(၂၁.၁၂.၂ဝဝ၆ရက်နေ့၌ အိုးဘိုဘဝတက္ကသိုလ်မှာရေးသားသည်။)
သာသနာ့အောင်းကောင်ကြီးများ ရဟန်းတော်များသည် မာတု ဂါမနှင့် တစ်ကြိမ်အတူနေပြီးပါက ရဟန်းသီလပျက်စီးပွားပေသည်။ လုံးဝပင် ပြန်လည်ပြုပြင်၍ မရတော့ပေ။ ရဟန်းသိက္ခာရဟန်းသီလများမှာ မာတုဂါမနှင့် အတူနေစဉ်က စွန့်ပစ်လိုက်ရသော အညစ်အကြေးများနှင့် လိုက်ပါသွားကြလေသည်။ ၄င်းအား ရဟန်းဖြစ်စေလိုသဖြင့် ဘုရားအဆူဆူကြွ၍ ချီးမြှောက်ခြင်း၊ သံဃာအကုန်ကြွ၍ ချီးမြှောက်ခြင်း၊ တန်ခိုးရှင်များက ဖန်ဆင်းချီးမြှောက်ခြင်း များ ပြုလုပ်သော်လည်း ရဟန်းဘဝပြန်မရတော့ပေ၊ ပုထုဇဉ်အလျောက် စိတ်မထိန်းနိုင်၍ ကျူးလွန်မိပါသည်။ သာသနာ့ဘောင် မှာပဲ ဆက်လက် နေလိုပါသည်ဆိုလျှင် ရှင်သာမဏေဘဝ၊ ကိုရင်ကြီးဘဝဖြင့် နေထိုင်ခွင့် ရှိပေသည်။ ရှင်သာမဏေဘဝ ကိုရင်ကြီးဘဝဖြင့် နိဗ္ဗာန်မဂ်ဖိုလ် မှန်းလျက် တရားအားထုတ်လျှင်လည်း တရားထူးရဖို့ အခွင့်အရေး ရှိပေသည်။ ရဟန်းဘဝဖြင့် အောင်းနေလျှင်ကား စားသမျှဆွမ်းနှင့်အမျှ ငရဲရောက်လျင် သံပူရည် သံထွေခဲတွေကို ဝါးမျိုးနေရမည်။ ရှိခိုးဦးချကြသော လက်အုပ်များနှင့်အမျှ လှံပူနှင့်အထိုးခံရမည်၊ ထိုင်သောကျောင်းနှင့်အမျှ သံရည်ပူအိုးထဲမှာ နေရမည်၊ ငရဲခံရမည်ဖြစ်လေသည်။ သူ့ဘဝအတွက် ရဟန်းဘဝဆုံးရှုံး၊ သူတော်ကောင်းတရားလက်လွတ်၊ သာသနာနှင့် မထိုက်တန်တော့ရုံမျှမကဘဲ အမြဲတန်း ငရဲလိုင်စင်ယူနေရသူ၊ အမြဲတန်း ငရဲသက်တမ်း တိုးနေရသူအဖြစ် နစ်နာလှပါသည်။ သို့သော် ၄င်းတို့သည် တစ်ဘဝကောင်းစားဖို့သာကြည့်တတ်ပြီး သံသရာရေး မမျှော်တွေးတတ်သူ များဖြစ်သည့်အားလျော်စွာ နောင်ခါလာနောင်ခါဈေး စနစ်ဖြင့် ပိုးဖလံအကျင့်ကို မိုက်မဲစွာကျင့်သုံးနေကြပေသည်။ ရဟန်းသီလပျက်စီးသွား ပြီဖြစ်ပါလျက် ရဟန်းကောင်းများနှင့် တန်းတူ အခွင့်အရေးများကို ရယူပြီး သာသနာတော်မှာ ခိုအောင်းနေကြသည့် သာသနာ့အောင်းကောင်ကြီးများ ဖြစ်၏။
သူတို့အောင်းနေကြသည်က အရေးမကြီး၊ ကျန်ရဟန်းကောင်းများကို သူတို့လိုသာ မှတ်ထင်ပြီး အထင်အမြင်သေးနေခြင်း၊ သူတို့ကဲ့သို့ ကျူးလွန်ပြီး လူမထွက်ဘဲ အောင်းနေသူများ တိုးပွားလာခြင်းကြောင့် သူတို့ကို အကြောင်း ပြုပြီး သာသနာပျက်စီးထိခိုက် ဆုံးရှုံးနစ်နာလာခဲ့ပေသည်။ ထိုအောင်းကောင် ကြီးများကိုတစ်ဆင့်ပြီးတစ်ဆင့် အဆင့်ဆင့် ဖယ်ရှားသင့်ပေသည်။ ၄င်းတို့ တွင် (က)ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသူများ၊
