သတင်း

အတင်းမီဒီယာ

တွဲဖက်အကျိုးတော်ဆောင်ဆရာတော်တစ်ပါးတဲ့ သံဃာတော်တွေရဲ့ မေတ္တာစူးနေတဲ့ အဓမ္မရောင်ခြည်ကြီးလား မသိဘူး။ သံဃာ့အာဏာပိုင်ဖြစ်နေပြီး ဘွဲ့အမည်လေးတောင်မထည့်ရဲတာ အံ့သြတယ်။ မဟုတ်ကဟုတ်က ပါးစပ်သတင်း အရပ်သတင်း အတင်းအဖျင်း စကားတွေကိုလည်း အဟုတ်ထင်ပြီး ယုံကြည်နေတယ်။

ဘူးသီးတောင် မောင်တောကို ကားနဲ့သွားပါတယ်ဗျာ။ ကားငှားခပေးရပါတယ်ဗျာ။ တစ်ရက်တည်းတောင်မဟုတ်ဘူး ခရီးစဉ်တစ်လျှောက် နေ့စဉ်ငှားရတာပါဗျာ။ အဖွဲ့လိုက်စီးတာဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ လမ်းစရိတ် ၂၅ သိန်းယူသွားတာ မလောက်လို့ ထပ်တောင်းရပါတယ်ခင်ဗျာ။

ရဟတ်ယာဉ်ဆိုတာ TV နဲ့ဓာတ်ပုံထဲမှာပဲ မြင်ဖူးပါတယ်ခင်ဗျာ။ အဲဒီလို မဟုတ်က ဟုတ်ကတွေ အဟုတ်ထင်အောင် လျှောက်နေတဲ့သူတွေရဲ့ ရည်ရွယ်ချက်ကို သိသာပါတယ်နော်။ တွဲဖက်အကျိုးတော်ဆောင်တစ်ပါးတွေက များလှချည်းလား။ ဒီတစ်ပါတည်းပြောတာကိုပဲ ခဏခဏ ရေးနေတာလား။

ဒါမှမဟုတ် တွဲဘက်အကျိုးတော်ဆောင်တွေအများကြီးက ဝိုင်းပြောနေကြတာလား။ တွဲဖက်အကျိုးတော်ဆောင်ဆိုတဲ့ ကိုယ်တော်ကြီးကိုလည်းမေးချင်ပါတယ်။ ဒယ်အိုးတို့၊ ရွှေညဝါတို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှည့်ဟောနေတဲ့အပေါ်မှာ စုံညီအစည်းအဝေးတွေ ဘာတွေ ထိုင်ပြီး အရေးယူဖို့ဆွေးနွေးကြတာမျိုးရော ရှိခဲ့ဖူးသလား? အခုလို သတင်းမီဒီယာတွေကနေ သတိပေးပြောကြားတာမျိုးရော ရှိခဲ့ဖူးသလား? အတော်ရီရတဲ့ တွဲဖက်အကျိုးကောင်ကြီးရယ်။ မဟနဆိုလို့ပြောရဦးမယ်။ အဲဒီအဖွဲ့ထဲရောက်သွားရင် သူများမပြောနဲ့ ကိုယ့်ဆရာသမားကိုတောင် ကိုယ်အယုံအကြည်မရှိဘူး မှတ်ထားဗျ။

ဂျာနယ်လစ်တွေကလည်း ဂျာနယ်တွေလစ်ဖို့လောက်ချောင်းနေပုံရပါတယ်။ သတင်းရင်းမြစ်ကိုမမေးဘူး။ ပေါက်တတ်ကရတွေလျှောက်ရေးတယ်။ စိတ်ပျက်စရာအတော်ကောင်းတယ်။ စာနယ်ဇင်းသမားက စာနယ်ဇင်းကျင့်ဝတ် မလိုက်နာမှတော့ စတုတ္ထမဏ္ဍိုင်ကြီးကို ဘယ်လိုမှီခိုရပါမလဲနော်။

