြင့် အကြီးအကျယ် ညှဉ်းပန်းပုံ စသည်များကို သရုပ်ဖော်ပြထားလေသည်။
ဤသရုပ်ဖော်ထားသည့်ပုံများကို လက်ညှိုးညွှန်ပြလျက် အကျိုးတော်ဆောင် မောင်ဆောင်က မြန်မာမင်း လက်ထက်က တိုင်းသူပြည်သားများကို ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာရှိကြပုံ၊ စာရေးဝတ်ရေး နေထိုင်ရေးကိစ္စတို့၌ လောက်လောက်ငင ပြည့်ပြည့်ဝဝရှိပုံ၊ သာသနာတော်ကြီး တိုးတက်ထွန်းကားပုံ၊ အင်္ဂလိပ်တို့လက်ထက်၌ အဖက်ဖက်မှကျဆင်းပုံ၊ အခွန်ထမ်းကိစ္စအတွက် အကြီးအကျယ် နှိပ်စက်ခံရပုံ စသည်များကို အကျယ်တဝင့် ဟောပြောလေသည်။ အပြောကောင်းသဖြင့် ပွဲကျလှပေ၏။
ဘုန်းတော်ကြီး ရွှေမျက်မှန်ဦးဝိဇယ မဏ္ဍပ်၌မူ အလောင်းမင်းတရားကြီးပုံ၊ ဗန္ဓုလစစ်သူကြီးကို အင်္ဂလိပ်စစ်ဗိုလ်ကြီးများက အရိုအသေပေးနေကြပုံ၊ မြင်ကွန်းမင်းသားကြီးပုံ စသည်တို့ကို ချိတ်ဆွဲထားပြီး လာလာသမျှပရိသတ်အား ဇာတိမာန်တက်ကြွစေသော တရားများကို ဟောကြားရလေသည်။
ဘုန်းတော်ကြီးရွှေမျက်မှန်ဦးဝိဇယ ဟောကြားသော တရားတပုဒ်ကို ထုတ်နှုတ်ဖော်ပြပါဦးအံ့။ ဆရာတော်ဦးစန္ဒိမာ ပြန်လွတ်တော်မူရသည့်ကိစ္စကို အရပ်သားမျက်စိ၊ နိုင်ငံရေးမျက်စိလို့ မျက်စိနှစ်မျိုးနဲ့ ရှုကြည့်သုံးသပ်ရမယ်၊ အရပ်သားမျက်စိနှင့်ကြည့်ရှုယင် သာသနာဝင်ရဟန်းတော်တပါး တိုင်းတပါးသား တို့ရဲ့ လက်နက်နဲ့ ပြန်လွန်တော်မူရလို့ ကြေကွဲဘွယ် ဝမ်းနည်းဘွယ်ဆိုတဲ့ အချက်ကို တွေ့မြင်ရလိမ့်မယ်။ နိုင်ငံရေးမျက်စိနဲ့ကြည့်ခဲ့ယင် အများကြီးအမြတ်ထွက်နေတာတွေ့ရမယ်။ ဆရာတော်ဦးစန္ဒိမာကို အင်္ဂလိပ်လူမျိုးအရေးပိုင်စတူးဝပ်က သေနတ်နဲ့တည့်တည့်ချိန်ပြီးပစ်လိုက်လို့ ဆီးဖုံးမှန်ပြီး သွေး ၁တောင်လောက်ပန်းထွက်ခါ သေးလမ်းသို့ သွားခဲ့ရပါတယ်၊ ဒီသွေးတွေဟာ ဘယ်လိုသွေးတွေထင်သလဲ အင်္ဂလိပ်လူယုတ်မာ အညစ်အကြေးတွေကို ဆေးကြောပြီး လွတ်လပ်ရေးအရယူမယ့် သွေးတွေ ဖြစ်တယ်။ သေရခြင်းဆိုတာ မထင်မရှား ခွေးသေ သေရခြင်း၊ ထင်ထင်ရှားရှားလူသေ သေရခြင်းလို့ သေရခြင်းနှစ်မျိုး ရှိတယ်။ တိုင်းပြည်အတွက် ဆောင်ရွက်မှုမပါဘဲ သာမန်သေရခြင်းမျိုးကတော့ မထင်မရှားသေရခြင်းမျိုး ဖြစ်တယ်။ အဲဒီသေရခြင်းမျိုးကတော့ ဘာမျှတန်ဘိုးမရှိဘူး၊ ယခု ဆရာတော်ဦးစန္ဒိမာလို တိုင်းကျိုး ပြည်ကျိုး အမျိုးသားအကျိုးကို ဆောင်ရွက်ယင်း နိုင်ငံခြားသားအင်္ဂလိပ်လူယုတ်မာတို့ရဲ့ လက်နက်နဲ့ သေရခြင်းမျိုးကတော့ ထင်ထင်ရှားရှားသေရခြင်း လူသေ သေရခြင်းမျိုးဖြစ်တယ်။ ဒီလို သေရခြင်းမျိုးဟာ အဖိုးမဖြတ် အကျိုးအမြတ်များစွာထွက်တယ်။ ဒါ့ကြောင့် ပရိသတ်တွေ တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ယင်း