သတင်း

သိင်္ဂီရွှေခွက်နှင့် ခြင်္သေ့ဆီ(၂)

(၂၁.၁၂.၂ဝဝ၆ရက်နေ့၌ အိုးဘိုဘဝတက္ကသိုလ်မှာရေးသားသည်။)

နယ်မြေစိမ်းများ
မြေစာရင်းဌာန၌ သာသနာ့နယ်မြေစာရင်းဝင်သည့် သာသနိက အဆောက်အဦးများကို အစိမ်းရောင်ဖြင့် သတ်မှတ် ရေးဆွဲထားသည်ဟု သိရှိရလေသည်။ ထိုနယ်မြေစိမ်းများရှိ ကျောင်းထိုင်များ ကို သရုပ်ခွဲရာ၌ အလားတူတွေ့ရလေသည်။
(က) အရည်အချင်းမဲ့၊ အလုပ်မလုပ်၊ ပျက်စီး
(ခ) အရည်အချင်းရှိ၊ အလုပ်မလုပ်၊ ပျက်စီး
(ဂ) အရည်အချင်းရှိ၊ အလုပ်လုပ်၊ ပျက်စီး
(ဃ) အရည်အချင်းရှိ၊ အလုပ်လုပ်၊ မပျက်စီး
(င) အရည်အချင်းမဲ့၊ အလုပ်လုပ်၊ မပျက်စီး
ဤ ငါးမျိုးတွင်(က)(ခ) ပုဂ္ဂိုလ်များမှာ အရည်အချင်းရှိကြသည် ဖြစ်စေ၊ မရှိကြသည်ဖြစ်စေ၊ သာသနာအတွက် အုဋ်တစ်ချပ် သဲတစ်ပွင့်မျှပင် အားမကိုးရဘဲ ရဟန်းသီလလည်းပျက်စီးနေသော သာသနာဖျက် ပုဂ္ဂိုလ်များ ဖြစ်လေသည်။ ၄င်းတို့နေထိုင်သည့် ကျောင်းများ၊ မြေများမှာ သာသနာ အတွက် မြေပုပ်မြေဆွေးများသဖွယ်ဖြစ်နေလေသည်။ ထိုကျောင်းများ ထိုကျောင်း ထိုင်များအတွက်ကော တာဝန်ရှိသံဃာ့အစိုးရသည် အဘယ်သို့ စီစဉ်ထားပါသနည်း။ ဥပမာ ဆက်လက်ထားရှိမည်လော၊ သန့်ရှင်း၍ အစားထိုးမည်လော၊ သို့မဟုတ် နိုင်ငံတော်၌ လိုအပ်နေသော စာသင် ကျောင်း စသည့် ဌာနများ ဖွင့်လှစ်မည်လော၊ ဤသဘောကို စစ်ကြောသင့် လှပေသည်။

(ဂ) အမျိုးအစားလာ ကျောင်းထိုင်များမှာ အရည်အချင်းရှိသည်လည်း မှန်၏။ ပရိယတ္တိ၊ ပဋိပတ္တိစသည်ဖြင့် ဓုရနှစ်ဖြာ နိုင်ရာဝန်ထမ်း၍ အလုပ်လုပ်နေသည်လည်း မှန်၏။ သို့သော် ရဟန်းသီလပျက်စီးနေပေပြီ။ သူ၏လုပ်ဆောင်ချက်သည် တိုက်ရိုက်အားဖြင့် သာသနာအတွက် အကျိုးရှိသည်ကား မှန်၏။ သူ့အတွက်ကား တစ်ရက်ကုန်လေ ငရဲသက်တမ်း တစ်ရက်တိုးလေ ဖြစ်ရကား အကျိုးမများလှပေ။ သို့သော်လည်း ပိုနေမြဲ ကျားနေမြဲ ဆက်လက်နေထိုင်ပြီး သာသနာ့တာဝန်ထမ်းဆောင်နေမည်။ ဆက်လက် စောင့်စည်းမည်ဆိုလျှင်ကား ကျနုပ်တို့သည် ထိုသူ့အတွက် ထည့်စဉ်းစားဖို့ မလိုတော့ပေ။ သဗ္ဗေသတ္တာ ကမ္မဿကာ စာရင်းသာ သွင်းသင့်ပေသည်။