အွန်လိုင်းသတင်းတွေကို လူတိုင်းတင်လို့ရတယ်ဗျ။ သူတို့တင်တိုင်း သတင်းအဖြစ်ရေးနေရင် မခက်ဘူးလား။ Wirathu Page အတုက တောရေးတောင်ရေး လျှောက်ရေးနေတာကို သတင်းလုပ်ပြီး ဖြန့်ချီနေတယ်ဆိုတော့ သတင်းမီဒီယာမဟုတ်တော့ဘဲ အတင်းမီဒီယာဖြစ်သွားပြီ။ တရားရုံးမှာ ရှင်းပေရော့ပဲ။

မီဒီယာတွေကလည်း မ.ဘ.သနဲ့ ဝီရသူကို တအားနင်းချစ်တာပဲနော်။ ဘာလို့များ ဒီလောက်ချစ်နေတာလည်းမသိဘူး။ မဘသက မီဒီယာတွေအပေါ် စော်ကားမော်ကားပြုခဲ့တာ တစ်ခါမှမရှိခဲ့ဘူး။ ဒါကိုပဲ ရန်သူကြီးတွေလို ရန်သူစခန်းကြီးတွေကိုပစ်မှတ်ထားသလို ရေးသားနေကြတာတွေ တွေ့ရတော့ ပစ်မှတ်လွဲနေပြီထင်တယ်နော်။

ဝီရသူ(မစိုးရိမ်)
20.6.2017
PM 7:47

==========================================================

“မဘသကိစ္စ နိုင်ငံတော်သံဃမဟာနာယက၏ ဆုံးဖြတ်ချက် ပြင်ဆင်ရန်အကြောင်းမရှိ”
“ဓမ္မစက်၏ဆုံးဖြတ်ချက်အပေါ် အာဏာစက်၏ကူညီပံ့ပိုးမှုအားနည်းကြောင်း မဟန ဆရာတော်တစ်ပါး မိန့်ကြား”