မြတ်သောသေခြင်း၊ ထင်ရှားသောသေခြင်းဖြင့် သေကြပါစို့၊ ကိုရွှေအင်္ဂလိပ်တို့က သူတို့လူတွေ သေတဲ့အခါ မမေ့ရလေအောင် သင်္ချိုင်းကုန်းမှာ အမှတ်တရကျောက်တိုင်များ စိုက်ထူထားကြတယ်၊ ဒို့ကလဲ သူတို့လက်နက်နဲ့ ရက်စက်စွာ အသတ်ခံရတဲ့ ဆရာတော်ဦးစန္ဒိမာကို မမေ့ကြရလေအောင် ကျောက်တိုင် ကျောက်ရုပ်စိုက်ထူကာ အမှတ်တရထားကြရမယ်။ ဤသို့ စသောအားဖြင့် ဇာတိသွေး ဇာတိမာန် တက်ကြွစေသည့် နိုင်ငံရေးတရားများကို ဟောကြား၍ ဈာပနပွဲ စည်ကားအောင် ဆောင်ရွက်ရလေသည်။
“ရွှေမျက်မှန်ဦးဝိဇယ ပါတော်မူခဏ်း”
အမိတ္တဟတ္ထတ္တဂတာ၊
တစသာရ သမပ္ပိတာ။
ပသန္န မုခဝဏ္ဏတ္ထ၊
ကသ္မာ တုမှေ န သောစထ ဟူသော ဓမ္မအသံတော်သည်ကား မန္တလေးမြို့ အိမ်တော်ရာဘုရားပရဝုဏ် အတွင်းရှိ ၁၄ခန်းဇရပ်ကြီး၏ စင်မြင့်ပေါ်မှ ဟိန်း၍ထွက်လာလေသည်။ အချိန်သည်ကား ၁၂၈၉ ခု၊ ဝါဆိုလပြည့်နေ့ဖြစ်၏။ နွေဥတုအဆုံးသတ်လျက် မိုးဥတုဘက်သို့ ကူးပြောင်းရတော့မည့် ဆဲဆဲဖြစ်သဖြင့် နေမင်း၏ အပူရှိန်ကို ဒုကားနေကောင်းထိုင်သာ ဧဧမြမြ ဥတုအရသာရှိလှသော အခါသမယပင်ဖြစ်ပေ၏။ ဤသို့ဧမြသာယာလှသော ဥတုရာသီအောက်၌ မြောက်မြားလှစွာသော လူထုပရိသတ်ကြီးသည် အလွန်စိတ်အားထက်သန်သော အမူအရာဖြင့် အဆိုပါဟိန်းထွက်လာသော ဓမ္မအသံတော်ဘက်သို့ မျက်နှာမူကာ မလှုပ်မရှား ထောင်နားနာလျက်ရှိတော့၏။
တရားပွဲကြီး၏ နိဒါန်းကို ရှင်းတမ်းထုတ်ကြပါဦးစို့။ အထက်တွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း ဆရာတော်ကြီး ဦးစန္ဒိမာ၏ ဈာပနပွဲကြီးကို တည်ခင်းကျင်းပကြပြီး နောက် ဝါဆိုလသို့ရောက်၍ တနေ့သောအခါ အစိုးရက ရွှေမျက်မှန်ဦးဝိဇယကိုယ်တော်ကို အလိုရှိ၍နေသည်၊ လိုက်လံရှာဖွေနေသည်မှာ ရက်အတော်ကြာမြင့်လေ ပြီ၊ ယခုတိုင် မတွေ့ရသေးဟူသော သတင်းသည် မြန်မာ့အလင်းသတင်းစာတွင် ပါရှိ၍ လာလေသည်။
ယင်းသတင်းကို ဖတ်ကြားသိရှိရသော ရွှေမျက်မှန် ဦးဝိဇယက ဘုန်းကြီး ဦးဝိဇယကို မန္တလေးမြို့ ကျောက်သွေးတန်း ရတနာပုံအသင်းချုပ်တွင် နံနက် ၁၀ နာရီမှ ညနေ ၅နာရီအတွင်း အချိန်မရွေးတွေ့နိုင် သည်ဟု အခြားသတင်းစာတစောင်တွင် ပြန်လည်ကြေငြာလေသည်။ ယင်းသို့ သတင်းစာ၌ ကြေငြာရုံတွင် မက ရာဇဝတ်ဝန်ထံသို့လည်း အကယ်၍ မိမိကိုအလိုရှိပါလျှင် ဝါဆိုလပြည့်နေ့ ညနေပိုင်းတွင် ဆိုင်ရာဂတ်သို့ အရောက်လာမည်ဖြစ်ကြောင်း၊ အလိုရှိသည်မဟုတ်ကစာပြန်ရန်၊ အလိုရှိသည်ဟုတ်ပါက စာမပြန်ဘဲနေရန် ဟု ရေးသားပေးပို့လိုက်လေသည်။
ရာဇဝတ်ဝန်ထံမှ တစုံတရာပြန်စာမလာသဖြင့် ဝါဆိုလပြည့်နေ့သို့ ရောက်သောအခါ အိမ်တော်ရာ ၁၄ခန်း ဇရပ်ကြီးတွင် လျှို့ဝှက်စွာ ဖိတ်ခေါ်၍ထားသော ပရိသတ်ကြီးအား နေ့ ၁၂ နာရီမှစတင်၍ ပါတော်မူ နှုတ်ဆက်တရား ဟောပြောလေတော့သည်။
