သမိုင်း၏တရားခံ (အခန်းဆက်-အပိုင်း-၄)
ထောင်တွင်းလက်ရာလေးပါ။
၂၀၀၃ခုနှစ် အောက်တိုဘာလအထိသာ ဖြစ်ပါသည်။
ဤမှာဘက်အတွက် ဒုတိယအုပ်ရေးရပါဦးမည်။
ထောင်မှထွက်ခါစ အွန်လိုင်းနာမည်ကြီးဆောင်းပါးပါ။
အနီတွေသူကောင်းပြုကြတဲ့ စာမူပေါ့။
စာမူခွင့်ပြုချက် လွတ်လပ်လာတဲ့အခါ စာအုပ်အဖြစ်တရားဝင် ထုတ်ဝေလိုက်ပါတယ်။
အုပ်ရေသောင်းချီ ရိုက်နှိပ်ခဲ့ပါတယ်။
မဟနက ကမ္ဘာအေးသို့ ခေါ်ယူသတိပေးခြင်း မလုပ်ခဲ့သော်လည်း မစိုးရိမ်တိုက်သစ် ပထမမဟာနာယက ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသအား ဤစာအုပ်နှင့်ပတ်သက်၍ စာရေးသူကိုခေါ်ယူသတိပေးရန် တာဝန်ပေးခဲ့ပါတယ်။
ပထမ မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသကလည်း ဓမ္မဘာဏကကျောင်း၌ အခြားသော မဟာနာယကဆရာတော်များရှေ့မှောက်မှာပင် ဤစာအုပ်နှင့်ပတ်သက်၍ နောက်နောင် ထပ်မံရိုက်နှိပ်ခြင်း ဖြန့်ချိခြင်း လုံးဝမလုပ်ဖို့ မေတ္တာကရုဏာရှေ့ထား၍ ဆုံးမတော်မူပါတယ်။
အဲဒါကြောင့် သမိုင်း၏တရားခံစာအုပ်ကို ဆက်လက်ဖြန့်ချီမှုမပြုတော့ဘဲ ယခုမှသာ အွန်လိုင်းမှာ စတင် ပြန်လည် လွှင့်တင်လိုက်ရခြင်းဖြစ်ပါတယ်။
ဒုတိယတွဲထပ်ရေးပါဦးမည်။
မဘသအရေး ဝီရသူအရေး ၉၆၉ အရေး အမျိုးသားရေး ဘာသာသာသနာအရေး မဟန ၄၇ ပါးထဲက အာဏာရှင်ဆန်သော ပရိယတ် ပဋိပတ် ဘာမှမလုပ်သော အစိုးရကိုမျက်နှာလုပ်တတ်သော ဘုရားမျက်နှာကို မကြည့် လာဘ်လာဘမျက်နှာကိုသာကြည့်သော အဂတိတရားလိုက်စားသော အကျင့်ပျက်ခြစားသော မတရားဆုံးဖြတ်သော သာသနာတော်ကို ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေသော အစိုးရအားကိုးနဲ့မိုက်နေသော အချို့သော မဟနအမည်ခံထားသူတွေအကြောင်းတော့ ပယ်ပယ်နှယ်နှယ်ရေးပါ တော့မည်။
ယခုမှစ၍ သမိုင်း၏တရားခံ နိဒါန်းမှ ပြီးဆုံးသည်အထိ အခန်းဆက် လွှင့်တင်ပါတော့မည်။
ဝီရသူ(မစိုးရိမ်)
19.7.2017
PM 12:23
==========================================================