ငရဲခံရမည့်အရေးမှာ သူ့အရေးဖြစ်၍၊ ကျနုပ်တို့ကမူကား သူ၏ လုပ်ဆောင်ချက်များ၌ ထိုက်သင့်သလို ကူညီပံ့ပိုးပေးရုံသာ ရှိလေသည်။ အကယ်၍ ရပ်တန်းက မရပ်ဘဲ အတင့်ရဲစွာ ကျူးလွန်လာပါက သူ့ကိုလည်း ပင်စင်ပေးထိုက်လှပေသည်။

(ဃ) ပုဂ္ဂိုလ်မှာ မြတ်စွာဘုရားသာသနာတော်၌ အလိုရှိဆုံးသော၊ မြတ်စွာဘုရားကိုယတော်တိုင် ကောင်းချီနုဖော် သာဓုခေါ်အားပေးခဲ့သော ရဟန်းတော်များဖြစ်၍ ရဟန်းရှင်လူပြည်သူများက ဝိုင်းဝန်းပူဇော် ထောက်ပံ့ လှူဒါန်းသင့်ပေသည်။ ထေရဝါဒစစ်စစ်ရဟန်းတော်များ၊ သာသနာ့ဝန်ထမ်း စစ်စစ်ရဟန်းတော်များ၊ သာသနာတော်ကြီးကို ကောင်းသည်ထက်ကောင်း အောင် မျိုးဆက်သစ်များ မွေးမြူပျိုးထောင်နေသည့် သာသနာ့မိခင် ရဟန်းတော်များဖြစ်ကြလေသည်။ ထိုရဟန်းတော်များမှ သွေဖီ၍ သာသနာအတွက် အကျိုးမရှိသော နေရာမျိုး၌ လှူဒါန်းထောက်ပံ့နေသူများ သည် အဆိပ်ပင်ရေလောင်းနေသူများ သာသနာကို ဖျက်ဆီးနေသူများ၊ မိုက်မဲသော ဥယျာဉ်မှူးများဖြစ်ကြလေသည်။

ထို့ကြောင့် သာသနာတစ်ရပ်လုံးအတွက် အကျိုးရှိနိုင်မည့် ဤကဲ့သို့ သော ပညာရှိသူတော်ကောင်းများထွန်းကားနိုင်စေရန် အလို့ငှာ မဟာနာယကအနေဖြင့် ကျောင်းထိုင်အင်္ဂါရပ်နှင့်ပြည့်စုံသော သာသနာပြု ရဟန်းတော်များကိုသာ ကျောင်းအပ်ရေး၊ ကျောင်းအမွေဆက်ခံရေးအတွက် တိုက်အုပ်တိုက်ကြပ်ဆရာတော်များကိုပင့်ဖိတ်၍ စဉ်းမျဉ်းတစ်ရပ် အသစ်ထုတ်သင့်ပေပြီ။ သို့မှသာ အနာဂတ်သာသနာ၌ ကျောင်းထိုင်အားလုံး တန်းခိုးကြီးကြ အရောင်တောက်ကြမည်ဖြစ်လေသည်။

(င) ပုဂ္ဂိုလ်မှာ အရည်အချင်းမရှိသည်မှန်သော်လည်း သီလသိက္ခာ မပျက်စီး၊ ဖြူစင်လျက်ပင်ရှိသေးသည်။ စွမ်းနိုင်သမျှလည်း အလုပ်လုပ်နေ၏။ ဥပမာဂုဏ်တော်ပွားခြင်း၊ ဝတ်တက်မှန်ခြင်း၊ တပည့်ကြီးငယ်များကို စာသင်တိုက်သို့ ပို့လွှတ်ခြင်း စသည့် ဆရာ့တာဝန်၊ ရဟန်းတာဝန်ကို စွမ်းနိုင်သည့်ဘက်မှ ပြုလုပ်လျက်ရှိလေသည်။ ထိုပုဂ္ဂိုလ်များသည် အမွေဆက်ခံမည့် တပည့်တပန်းများကို အရည်အချင်းရှိအောင် မွေးမြူထိုက် ပေသည်။ အကယ်၍ တပည့်အကျိုးမပေးလျှင်လည်း ကျောင်းဒကာ ဒကာ မများ သံဃာ့အဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနှိုင်းကာ အရည်အချင်းရှိမည့် မျိုးဆက်သစ် ရဟန်းတော်များကို အမွေလွှဲထားသင့်ပေသည်။ အရည်အချင်း ရှိသော ကျောင်းထိုင်ဆရာတော်များ ပေါ်ထွန်းရေး၊ အရည်အချင်းရှိသော ကျောင်းထိုင်ဆရာတော်များ အလုပ်လုပ်ရေး၌ ကျောင်းဒကာ ဒကာမ များမှာလည်း တာဝန်ရှိလေသည်။ ကျောင်းဒကာ ဒကာမများက ဝင်ရောက်စွက် ဖက်ခြင်းမျိုးမဟုတ်ဘဲ၊ အကြံပြုလျှောက်ထားခြင်း၊ ပံ့ပိုးကူညီခြင်းဖြင့် ဆုံးရှုံးနေသော သာသနာ့မြေများ၊ သာသနာ့ခွန်အားများ ပြန်လည် အဖိုးတန် အားရှိလာအောင် ပြုလုပ်သင့်ပေသည်။