အဲဒို့ ဒီကနေ့ဟောရမယ့်တရားကတော့ မကြောက်တရားဘဲဖြစ်တယ်။ အဲဒီမကြောက်တရားဟာ တခြားကလာတဲ့တရားမဟုတ်ဘူးကွယ့်၊ ဘုရားဟောဒေသနာ ဇာတ်တော်ထဲကလာတဲ့တရားဘဲ၊ တချို့ တချို့ကာလသားသမီးတွေက ဘုရားဟော တရားတော်တွေဟာ လောကမှထွက်မြောက်ကြောင်းသာ ဖြစ်တယ်၊ လောကအတွက် အသုံးချဘို့နည်းစံနစ်တွေ မပါပါဘူးလို့ ဒီလိုအထင်သေးနေကြတယ်၊ ဒါကြောင့် လောကရေးရာ နိုင်ငံရေးရာအတွက် ဆောင်ရွက်ဘို့ရာ နည်းစံနစ်ပရိယာတွေ ဗုဒ္ဓရဲ့ ဒေသနာတော်ထဲမှာ အမြောက်အမြားပါရှိနေတယ်ဆိုတာကိုလဲ လက်တွေ့ပြယင်း ဒို့လူတွေရဲ့ နှလုံးထဲက ကြောက်ရွံ့တဲ့ သဘောတရားတွေ ဖယ်ရှားပြီး မကြောက်မရွံ့ ရဲဝံ့တဲ့သဘောတရားတွေကို အစားပြုလဲလှယ်ပေးယင်း ဒီမကြောက်တရားတော်ကြီးကို ဟောကြားရခြင်းဖြစ်ပါတယ်။
အမိတ္တဟတ္ထတ္တဂတာ၊
တစသာရ သမပ္ပိတာ။
ပသန္န မုခဝဏ္ဏတ္ထ၊
ကသ္မာ တုမှေ န သောစထ
ဒါရကာ အသက်အရွယ် နုနယ်သေးကွေး အိုသူငယ်ကလေးတို့၊ တုမှေ သင်တို့သည်၊ အမိတ္တဟတ္ထတ္တဂတာ ညှဉ်းပန်းနှိပ်စက်ရန်သူလက်သို့ မပျက်မသွေရောက်ရှိနေကြပါပေကုန်လျက်၊ တစသာရသမပ္ပိတာ ဝါးလုံးတို့ဖြင့်ညှပ်၍ ထိပ်တုံးခတ်ကာ နှောင်ဖွဲ့အပ်ပါကုန်လျက်၊ ပသန္နမုခဝဏ္ဏာ မညှိုးမနွမ်း ရွှင်လန်းကြည်လင်သော မျက်နှာအဆင်းရှိကုန်သည် အတ္ထ-ဖြစ်ကြပါပေကုန်၏၊ ကသ္မာ-အဘယ်မည်ငြား အဘယ်ကဲ့သို့သော အကြောင်းတရားကြောင့်၊ တုမှေ-သင်တို့သည်၊ န သောစထ-မညှိုးမနွမ်း မပင်ပန်း မစိုး၇ိမ်ကြပါကုန်သနည်း။
ဒီမေးခွန်းက ဗာရာဏသီပြည့်ရှင် ဘုရင်ဗြဟ္မဒတ်မင်းကြီးက အကျဉ်းသား သူငယ်ကလေးတွေကို မေးလိုက်တဲ့ မေးခွန်းဖြစ်တယ်။ ဗာရာဏသီပြည်အနီး ရွာသိမ်ရွာငယ်ကလေးတခုရဲ့ ပြင်ဘက် ညောင်ပင်ကြီးအောက်မှာ ၁၂ နှစ် ၁၃ နှစ်အရွယ် လူငယ်ကလေးတွေဟာ တပျော်တပါး ကစားနေကြပါတယ်။ အဲဒီအနားကို ဆေးဆရာတယောက် ရောက်ရှိလာပြီး ဟိုဟိုဒီဒီကြည့်လိုက်တော့ ပညောင်ပင်ကြီးရဲ့ ခွကြားမှာ ဦးခေါင်းကိုထုတ်ကာ အိပ်နေတဲ့မြွေကို မြင်တာကိုး။ အဲဒီလိုမြွေကို မြင်ရတော့ ဆေးဆရာက အကြံဖြစ်သတဲ့။ ငါ့မှာ ဤတရားလုံးလှည့်ပတ်ခဲ့သော်လည်း ဆေးဝါကုသမှုကိစ္စ မကြုံကြိုက် မတွေ့ခဲ့ရဘူး၊ ဒီသူငယ်ကလေးတွေကို မြွေကို ဆက်ရက်ငယ်၊ ငှက်ငယ်လို့ လိမ်ပြောပြီး ဖမ်းခိုင်းမယ်၊ ဖမ်းတဲ့ကလေး မြွေကိုက်တဲ့အခါ ဆေးဝါးကုသခွင့်ကြုံပြီး အဖိုးအခကြေးငွေ ရမယ်လို့ အဲဒီလိုအကြံဖြစ်သတဲ့။
