သို့
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
နေပြည်တော်
စာအမှတ်။ ၃/ဝီရဝံသ(ပထစ)/၂၀၂၁
ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်။
အကြောင်းအရာ။ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒန္တဝိစိတ္တာဘိဝံသ(အရှင်ဝီရသူ-မစိုးရိမ်)အား စွဲဆိုထားသော အမှုမှ ရုပ်သိမ်းပေးပါရန် ဒုတိယအကြိမ် ထပ်မံတင်ပြခြင်း။
၁။ ဝီရဝံသအဖွဲ့သည် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒန္တဝိစိတ္တာဘိဝံသ(အရှင်ဝီရသူ-မစိုးရိမ်)က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၂ ရက်၊ တနင်္လာနေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် အဖွဲ့ဖြစ်ပါသည်။
၂။ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ဖြင့်
ဆရာတော်ကို စွဲဆိုထားသည့် အဆိုပါအမှုအား ရုပ်သိမ်းပေးနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ လိပ်မူ၍ စာအမှတ် ၂/ဝီရဝံသ(ပထစ)/၂၀၂၁ ဖြင့် ၃-၂-၂၀၂၁ ရက်တွင် ပထမအကြိမ် ပေးပို့ခဲ့ပြီးဖြစ်ပါသည်။
၃။ ပထမအကြိမ်ပေးပို့သည့်စာတွင်
ဆရာတော်၏ အမှုဖြစ်စဉ်၊ အမှုစွဲဆိုထားသည့်အခြေအနေများကို ထည့်သွင်းရေးသား၍ အမှုမှ အမြန်ဆုံးရုပ်သိမ်းပေးနိုင်ရန်အတွက် တင်ပြခဲ့သော်လည်း ယခုအချိန်အထိ အာမခံပေးခြင်း၊ အမှုမှ ရုပ်သိမ်းပေးခြင်းမရှိသေးပါ။ ယခုအချိန်တွင် ဆရာတော်သည် လက်နှစ်ဖက်စလုံး ပခုံးအေးခဲဝေဒနာကြောင့် ဆေးကုသမှုခံယူနေရခြင်းကို ဝန်ကြီးကိုယ်တိုင် သိရှိပြီးဖြစ်ပါသည်။
၎။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲ(၇/၂၀၂၁)တွင် နေပြည်တော်တိုင်းမ်သတင်းဌာနက ဆရာတော်၏ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပိတ်သိမ်းလို့ရသည့်အမှု၊ ပိတ်သိမ်းလို့မရသည့်အမှုများကို လေ့လာပါ၊ ဥပဒေကိုလေ့လာပါဟူ၍လည်းကောင်း၊ ဆရာတော်သံဃာတော်များကိုတန်ဖိုးထားလေးစားသည်နှင့်အညီ လုပ်ဆောင်ပေးပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ အချို့ကိစ္စများက ဤသတင်းစာရှင်းလင်းပွဲတွင် မေးရန် မသင့်တော်ပါဟူ၍ လည်းကောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
သတင်းရှင်းလင်းပွဲတွင် သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ သိချင်နေသည့် ဆရာတော်၏သတင်းကို မေးမြန်းရန် မသင့်တော်သည့်သဘောမျိုးဖြေကြားခဲ့သဖြင့် ဆရာတော်၏ အမှုကိစ္စအခြေအနေမှန်ကို မည်သူမျှ မမေးဝံ့ရန် သတင်းအမှောင်ချလိုသည့် သဘောသက်ရောက်နေပါသည်။
၅။ ဆရာတော်၏ အမှုကို ရုပ်သိမ်း၍ မရသည့်သဘော သက်ရောက်သော ဖြေကြားမှုဖြစ်ပြီး လုပ်ဆောင်ပေးပြီးပြီဟူ၍ မီဒီယာကို ဖြေကြားသော်လည်း အမှန်တကယ်တွင်မူ ကျန်းမာရေးအရ ဆေးကုသခွင့်ပြုပေးခဲ့သည်မှလွဲ၍ အာမခံပင် ရရှိခြင်း မရှိသေးပါ။