“ဒေါ်လာစား မဟန”
ကျွန်ုပ်သည် လွန်ခဲ့သော တဆယ့်လေးနှစ်ခန့်က တန့်ကြည့်တောင် ငိုရယ်တရားခွေကို ကြည့်ခဲ့ရပါသည်။ မှားနေမှန်းသိသည်၊ ဘာကြောင့်မှားမှန်းမသိ၊ ဘယ်လိုမှားမှန်းမသိပေ။ ထို့ကြောင့် တဖြည်းဖြည်း စာတွေ့ လက်တွေ့ လေ့လာလိုက်စား၍ စုံစမ်းဆင်ခြင်ကြည့်မိသည့်အခါ ငိုရယ်တရားသည် ပိဋကတ်တော်နှင့် မညီညွတ်သော၊ ပိဋကတ်တော်နှင့်ဆန့်ကျင်သော၊ ဘုရားသာသနာကို အိုးမည်းသုတ်နေသော အဓမ္မကြီး ဖြစ်နေသည်ကို တွေ့ရလေသည်။
ပြည်တွင်းမှာ သာမဟုတ်ဘဲ ပြည်ပအထိ ငိုရယ်တရားကြီး ထင်ရှားနေပါလျက် မဟနသည် လက်ပိုက်ကြည့်နေကောင်းလောဟု ကျွန်ုပ်အားမလို အားမရဖြစ်ခဲ့ဖူးလေသည်။
သို့ဖြစ်၍ မဟန၏ သဘောထားအမှန်ကို သရအောင်စုံစမ်းရာမှ မဟနသည် အဓမ္မဘက်တော်သားများ ဖြစ်နေမှန်းသိခဲ့ရလေသည်။
တန့်ကြည်တောင်ဆရာတော်သည် အမေရိကသို့ ခဏခဏကြွသည်။ မကြွခင်လည်း မဟနအဖွဲ့ကို ဦးတင်အလှူဝတ်ပြုသည်။ ပြန်လာလျှင်လည်း နိုင်ငံခြားဖြစ် အသုံးအဆောင်များ နိုင်ငံခြားငွေဒေါ်လာများကို လှူဒါန်းသည်။ ဤသို့ဖြင့် မဟနသည် အငြိမ်းစားဒေါ်လာရ၊ ဒေါ်လာစား အာဏာရဘဝဖြင့် ပုတ်သင်ညိုလိုလို၊ လိပ်လိုလို လုပ်နေကြလေသည်။
ရိပ်သာလောကမှ ပွက်လောထ၍ ငိုရယ်အမှုရောက်လာသည့်အကြိမ်ပေါင်းလည်း မနည်းလှပေ။ ထိုသို့ရောက်လာသည့် အခါတိုင်း ဒေါ်လာစား အာဏာရှိကြီးများ ခေါင်းချင်းရိုက်ကြရလေသည်။ ထိုငိုရယ် အဓမ္မအမှု စားပွဲပေါ် ရောက်လိုက် တစ်နည်းနည်းဖြင့် ပယ်ချလိုက် လုပ်နေကြလေသည်။
အဓမ္မကို အဓမ္မဟု မဆုံးဖြတ်နိုင်သူ၊ အဓမ္မကို အဓမ္မဟု မဆုံးဖြတ်ရဲသူ၊ အဓမ္မကို အဓမ္မဟု မဆုံးဖြတ်ချင်သူတို့သာ များနေလေရာ ငိုရယ်အဓမ္မဝါဒသည် အရှိန်အဟုန်ဖြင့် မိုင်ကုန်ကြီးထွားလာလေတော့သည်။
ထိုသို့ အဓမ္မဝါဒ ကြီးထွားလာရခြင်း၏ အဓိကတရားခံမှာ ထိပ်တန်းအရာရှိ ဆရာတော်ကြီးများဖြစ်လေသည်။ ထိုဆရာတော်ကြီး များတွင် ဒုတိယဥက္ကဋ္ဌဆရာတော်ကြီးတစ်ပါးက တန့်ကြည်တောင်ဝါဒဟာ အဓမ္မတော့မဟုတ်ဘူးကွ။ ဝိပဿ နုပက္ကိလေသ(ဝိပဿ နာညစ်ညူးကြောင်း)အဆင့်မှာ သာယာနေတာသာဖြစ်တယ်ဟု မိန့်တော် မူလေသည်။