အဲဒီလိုအကြံဖြစ်သည့်အတိုင်း “မောင်တို့ မောင်တို့ ဟော ညောင်ပင်ကြီးပေါ်မှာမော့ကြည့်ကြစမ်း၊ ဟောဟိုခွကြားမှာ ဆက်ရက်ငယ်ကလေးမြင်ကြရဲ့လား”လို့ လှည့်စားပြောလိုက်ပါတယ်။ ဒီတော့ ကလေးတွေက ကစားရာကနေမှ ဗြုန်းကနဲ ထတဲ့ပြီး ဆေးဆရာလက်ညှိုးညွှန်တဲ့ ညောင်ပင်ကြီးပေါ် မော့ကြည့်ကြတာပေါ့။ ညောင်ပင်ကြီးခွကြားက မြွေကိုမော့ကြည့်ကြပါတယ်၊ ညောင်ပင်ကြီးခွကြားက မြွေကိုမြင်တော့ ဆေးဆရာရဲ့ အဆိုစကားအတိုင်း ဆက်ရက်ငယ်ဘဲထင်ကြတာကိုး။ ဒါနဲ့ အဲဒီကလေးအုပ်ထဲက တော်တော်သတ္တိဗျတ္တိ အရည်အချင်းရှိတဲ့ ကလေးတယောက်က ညောင်ပင်ကြီးပေါ် အမြန်တက်ပြီး အဲဒီ ဆက်ရက်ငယ်ကို ဖမ်းပါရော။ ဒီလိုဖမ်းတော့ ဉာဏ်စွမ်းဉာဏ်စ ကံစမ်းကံစရှိတဲ့ ကလေးမို့ထင်ပါရဲ့၊ မြွေပါးစပ် ဟမရအောင် မြွေဦးခေါင်းတခုလုံး ဆုပ်ကိုင်မိရက်ချည်း မိဒါကိုး။
ဒီတော့ မြွေဟာသူငယ်ကို မကိုက်နိုင်ဘဲ တွန့်လိပ်တွန့်လိပ်ဖြစ်အနေ သူငယ်ကမြွေခေါင်းကို ခိုင်ခိုင်ဆုပ်ကိုင်ပြီး အားကုန်လွှဲပစ်လိုက်တာ ဆေးဆရာလည်ဆစ်ပေါ်ကို ရစ်မိရက်သား ကျပါရောတဲ့။ အဲဒီတော့ မြွေက ကြောက်အားလန့်အားနဲ့ ဆေးဆရာကို ခဲလိုက်တော့ ဆေးဆရာဟာ ပွဲချင်းပြီး အဲဒီနေရာ မှာဘဲ သေရပါတယ်။
“ဘယ့်နှယ်လဲ ဒို့လူတွေ သူများ မကောင်းကြံတဲ့လူဟာ ဒီဆေးဆရာလို တနေ့သေခြင်းဆိုးနဲ့ သေရမှာ အမှန်ဘဲ မဟုတ်လား” ဟုတ်ပါ့ဘုရား ဟုတ်ပါ့ဘုရား။
အဲဒီလို ဆေးဆရာသေရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွာထဲကလူကြီးတွေရောက်လာတော့ ဒီဆရာသေရတာ ဒီကလေးတွေ သတ်လို့ဘဲလို့ အဓမ္မစွပ်စွဲကြသတဲ့။ (ရွာသားကြီးတွေကလဲ ဒို့တိုင်းပြည်က အလိုတော်ရိတွေလိုပဲ ဖိုးသုည လူအန္ဓကြီးတွေထင်ပါရဲ့နော်)။ ဒါနဲ့ ဒီကလေးတွေကို တုပ်နှောင်ပြီး ဗာရာဏသီမင်းကြီးထံပို့ပါရော။ အဲဒီလိုပို့တဲ့လမ်းခရီးကြားမှာ ခေါင်းဆောင်ဖြစ်တဲ့ ကလေးက သညာပေးသတဲ့။ “ကိုယ့်လူတို့ ဘုရင်မင်းမြတ်ရှေ့ကျယင် မကြောက်မရွံ့ ရဲဝံ့တဲ့အမူအရာ၊ ကြည်လင် ပြတ်သားတဲ့ မျက်နှာထားနဲ့ ခန့်ခန့်ညားညား ဣနြေ္ဒရရနေကြရမယ်၊ ပြောစရာရှိဒါအားလုံး ငါကချည်းပြောမယ်”လို့ အဲဒီလို သညာပေးသတဲ့။ ခေါင်းဆောင်ကလေးက တခြားသူမဟုတ်ဘူးကွယ့်၊ ငါတို့ဂေါတမ မြတ်စွာဘုရားရဲ့ အလောင်းတော်ဖြစ်တယ်။ အဲဒီလို ကလေးအချုပ်သားတွေ ဘုရင့်ရှေ့မှောက် ရောက်တော့ လမ်းခရီးအကြားမှာ အလောင်းတော်ကလေးက ချမှတ်ထားတဲ့ စည်းမျဉ်းမူအတိုင်း မကြောက်မရွံ့ ရွှင်ပျတဲ့အမူအရာနဲပ ခစားကြဒါကိုး။ အေး အဲဒီလိုကလေးငယ်တွေရဲ့ အံ့သြဘွယ်အမူအရာကို မြင်တော်မူရလို့ ဘုရင်မင်းမြတ်က……..
“အမိတ္တဟတ္ထတ္တဂတာ၊
တစသာရ သမပ္ပိတာ။
ပသန္န မုခဝဏ္ဏတ္ထ၊
ကသ္မာ တုမှေ န သောစထ”လို့ မေးခွန်းထုတ်တော်မူလိုက်ခြင်းဖြစ်တယ်။
ဒီတော့ ဒို့အလောင်းတော်ဖြစ်တဲ့ ခေါင်းဆောင်ကလေးက……..