ပြင်ဆင်ရန်အကြောင်းမရှိ
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)သည် တရားမဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းသာ ဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် အကြောင်းမရှိကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ပါးအဖွဲ့ဝင် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်တစ်ပါးက မြန်မာပို့စ် ဂျာနယ်သို့ မိန့်ကြားသည်။
တစ်နိုင်ငံလုံးတွင် မဘသအမည်ကို မည်သည့်အမှုကိစ္စမျိုးတွင်မျှ သုံးစွဲခွင့်မပြုတော့ကြောင်း မြန်မာပြည်အနှံ့ အပြား စိုက်ထူထားသော မဘသစာတန်းပါ ဆိုင်းဘုတ်များအား ဖြုတ်သိမ်းရန် မေ ၂၃ ရက်က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ညွှန်ကြားခဲ့သော်လည်း ကရင်ပြည်နယ်နှင့် မန္တလေးတိုင်း မဘသအဖွဲ့တို့က အဆိုပါ မဘသ အမည်ကို မပြောင်းလဲဘဲ ဆက်လက်သုံးစွဲမည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော်များက မိန့်ကြားသည်ကို လူမှုကွန်ရက်စာမျက်နှာအနှံ့အပြား၌ တွေ့မြင်ကြရသည်။
မဘသအမည်ကိုသာ ဆက်လက်အသုံးပြုသောကြောင့် အရေးယူမည်ဆိုပါကလည်း ဥပဒေအတိုင်း ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ၁၁ရက်ကကျင်းပသည့် ကရင်ပြည်နယ် မဘသအဖွဲ့ အစည်း အဝေးအပြီး၌ ယင်းအဖွဲ့ ဦးဆောင်ဆရာတော်များက မိန့်ကြားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ မဘသ အဖွဲ့မှ ဆက်လက်လုပ်ဆောင်မည်ဟု ပြောဆိုခဲ့ခြင်းအပေါ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၄၇ ပါးအဖွဲ့ဝင် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်တစ်ပါးက ယခုလိုမိန့်ကြားခဲ့သည်။
“နိုင်ငံတော်သံဃမဟာနာယကရဲ့ ဆုံးဖြတ်ချက်တော့ ပြင်မှာမဟုတ်ဘူး။ ဆုံးဖြတ်ချက်အတိုင်း ဆက်သွားမယ်”
သို့သော် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အင်းစိန်ရွာမဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသနှင့် ဒုတိယဥက္ကဋ္ဌဆရာတော်တို့နှစ်ပါးသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဘုရားခန်းခန်းမ၌ မဘသအမည်ဆက်လက်အသုံးပြုမည်မဟုတ်ကြောင်း အပါအဝင် မဟန၏ဆုံးဖြတ်ချက် လေးရပ်တို့ လိုက်နာပါမည်ဟု ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့သည်။
ယင်းပြင် အမျိုး ဘာသာ သာနသာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းလဲကာ ဆက်လက်ရပ်တည်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
“ဒါကလည်း ပြောမယ်ဆိုရင် နိုင်ငံတော်သံဃမာနာယကထံ ခွင့်ပြုချက်ယူရမှာ။ သြဝါဒခံရမှာ။ သြဝါဒခံပြီးမှ လုပ်ခွင့်ရှိမှာ”ဟုလည်း အထက်ပါ မဟနဆရာတော်က ဆက်လက်မိန့်ကြားသည်။
လုပ်ထုံးလုပ်နည်းများအတိုင်း သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ သြဝါဒကိုခံယူပြီး နိုင်ငံရေးကင်းရှင်းခြင်း ပါတီနှင့်ရောယှက်မှုမရှိခြင်း၊ ဗုဒ္ဓဓမ္မပရဟိတအနေဖြင့် တရားဝင်ဝန်ခံကတိပေးနိုင်ပါက မဟနအဖွဲ့အနေဖြင့် ခွင့်ပြုသင့်လျှင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ယင်းဆရာတော်က ထပ်မံမိန့်ကြားသည်။
သို့သော် လက်ရှိအခြေအနေအထိ နိုင်ငံတော်သံဃမဟာနာယကထံ တရားဝင်တောင်းဆိုလာခြင်းမရှိသေး ကြောင်း သိရသည်။

“ဓမ္မစက်ဆုံးဖြတ်ချက် အာဏာစက်၏ ကူညီပံ့ပိုးမှုအားနည်းနေ”
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ပါးစုံညီ ဧကာဒသမညှိုနှိုင်းအထူးအစည်းအဝေးက မဘသအမည် ဆက်လက် အသုံးမပြုရန် ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ၂၀/၉၀ဖြင့် အရေးယူရန်၊ လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ အမြန်ဆုံးအရေးယူရန် ညွှန်ကြားထားပြီးဖြစ်သော်လည်း မဘသအဖွဲ့၏ လုပ်ရပ်များအပေါ် ပြည်ထဲရေးက အရေးယူဆောင်ရွက်ပေးမှု အားနည်းနေကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးအဖွဲ့ဝင် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်တစ်ပါးက မိန့်သည်။
“လုပ်ရမယ့် အလုပ်က တို့ဥပဒေအရလည်း အာဏာပိုင်အဖွဲ့အစည်းက တို့ဓမ္မစက်ကတော့ ဆုံးဖြတ်ချက်ချပြီး အာဏာစက်က ကူညီပံ့ပိုးပေးရမယ့်ကိစ္စ ကူညီပံ့ပိုးမှုက အားနည်းနေတယ်”ဟု နိုင်ငံတော်သံဃမဟာနာယက ၄၇ပါးအဖွဲ့ဝင် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်တစ်ပါးက မိန့်သည်။