ထိုဆရာတော်ကြီးသည် တန့်ကြည်တောင်ဘက်လိုက်၍ ပြောဆိုခြင်းမဟုတ်ပါ။ အရိုးခံအမြင်ဖြင့် ပြောခြင်းသာ ဖြစ်ပါသည်။ လက်တွေ့လောကသို့ ကွင်းဆင်းမကြည့်နိုင် မစုံစမ်းနိုင်ခြင်း၊ တန့်ကြည့်တောင်ဝါဒကို အတွင်းကျကျ မလေ့လာနိုင်ခြင်းကြောင့်သာ အဓမ္မမှန်းမသိခဲ့ခြင်း ဖြစ်ပါသည်။
ဒုတိယဥက္ကဋ္ဌဆရာတော် နောက်တစ်ပါးကတော့ တရားထိုင်ရင်း ငိုတာ၊ ရယ်တာ၊ သီချင်းဆိုတာ တကယ်ဖြစ်တတ်တယ်။ ငါကိုယ်တိုင် ငါ့အခန်းထဲမှာ တရားထိုင်ရင်း စိန်ခြူးကြာညောင်သီချင်းဆိုပြီး ထကမိဖူးတယ်ဟု သူ၏လက်တွေ့နှင့်ပါ ယတိပြတ် အမှားဖက်လိုက်လေတော့သည်။ ထိုဆရာတော်သည် စိန်ခြူးကြာညောင် သီချင်းတစ်ပုဒ်ဖြင့် တန့်ကြည့်တောင်ဇာတ်ထုပ်ကိုစားပွဲခုံပေါ်မှ ရုပ်သိမ်းပေးခဲ့သူဖြစ်လေသည်။
အရည်အချင်းရှိသော်လည်း တရားမရှိ၍ အမှားသိခြင်းလည်းဖြစ်ပေသည်။ သစ္စာမသိ၍ လိမ်ညာမိခြင်းလည်း ဖြစ်ပေမည်။ စိန်ခြူးကြာညောင် လှိုင်ထိပ်ခေါင်တင် ဆရာတော်ကြီး၏ ထောက်ခံချက်ကြောင့် တန့်ကြည့်တောင် ငိုရယ်တရားပွဲများ အတင့်ရဲလာခဲ့လေသည်။
ဤသို့ဖြင့် ကျွန်ုပ်သည် ၁၃၆၂ ခု ခရစ်နှစ် ၂၀၀၀ ခုနှစ်တွင် တန့်ကြည့်တောင်အမှားပုံစာအုပ်ခေါ် တရားထိုင် ငိုရယ်ခြင်းအကြောင်း စာအုပ်ကိုရေးသား၍ သာသနာရေးဌာနသို့ မှတ်ပုံတင်လိုက်လေသည်။ ထိုအခါ ထိုဆရာတော်ကြီးများက သူတို့အထုပ်ဖြေပြသလိုဖြစ်နေ၍ ကျွန်ုပ်အပေါ် အမျက်တော်ရှိကြလေသည်။ အကြံဉာဏ်ပေးခြင်း၊ အပြုသဘော ပြင်ဆင်တည်းဖြတ်ပေးခြင်းများမပြုဘဲ သာသနာအတွက် အရေးကြီးသော စာအုပ်ကို ထုတ်ဝေခွင့်ပိတ်လေသည်။ ကမ္ဘာအေးစာပေစိစစ်ရေးကျမ်းစာဌာနမှ ဒကာတစ်ဦးက ဓမ္မဝိနယခုံရုံး တင်ရန် အကြံပြုလေသည်။ လူပုဂ္ဂိုလ်ကမှ အကြံပြုဖော်ရပေသေးသည်။ သားမရှိ မယားမရှိသည့် ဆရာတော်ကြီးများကား အကြံပြုဖော်တောင် မရရှာပေ။ ကျွန်ုပ်က အဖမ်းခံကာ ဇွတ်ထုတ်မည်လျှောက်သော အခါ အစွန်းရောက်ဘွဲ့ထူးပင် ချီးမြှင့်လိုက်ပေသေးသည်။ ဆရာတော်ကြီးများသည် ကိုယ်ကိုယ်တိုင်လည်း မဆုံးဖြတ်နိုင်၊ ဆုံးဖြတ်နိုင်သူကိုလည်း အားမပေးဘဲ အဓမ္မဘက်မှ အကြောက်အကန် ရပ်တည်နေလေသည်။
