ဟိုတလောက ဓမ္မရဝေတောရကျောင်းတိုက်မှာ သိမ်ရေစက်ချပွဲ အခမ်းအနား ကျင်းပတာတွေ့ရပါတယ်။ ထူးခြားတာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်တာပါပဲ။ ပိုပြီးထူးခြားတာက စာတတ် ပေတတ် ကျမ်းတတ်အကျော် ဆရာတော် တော်တော်များများ ကြွရောက်ချီးမြှောက်ကြတာပါ။
အစီအစဉ်လေးကလည်း ထူးခြားပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆရာတော်တွေထံ သြဝါဒခံယူ ထေရ်ကြီးဝါကြီးဆရာတော်သံဃာတော်တွေက ကိုယ်စီကိုယ်ငှ အသီးအသီး သြဝါဒတွေပေးကြနဲ့ အတော်ကြည်နူးစရာကောင်းပါတယ်။
စာရေးသူတို့ကလည်း ဒီလိုပဲ အစိုးရနဲ့သံဃာတော်တွေ အမြဲတမ်း ထိတွေ့နေစေချင်တာပါ။ ဒါမှလည်းဘာသာရေးဘက်က ထိန်းကျောင်းလို့ရစရာရှိတာတွေ ထိန်းကျောင်းနိုင်မှာပါ။ ပြုပြင်လို့ရစရာရှိတာတွေ ပြုပြင်နိုင်မှာပါ။
အဲဒီအတွက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရပါတယ်။ ဘာပဲပြောပြော ဆရာတော် သံဃာတော်တွေထံ သြဝါဒခံယူဖော်ရသေးတယ်ဆိုပြီး အားရ ကျေနပ်ခဲ့ရတာပါ။
ဆက်စပ်ပြီးတွေးမိတာကတော့ ကုသိုလ်လုပ်တာချင်းအတူတူ ကာချုပ်ကြီးကုသိုလ်လုပ်တာ ဝေဖန်ကဲ့ရဲ့မှု ဆဲရေးတိုင်းထွာမှုတွေကို ခံခဲ့ရပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ကုသိုလ်လုပ်တာကျတော့ သာဓုခေါ်သံပဲ ကြားရတဲ့ ကိစ္စပါ။
အတိုင်ပင်ခံပုဂ္ဂိုလ် ကုသိုလ်လုပ်တာကို အမျိုးသားရေးသမားတွေက သာဓုခေါ်နိုင်ခဲ့ပေမယ့် ကာချုပ်ကြီး ကုသိုလ်လုပ်တာကို နိုင်ငံရေးသမားတွေက ဝေဖန်ကဲ့ရဲ့ ရှုတ်ချခဲ့ကြတာပါပဲ။
အဲဒီမှာ အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား ပိုပြီးကွဲပြားသွားခဲ့တာပါ။ ကာချုပ်ကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့အထဲမှာ သမီးနဲ့သား မင်္ဂလာဆောင်ပွဲတွေနဲ့ တအားနင်းထောသွားတဲ့ မိတ္ထီလာသားကြီးလည်း ပါပါတယ်။
သူက ကာချုပ်ကြီး မစိုးရိမ်တိုက်သစ် ဆွမ်းကပ်တာနဲ့ပတ်သက်ပြီး အချက်နှစ်ချက်နဲ့ ဝေဖန်ခဲ့တာပါ။ တစ်အချက်- မစိုးရိမ်တိုက်သစ်မှာ ဝီရသူရှိတယ်။ ဝီရသူက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို မလိုလားသူဖြစ်ပါတယ်။
နှစ်အချက်- ဝီရသူက မူဆလင်မုန်းတီးရေးသမားဖြစ်တယ်။ ဒါကြောင့် ဒီလိုကျောင်းတိုက်ကိုရွေးချယ်ပြီး ဆွမ်းကပ်တာ သူသဘောမကျဘူးဆိုတာပါပဲ။
ကာချုပ်ကြီးက ဝီရသူဆီလာတာလား၊ မစိုးရိမ်တိုက်သစ်ကိုလာတာလား၊ ကာချုပ်ကြီးဆွမ်းကပ်တာက ပုဂ္ဂိုလ်ကိုကြည်ညိုလို့လား သံဃာကိုကြည်ညိုလို့လား။