“မဘသဦးဆောင်ဆရာတော် ဦးဝီရသူ၏ အပြုအမူများ”
ယင်းအပြင် ဘာသာရေး အဓိကရုဏ်းဖြစ်စေနိုင်သော ဟောပြောမှုများကြောင့် မဘသအဖွဲ့ ဗဟိုဦးဆောင် ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူကို နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါးစုံညီ ဆုံးဖြတ်ချက်ဖြင့် မြန်မာနိုင်ငံ အတွင်း တရားဟောခွင့် ၁ နှစ်တိတိ ခွင့်မပြုကြောင်း မတ်လ ၁၀ ရက်ကထုတ်ပြန်ကြေညာခဲ့သည်။
တရားဟောခွင့်တစ်နှစ်ပိတ်ပင်ခံရပြီး နောက်တစ်နေ့တွင် ဦးဝီရသူသည် (မတ် ၁၀)ရက်က ဧရာဝတီတိုင်း အိမ်မဲမြို့၊ သီကွင်းကျေးရွာ၌ ပါးစပ်ကိုတိတ်ပိတ်ကာ ယခင်ကဟောကြားခဲ့သော တရားခွေဖွင့်၍ အသံတိတ်တရားဟောကြားခဲ့သည်။ ယင်းနောက် ဦးဝီရသူသည် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အချို့တွင် အသံတိတ်တရားပွဲ ဆက်တိုက်ဆိုသလို ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံအချို့၏ ကန့်ကွက်ခြင်းကိုလည်း ခံခဲ့ရသည်။
ယင်းသို့ ဆောင်ရွက်ချက်များအပေါ် နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါးအဖွဲ့ဝင် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်တစ်ပါးက “ဦးဝီရသူဆိုလို့ရှိရင် တို့တရားပွဲပိတ်ပင်ထားတာတို့ တိတ်ပိတ်ပြီး ဆန္ဒပြသလိုလို တိုက်ရိုက်တော့ တရားမဟောဘူး။ တိတ်ခွေနဲ့ဟောပြီးတော့ မလိမ့်တစ်ပတ်လုပ်တာတွေကို တားဆီးမှုမရှိဘူး။ ဒါတွေက သူတို့အာဏာပိုင်အဖွဲ့အစည်းကတားရမယ့် အလုပ်တွေ၊ တို့က အမိန့်ထုတ်ပြန်ထားတာ မလိုက်နာတဲ့သဘောရှိတာပေါ့လေ” ဟု မိန့်သည်။
မန္တလေးမြို့တွင် မဘသဗဟိုဦးဆောင်ဆရာတော် ဦးဝီရသူ ဦးဆောင်၍ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အား ရှုတ်ချသည့် စာရင်းကောက်ယူမှုများလည်းရှိနေကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

“၄၇ပါးစုံညီအစည်းအဝေး ထပ်တင်မယ်”
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ပါးစုံညီအစည်းအဝေး ဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသည့် မဘသအဖွဲ့ ဗဟိုဦးဆောင်ဆရာတော် ဦးဝီရသူကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့မှ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် လာမည့် ဇွန် ၂၈ရက်တွင် ကျင်းပပြုလုပ်မည့် ၄၇ပါးစုံညီအစည်း အဝေးသို့ ထပ်မံတင်ပြဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း တွဲဖက်အကျိုးတော်ဆောင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။
“အခု ဦးဝီရသူကလည်း အဲဒီပုံစံ သူရပ်သွားပြန်ပြီ။ နောက်တစ်မျိုးလှည့်လာတာသူက။ တို့က အခု ၄၇ ပါးစုံညီတင်ပြီး ဆုံးဖြတ်တာပဲ ကျန်တော့တယ်” ဟု သံဃမဟာနာယကအဖွဲ့ ၄၇ပါးအဖွဲ့ဝင် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်တစ်ပါးက မိန့်သည်။
ယင်းအပြင် “ဝီရသူကလည်း တို့ရဲ့ဆုံးဖြတ်ချက်လည်း မလိုက်နာဘူး။ အဲဒီလိုသဘောမျိုးဖြစ်နေတော့ အမိန့်ထုတ်လည်း အာဏာပိုင်အဖွဲ့အစည်းက အရေးမယူရင် တို့ထုတ်တာပဲ အဖတ်တင်မယ်။ ဘယ်လိုအလုပ်ဖြစ်မလဲ” ဟု ဓမ္မစက်၏ နောက်ပိုင်း အာဏာစက်၏ တုံ့ဆိုင်းလေးလံမှုအပေါ် မိန့်ကြားသည်။