“န သောစနာယ ပရိဒေဝနာယ၊
အတ္ထောစ လဗ္ဘော အပိ အပ္ပကောပိ၊
သောစန္တမေနံ ဒုခိတံ ဝိဒိတွာ၊
ပစ္စတ္ထိကာ အတ္တမနာ ဘဝန္တ” လို့ ဂါထာစကားဖြင့် ရဲတင်းစွာ ပြန်ကြားဖြေဆိုလိုက်ပါတယ်။
မဟာရာဇ-မင်းကျင့်ဓမ္မ မြတ်ဆယ်စနှင့် ပြည့်ဝဆုံးဆည်း အိုမင်းကြီး၊ သောစနာယစ-နှလုံးမငြိမ် စိုးရိမ်သဖြင့်၎င်း၊ ပရိဒေဝနာယစ-လှိုက်လှဲဖိုယို ငိုမြည်တမ်းခြင်းဖြင့်၎င်း၊ အပ္ပကောပိအတ္ထော- အနည်းငယ်မျှ ခံစားရရိုး အကျိုးမျိုးကိုလည်း၊ အပိ-စင်စစ်၊ နလဗ္ဘော-မရအပ်၊ ဧနံ-ထိုသူကို၊ သောစန္တံ-နှလုံးမငြိမ် စိုးရိမ်သည်ကို၊ ဒုခိတံ-သောကဆင့်ကဲ ဆင်းရဲသည်ကို၊ ဝိဒိတွာ-အကယ်တိတိတွေ့မြင်သိ၍၊ ပစ္စတ္ထိကာ- ညှဉ်းပန်းမည့်လူ ရန်သူတို့သည်၊ အတ္တမနာ-စိတ်အားတက်ကြွ ဝမ်းမြောက်ကြကုန်သည်၊ ဘဝန္တ-ဘယ်စင်စစ် ဖြစ်ကြပါပေကုန်သတည်း။
အဲဒီဒေသနာမှာ အလောင်းတော် ကလေးက စိုးရိမ်သောက ကြောက်စိတ်လန့်စိတ်တွေ ထကြွဖြစ်ပေါ် နေခြင်းဖြင့် တစုံတရာအကျိုးကို မရနိုင်ပါဘူး၊ စိုးရိမ်သောကဖြစ်နေပုံ ကြောက်နေပုံ ရွံ့နေပုံတွေကို မြင်သွားယင် ရန်သူတွေဟာ အားရဝမ်းသာ ဖြစ်တတ်ပါတယ်တဲ့။
ဒီတော့ ဒို့မြန်မာလူမျိုးတွေရဲ့ ရန်သူဟာ ဘယ်သူတဲ့လဲဟေ့ ဒို့ပရိသတ်ကြီး၊ ကိုရွှေအင်္ဂလိပ်ဘဲ မုဟတ်လား၊ ကိုရွှေအင်္ဂလိပ်တွေဟာ ပဋ္ဌမအကြိမ် ရန်စပြီး ဒို့ပိုင်နက်ဖြစ်တဲ့ တနင်္သာရီနဲ့ ရခိုင်ကို သိမ်းခဲ့တယ်။ နောက်ဒုတိယအကြိမ် ပုသိမ်၊ ဟံသာဝတီ၊ ပဲခူးနယ်တွေတိုက်ခိုက်သိမ်းယူခဲ့တယ်။ နောက် တတိယအကြိမ် ၁၂၄၇ ခုနှစ်ကျတော့ သီပေါမင်းကိုပါ ဖမ်းယူပြီး တပြည်လုံး အကြွင်းအကျန်မရှိ သိမ်းယူတယ်မဟုတ်လား။ ဒီလိုသူများပစ္စည်း သူများပိုင်နက်တွေကို သိမ်းယူတဲ့လူကို ဘယ်နှယ်ခေါ်သလဲ ပရိသတ်ကြီး အဒိန္နာဒါနလူလို့ ခေါ်တယ်မဟုတ်လား။ အဒိန္နာဒါနဆိုတာ မပေးဘဲနဲ့ ခိုးယူတဲ့လူ၊ ပိုင်ရှင်မကျေနပ်ဘဲနဲ့ ဓားပြတိုက်တဲ့လူကိုခေါ်တာမဟုတ်လား။ (ဟုတ်ပါတယ် ဟုတ်ပါတယ်)။ အဲဒီလို မတရားတိုက်ခိုက် သိမ်းယူပြီးတဲ့နောက် သူတို့က လေသံကောင်းဟစ်လိုက်သေးတယ် မြန်မာပြည်ကို သိမ်းပိုက်ရတာက မြန်မာလူမျိုးတို့ ပညာအမြှော်အမြင်ရှိအောင် သင်ကြားပြပေးဘို့၊ မြန်မာတွေမတတ်မြောက်သေးတဲ့ လောကဓာတ်ပညာတွေကို ကျွမ်းကျင်လိမ်မာလာအောင် နည်းလမ်းတကျ ပြသဘေးဘို့ပါတဲ့။ ဟုတ်ရဲ့လား ပရိသတ်ကြီး သူများလက်ထဲကမုန့် အတင်းလုစားပြီး စားသူဝဘို့ မဟုတ်ပါဘူး၊ မုန့်ရှင်ဝဘို့ပါလို့ဆိုယင် ဒီစကား ဟုတ်နိုင်ပါ့မလား ပရိသတ်ကြီး (မဟုတ်နိုင်ပါ၊ မဟုတ်နိုင်ပါ)။ ဒီတော့ အင်္ဂလိပ်ဟာ ဒို့ရန်သူ၊ အင်္ဂလိပ်ဟာ ဒို့အပေါ်မှာ အလွန်ကောက်ကျစ်စဉ်းလဲတဲ့ ရန်သူအစစ်ဘဲလို့ မှတ်ယူရမယ်မဟုတ်လား (ဟုတ်ပါတယ် ဟုတ်ပါတယ်)။ အဲဒီတော့ ရန်သူရှေ့မှာ ဘယ်လိုမနေရဘူးတဲ့လဲ သောစန္တမေနံ ဒုခိတံ ဝိဒိတွာ ပစ္စတ္ထိကာ အတ္တမနာဘဝန္တိတဲ့။ ရန်သူရှေ့မှောက် စိတ်သောကရောက်ပြီး ရွံ့ကြောက်မနေရဘူးတဲ့။ ရွံ့နေမယ်၊ ကြောက်နေမယ်ဆိုယင် ရန်သူက အားရဝမ်းသာတတ်ပါတယ်လို့ ဆိုတယ်မဟုတ်ဖူးလား။