၆။ ဆရာတော်၏အမှုကဲ့သို့ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ဖြင့် စွဲဆိုခံခဲ့ရသည့် ဘုလက်ဦးလှဆွေ၊ ဦးလှဝင်း(ခ)ရွှေခီး၊ ဦးမိုက်ကယ်ကျော်မြင့်၊ ဦးဌေးအောင်တို့မှာမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတက်လာပြီး ၁၉ ရက်အကြာ ၁၉-၂-၂၀၂၁ တွင် ဦးဌေးအောင်၊ ၂၂-၂-၂၀၂၁ တွင် ဘုလက်ဦးလှဆွေ၊ ၂၄-၂-၂၀၂၁ တွင် ဦးမိုက်ကယ်ကျော်မြင့်၊ ၄-၃-၂၀၂၁ တွင် ဦးလှဝင်း(ခ)ရွှေခီးတို့ကို အာမခံ(အချုပ်လွတ်ထုချေခွင့်)များ အသီးသီး ပေးခဲ့ပါသည်။ ၂၃-၂-၂၀၂၁
ရုံးချိန်းတွင် ဆရာတော်အတွက်အာမခံ(အချုပ်လွတ်ထုချေခွင့်) လျှောက်ထားခဲ့ပြီး ယခုအဆင့်တွင် မပေးသေးပါဟုဆိုကာ ဆေးစာထုတ်ပေးထားသည်ကိုပင် ပြန်လည်ရုပ်သိမ်း၍ ဆိုင်းငံ့ခဲ့ပါသည်။
၇။ အထက်ပါအမှုများမှ လေးဦးစလုံးသည် အချုပ်လွတ်ထုချေခွင့် အာမခံများရရှိပြီးနောက် ၂၃-၄-၂၀၂၁ တွင် အမှုရုပ်သိမ်းပေးရန် အမိန့်စာများထုတ်ပေးကာ အမှုမှအသီးသီး ရုပ်သိမ်းပေးခဲ့ပါသည်။
၈။ ဆရာတော်ကို စွဲဆိုထားသည့်အမှုသည် အထက်ပါ အမှုများကဲ့သို့ အမှုရုပ်သိမ်း၍ရသည့်အမှုဖြစ်သည့်အတွက် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ရုပ်သိမ်း၍ ရသည့်အခြေအနေ မဟုတ်သကဲ့သို့ ဖြေကြားခြင်းသည် အများပြည်သူကို အထင်လွဲမှားစေပါသည်။
၉။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၉-၆-၂၀၂၁ တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသော အနုပညာရှင် ၂၄ ဦးတို့အား အမှုမှရုပ်သိမ်းပေးခဲ့ပါသည်။ ထိုကဲ့သို့ ရုပ်သိမ်းပေးခဲ့သူများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ရုန့်ရင်းကြမ်းတမ်းသော အမူအရာများ၊ စကားလုံးများဖြင့် ဆဲဆိုပြုမူခဲ့ကြသူများပင် ပါဝင်နေသည်ကို တွေ့ရှိရပါသည်။ မိမိအပေါ်ရန်သူသဖွယ်ရိုင်းစိုင်းစွာရေးသားပြောဆို ပြုမူခဲ့ရုံမျှမက ဆူပူအကြမ်းဖက်ရန် လှုံ့ဆော်ခဲ့ကြသူများကိုပင် အမှုမှ ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်ပါသည်။
၁၀။ ထို့အပြင် ၃၀-၆-၂၀၂၁ တွင်လည်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ရဲစစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုးသမီး ၈၆ ဦး၊ တရားရုံးစစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုးသမီး ၂၂၁၀ ဦး စုစုပေါင်း ၂၂၉၆ ဦးတို့အား အမှုမှ ပြန်လည်ရုပ်သိမ်း၍ လွှတ်ပေးခဲ့ပါသည်။
၁၁။ ဆူပူအကြမ်းဖက်ရန် လှုံ့ဆော်ခဲ့ကြသူများ၊ ဆူပူအကြမ်းဖက်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြသူများကို မေတ္တာထားကာ အမှုမှ ရုပ်သိမ်းပေးခဲ့သော်လည်း တိုင်းပြည်၏ အချုပ်အခြာအာဏာအတွက် တပ်မတော်ဘက်မှ အပြည့်အဝ ရပ်တည်ပေးခဲ့သည့် ဆရာတော်ကို အမှုရုပ်သိမ်းပေးမှုမရှိ
