သတင်း

အင်အားချိနဲ့နေသော အနောက်တံခါးမှူးများ(၈)

မေလ ၄ ရက်နေ့လည်ပိုင်းမှာပဲ အောင်ဇေယျရွာသို့ ရောက်ရှိပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက ထူးဆန်းတဲ့ရွာလေးပါ။ ရွာတစ်ရွာတည်းက အုပ်စုနှစ်အုပ်ထဲ ပါဝင်နေလို့ပါ။

အောင်ဇေယျရွာမှာ ငြိမ်းချမ်းနဲ့စုစည်းဆိုပြီး နှစ်ရွာရှိပါတယ်။ အောင်ဇေယျ(ငြိမ်းချမ်း)နှင့် အောင်ဇေယျ(စုစည်း)ပါ။ အမည်နှစ်မျိုးနှင့်တစ်ရွာတည်း တစ်ကျောင်းတည်းပါ။ ကွဲတာလည်းမဟုတ်၊ ခွဲတတ်တာလည်းမဟုတ်ပါ။ ၂၀၀၂ ခုနှစ်မှာ ငြိမ်းချမ်းကရွာသစ်ပုံစံမျိုး သီးခြားစာရင်းဝင်သွားလို့ပါ။ ရွာဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်မရှိပါဘူး။ နပသမှ ဦးဇင်းလေးတစ်ပါး ခဏစောင့်ပေးနေတာ တွေ့ရပါတယ်။

ရွာတည်စဉ်ကနေရာနှင့် အသစ်တိုးနေရာ ကွဲသွားလို့ အုပ်ချုပ်ရေးမှူးကလည်း နှစ်ဦးဖြစ်သွားတာပါ။ ငြိမ်းချမ်းက တစ်ရွာတည်း တစ်အုပ်စုဖြစ်ကာ စုစည်းက ကျီးကန်းပြင်အုပ်စုဝင်ဖြစ်သွားပါတယ်။ ငြိမ်းချမ်းရွာကို ၁၉၉၇ ခုနှစ်မှာ တည်ထောင်တာဖြစ်လို့ အနှစ် ၂၀ ရှိပါပြီ။ ဗကပမှ အလင်းဝင်လာသူများနှင့် တည်ထောင်ခဲ့တာပါ။ တည်ထောင်ကာစမှာ အိမ်ခြေ ၂၀ ရှိပြီး ယခုအိမ်ခြေ ၃၁ ရှိပါပြီ။ နှစ်ပေါင်း နှစ်ဆယ်မှာမှ အိမ်ခြေ ၁၀ ပဲ တိုးပွားတာပါ။ စုစည်းကို ၁၉၉၅ ခုနှစ်မှာ တည်ထောင်ပါတယ်။ အိမ်ခြေ ၁၀၀ စီမံကိန်းဖြစ်ပြီး အိမ် ၅၀ ဆောက်ပေးကာ ၉ အိမ်နဲ့ စတင်ဖွင့်လှစ်ပါတယ်။

အခုတော့ အိမ်ခြေ ၆၆ ခုရှိနေပါပြီ။ စုစည်းရွာကို အကျဉ်းသားများနှင့် တည်ထောင်ခဲ့တာပါ။ အိမ်ထောင်သည် အကျဉ်းသားများတွင် မိသားစုပါ တစ်ပါတည်းလိုက်လာတဲ့ အိမ်ထောင်စု ၉ စုကို ရွာမှာချက်ချင်းနေရာချထားပေးပြီး မိသားစုမပါသေးသည့် အကျဉ်းသားများကို ဝါးပိတ်အကျဉ်းစခန်းမှာ ခဏထားပါတယ်။ မိသားစုတွေ လိုက်လာမှ စုစည်းရွာမှာ နေခွင့်ရကြတာပါ။ ဒီလိုနဲ့ အိမ်ခြေ ခြောက်ဆယ်ကျော်ရှိခဲ့ပေမယ့် ရွာတည်ခဲ့တဲ့ လူဟောင်းတွေကတော့ မကျန်သလောက်ပါပဲ။

စုစည်းရွာတည်စက တစ်အိမ်ထောင်လျှင် လယ်ငါးဧကစီ အစိုးရက ချပေးခဲ့ပေမယ့် ၁၉၉၇ ခုနှစ်မှာ ငြိမ်းချမ်းရွာတည်တော့ နှစ်ဧကစီ ပြန်နှုတ်ပြီး ငြိမ်းချမ်းရေးယူလာသူများကို ဝေပေးလိုက်ပါတယ်။ အားလုံး အညီအမျှ သုံးဧကစီ လယ်တွေပိုင်ဆိုင်ကြသော်လည်း 8.6.2012 မှစပြီး လယ်ကထွက်တဲ့ ဆန်စပါးကို လုံးဝမစားကြရတော့တာပါ။ လယ်တွေက ဘင်္ဂလီရွာတွေကြားမှာတည်ရှိတာကြောင့် လယ်ပိုင်ကြီးတွေဖြစ်ပါလျက် လယ်မကိုင်ကြရတာပဲဖြစ်ပါတယ်။