အဲပြီးတော့ အလောင်းတော်ကလေးငယ် ကလေးက ဗာရာဏသီမင်းကြီးရဲ့ မေးခွန်းကို ဆက်လက်ပြီး……
“ယတော စ ခေါ ပဏ္ဍိတော အာပဒါသု၊
နနေဓတိ အတ္ထဝိနိစ္ဆယညူ။
ပစ္စတ္ထိကာ တေ ဒုခိတာ ဘဝန္တိ၊
ဒိသွာ မုခံ အဝိကာရံ ပုရာဏ” လို့ ဖြေကြားပါသေးတယ်။
ယတောစခေါ-မှတ်သားချက်မရ အကြင် အခါကာလ၌လည်း၊ အာပဒါသု-ဒုက္ခကို ဖန်မည့် ဘေးရန်အန္တရာယ်တို့သည်၊ ဥပ္ပန္နေသု-စင်စစ်မသုန် ဖြစ်ကုန်သည်ရှိသော်၊ အတ္ထဝိနိစ္ဆယညူ-အကျိုးတရား၏ အတွက်ဆုံးဖြတ်ချက်ကိုသိသော၊ ပဏ္ဍိတော-ပညာရှိသည်၊ နဝေဓတိ-စိတ်ရောကိုယ်ပါ နှစ်ဖြာမယုတ် မတုန်လှုပ်၊ အဝိကာရံ-မတည်ကြည်ဟန် ဖောက်ပြန်ခြင်းမရှိသော၊ ပုရာဏံ-အသွင်မပြောင်း ရှေးဟောင်း မူအတိုင်းဖြစ်သော၊ မုခံ-မျက်နှာကို၊ ဒိသွာ-တိုက်ရိုက်ထင်ထင် တွေ့မြင်ရ၍၊ တေပစ္စတ္ထိကာ-နှိပ်စက်မည့်လူ ထိုရန်သူတို့သည် ဒုခိတာ-ကိုယ်ရောစိတ်တုံ နှစ်ဖုံကြေကွဲ ဆင်းရဲကြကုန်သည်၊ ဘဝန္တတိ-စင်စစ်မသွေ ဖြစ်ကြပါကုန်သတည်း။
အဲ ဘေးရန်နဲ့ကြုံလာတဲ့အခါ ပညာရှိမှန်လျှင်မတုန်လှုပ်ရဘူးတဲ့။ မဖောက်မပြန် အသွင်မပြောင်း ရှေးဟောင်းမူဟန်အတိုင်းသာ ဖြစ်စေရမတဲ့။ အဲဒီလိုဘေးနဲ့ မကြုံရမီက အနေအထားအတိုင်း ရွှင်နေတဲ့ အမူအရာ ပြုံးနေတဲ့မျက်နှာထားတွေကို မြင်ရပါမှ ရန်သူများဟာ စိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်း ဖြစ်ရတယ်လို့ အလောင်းတော်ကလေးက အဖြေပေးလိုက်တယ် မဟုတ်လား။
အဲဒါကြောင့် ဒို့လူတွေဟာ အင်္ဂလိပ်မျက်နှာဖြူတွေက ဖန်တီးနေတဲ့အမျိုးနဲ့ ပတ်သက်တဲ့ဘေး၊ ဘာသာနဲ့ ပတ်သက်တဲ့ဘေး၊ အစီးအပွားနဲ့ပတ်သက်တဲ့ဘေး၊ အခွန်မပေးနိုင်လို့ သေနတ်နဲ့ချိန်ခံရတဲ့ဘေးလို့ အဲဒီလို အမျိုးမျိုးသောဘေးတွေနဲ့ ကြုံလာတဲ့အခါ ဘယ့်နှယ်နေရမယ်တဲ့လဲ၊ အပြုံးမပျက် အကြောက်မဖက်တဲ့ အမူအရာနဲ့ နေရမယ်လို့ ဆိုတယ်မဟုတ်လား။ အေး ဒို့ မကြောက်တဲ့ဟန်တွေကိုပြနိုင်မှ သူတို့က စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်မှာ။ ဒို့က ကြောက် ကြောက်ချည်းနေမယ်ဆိုယင် သူတို့က အမြဲဝမ်းသာအားရ ဖြစ်နေကြမှာ။ ဒါ့ကြောင့်-
ဒို့ပိုင်နက်တွေကို အဓမ္မသိမ်းယူဒါ ဘယ်သူတွေလဲဟေ့
အင်္ဂလိပ် အင်္ဂလိပ်
ဒို့တတွေကို ဒုက္ခပေးနေဒါ ဘယ်သူတွေလဲဟေ့
အင်္ဂလိပ် အင်္ဂလိပ်
ဒို့လူမျိုးတွေကို နှိပ်စက်နေဒါ ဘယ်သူတွေလဲဟေ့
အင်္ဂလိပ် အင်္ဂလိပ်
ဒို့ရန်သူအစစ်ဟာ ဘယ်သူတွေလဲဟေ့
အင်္ဂလိပ် အင်္ဂလိပ်
ဒို့မကြောက်ရမှာက ဘယ်သူတွေလဲဟေ့