တခုတော့ မဟနကို ကျေးဇူးတင်ရမယ်။ တန့်ကြည့်တောင်ဆရာတော်ကို ကမ္မဋ္ဌာနာစရိယ(ကမ္မဋ္ဌာန်းဆရာ) ဘွဲ့မပေးသောကြောင့်ဖြစ်၏။ ဘွဲ့ရူး ရူးနေသော တန့်ကြည့်တောင်ဆရာတော်ကလည်း ကမ္မဋ္ဌာန်းဆရာဘွဲ့ လျှောက်ခဲ့လေသည်ကို သဒ္ဓမ္မဇောတိက(သာသနာပြု)ဘွဲ့သာ ချီးမြှင့်ခဲ့လေသည်။ အကယ်၍ တန့်ကြည့်တောင် လျှောက်တိုင်း ကမ္မဋ္ဌာန်းဆရာဘွဲ့ပေးလိုက်လျှင်ကား သွားပြီ ကမ္ဘာအေးသာသနာရေးဌာနကြီး ပျက်စီးပြီဟူ၍သာ မှတ်ထင်ရတော့မည်ဖြစ်လေသည်။ ယခုတော့ တော်ပါသေး၏။ သိက္ခာသမာဓိရှိသော ဆရာတော်ကြီးများ ကျေးဇူးကြောင့် ရသေးသည် မသွားသေးဟု ဖြေသာနိုင်ပါသည်။
“အချင်းချင်းအပေါ် အဆိပ်ပြင်းသူ”
ထိုသို့ သာသနာတော်မှာ အပြင်းပွားစေမည့် သာသနာတော်အတွက် အကျိုးမများသည့် အဓမ္မဝါဒသမားများကို ပြတ်ပြတ်သားသား ဆုံးမအရေးယူရာ၌ အစွယ်မထက်ကြသော်လည်း ကိုယ့်အချင်းချင်းအပေါ်တော့ အဆိပ်ပြင်းတတ်ကြလေသည်။
ကျွန်ုပ်သည် ကမ္ဘာအေးသာသနာရေးဌာနသို့ သွားရောက်၍ ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ဖူးလေသည်။ နောက်နောင် သာသနာရေးဌာန၏ ခွင့်ပြုချက်မရဘဲ စာအုပ်ရေးသား ထုတ်ဝေခြင်း မပြုလုပ်ပါဟု ဝန်ခံကတိလက်မှတ်ရေးခဲ့ရခြင်းဖြစ်၏။ လက်မှတ်မထိုးမီ ကျွန်ုပ်က ဒုတိယစာအုပ်ကို ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယစာအုပ်အတိုင်း ရေးသားပါမည်၊ ဒုတိယစာအုပ်ကို ခွင့်ပြုချက်ချပေးမည့်အကြောင်း ဆရာတော်များက ကတိပြုပါမှ လက်မှတ်ရေးထိုးနိုင်ပါမည်ဘုရားဟု လျှောက်လေသည်။ ထိုအခါ ဆရာတော်တစ်ပါး မူဝါဒစည်းကမ်းနှင့်အညီ ရေးသားက ခွင့်ပြုမည်ဟု မိန့်သည်။
