“အမျိုးယုတ် မြည်းကောင်များ”
မဟနအဖွဲ့မှ ဆရာကြီးများသာ ရာထူးဂုဏ်မောက်ကြသည်မဟုတ်။ ၄င်းတို့၏တပည့်ကြီးများကလည်း စိန်နားကပ်ရောင်နှင့် ပါးပြောင်တတ်ကြသေးသည်။
ကျွန်ုပ်သည် မြို့လေးတစ်မြို့သို့ တရားဟောကြွသွားစဉ် ထိုမြို့မှ ဒကာများက စိန်နားကပ်ကိုယ်တော်ကြီးများ အပါးဝပုံကို ဝိုင်းဝန်းလျှောက်ကြ၏။
လမ်းဘေးချရပ်ထားသည့်ကားကို စိန်နားကကိုယ်တော်ကြီးများကားက ပွတ်ဆွဲသွားသည်။ ကားဆရာများက ပြေးလာကြသည့်အခါ စိန်နားကပ်ကိုယ်တော်ကြီးများ ကားပေါ်ကဆင်းလာပြီး ဘာလဲ ဘာဖြစ်တာလဲ၊ ဘာလုပ်ချင်လဲ၊ ငါတို့က VIP ခရီးစဉ်နှင့်လာတာဟု ဒေါသတကြီး ရန်တွေ့လေသည်။ ကားကြီးကလည်း အကောင်းစား၊ ကားဘီးကြီးများကလည်း အပြင်သို့ကားထွက်နေ၍ သူတို့ကား ဘာမျှမဖြစ်သော်လည်း ပွတ်ဆွဲခံရသည့်ကားလေးမှာ အတော်နာသွားခဲ့ရပေသည်။ လူလိုသူလို ပြေလည်အောင် ဖြေရှင်းလျှင်လည်း ကျေနပ်ဖွယ်ရှိသေးသည်။
ယခုမူ လူပါးဝလွန်း၏။ ဆူးနှင့်ဖက်ဥပမာကို ဆင်ခြင်မိ၍သာ နစ်နာသည့်ဘက်က အလျှော့ပေးလိုက်ခြင်း ဖြစ်၏။
ကားပေါ်က ကိုယ်ပိုင်စာတန်းဘွဲ့တံဆိပ် စာတန်းကြီးကလည်း လန့်စရာကောင်းလှ၏။
မဟနဆရာကြီးများ၏ ကိုယ်ရံတော်ကြီးများကသာ ထောင်လွှားကြသည်မဟုတ်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့်မှ ဆရာကြီးများ၏ သက်တော်စောင့်ကြီးများ၊ တပည့်ကြီး တပည့်လေးများကလည်း ထောင်လွှားတတ်လေသည်။ ဤခေတ်သည်ကား
သီလခေတ်မဟုတ်၊ သုတခေတ်ဖြစ်၏။ အပ္ပမာဒခေတ်မဟုတ်၊ ပမာဒခေတ်ဖြစ်၏။ ဗြဟ္မစိုရ်ခေတ်မဟုတ်။ အာဏာခေတ်
ဖြစ်၏။
သန္တုဋ္ဌီ သလ္လေခခေတ်မဟုတ်၊ ဂုဏ်တုဂုဏ်ပြိုင်ခေတ်ဖြစ်၏။ ဂါရဝနိဝါတခေတ်မဟုတ်၊ အတ္တမာနခေတ်ဖြစ်၏။
ထို့ကြောင့် ရာထူး၊ အာဏာရှိသူများသည် ရာထူးကြီးလျှင် ကြီးသလောက်၊ အာဏာကြီးလျှင် ကြီးသလောက် မောက်မာကြလေသည်။
ရာထူးအာဏာမဟုတ်ပါဘဲ စည်းစိမ်ကြီးသူများပင် စည်းစိမ်ဂုဏ်မောက်တတ်ကြ၏။