ဤနေရာ၌ တန့်ကြည့်တောင်ဆရာတော်နှင့် တန့်ကြည့်တောင်ယောဂီ များကို နည်းယူ အတုယူသင့်ပေသည်။ ယ္ခုလက်ရှိ မန္တလေး၊ တံခွန်တိုင်ရပ် ကွက်ရှိ တန့်ကြည့်တောင်ရိပ်သာနေရာသည် ယ္ခင်က ကျောင်းဝင်းကျယ်ပြီး၊ ပုပ်ဆွေးနေသည့်မြေဟောင်းကြီးဖြစ်လေသည်။ ဆရာတော်ကြီးတစ်ပါးက ပိုင်ဆိုင်ပြီး ထိုဆရာတော်ကြီးမှာလည်း လွှဲစရာတပည့်မရှိ၊ တပည့်လည်း အကျိုးမပေး၍ တပည့်မွေးမြူရန်လည်း ခက်လှသဖြင့် ထိုဆရာတော်ကြီးမှာ တစ်သက်လုံး အထီးကျန်ဆင်းရဲချို့တဲ့စွာ ကျောင်းအိုကြီးကိုစောင့်ရှောက် ခဲ့ရပေသည်။ ဤသည်ကို တန့်ကြည့်တောင်ဆရာတော်က ရိပ်စားမိ၍ တပည့်ဒကာများကိုလွှတ်ကာ ဆရာတော်ကြီးကို လှူဒါန်းပူဇော် ထောက်ပံ့ခြင်းပြုလေသည်။ ဆရာတော်ကြီးလည်း ကျေးဇူးတင်မဆုံးဖြစ်၍ ကျောင်းဝင်းကြီးကို တန့်ကြည့်တောင်ဆရာတော်အား အပြီးအပိုင် လွှဲအပ်ခဲ့ပေသည်။ တန့်ကြည့်တောင် ငိုရယ်ဝါဒများသည် မှန်သည် အသာထား၍ ၄င်းနေရာ၌ သာသနာစည်ပင်ခဲ့သည်မှာ လက်တွေ့ပင်။ အကယ်၍သာ တန့်ကြည့်တောင်ဆရာတော်သည် သမားရိုးကျ ကမ္မဋ္ဌာန်း ပြဆရာသာဖြစ်ခဲ့ပါမူ အင်မတိ အင်မတန်ပင် ဂုဏ်ယူချီးကျူးထိုက်လှ ပေသည်။ ယ္ခုအချိန် အထီးကျန်ဆင်းရဲစွာ နေရရှာသော ရဟန်းအို ကျောင်း အိုကြီးများကို တန့်ကြည့်တောင်ဆရာတော်ကို နည်းမှီ၍ သာသနာအတွက် အသက်ဝင်သော တန်ဖိုးရှိသော သာသနာ့နယ်မြေများဖြစ်လာအောင် ကျောင်းဒကာဒကာမများ ဝိုင်းဝန်းပြုပြင်သင့်လှပေသည်။ (တန့်ကြည့်တောင်၊ ပုဂံကျောင်းက အုန်းမောင်ခေါက်သံ)။
(ဆက်လက်ဖော်ပြပါမည်)
(မဟာဝီရ ရသစုံမဂ္ဂဇင်း အမှတ်(၂၅)၊ ၂၀၁၇၊ ဇူလိုင်လ)

ဝီရသူ (မစိုးရိမ်)