မေလ ၄ ရက်နေ့ နေ့လည်ပိုင်းမှာ အောင်သာယာရွာသို့ ရောက်ပါတယ်။ အောင်သာယာရွာမှာ အိမ်ခြေ ၉၈ အိမ်ရှိပြီး မိသားစု ၁၀၂ စုရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှပြန်လာတဲ့ မိသားစု ၃၀ နှင့် မိဘအိမ်မှာ အတူနေတဲ့ အိမ်ထောင်စု ၄ စုမှာတော့ စိုက်ပျိုးစရာလယ်မြေမရှိသေးပါဘူး။
ကျန်မိသားစုများမှာ လယ်ပိုင်သော်လည်း လယ်မစိုက်ပျိုးရဲသည့်ဘဝသို့ ရောက်ရှိနေပါတယ်။ စိုက်ပျိုးနေတဲ့အချိန်မှာ လူကိုဒုက္ခမပေးပေမယ့် စိုက်ခင်းတွေကို ဖျက်ဆီးပစ်လေ့ရှိကြပါတယ်။ လယ်ထဲကို နွားအုပ်ကြီးတွေလွှတ်ပြီး ကျောင်းလိုက်ရင် တစ်ပင်တောင်မကျန် အကုန်စားခံရတာပါပဲ။ ဘင်္ဂလီတွေရဲ့ နွားတွေကို စပါးစိုက်ကျွေးသလိုဖြစ်နေလို့ လယ်ပိုင်ပေမယ့် လယ်မစိုက်နိုင်တဲ့ဘဝ ရောက်နေကြရတာပါ။
ထင်းခုတ်ခြင်း၊ ဖား ငါးရှာခြင်းဖြင့် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရသူတွေပါ။ အခုနောက်ပိုင်း တောင်ပေါ်မတက်ရဲလို့ ထင်းမခုတ်နိုင်တော့ပါဘူး။ ချောင်းထဲ မဆင်းရဲလို့ ဖား ငါး မရှာနိုင်တော့ပါဘူး။ အသက်အန္တရာယ် ကြောက်ရတာကတစ်မျိုး၊ စားဝတ်နေရေးခက်ခဲတာက တစ်မျိုးကြောင့် ဘဝရပ်တည်ဖို့ အာမခံချက်မရှိသေးတဲ့ ရခိုင်ပြည်သူတွေပါ။
အောင်သာယာကျောင်းမှာ ကျောင်းထိုင်ဆရာတော်က သိက္ခာ ၃၃ ဝါရပါပြီ။ ဘွဲ့အမည်က ဦးကောဝိဒ ဖြစ်ပြီး ကျောင်းထိုင်သက်တမ်း ၁၂ နှစ်တောင် ရှိနေပါပြီ။ ရသေ့တောင်မြို့ အလိုတော်ပြည့်ကျောင်းမှ လာရောက်ကျောင်းထိုင်နေခြင်းပါပဲ။ မျက်နှာကျက်တွေ ပျက်စီးနေတာတွေ့ရလို့ မေးကြည့်တဲ့အခါ မိုးမလုံလို့ဟု ဆိုပါတယ်။ မျက်နှာကျက်နှင့် သွပ်မိုးလှူမည့်အကြောင်း ပြောခဲ့ပါတယ်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဦးစိုးထွန်းရှိန်မိသားစုက ဆန်တစ်ပိုင်းစီနှင့် ငါးခြောက်တစ်ပိဿာခွဲစီ လှူဒါန်းပါတယ်။
ကလေးတွေကို မုန့်နှင့်အအေး ဝေပေးကြပါတယ်။ အလှူရှင်က ရန်ကုန်၊ တာမွေ၊ မိုင်ကိတ်မိသားစုပါ။
အလုအယက်တိုးဝှေ့ယူတာ၊ သကြားလုံးလေးတွေ အားပါးတရ စားကြတာ၊ အအေးဘူးလေးတွေကို မလွှတ်တမ်း ဆုပ်ကိုင်ထားတာလေးတွေမြင်ရရုံနဲ့တင် လှူဒါန်းရသူမှာ လှူရကျိုးနပ်မှာ အသေအချာပါပဲ။