(ခ) သိမ်သိမ်မွေ့မွေ့ ကျူးလွန်နေသူများ
(ဂ)ပိပိရိရိကျူးလွန်နေသူများဟူ၍ သုံးမျိုးတွေကြရပေသည်။
(က) ပြောင်ပြောင်တင်းတင်း ကျူးလွန်သူများကို ဖယ်ရှားဖို့လွယ်ကူ ပေသည်။ ဥပမာ အရပ်ထဲလာပြီး အိမ်မှာနေသည်။ အိမ်တက်သတင်း ကျော်စောသည်၊ အိမ်ရှင်မကလည်း အိမ်ထောင်ပျက်၊ အိမ်ထောင်လပ် ဖြစ်နေသည်။ တစ်ရပ်ကွက်လုံးက နှာခေါင်းရှုံ့သည်၊ စသည်ဖြင့် အနံ့ထွက် နေသူများကို သွားလာချိန်မှတ်သားပြီး အချိန်ကိုက် လက်ပူးလက်ကြပ် ဖမ်းမိရအောင် ပိရိသေသပ်စွာ ဆောင်ရွက်သင့်ပေသည်။ နှစ်ဦးနှစ်ဘက်၏ ဆန္ဒကို မေးမြန်း၍ ပေးစားသင့်ကပေးစား၊ အရေးယူသင့်က အရေးယူရပါ မည်။ လိုအပ်လျှင် ချက်ချင်းလက်ငင်း ဆီးစစ် ဆေးစစ် သွေးစစ်ခြင်းဖြင့် မှုခင်းဆရာဝန်နှင့် ပူးပေါင်းဆောင်ရွက်သင့်ပေသည်။
(ခ) သိမ်သိမ်မွေ့မွေ့ကျူးလွန်နေသူများကိုကား သိမ်သိမ်မွေ့မွေ့ပင် အချိန်ယူလေ့လာ၍ လက်ရဖမ်းဆီးသင့်ပေသည်။ ရဟန်းဖြစ်သူက ဘယ်လိုပင် ပိရိပါစေ၊ အမျိုးသမီးဘက်က လစ်ဟာမှုများ ရှိမည်အမှန်ပင်။ အမျိုးသမီးများမှာ အမျိုးသားများလို ပြီးပြီးရော မဟုတ်ပေ၊ အထုပ်နှင့် အထည်နှင့် လက်ခံထားကြသူများဖြစ်လေသည်။ စိတ်ပိုင်းဆိုင်ရာအနေဖြင့် လည်း သဘာဝအလျောက် ကြောက်တတ်သူများဖြစ်ရာ ရုံးကန်ကနားဆို လျှင်ပင် မျက်စိမျက်နှာပျက်လှပေသည်။ ဆေးရုံ၊ ထောင် စသည်ဆိုလျှင် ကား မူးမေ့၍ပင် လဲကျနိုင်ပေသည်။ ထို့ကြောင့် ဆာ၍လာလာအိပ်သော ဆာလာအိပ်ကြီးများ၊ အပီနှံ၍ အိပ်တတ်သော ပီနှံအိပ်ကြီးများကို လက်ရဖမ်းဆီးဖို့ရန်မှာ ပြောသလောက် မခဲယဉ်းလှပေ။
အကာလအချိန်မတော်ပင်ဖြစ်စေ၊ အချိန်တော်သော်လည်း လူရှင်းသည့်အခါပင်ဖြစ်စေ၊ အတွင်းသိ အဆင်းသိများ ရောက်လာတတ် ပေသည်။ ထိုသို့ အဝင်အထွက်များသော သံသယဖြစ်ဖွယ်အနီးစပ်ဆုံး ရှိသော၊ အပေါ်ထပ်(သို့မဟုတ်) အောက်ထပ်မှာ တစ်ယောက်တည်းအမြဲ နေသော၊ တစ်ထပ်တည်းမှာပင် အခန်းတစ်ခန်းဆီမှာ တစ်ယောက်ချင်း နေသော အမျိုးသမီးများကို စုံစမ်းစစ်ဆေးသင့်ပေသည်။ ပြီးလျှင် ရပ်ကွက်ရုံး (သို့မဟုတ်) သံဃနာယကရုံးသို့ခေါ်၍ အမျိုးသမီးကို ဆွေးနွေးသောအားဖြင့် စစ်ဆေးရမည်။ မရလျှင် ဆေးစစ်ဖို့ရန် ခွင့်တောင်းရမည်။ မှုခင်းဆရာဝန်နှင့် ပူးပေါင်း၍ အချက်အလက်များပြည့်စုံက လိုအပ်သလို ဆောင်ရွက်နိုင် ပေသည်။ တော်တန်ရုံ ဣနြေ္ဒသိက္ခနှင့်ပြည့်စုံသော အမျိုးသမီးကောင်းများ ဆိုလျှင် ရပ်ကွက်ရုံးမှာပင် ဝန်ခံကြပေမည်။ ထို့ထက် ဖုံးဖိလိုသူများဆိုလျှင် လည်း