အင်္ဂလိပ် အင်္ဂလိပ်။
အင်္ဂလိပ်ကိုကြောက်သေးသလား ပရိသတ်ကြီး မကြောက်ဖူး၊ မကြောက်ဖူး။ အဲဒီလို အိမ်တော်ရာ ၁၄ ခန်းဇရပ်ပရိသတ်ထုကြီးအား မကြောက်တရားဟောကြားပြီးနောက် ညောင်ကန်တိုက် ဘုံပိုင်ကျောင်း ဦးဝိဇယက အသင့်စီမံထားတဲ့ ပန်းမော်တော်ကားကြီးနှင့် ရွှေထီးကနက္ကဒဏ်ထီးဖြူများကိုဆောင်းကာ ဘုရားကြီးရဲဌာနသို့ ထွက်ခဲ့လေသည်။ တရားနာပရိသတ်ထုကြီးသည်လည်း မကြောက်တရားရကြပေလို့ လားမသိ၊ တီးမှုတ်ကခုန်၍ လိုက်ပါလာကြသည်။ တီးမှုတ်ကခုန်ဆိုရာ၌ သန့်ရှင်းတည်မြဲကွဲချိန်ကကဲ့သို့ တကယ် အိုးစည်ဗုံမောင်းနှင့် တီးမှုတ်ကခုန်ခြင်းမျိုးမဟုတ်၊ ယောက်ျားကြီးငယ်တို့က ပြိုင်တူလက်ခုပ်တီး သီချင်းဆိုကြ၍ လည်ပင်း၌ စိပ်ပုတီးဆွဲထားသည်။ ဆံပင်ဖြူအမယ်ကြီးအိုများက ပုဝါစနှစ်ဖက်ချကာ ကခုန်လိုက်ပါလာကြခြင်းဖြစ်သည်။
တချို့တချို့ နောက်ပြောင်တတ်သူများက လမ်းနံဘေးရှိ အစားအသောက်ဆိုင်များမှ မုန့်ပဲသွားရေစာများကို နှိုက်၍နှိုက်၍စားကြသည်။ ဆိုင်ရှင်များကလည်း သစ်ဆန်းသော မြင်ကွင်းအာရုံရဲ့ ညှို့ဓာတ်မိနေပေလို့လား မသိ၊ မယူပါနဲ့ မစားပါနဲ့လို့ မဆို၊ မတုန်မလှုပ် ကြက်သေကြည့် ကြည့်၍နေကြသည်။ တချို့ တချို့ကတော့ ကခုန်လိုက်ပါလာတဲ့ပရိသတ်ကြီးရဲ့ ရွှင်ပျလှပုံမြင်ရလို့ ပီတိသောမနဿတွေ ကူးစက်ကာ စားကြပါ သောက်ကြပါလို့ စတုဒ္ဒိသာ ဒါနပွဲခင်းသလို အတင်းလိုက်၍ ပေးကြကြွေးကြလေသည်။
ကားပေါ်မှ ရွှေမျက်မှန်ဦးဝိဇယကလဲ ကျယ်လောင်စွာ ဟစ်ဟစ်ပြီး မကြောက်တရား၊ မလန့်တရားများကို အင်္ဂလိပ်မုန်းတီးရေးတရား၊ အလိုတော်ရိတို့ကို ရှုံ့ချသည့်တရားများကို ဟောကြားလိုက်ပါလာလေသည်။
ထူးထူးဆန်းဆန်း အံ့မခန်းဖြစ်နေသော အကြောင်းအချက်တခုကတော့ ရာဇဝတ်ဝန်၏ ကားကလေးသည် ရွှေမျက်မှန် ဦးဝိဇယ၏ ပန်းမော်တော်ကားကြီးအနီး ကခုန်လိုက်ပါလာသော ပရိသတ်ထုကြီး၏ အလယ်မှ တရွေ့ရွေ့မောင်းနှင် လိုက်ပါလာခြင်းပင်ဖြစ်၏။ ဤသို့ တာဝန်ရှိသူတဦးက ဟန့်ခြင်းတားခြင်းကို တစုံတရာ မပြု၊ ဖမ်းမှုဆီးမှုတို့ဖြင့်လည်း အနှောင့်အယှက်မပေးဘဲ ဧဆေးစွာလိုက်ပါ၍လာခြင်းသည် ပရိသတ်၏ ဝမ်းသာအားရ ရွှင်ပျလှသော အမူအရာကိုမြင်ရ၍ အမ်းတမ်းတ်းဖြစ်၍ နေခြင်းကြောင့်လော၊ သို့တည်းမဟုတ် မိမိကိုယ်တိုင်က ဤပြုမူချက်ကို နှစ်သက်ထောက်ခံ၍ပေလောဟု တွေးတော ဒွိဟ သံသယဖြစ်စရာပင်။
