သတင်း

အစိုးရကို ကန့်ကွက်သည့် မန္တလေးမြို့မှ အမျိုးသားရေးသပိတ်စခန်း ဖြိုခွဲခံရစဉ်က ဖမ်းဆီးခံရသည့် သံဃာများမှာ ကောလာဟလများ ထွက်ပေါ်နေသကဲ့သို့ ဒုလ္လဘရဟန်းများ မဟုတ်ဟု သိရ

အစိုးရသစ်ကို ကန့်ကွက်သည် မန္တလေးမြို့ အမျိုးသားရေးသပိတ်စခန်း ဖြိုခွဲစဉ်က ဖမ်းဆီးထားသည့် သံဃာများမှာ ကောလာဟလများ ထွက်ပေါ်နေသကဲ့သို့ ဒုလ္လဘရဟန်းများ မဟုတ်ဘဲ ငယ်ဖြူရဟန်းများသာဖြစ်ကြောင်း သိရသည်။

သပိတ်စခန်းဖြိုခွဲစဉ်က ဖမ်းဆီးခံရကာ အိုးဘိုထောင်သို့ ပို့ဆောင်ခံရသည့် သံဃာခြောက်ပါးမှာ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် စွပ်စွဲပြောဆိုနေသကဲ့သို့ ယခုမှ ဒုလ္လဘ၀တ်လာသည့် ရဟန်းများမဟုတ်ဘဲ ငယ်ဖြူသံဃာတော်များသာဖြစ်ပြီး မဘသအဖွဲ့မှ သံဃာတစ်ပါး ပါဝင်ကာ မျိုးချစ်ရဟန်းတော်များ သမဂ္ဂမှ သံဃာလေးပါးနှင့် မည်သည့်အဖွဲ့မှ ၀င်မထားသည့် သံဃာတစ်ပါး ပါဝင်ကြောင်း၊ လက်ရှိအချိန်တွင် ဖမ်းဝရမ်းထုတ်ခံထားရသည့် သံဃာနှစ်ပါးမှာလည်း မျိုးချစ်ရဟန်းတော်များသမဂ္ဂ အဖွဲ့ဝင်များဖြစ်ကြောင်း မန်းမဘသပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိရသည်။

“အခုအဖမ်းခံရတဲ့ ဘုန်းကြီးအားလုံးက ငယ်ဖြူဘုန်းကြီးတွေ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ပြောနေသလို ရဟန်းတု၊ ရဟန်းယောင်တွေ၊ ဒုလ္လဘဘုန်းကြီးတွေ မဟုတ်ပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

သြဂုတ် ၅ ရက် နံနက် ၂ နာရီ သပိတ်စခန်းဖြိုခွဲချိန်က ဖမ်းဆီးခံရကာ လူဝတ်လဲပြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသည့် သံဃာခြောက်ပါးမှာ
ဦးအဂ္ဂဓဇ (၃၅ နှစ် ၁၄ ၀ါ၊ သာသနာဝင်အမှတ် ၉/မထလ (သ) ၀၀၂၇၅၃ မိတ္ထီလာမြို့နယ် မဘသအတွင်းရေးမှူး၊ အောင်သာကျောင်း၊ ၀န်ဇင်းရပ်၊ မိတ္ထီလာမြို့)၊
ဦးဝိဝေကာနန္ဒ (၂၉ နှစ် ၁၀ ၀ါ၊ သာသနာဝင်အမှတ် ၇/ပခန (သ) ၀၁၁၁၁၄ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ ချမ်းသာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)၊
ဦးဣန္ဒက (၂၆ နှစ် ငါးဝါ၊ သာသနာဝင်အမှတ် ၉/ခမစ (သ) ၀၀၄၇၄၅၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊
ဦးပဏ္ဍိတ (၄၈ နှစ် ၂၈ ၀ါ၊ သာသနာဝင်အမှတ် ၉/ညဥန(သ) ၀၀၁၂၁၈၊ (မည်သည့်အဖွဲ့ဝင်မှမဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊
ဦးအာစာရ (၂၂ နှစ် နှစ်ဝါ၊ သာသနာဝင်အမှတ် ၉/ပကခ (သ) ၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ ပုသိမ်ကြီးမြို့နယ်) နှင့်
ဦးအရိယာဝံသ (၃၀ နှစ် ၁၀ ၀ါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ ငါးဆူကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့) တို့ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိဖမ်းဆီးမခံရသေးသည့် နှစ်ပါးမှာ
ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅ နှစ် ၁၆ ၀ါ၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) နှင့်
ဦးစန္ဒာသီရိ (၄၁ နှစ် ၂၀ ၀ါ၊ သာသနာဝင်အမှတ် ၉/မဟမ (သ) ၀၀၁၂၉၁၊ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့) တို့ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
Writer : မင်းမင်းစိုး
http://news-eleven.com/archives/2731