ကျွန်ုပ်က ဆရာတော်တို့မူဝါဒ၌(တန့်ကြည့်တောင်)နာမည်တိုက်ရိုက်သုံးခွင့်မပြုပါ။ တပည့်တော်စာအုပ်သည် နာမည်တိုက်ရိုက်သုံးမှ အဓမ္မဝါဒမှန်းသိနိုင်မည့်နေရာ၌ နာမည်တိုက်ရိုက်သုံးစွဲထားသည့် စာအုပ်ဖြစ်ပါသည်။
ထိုအခါ ဆရာတော်တစ်ပါးက သုံးလျှင်လည်း သိမ်သိမ်မွေ့မွေ့သုံး ဟု မိန့်ပါသည်။ ကျွန်ုပ်လည်း ဆရာတော်ကြီးများ ကတိတည်လိမ့်မည်ဟု ယုံကြည်ကာ လက်မှတ်ရေးထိုးခဲ့ပေသည်။
ဒုတိယစာအုပ် ပရိယတ္တိရွှေချိန်ခွင့် စာမူတင်သည့်အခါ ဆရာတော်ကြီးများက ချမပေးဘဲ ကြေးများနေပေသည်။ မူဘောင်အတိုင်း ကိုင်ထားကြလေသည်။ ၄င်းတို့ခွင့်ပြုချက်အတိုင်း ညင်သာစွာ သုံးစွဲထားပါလျက် နာမည်တွေပါလို့ မူဝါဒတွေနှင့်မညီဟုဆိုကာ ပယ်ချလိုက်ကြလေသည်။ သို့ဖြင့် ကျွန်ုပ်လည်း ကျွန်ုပ်ဘက်က အမှားအယွင်းမရှိရလေအောင် နာမည်များကို ဖျက်၍ နာမည်များနေရာ၌ ကွက်လပ်ချန်ကာ ဒုတိယအကြိမ် ပြန်လည်တင်လျှောက်ရလေသည်။ ဒုတိယအကြိမ်၌လည်း စာမူချမပေးပေ။ ထိုအခါ သူဌေးတန်းဆရာတော်နှင့် ကသာဆရာတော်တို့က ကျမ်းစာဌာနရှိ အရာရှိများထံသွားကာ အဆိုပြုကြလေသည်။ ကျမ်းစာဌာနရှိ လူပုဂ္ဂိုလ် များသည် ဆရာတော်နှစ်ပါးကို မလွန်ဆန်လို၍ တာဝန်ကျ အဓိပတိဆရာတော်ကြီးထံ စာမူတင်လိုက်လေသည်။
ထိုဆရာတော်ကြီးသည် သာသနာသန့်ရှင်းရေးပြဿနာ၌ ကျွန်ုပ်အား တစ်ဖက်သတ်အထင်လွဲကာ အမျက်တော်ထားသူဖြစ်သည့်အလျောက် စာမူကို ပယ်ချပြန်လေသည်။ သူဌေးတန်းဆရာတော်နှင့် ကသာဆရာတော်နှစ်ပါးလည်း ထိုဆရာတော်ကြီးထံ ဦးညွတ်ကြပြန်လေသည်။ သို့သော် ထိုဆရာတော်ကြီးကား သာသနာတော်ကို ချစ်မြတ်နိုးသည်ထက် ဂိုဏ်းဂဏကို ပို၍ချစ်မြတ်နိုးသူဖြစ်သည့် အလျောက် ပုဂ္ဂိုလ်ရေးရာ အာဃာတများကို စားပွဲဝိုင်းလုပ်ငန်းခွင်အတွင်းသို့ ယူခဲ့ရှာလေသည်။ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ကို အာဂုံဆောင်ထားသော်လည်း ဦးနှောက်ထဲမှာသာ သိမ်းဆည်းထားပုံရပေသည်။ နှလုံးအိမ် နှလုံးသွေးထဲသို့ ရောက်ပုံမပေါ်ပေ။ ထို့ကြောင့် ဂုဏ်ကြီးသည့်အလျောက် အတ္တလည်းကြီး မာနလည်းကြီးရှာလေသည်။ သာသနာမျက်နှာ ဘုရားမျက်နှာကို ကြည့်ပြီး ဆုံးဖြတ်ရမည့်စာမူကို ဘုရားမျက်နှာ သာသနာမျက်နှာကိုမကြည့်တော့ဘဲ ပုဂ္ဂိုလ်ရေးကိုကြည့်ကာ ပစ်ပစ်ခါခါ ပယ်ချလေသည်။