ဤသို့ ကျေးလက်တောရွာတို့၌ ရှင်လောင်းလှည့်သလို တရွေ့ရွေ့တီးမှုတ် ကခန်ုလာခဲ့ရာမှ ဘုရားကြီးဂတ်နှင့် မလှမ်းမကမ်း ရွှေတုံးတံတားတောင်ဘက်ကမ်းသို့ ရောက်သောအခါ ညနေ ၅ နာရီ ထိုးကာနီးပြီဖြစ်သဖြင့် လူစုခွဲဘို့ရန် ဆုံးဖြတ်ချက်ချရတော့သည်။ လူစုခွဲ၍ ရာဇဝတ်ဝန်၏ကားပေါ်သို့ ပြောင်းလဲစီးပြီး ကားပေါ်မှ ပရိသတ်ဘက်သို့လှည့်ကာ ကျနစွာ ဣနြေ္ဒရရ တင်ပလ္လခွေ့ ဘုန်းကြီးထိုင်ထိုင်၍ ပရိသတ်ကြီးအား ငါးပါးသီလပေးသည်။ ပရိသတ်များကလဲ ဥပုသ်ဇရပ်၌ သီလယူဘိသကဲ့သို့ ပြားပြားဝပ် ရှိခိုးဦးချကာ ငါးပါးသီလခံယူကြသည်။ သီလပေးပြီး တရားအနည်းငယ် ဆက်လက်ဟောပြီးနောက် ရာဇဝတ်ဝန်ကားဖြင့် ဘုရားကြီးဂတ်သို့ လိုက်ပါလာခဲ့တော့၏။
ရာဇဝတ်ဝန်ကလေးကား မြန်မာလူမျိုးဖြစ်သည်။ ကားအတူစီးလာယင်း ဆရာတော်၏ လုပ်ဆောင်ချက်ကို တပည့်တော်အများကြီးထောက်ခံသည်၊ တပည့်တော်လည်းသက်သာ တိုင်းသူပြည်သား များလည်း သွေးကြွ၍ကျန်ရစ်ခဲ့ပါသည်ဟု အနီးကပ်၍ တိုးတိုးလျှောက်ထားလေသည်။
ဘုရားကြီးဂတ်သို့ရောက်သည့်အခါ ၅နာရီထိုး၍နေပြီ။ အင်္ဂလိပ်လူမျိုးများအတွက် သီးသန့်စီမံထားသော အချုပ်ခန်း၌ ထားသဖြင့် ချမ်းသာစွာ နေရလေသည်။
ဤအကြောင်းရပ်တို့ကို ထုတ်ဖော်ပြောပြ မိန့်ဟတော်မူပြီးသည့်အဆုံး၌ ရွှေမျက်မှန်ဆရာတော် ဘုရားကြီးက နိဂုံးချုပ်တော်မူသည်မှာ
“မောင်ပုညာနန္ဒရေ၊ ဒီ ဦးစန္ဒိမာဈာပနကိစ္စ မကြောက်ရေးဆန္ဒပြတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ငါ့ကို ထောင်ဒဏ် ၃ နှစ်အပြစ်ပေးခံရတယ်ကွယ့်၊ ဒါပေမယ့် နဲနဲကလေးမှ ဝမ်းမနဲခဲ့ဘူးကွယ့်၊ ထောင်ကျရ လေခြင်းလို့များ ပူပင်သောက စိတ်အကြောင့်အကြ မဖြစ်ခဲ့ဘူးကွယ့်၊ ဘာပြုလို့လဲဆိုတော့ ကာလသား ကာလသမီးတွေက တို့မြတ်စွာဘုရားဒေသနာတော်ကို အထင်သေး အမြင်သေး ဖြစ်နေကြတာကွယ့်၊ ဘုရားဟော ဒေသနာတွေဟာ လောကမှ ထွက်မြောက်ကြောင်းသာဖြစ်တယ်၊ လောကတွင်းအတွက် ကျင့်ဘွယ် ကြံဘွယ် စနစ်ဇယားမရှိဘူးလို့၊ အဲဒီလိုမချေမငံ ပေါ့ပေါ့တန်တန် ထင်နေကြတာကွယ့်။ ဒါ့ကြောင့် ဒို့က မြတ်စွာဘုရားဒေသနာတွေထဲမှာ လောကရေးအတွက် ကျင့်သုံးလိုက်နာဘွယ် စည်းမျဉ်းဥပဒေတွေ ဒီလို ရှိပေသေးတယ်လို့ လက်တွေ့ အောင်အောင်မြင်မြင် ကျင့်သုံးပြလိုက်ရတဲ့ အတွက် ဝမ်းသာလိုက်တာလေ၊ ဒီအောင်မြင်ချက်ကိုပြန်ပြီး သတိရတိုင်း ရတိုင်း ပီတိဖြစ်လို့ မဆုံးဘူးကွယ့်” ဟု နိဂုံးချုပ်တော်မူပါသည်။ ဤနိဂုံးစကားကို ကြားနာရသော မှတ်တန်းရေးသားသူမိမိမှာ “ဤဆရာတော်ကြီးသည်ကား အင်္ဂလိပ်မျက်နှာဖြူအောက်မှ လွတ်မြောက်ကြရန်အတွက် ပြင်းပြင်းပြပြ အားခဲနေကြရလို့ ပင်ပင်ပန်းပန်းနွမ်းနွမ်းနယ်နယ် ဖြစ်ပြီး နေရတဲ့ကြားထဲမှာပင် ဒီလိုဒေသနာတော်၏ သရုပ်ကို ပေါ်စေတော်မူလိုတဲ့ဆန္ဒကို ခေတ္တကလေးမဆ ချထားပြီး အနားမပေးနိုင်တဲ့ တကယ့်ပုဂ္ဂိုလ်ကြီးပေဘဲ”ဟု ဆရာတော်ကြီး၏ ကျယ့်ပြန့်လှသော ဆန္ဒတော်ကြီးကို အာရုံပြုကာ အကြိမ်ကြိမ်သော သက္ကစ္စဖြင့် ဂရုဂါရဝပြုခဲ့မိပါသည်။ ကြည်ညိုလေးစား နှလုံးသားဖြူဆွတ် အကြိမ်ကြိမ် ဦးညွတ်ခဲ့မိပါသတည်း။