ခြင်းကြောင့် အမျိုးဘာသာ သာသနာချစ်မြတ်နိုးကြသူများ အံ့သြဝမ်းနည်း စိတ်ပျက်နေကြရသကဲ့သို့ ဆရာတော်ကိုယ်တိုင်လည်း စိတ်မကောင်းခြင်းကြီးစွာခံစားနေရသည်ဟု သိရပါသည်။
၁၂။ ဆရာတော်၏ အမှုကိစ္စနှင့်ပတ်သက်၍ မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ မကွေးကျောင်းဆရာတော်ဘဒန္တပါမောက္ခ ဦးဆောင်သော နစ်နာရမှုများရှင်းလင်းတင်ပြရေးကော်မတီက စာဖြင့်ရေးသားမေးမြန်းရာ လိုအပ်သလိုဆောင်ရွက်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲအပ်ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်ဟု သိရှိရပါသည်။ သို့ရာတွင် ယခုအချိန်အထိ အချုပ်လွတ်ထုချေခွင့် အာမခံပင် မရရှိသေးသကဲ့သို့ အမှုရုပ်သိမ်းပေးရန် ညွှန်ကြားထားခြင်း မရှိသေးကြောင်းလည်း သိရှိရပါသည်။
၁၃။ ဆရာတော်ကို စွဲဆိုထားသော ပုဒ်မမှာ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ဖြစ်ပါသည်။
ရာဇသတ်ကြီးပုဒ်မ ၁၂၄-က သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြစ်ပါသည်။
၁၄။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၇ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်ဟု ပြဋ္ဌာန်းထားရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသူသည် နိုင်ငံတော်ကို ကိုယ်စားပြုခြင်းမရှိပေ။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၆)တွင် ပုဒ်မပေါင်း ရှစ်ခုပါဝင်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသူသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်ဟု ပြဋ္ဌာန်းထားခြင်း လုံးဝမရှိပေ။
၁၅။ ဆရာတော်ကို တရားစွဲဆိုရန် အမိန့်အာဏာ ထုတ်ပေးသူမှာ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်ဖြစ်ပြီး ယခုအခါ ဦးဝင်းမြင့်သည်ပင် တရားခံအဖြစ် တရားရုံးတွင် အမှုရင်ဆိုင်နေရသူဖြစ်နေပြီဖြစ်သည်။
ဦးဝင်းမြင့်သည် ဆရာတော်ကို တရားစွဲစဉ်က နိုင်ငံတော်ကို ကိုယ်စားပြုသူ နိုင်ငံတော်သမ္မတဖြစ်ခဲ့သော်လည်း ဆရာတော်ကို ထောင်မှ တရားရုံးသို့
ရုံးထုတ်၍ စတင်စစ်ဆေးသည့် ၅-၅-၂၀၂၁ တွင်မူ ဦးဝင်းမြင့်သည် သမ္မတမဟုတ်တော့သကဲ့သို့ နိုင်ငံတော်ကို ကိုယ်စားပြုခြင်းလည်း မရှိတော့ပေ။
၁၆။ ဆရာတော်ဝေဖန်ဟောကြားခဲ့သကဲ့သို့ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်သူများဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကို ကျူးလွန်ခဲ့ကြသူများဖြစ်ကြောင်း၊ တရားဥပဒေပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြုကာ လုပ်ပိုင်ခွင့်အာဏာများကိုအလွဲသုံးစားပြုခဲ့ကြသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်များအရ တရားရုံးအသီးသီးတွင် တရားခံများအဖြစ် အမှုရင်ဆိုင်နေကြရပြီဖြစ်သည်။