ဂဏန်းရှာ ဖားရှာ ကြုံရာကျပန်းဘဝနဲ့ ရပ်တည်လာခဲ့ကြတာ အခုဆိုရင် ခြေကုန်လက်ပန်းကျတဲ့အဆင့်ထိ ရောက်ရှိနေပါပြီ။
၂၀၁၂ ခုနှစ် ဇွန်လ ရှစ်ရက်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဘေးကြောင့် ရွာပြင်လည်းမထွက်ရဲ ဟိုနားဒီနားလေးတောင် မသွားရဲတာကြောင့် တစ်ရွာလုံး အကျယ်ချုပ်ဘဝနဲ့ နေခဲ့ကြရတဲ့ပုံစံမျိုး ဖြစ်သွားတာပါ။ အရှေ့ဘက်မှာ တောင်တန်းတွေ ကျန်သုံးဘက်သုံးတန်မှာ ဘင်္ဂလီရွာတွေရှိတာကြောင့် ဘယ်လိုမှ ရုန်းထွက်လို့မရတဲ့ ဘဝမျိုး ကျရောက်နေတာပါ။

၂၀၁၆ ခုနှစ် ကျီးကန်းပြင်ဌာနချုပ် အကြမ်းဖက်ခံရတဲ့အခါ ပိုဆိုးသွားပြီး တောင်ပေါ်လည်း မတက်ရဲ။ ချောင်းထဲလည်း မဆင်းရဲကြလို့ စားဝတ်နေရေး ပိုကြပ်တည်းကုန်ကြတာပါ။ အခုအချိန်ထိတော့ မုဒိမ်းကျင့်ခံရတာမျိုး၊ ချောင်းမြောင်းလုပ်ကြံခံရတာမျိုး လုံးဝမရှိသေးပါဘူး။

ဓားပြတိုက်ခံရရင်တော့ ဓားပြကပြန်လျော်သွားရမည့် အနေအထားရှိတယ်လို့ ဟာသနှောစရာဖြစ်နေတော့တာပါ။ ငြိမ်းချမ်း/စုစည်း နှစ်ရွာလုံးက ညီညွတ်ပါတယ်။ လောလောဆယ်မှာ ရပ်တည်နိုင်သေးပေမယ့် ရေရှည်မှာ ဘယ်လိုဆက်လျှောက်ရမယ် ဆက်လက်ပြီး ဘယ်လို ရပ်တည်သွားရမယ် မောင်တောမြို့ကြီးကို ဘယ်လိုကာကွယ်ကြမယ်ဆိုတဲ့ မေးခွန်းတွေကို ရွာသူရွာသားများက မေးကြတဲ့အခါမှာတော့ စာရေးသူမှာ ဖြေစရာစကား လုံးဝ မရှိခဲ့ပါဘူး။

အိမ်ခြေ ခြောက်ဆယ်ကျော်ရှိတဲ့ စုစည်းရွာကို တိုင်းရင်းသားမျိုးစုံနဲ့ တည်ထောင်လာခဲ့တာပါ။ ရခိုင်၊ သက်၊ ဗမာ၊ မွန်၊ ရှမ်း တိုင်းရင်းသားပေါင်းစုံ ညီညွတ်ရေးရှိတ့ ရွာကလေးပါ။ စုစည်းရွာမှ တိုင်းရင်းသားတစ်ဦးက အခုလို လျှောက်ထားပါတယ်။

၉၅ ခုကနေစပြီး အနောက်တံခါးကို စောင့်ရှောက်လာတာ အခုဆိုရင် စိုးရိမ်ထိတ်လန့်စရာဖြစ်လာရပါပြီ။ အဓိက လုံခြုံရေးလိုအပ်နေပြီး ကုလားဝင်လာရင်ဆိုတဲ့ အတွေးနဲ့ ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်လူမျိုးတွေ မလုံခြုံတာ ဘာကြောင့်လဲ၊ ဘယ်သူ့မှာတာဝန်ရှိနေလဲ ဆိုတဲ့ အတွေးကိုယ်စီကြောင့် ညီတော်နောင်တော်အားလုံး စိတ်မသက်သာဖြစ်ခဲ့ရတာပါ။
(အသံဖိုင်လ်လေးပါ ပူးတွဲတင်ပြပေးလိုက်ပါတယ်။)