ဘုရားသားတော် အာဏာရှိဆရာတော်ကြီးက ဆရာဝန်လိုတောင် မကျင့်နိုင်ရှာပေ။ ဆရာဝန်၏ အလုပ်သည် ဆေးကုခြင်းပင်ဖြစ်သည်။ ချစ်သူပင်ဖြစ်စေ မုန်းသူပင်ဖြစ်စေ၊ မိတ်ဆွေပင်ဖြစ်စေ၊ ရန်သူပင်ဖြစ်စေ၊ အကျိုးပြုသူ ပင်ဖြစ်စေ၊ အကျိုးဖျက်သူပင်ဖြစ်စေ၊ မည်သူပင်လာလာ ရောဂါပျောက်အောင် ဆေးကုရမည့်တာဝန်မှာ ဆရာဝန်၏ တာဝန်ပင်ဖြစ်လေသည်။ မုန်းသူဖြစ်၍၊ ရန်သူဖြစ်၍၊ အကျိုးဖျက်သူဖြစ်၍ဆိုပြီး ဆန့်ကျင်ဘက်ပြု မူခွင့်မရှိပေ။
ထို့အတူပင် ဘုရားသားတော်များသည် ဘုရားမျက်နှာသာကြည့်၍ ဘုရားသာသနာအကျိုးသာ ဆောင်ရွက်ရမည်ဖြစ်သည်ကို ထိုဆရာတော်ကြီး လှစ်လျူရှုခဲ့ပေသည်။ အချင်းချင်းအပေါ်တော့ အဆိပ်ပြင်းပါသော ဆရာတော်ကြီးပါတကား။ (ထိုဆရာတော်ကြီးတင်မဟုတ်ပါ၊ ညွှန်ချုပ် မျိုးမြင့်ကလည်း ပယ်ခဲ့ပေသည်) ထိုဆရာတော်ကြီးသည် သူ၏တပည့်ပင်ဖြစ်ပါစေ၊ သူ့အလိုမကျက ဤကဲ့သို့ပင် ပြုမူလေ့ရှိသည်ဟု ကျွန်ုပ်နှင့်ဘဝတူ ကျမ်းပြုဆရာတော်တစ်ပါးက ပြောလေသည်။ ၄င်းက သူ့ဆရာ၏ ဘက်လိုက်ဆုံးဖြတ်မှုများ၊ တရားမဲ့ပြုကျင့်မှုများကို မှတ်တမ်းလုပ်ထားသည်။ အသုံးလိုက ယူပါဟု ပေးလေသည်။ ကျွန်ုပ်သည် ထိုအချက်အလက်များကို ကိုင်၍ပင်မကြည့်ခဲ့ပေ။ ဓမ္မအတွက် သာသနာအတွက် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးရာတိုက်ခိုက်ဘို့အတွက် ကျွန်ုပ်မှာ အစွမ်းမရှိ၊ အဆိပ်မရှိပေ။
ပုဂ္ဂိုလ်ရေးရာ၌ ကျွန်ုပ်ကား အစွယ်မထက်၊ အဆိပ်မပြင်း၊ အဆိပ်မရှိသည့် ရွေမြွေတကောင်သာ ဖြစ်လေသည်။ ထို့ကြောင့်လည်း ကျွန်ုပ်အား လက်မှတ်ထိုးခိုင်းစရာအကြောင်းမသိဘဲ လှိမ့်ငေါက်နေသော အာဏာရှိဆရာတော်ကြီးများအပေါ် အပြစ်မယူနိုင်ခဲ့ခြင်းဖြစ်ပါ၏။
ဤကား မဟန၏ တလွဲဆံပင်ကောင်းပုံဖြစ်ပါသည်။