၁၇။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည် –
(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည် ဟူ၍ ပြဋ္ဌာန်းထားသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၉ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သည်ဟု အတိအလင်း ပြဋ္ဌာန်းထားသဖြင့် ဆရာတော်၏ ဟောပြောချက်များသည် ဥပဒေနှင့်ဆန့်ကျင်ခြင်းမရှိကြောင်း ထင်ရှားနေပေသည်။
၁၈။ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က တွင် ရှင်းလင်းချက် သုံးချက်ရှိသည့်အနက် – ရှင်းလင်းချက်(၂ )တွင်
– မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း၊ မေတ္တာပျက်အောင်သော်လည်းကောင်း ဖြစ်စေရန် လှုံ့ဆော်ခြင်း၊ သို့တည်းမဟုတ် လှုံ့ဆော်ရန် အားထုတ်ခြင်းမရှိဘဲ အစိုးရ၏ ဆောင်ရွက်မှု အစီအစဉ်ကို ဥပဒေနှင့်ညီသောနည်းဖြင့် ပြောင်းလဲပြုပြင်စေရန် ရည်ရွယ်လျက် ထိုဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက် ဟု ရှင်းလင်းထားသကဲ့သို့၊
ရှင်းလင်းချက် (၃)တွင်လည်း
– မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း၊ မေတ္တာပျက်အောင်သော်လည်းကောင်း ဖြစ်စေရန် လှုံ့ဆော်ခြင်း၊ သို့တည်းမဟုတ် လှုံ့ဆော်ရန် ကြံစည်အားထုတ်ခြင်းမရှိဘဲ အစိုးရ၏ စီရင်အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုကို သို့တည်းမဟုတ် အခြားဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက် ဟုရှင်းလင်းထားရာ ဆရာတော်၏ ဟောပြောချက်များသည် ပြစ်မှုမမြောက်ကြောင်း ထင်ရှားနေပေသည်။
၁၉။ ဆရာတော်ကို တရားစွဲဆိုသည့် ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးဟောင်း ဦးစန်းမင်းသည်လည်း ၁၉-၅-၂၀၂၁ ရုံးချိန်း၌ ဆရာတော်၏ ရှေ့မှောက်တွင် အစစ်ခံထွက်ဆိုရာ ဆရာတော်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုကို ကျူးလွန်ခဲ့ကြောင်းထွက်ဆိုသွားခဲ့ခြင်းမရှိပေ။
ဆရာတော်၌ အပြစ်တစ်စုံတစ်ရာ ရှိကြောင်းလည်း ထွက်ဆိုသွားခဲ့ခြင်း လုံးဝမရှိသည့်အပြင် ၎င်းကိုယ်တိုင် ဆရာတော်အား ခြေတော်ဦးခိုက်၍ ဝန်ချတောင်းပန်ခဲ့ပြီးဖြစ်ပါသည်။
၂၀။ တရားလိုဖြစ်သူ ဦးစန်းမင်း တင်ပြထားသည့် တရားလိုပြသက်သေများအနက်မှ သုံးဦးကို ဆရာတော်၏ ရှေ့မှောက်၌ စစ်ဆေးရာတွင်လည်း ဆရာတော်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုကို ကျူးလွန်ခဲ့သည်ဟု မည်သူကမျှ ထွက်ဆိုခဲ့ခြင်း အလျဉ်းမရှိပေ။
ဆရာတော်၌ အပြစ်ရှိကြောင်း သက်သေများကလည်း သက်သေပြနိုင်ခြင်းမရှိသည့်အပြင် ၎င်းတို့ကို တာဝန်ပေးအပ်သဖြင့်သာ ဆရာတော်ဟောပြောသည့် ဟောပြောပွဲ၌ ရောက်ရှိနေရခြင်းသာဖြစ်ကြောင်း အသီးသီး ထွက်ဆိုခဲ့ကြသည်။