တစ်နေ့ ကျွန်ုပ်ဆွမ်းစားနေစဉ် ကျွန်ုပ်ဆရာ၏ ကျောင်း၌ ဒကာမတစ်ယောက် အော်ကြီးဟစ်ကျယ်လျှောက်ထားသံကို ကြားနေရ၏။ ဆွမ်းစားနေရင်းဖြစ်၍ ကျွန်ုပ်ထွက်မကြည့်မိ။ ကျွန်ုပ်ဆရာ၏ကားက ဂျစ်ကားဖြစ်သည်။ ထိုဂျစ်ကားဖြင့် ကျွန်ုပ်ဆရာကိုလာကြိုစဉ် လမ်းမှာ ယာဉ်မတော်မဆထိခိုက်မှုဖြစ်ကြသည်။ မီးပွိုင့်က မီးနီပြသည့်အခါ အရှိန်မသတ်နိုင်၍ ရှေ့တည့်တည့်မှရပ်ထားသည့်ကားကို ဝင်တိုက်မိခြင်းဖြစ်၏။ ပြေပြေလည်လည် တောင်းပန်စကား ပြောလိုက်လျှင် ပြဿနာသည် ထိုနေရာ၌ပင် ပြီးခဲ့မည်ဖြစ်သည်။ ယခုမူ လာကြိုသော တပည့်လေးက သတ္တိရှိရင် ကျောင်းအထိလိုက်ခဲ့ဟု စိန်ခေါ်လေ၏။ ကားပိုင်ရှင်ဒကာမမှာ ထက်မြတ်သူဖြစ်ပေမည်။ ယာဥန်ထိန်းရဲကို ကားပေါ်တင်ကာ စိန်ခေါ်လို့ တိမ်ပေါ်ထိ လိုက်ခဲ့ပေသည်။
ဆရာသမားနှင့်တွေ့သည့်အခါ ဖြစ်ကြောင်းကုန်စဉ် ဒေါနှင့်မောနှင့် လျှောက်ထားလေသည်။ စိန်ခေါ်လို့ တိမ်ပေါ်ထိလိုက်ခဲ့ပြန်တော့လည်း စိန်ခေါ်သူက မထိုးသတ်ဝံ့ပြန်ချေ။ ဆရာ့ရှေ့တွင် ကုပ်ကုပ်ကလေး နေရရှာလေ၏။
ဆရာသမားဖြစ်သူမှာ တပည့်မကောင်း ဆရာခေါင်းဆိုသလို ကိုယ့်ဘက်ကမှားခဲ့သည့်အတွက် ခေါင်းအေး အေးထားပြီး ပြောသမျှကို နားထောင်ပေးရှာ၏။ ဒကာမလျှောက်ပြီးသည့်အခါ တပည့်လေးအား မေးလေသည်။
တပည့်လေးက ကြောက်၍ ဘူးခါလေး၏။ ထိုအခါ ဒကာမက ကိုယ်တော်ယောက်ျား တပည့်တော်မိန်းမ၊ ကိုယ် တော်ယောက်ျားဖြစ်ပါလျက် ဘာလို့ယောက်ျားစကားမပြောတာလဲ ပြောင်ရှင်းလေ၏။ ကိုယ်တော်လေးမှာ ကိုယ့်ဘက်ကမှားခဲ့မိသည့်အတွက် ဒကာမကိုပင် ရင်မဆိုင်နိုင်တော့ပေ။ ဆရာသမား၏ ဖြေရှင်းပုံကလည်း မှတ်သားစရာကောင်းလှသည်။ ကဲ ဘုန်းကြီးဘက်က မှားခဲ့ပြီ။ တပည့်လေး ကိုယ်စား ဘုန်းကြီးကပဲ တောင်းပန်ပါတယ်။ အဲဒီအတွက် ဘုန်းကြီးက ဘာများဆောင်ရွက်ပေးရပါဦးမလဲဟု မိန့်တော်မူရာ ပင်ကိုယ်ကပင် ရဟန်းသံဃာဆိုလျှင် ကြည်ညိုရင်းစွဲရှိပြီးသားဖြစ်၍ ဆရာတော်တစ်ပါးက တိုးရှိုးတောင်းပန် နေသည့်အခါ ဒကာမ၏ဒေါသအာဃာတများ ချက်ချင်းလွှင့်စင်ကာ ကျေနပ်သွားခဲ့ပေသည်။ တပည့်တော်မ အလျော်တောင်းဖို့လိုက်လာတာမဟုတ်ပါဘူးဘုရား ရိုသေစွာ ရှိခိုးဦးချပြီး ပြန်သွားလေ၏။
နိုင်ငံရေး၌ပင်ဖြစ်စေ သာသနာရေး ဘာသာရေး၌ပင်ဖြစ်စေ မတရားမှုကို ခေါင်းငုံ့ခံမနေဘဲ ထိုဒကာမလို သတ္တိရှိစေချင်ပါသည်။