ဆေးရုံမှာပင် ကိစ္စပြီးပေသည်။ ဆေးစစ်၊ ဆီးစစ်၊ သွေးစစ်ခြင်း အဝတ်အစားများကို စစ်ဆေးခြင်းဖြင့် ငြင်း၍ မရနိုင်တော့ပေ။ ထိုအခါ၌ ဝန်ခံသည့်အမျိုးသမီးများကို အပြစ်မှခွင့်လွှတ်ပြီး၊ အိမ်ထောင်ပြုလိုက ပေးစားသင့်ပေသည်။ ရဟန်းဖြစ်သူက ဝန်မခံဘဲ ငြင်းဆန်နေလျှင်ီဗြအထိစစ်ဆေးစရာမှန်သမျှကို စစ်ဆေးပြီး မငြင်းနိုင်အောင်ပြုလုပ် သင့်ပေသည်။ ပြီးလျှင် ပေးစားသင့်ပေသည်။ အကယ်၍ ငြင်းဆန် နေမည်ဆိုက ထောင်ချခြင်း၊ ချိပ်ပိတ်ခြင်းများတိုင်အောင် အရေးယူ ဆောင်ရွက်သင့်ပေသည်။
(ဂ) ပိပိရိရိ ကျူးလွန်နေသူများကိုလည်း ပတ်ဝန်ကျင်လေ့လာနည်းကို သုံးခြင်း၊ အချိန်ပေးလေ့လာခြင်းများပြုလုပ်၍ ပိုင်လောက် နိုင်လောက်သည့် အခြေအနေမျိုးထိအောင် စုံစမ်းပြီးမှ လက်ပူးလက်ကြပ် ဖမ်းဆီးသင့်ပေ သည်။ အမျိုးသမီးကို စစ်ဆေးလျှင်လည်းရသည်။ ကျူးလွန်ချိန်စောင့်ပြီး ဖမ်းလျင်လည်းရနိုင်ပေသည်။ ပြည်နယ်တစ်ခု၌ ကျောင်းထိုင်တစ်ပါးသည် သူ့ကျောင်း၌ မြေအောက်ခန်းဖွဲ့ထား၏။ ထိုအခန်းသို့ သွားရာ လျှို့ဝှက် တံခါးကို သူ၏အခန်းအိပ်ရာခုတင်အောက်မှာထားသည်။ သင့်မြတ်ရာ အမျိုးသမီးလာလျှင် ထိုတံခါးများမှ သွင်းပြီး၊ အပြင်မှတံခါးပိတ်ထားသည်။ သူကိုယ်တိုင်ကား အပြင်ကနေ တံခါးပိတ်ပြီးမှ ပြတင်းပေါက်မှဝင်သည်။ နေ့စဉ်မြင်ကွင်းဖြစ်၍ သမီးရှင်က တိုင်ကြားရာ သက်ဆိုင်ရာတို့ အအားမနေနိုင်တော့ပေ။ လျှို့ဝှက်စနစ်ဖြင့် စုံစမ်းရလေတော့၏။ နောက်ဆုံး ၌ သော့အတုများသုံးကာ ကျောင်းထိုင်အခန်းကို ဖွင့်သည်။ လျှို့ဝှက် အပေါက်ကိုရှာသည်၊ သောတုသုံးဖွင့်သည်။ ကျူးလွန်နေသည်ကို တွေ့သော အခါ ဖုန်းဆက်၍ အချက်ပြလိုက်သည်။ အာဏာပိုင်တို့ ချက်ချင်းရောက် လာပြီး ပေးစားလိုက်ရလေသည်။
ဤနည်းကို ကျင့်သုံးခြင်းဖြင့် ကျူးလွန်ပြီးသူများ အလိုလို လူဝတ်လဲသွားနိုင်သည်။ မကျူးလွန်သေးသူများလည်း မကျူးလွန်ဝံ့တော့ ပေ။ ဤသို့ဆိုလျှင် သာသနာမှာ သံသယကင်းစွာ ဦးချနိုင်ပါမည်။ တစ်ခုတော့ ရှိပေသည်။ ပုဂ္ဂိုလ်ရေးရာ အာဃာတများဖြင့် မလုပ်ကြံကြဖို့၊ အမျိုးသမီးနှင့်တည်ပေးပြီး မဖျက်ဆီးမိဖို့ ဖြစ်လေသည်။ အကယ်၍ ရဟန်းကောင်းများကို တစ်စုံတစ်ခုသော အကြောင်းကြောင့် ဤသို့ ဖျက်ဆီး မိလျှင် ထိုသူသည် သာသနပစ္စတ္ထိက-သာသနာ့ရန်သူဖြစ်သွားပေတော့ သည်။ ရန်သူမဖြစ်စေနှင့်။
(ဆက်လက်ဖော်ပြပါမည်)
(မဟာဝီရ ရသစုံမဂ္ဂဇင်း အမှတ်(၂၅)၊ ၂၀၁၇၊ ဇူလိုင်လ)
ဝီရသူ (မစိုးရိမ်)