၂၁။ မီဒီယာများသည်လည်း ဆရာတော်အပေါ်တွင် အမျိုးမျိုး ဝေဖန်ရေးသားလျက်ရှိနေကြပြီး ၁၀-၇-၂၀၂၁ တွင် အွန်လိုင်းသတင်းဌာနတစ်ခု၏ ထုတ်လွှင့်ဖော်ပြချက်၌ ဆရာတော်သည် စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း သူတို့လိုအပ်ရင် ထုတ်သုံးပြီး၊ မလိုအပ်တော့ရင် လုံးဝမသုံးတော့ဘူးဟူ၍ စွပ်စွဲပြောဆို ထုတ်လွှင့်ခဲ့ပါသည်။ ထိုကဲ့သို့ စစ်အာဏာရှင်တို့၏အသုံးချခံဟူ၍ အပြောအဆိုခံနေရကြောင်း ပြန်လည်ကြားသိရသဖြင့် တပ်မတော်သည် ဆရာတော်အား နိုင်ငံရေးအသုံးချခြင်းမျိုး လုံးဝမရှိသကဲ့သို့ ဆရာတော်သည်လည်း မည်သည့်မျှော်လင့်ချက်မျှမရှိဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာအတွက် တပ်မတော်ဘက်မှ ရပ်တည်ကာ ပြည်ပရန်ကို ခုခံကာကွယ်ခြင်းသာဖြစ်သဖြင့် ဆရာတော်၏ အမျိုးသားရေးဂုဏ်သိက္ခာကို များစွာထိခိုက်နစ်နာစေပါသည်။
၂၂။ ဆရာတော်၏ အမှုနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် နည်းလမ်းနှစ်ခု ရှိပါသည်။ ပထမနည်းလမ်းမှာ အမှုမှရုပ်သိမ်းရန်အတွက် တရားလိုဖြစ်သူ ဦးစန်းမင်းကို ညွှန်ကြားချက်ထုတ်ပေးရန်ဖြစ်ပါသည်။
ဘုလက်ဦးလှဆွေ၊ ဦးလှဝင်း(ခ)ရွှေခီး၊ ဦးမိုက်ကယ်ကျော်မြင့်နှင့် ဦးဌေးအောင်တို့၏ အမှုများတွင် ဤနည်းလမ်းအတိုင်းသာ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
ထိုကဲ့သို့ ညွှန်ကြားချက်ထုတ်ပေးခြင်းမှာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ကြောင်းလည်းသိရှိရပါသည်။
၂၃။ ဒုတိယနည်းလမ်းမှာ အမှုစစ်ဆေးမှုသည် နောက်ဆုံးအဆင့် အမိန့်ချရန်သာ ကျန်ရှိသဖြင့် အမှုမှ အပြီးအပြတ်လွှတ်ပေးသည့်အမိန့်ကို ချမှတ်ပေးနိုင်ရန်အတွက် လမ်းညွှန်မှုပြုပေးရန်ဖြစ်ပါသည်။
ထိုကဲ့သို့ လမ်းညွှန်မှုပြုပေးခြင်းသည် တရားစီရင်ရေးအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈(က)၊ ၄၁၉ တို့အရ ထင်ရှားနေပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈(က)အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်၏ ဥပဒေပြုရေး၊
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ သုံးရပ်စလုံးကို လွှဲအပ်ခံရခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာသုံးရပ်စလုံးကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသူဖြစ်ပြီး
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို သင့်လျော်သည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ်
ကျင့်သုံးဆောင်ရွက်စေနိုင်ကြောင်း ပြဋ္ဌာန်းပါရှိသဖြင့် ထိုကဲ့သို့ လွှဲအပ်ခံရသူများသည် တာဝန်ခံရန် အကြီးအကဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာဖြစ်ပါသည်။
သို့ဖြစ်ပါ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှုကိစ္စနှင့်ပတ်သက်၍ လိုအပ်သည့် လမ်းညွှန်မှုပြုပေးခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်ကြောင်း တွေ့ရှိရပါသည်။