“ဘာ့ကြောင့် ကိုင်တွယ်ရခက်နေသလဲ”
အစွန်းရောက် အမျိုးသားရေးဝါဒီများ၏ ဟောပြောချက်၊ ရေးသားချက်များသည် ပဋိပက္ခအသွင် ဖန်တီးရာ ရောက်နေသဖြင့် ပြည်သူလူထုမှ ကန့်ကွက်ရန်နှင့် ပြည်ထဲရေးမှ အာဏာစက်ဖြင့် အရေးယူဆောင်ရွက်ရန် ရွှေဝါရောင်သံဃာတော်များက မေလ ၂၀ ရက်တွင် ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် မေလအတွင်း မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ပဋိပက္ခအငြင်းပွားမှု အချို့ကြောင့် လူစုလူဝေးဖြစ်ပေါ်ကာ မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် သက်ဆိုင်ရာ အာဏာပိုင်၏ ကိုင်တွယ်ဖြေရှင်းမှု အားနည်းချက်များကို နိုင်ငံရေးအသိုင်းအဝိုင်းမှ ဝေဖန်မှုများရှိခဲ့သည်။
ယင်းနောက် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာဘောလုံးကွင်း၌ သာသနာရေးဝန်ကြီး သူရဦးအောင်ကို အပေါ် ကန့်ကွက်ရှုတ်ချပွဲနှင့် နုတ်ထွက်ပေးရေးတောင်းဆိုပွဲသို့ သံဃာတော်နှင့် လူပုဂ္ဂိုလ် ၂,၀၀၀ ကျော်တက်ရောက်ခဲ့သည်။
ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသအပါအဝင် ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ၏ ငွေကြေးစီးဆင်းမှုနှင့် ပတ်သက်ပြီး အစိုးရက စုံစမ်းမှုများ ဆောင်ရွက်လျက်ရှိသည်။
မဘသအပေါ် ကိုင်တွယ်ရန် အကျပ်တွေ့နေရခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးအဖွဲ့ဝင် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်တစ်ပါးထံ မြန်မာပို့စ်ဂျာနယ်မှ လျှောက်ထားခဲ့ရာ ဆရာတော်က “အတွင်းသတင်းကြားတာပေါ့ကွာ။ ဟိုတစ်လောက သူ(ဦးဝီရသူ)ဘူးသီးတောင် မောင်တော ဘက်သွားတယ်။ စစ်တပ်က ရဟတ်ယာဉ်နဲ့တောင် သွားတယ်လို့ ကြားတယ်။ ဟုတ် မဟုတ်တော့ မသိဘူး။ အဲဒီတော့ စစ်တပ်က နောက်က ပံ့ပိုးပေးနေတဲ့သဘောရှိတယ်။ တို့လည်း တိုက်ရိုက်တော့ သိတော့ မသိဘူး။ သူက ဘူးသီးတောင် မောင်တောဘက်ကို ရဟတ်ယာဉ်နဲ့သွားတယ်။ ရဟတ်ယာဉ်ဆိုတာလည်း စစ်တပ်မှာပဲ ရှိတာလေ။ အဲဒါကြောင့်မို့လို့ လုပ်ရကိုင်ရတာ ခက်နေတယ်” ဟု မိန့်ကြားခဲ့သည်။

ဟိန်းထက်