ဝိဒေမင်းကို မာန်တင်းရန်ထောင် ပုတ်သင်စောင်သို့ ဟူသော မဃဒေဝလိုပင် အသပြာတစ်ပြားမျှဖြင့် မင်းစည်းစိမ်ကိုအန်တုကာ မာန်ထောင်သူများ ရှိတတ်ကြ၏။
ရှေးအခါက အာဇာနည်သိန္ဓောမြင်းတို့အား စပျစ်သီး စသည့်သစ်သီးများကို အရည်ညှစ်ပြီး အရည်သာတိုက်လေသည်။ ကျန်နေသော သစ်သီးခွံ၊ သစ်သီးဖတ်များကို ရေနှင့်ရောပြီး သိန္ဓောမြင်းတို့၏ ကိုယ်ရံတော်မြည်းကောင်များကို တိုက်လေသည်။ အမျိုးမြတ်သည့် သိန္ဓောမြင်းတို့မှာ စားကောင်းသောက်ဖွယ် များကို ဦးဦးဖျားဖျားစားရသော်လည်း အမျိုးမြတ်၍ မာန်မမူကြ၊ မထောင်လွှားကြပေ။ သိန္ဓောမြင်းတို့၏ အကျန်အကြွင်းကိုသာ စားရသောမြည်းကောင်များကား အမျိုးယုတ်ကြသူများဖြစ်၍ အဆီယစ်ပြီး နန်းရင်ပြင်တစ်ခုလုံး၌ ခုန်ပေါက်ပြေးလွှားကြ၊ တိုးဝှေ့ကန်ကြောက်ကြသဖြင့် နန်းတော်ရင်ပြင် အကျည်းတန်အောင် မာန်မူထောင်လွှားကြလေသည်။ သိန္ဓောမြင်းကဲ့သို့ ကောင်းကောင်းစားရ၊ ဦးဦးဖျားဖျား စားရလျှင်ကား ဆိုဖွယ်ရာမရှိပေ။ (ဒုတနိပါတ်၊ အသဒိသဝဂ်၊ ဝါလောဒကဇာတ်)
ကရော်ကမည်၊ စာကျည်ကျည်လျှင်၊ ကြည်တမြမြ၊ သောမနဖြင့် ရှေးကမြင်းမင်း၊ လောင်းသနင်းစား၊ စားကြွင်း သောက်ျန်၊ ထွေးအန်စွန့်လတ်၊ မစင်ဖတ်ကို၊ စားတတ်ရရုံ၊ ယစ်မူးပုံဖြင့် ဟီတုံဟန်တုံ၊ ခွါစုံကန်ပေါက်၊ လွန်မြောက်မြူးကြွ၊ အားခွန်ပြ၍၊ ပြေးကြခုန်လွှား၊ မြည်းယုတ်များသို့၊ တရားမတည်၊ လော်လီမြူးရွှင်၊ မ လေဘင်တည့်။ (မဃဒေဝ၊ စာပိုဒ် ၄၂၉)
“သမိုင်းတရားခံ”
ဤသို့လျှင် မဟာနာယကဆရာတော်များသည် သာသနာတော်သန့်ရှင်းရေးကိုဦးစားပေး ဆောင်ရွက်မှု မရှိဘဲ လျစ်လျူရှုထားခြင်း၊ ၄င်းအဖွဲ့၌ပင် မသန့်ရှင်းသူများ ပါဝင်နေခြင်း၊ အဖွဲ့ဝင်များကိုရွေးချယ်ရာ၌ သံဃာ့ဆန္ဒကို မခံယူခြင်း၊ ဓမ္မဝိနယမဏ္ဍိုင်ကို အလေးမထားခြင်း၊ အကျင့်ပျက်ခြစားမှုများ မတရားဆုံးဖြတ်မှုများ ပြည့်လျှံနေခြင်း၊ အဓမ္မကို အကာအကွယ်ပေးထားခြင်း၊ သံဃာထုအပေါ် အာဏာကို အလွဲသုံးစွဲအနိုင်ကျင့် နေခြင်း၊ ဒီမိုကရေစီစနစ်ကို မကျင့်သုံးဘဲ အာဏာရှင်စနစ်ကို ကျင့်သုံးနေခြင်း၊ ရဟန်းပျိုအုပ်ချုပ်ရေးစနစ်လို သံဃာထု၏ လေးစားမှုကို မခံယူရခြင်း၊ ဘွဲ့တံဆိပ်သာသနာထူထောင်ပြီး ဘုရားသာနသာကို ဖျက်ဆီးနေခြင်း၊ စာပေစိစစ်ရေးကို ဘောင်ခတ်ပြီး ဓမ္မကို မျက်ကွယ်ပြုထားခြင်း၊ သံဃာထုဘေးကင်းလုံခြုံအောင် အကာအကွယ်မပေးနိုင်ခြင်း၊ သာသနာအကျိုးကို မသယ်ပိုးဘဲကျိုးရှာနေခြင်း၊ ပထမပြန်စာမေးပွဲများကို တိုင်းစစ်ပြည်နယ်စစ် ခွဲထုတ်၍ ပရိယတ္တိသာသနာကို ဖျက်ဆီးနေခြင်း၊ ဓမ္မဘက်မှာမရပ်တည်ဘဲ အဓမ္မဘက်မှာ ရပ်တည်နေခြင်း၊ ၄င်းတို့၏ လက်ရုံးတပည့်ကြီးများက တိုင်းသူပြည်သားတွေကို အနိုင်ကျင့်နေခြင်း ဤသို့သော အကြောင်းတရားများကြောင့် သာသနာတော်ပျက်စီး ယိုးယွင်းရခြင်းဖြစ်လေသည်။
မြန်မာသက္ကရာဇ် ၁၂၄၀ ပြည့်နှစ်တွင် ယောမင်းကြီးဦးဖိုးလှိုင်သည် ရာဇဓမ္မသဘင်္ဂဟကျမ်းကို ပြုစုခဲ့၏။ ထိုကျမ်း၌ မြန်မာ့အခြေခံ အုပ်ချုပ်ရေးစည်းမျဉ်းကို အပြည့်အစုံတင်ပြထား၏။ ဦးဖိုးလှိုင်ကား ယနေ့ခေတ် လူပေါင်း(၁၀၀၀)ကျော်ပါဝင်၍ ဆယ်စုနှစ် နှစ်ခုနီးပါးမှရေးဆွဲရသောအခြေခံဥပဒေကို တစ်ယောက်တည်း ရေးဆွဲခဲ့သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဒီမိုကရေစီဖခင်ကြီးဖြစ်လေ၏။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို စာပေအနုပညာဖြင့် တော်လှန်ခဲ့သော ဒီမိုကရေစီတော်လှန်ရေးသမားကြီးဖြစ်၏။ သူပြုစုသော ဒီမိုကရေစီမှာ ပုံတူကူးယူထားသည့် မူပွားဒီမိုကရေစီမဟုတ်၊ နိုင်ငံ၊ လူမျိုး ဘာသာ ယဉ်ကျေးမှုတို့နှင့် အံဝင်ခွင်ကျအောင် စီစဉ်ထားသော ယိုးဒကားပတ်ပျိုးသာဖြစ်၏။ သက်ဦးဆံပိုင်ဦးဖိုးလှိုင်အနေဖြင့် သက်ဦးဆံပိုင်ရှင်ဘုရင်နှင့် မင်းမျိုးမင်းနွယ် အန္တရာယ်ကင်းရေး၊ ပြည်သူလူထု လူ့အခွင့်အရေး အပြည့်အဝဖော်ဆောင်ရေး၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေးရှုဦးတည်၍ တင်ပြခြင်းဖြစ်၏။
အေဒီ(၁၇)ရာစုတွင် အင်္ဂလန်ပြည် ခေတ်ဟောင်းတော်လှန်ရေး ပါလီမန်ခေါင်းဆောင် Cromwell(ကရွမ်းဝဲ) က ပထမချားလ်ဘုရင်ကို သေဒဏ်ပေးကာ ခေါင်းဖြတ်သတ်ခဲ့၏။
အေဒီ(၁၈)ရာစုတွင် ဖြစ်ပွားသော ပြင်သစ်အရေးတော်ပုံကြီးကြောင့် သက်ဦးဆံပိုင် Louis14(လူဝီဘုရင် ၁၄)နှင့် မိဖုဘရားကို ပြည်သူ့လွှတ်တော်က စက်တိုင်တင်၍ ခေါင်းဖြတ်သတ်ခဲ့၏။