၂၄။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈(၁)တွင်လည်း စွဲချက်တင်ပြီးဖြစ်သည့် မည်သည့်အမှုတွင်မဆို တရားခံ၌ အပြစ်မရှိကြောင်း ရာဇဝတ်တရားသူကြီးက တွေ့ရှိလျှင် ၎င်းတရားခံအား အမှုမှ အပြီးအပြတ်လွှတ်သည့်အမိန့်ကို ရေးသားချမှတ်ရမည်
ဟု ပြဋ္ဌာန်းပါရှိသဖြင့် တရားသူကြီးသည် ဆရာတော်၌ အပြစ်မရှိကြောင်းစစ်ဆေးပေါ်ပေါ်ချက်များအရ အပြီးအပြတ်လွှတ်ပေးနိုင်ပါသည်။
ထိုကဲ့သို့ လွှတ်ပေးခြင်းမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၇၊ ပုဒ်မ ၃၅၄၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ၏ ရှင်းလင်းချက်များ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၈(၁)တို့နှင့် ညီညွတ်ကြောင်းတွေ့ရှိရပြီး တရားလို၊ တရားလိုပြသက်သေတို့၏ ထွက်ဆိုချက်တို့နှင့် ကိုက်ညီမှုရှိပါသည်။
၂၅။ ယခုအခါ သံဃာတော်များ ဝါဆိုဝါကပ်ချိန် နီးလာပြီဖြစ်သဖြင့်
ဆရာတော်ဦးဝီရသူကို သီတင်းသုံးရာ ကျောင်းတိုက်တွင် ဝါဆိုဝါကပ်၍ စာသင်စာချ ပရိယတ္တိသာသနာ့တာဝန်များ ဆောင်ရွက်တော်မူသည်ကို မြင်တွေ့လိုသည်မှာ မိမိတို့ ဝီရဝံသအဖွဲ့သာမက နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးဘာသာ သာသနာချစ်မြတ်နိုးကြသူတို့ အမှန်တကယ် လိုလားတောင်းတလျက်ရှိသည့် အရေးကိစ္စဖြစ်ပါသည်။ သာသနာတော်ကို ကြည်ညိုလေးမြတ်စွာ ချီးမြှောက်ထောက်ပံ့လျက်ရှိသော ဝန်ကြီးတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မျိုးချစ်သံဃာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးဝီရသူကိုလည်း မိခင်ကျောင်းတိုက်ဖြစ်သော မစိုးရိမ်တိုက်သစ်ကြီးတွင် ဝါဆိုဝါကပ် ပရိယတ်၊ ပဋိပတ်တည်းဟူသော
ဂန္ထဓုရ၊ ဝိပဿနာဓုရ သာသနာတော်၏
တာဝန်နှစ်ရပ်ကို ပြန်လည်ထမ်းရွက်ခွင့်ရအောင် ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်နေမိပါသည်။
၂၆။ သို့ဖြစ်ပါ၍ ဆရာတော်ဘဒန္တဝိစိတ္တာဘိဝံသ(အရှင်ဝီရသူ-မစိုးရိမ်)အား ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတော်၌ စွဲဆိုထားသော ရာဇဝတ်ကြီးအမှုအမှတ် ၁၀၉/၂၀၂၀ အား အပြီးအပြတ်ရုပ်သိမ်းပေးပါရန်နှင့် ရုပ်သိမ်းပေးနိုင်ခြင်းမရှိပါက အမှုမှ လွှတ်သည့်အမိန့်ကို အမြန်ဆုံးချမှတ်ပေးရန် လမ်းညွှန်မှုပြုပေးပါရန် တင်ပြအပ်ပါသည်။
အမှုကိစ္စနှင့်ပတ်သက်၍ မည်ကဲ့သို့ စီမံဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကို
ဝီရဝံသအဖွဲ့သို့ အမြန်ဆုံးအကြောင်းပြန်ကြားပေးစေလိုပါကြောင်း လေးစားမှုဖြင့် တင်ပြအပ်ပါသည်။
#ဝီရဝံသအဖွဲ့
ဘဒန္တေကသရ – ၀၉ ၆၈၆၈၂၆၉၀၄
ဦးဝင်းကိုကိုလတ် – ၀၉ ၇၇၂၁၇၇၉၆၉
ဦးလပြည့်ဇင် – ၀၉ ၄၅၀၀၅၉၅၈၂
ဦးကိုကိုဦး – ၀၉ ၆၉၄၅၃၉၉၆၉