ဒီမိုကရေစီခေတ်ရေစီးကြောင်းသည် ကမ္ဘာတလွှားသို့ စီးဆင်းနေပေရာ မြန်မာပြည်၌ သက်ဦးဆံပိုင်ဘုရင် စနစ်တော်လှန်ရေးပေါ်ပေါက်ခဲ့သော် ထိုဘုရင်များကဲ့သို့ အန္တရာယ်မဖြစ်စေရန်အလို့ငှာ မင်းမျိုးမင်းနွယ်ကို ကာကွယ်လိုသောစေတနာကောင်းဖြင့် တင်ပြခြင်းဖြစ်၏။ တိုင်းပြည်နှင့်လူမျိုးအတွက်မှာမူ အထူးပြောစရာ မလိုချေ။ ဦးဖိုးလှိုင်ကို အပြည့်အဝထောက်ခံအားပေးခဲ့သူမှာ ကင်းဝန်မင်းကြီးဦးကောင်း ဖြစ်၏။ ထိုစနစ်ကို စုဖုရားလတ် အမျက်တော်ရှု၍ ပယ်ချလိုက်၏။ ၁၂၄၀ ခုနှစ်၌ တင်သွင်းရာ မလိုက်နာခဲ့သဖြင့် ၁၂၄၇ ခုနှစ်၌ မင်းနှင့် တိုင်းပြည်တစ်ခုလုံး ကျွန်ဘဝရောက်ခဲ့ရ၏။ (ညိုမြ-ကုန်းဘောင်ရှာပုံတော်၊ ၄၉၆၊၇)
ကျွန်ုပ်သည် ကျွန်ုပ်တို့၏ အနာဂတ်သာသနာအတွက် ဤစာတမ်းကိုပြုစုပါသည်။ အတ္တကြီး၍ အမြင်ကျဉ်းလျှင် စုဖုရားလတ်လို ပယ်ချနိုင်ပါသည်။ အတ္တပါးလွှာ၍ အမြင်ကြီးအမြင်ကျယ်ပါမူ အပြုသဘောနှင့် ဝေဖန်အကြံပြု၍ အနာဂတ်သာသနာ၏ အခြေခံအုဋ်မြစ်ကို စနစ်တကျ ခိုင်မာအောင်လုပ်သင့်ပါသည်။
အကယ်၍ ရောဂါပေါင်းစုံ ဝင်ရောက်နေသည့် ဂိလာနသာသနာကို အချိန်မီမကုစားပါလျှင် သမိုင်း၏ တရားခံသည် စုဖုရားလတ်ပင်ဖြစ်ပေမည်။ သမိုင်း၏ လက်ညှိုးထိုး ကျိန်ဆဲမှုကို ခံရပါလိမ့်မည်။ သာသနာကြီး နာတာရှည်ရောဂါဆိုးကြီးဖြင့် ပျက်စီးရပါလိမ့်မည်။ ဤသို့ဆိုလျှင် သမိုင်း၏ တရားခံအစစ်သည် သင်ကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။
မှတ်ချက်
မဟာနာယကအဖွဲ့၌ မင်းကွန်းဆရာတော်၊ မကွေးဆရာတော်၊ မစိုးရိမ်ဆရာတော်ကဲ့သို့ သိက္ခာသမာဓိနှင့် ပြည့်စုံပြီး သာသနာအကျိုးကို တကယ်သယ်ပိုးသည့် ဘုရားသားတော်အစစ်ကြီးများကို မရည်ညွှန်းပါ။
ကျွန်ုပ်သည် ဤစာတမ်းကို မော်စကိုမြို့မှာ ရေးသားပါသည်။ ဤစာမူထွက်ရှိလာသောအခါ၌ စနစ်မပြောင်း သေးလျှင် တစ်ခေါက်ဂျောင်းရပေဦးမည်။ ထိုအခါ မော်စကိုသို့ ဒုတိယမ္ပိခြေဦးလှည့်ခွင့်ပေးတော်မူသော ဆရာကြီးများကို ကျေးဇူးတင်ရပေဦးမည်။
ဝီရသူ(မစိုးရိမ်)