ဒီလောက်လေးတောင် မခွဲခြားတော့ဘဲ အခုလို ပါတီအကြီးအကဲ ကိုယ်တိုင်က မဆင်မခြင် ဝေဖန်လိုက်တော့ အနီတွေအကြောင်တွေ ပိုပြီး ဆဲလို့ကောင်းသွားတာပေါ့။
မစိုးရိမ်တိုက်သစ် သံဃာတော်တွေကို အစိုးရအကြီးအကဲတွေက ဆွမ်းမကပ်ကောင်းဘူးလား၊ တကယ်လို့ NLD ပါတီနဲ့ NLD အစိုးရ အကြီးအကဲတွေ မစိုးရိမ်တိုက်သစ် ဆွမ်းလာကပ်ရင်ကော လက်မခံကောင်းဘူးလား မေးခွန်းထုတ်စရာပါ။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ ဆွမ်းလာလောင်းတုန်းကလည်း မစိုးရိမ်တိုက်သစ်က ဝမ်းမြောက်ဝမ်းသာပဲ ကာချုပ်ကြီး ဆွမ်းလာကပ်တော့လည်း မစိုးရိမ်တိုက်သစ်က လိုလိုလားလားပါပဲ။
ဆွမ်းအလှူကုသိုလ်ပြုတာချင်းအတူတူ ဒေါက်တာဇော်မြင့်မောင်ကိုပဲ လက်ခံရမယ်၊ ကာချုပ်ကြီးကို လက်မခံရဘူးဆိုတဲ့အတွေးတွေ အနီအကြောင်တွေမှာ ရှိနေပုံရတယ်။
အခုတလော ချိတ်ထမီတရားတော် အတော်နာမည်ကြီးနေတယ်။ ဟောတဲ့သူကလည်း နှယ်နှယ်ရရမဟုတ်ဘူး တောရဆိုင်းဘုတ်ထောင်ပြီး ဝိပဿနာအမည်တပ်ထားသူ။ ဟောရာပွဲကလည်း ရန်ကုန်တိုင်းအစိုးရကျင်းပတဲ့ နိုင်ငံတော်တရားပွဲ။
ဟောထည့်လိုက်တာလည်း အမေချင်းကို ထပ်လို့။ ချိတ်ထမီ အတုအစစ်တောင် ခွဲပြလိုက်သေး။
ချိတ်ထမီတရားဟောတာနဲ့ပတ်သက်ပြီး ဂုဏ်ယူဝင့်ကြွားကြတဲ့အထဲမှာ ထူးထူးခြားခြားတစ်ယောက်ကတော့ တော်တော့ကို လေးစားစရာကောင်းပါတယ်။
လက်ဆောင်ဝယ်ပေးချင်လို့ ချိတ်ထမီကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ဝယ်ယူနေတဲ့ သံဃာစစ် သံဃာမှန်လို့တောင် ချီးကျူးသွားတာပါ။
အဲဒီချီးကျူးတဲ့သူပါပဲ စာရေးသူက ဖက်ရှင်အမျိုးမျိုး ဝတ်ပုံတွေကို ဝေဖန်ထောက်ပြတုန်းက ဘုန်းကြီးဖြစ်ပြီး မိန်းမထမီဝတ်တာတွေလောက် လိုက်ကြည့်နေတယ် ဘုန်းကြီးက ဘုန်းကြီးလိုမနေဘူး နိုင်ငံရေး လုပ်ချင်ရင် လူထွက်လို့ ကမ္ဘာအနှံ့ ဝေဖန်ပြစ်တင်ခဲ့ပါသေးတယ်။
ဖေးစ်ဘွတ်ပေါ်မှာ ဖက်ရှင်အမျိုးမျိုး စကားလုံးသုံးပြီး ဝေဖန်ရေးသားတဲ့ ဘုန်းကြီးတစ်ပါးနှင့် ပလ္လင်ပေါ်ကနေ ချိတ်ထမီတရား ဟောကြားတဲ့ ဘုန်းကြီးတစ်ပါး ဘာကွာလို့လည်းမသိဘူး တရားဟောတဲ့ဘုန်းကြီးကိုချီးကျူးပြီး ထောက်ပြတဲ့ဘုန်းကြီးကို အဓမ္မသင်္ကန်းချွတ်ခိုင်းနေတာ တွေ့ရတယ်။
ဒါဟာ နိုင်ငံရေးသမားတွေရဲ့ အကျင့်ဆိုးတွေပါ။ အမျိုးသားရေးသမားတွေကတော့ ချိတ်ထမီတရားဟောမှုနှင့်ပတ်သက်ပြီး ငှက်ဆိုးတွေလို ပြင်းပြင်းထန်ထန် မဝေဖန်ကြပါဘူး။
တကယ်လို့များ အဲဒီစကားလုံး အဲဒီပုံစံနဲ့ အဲဒီတရားကို ဦးဝီရသူက ဟောကြားခဲ့ရင် ကမ္ဘာပျက်အောင် ဆဲရေးကြမှာလို့ နှိုင်းယှဉ်ပြတာမျိုးပဲ တွေ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ရွှေညဝါဆရာတော်ရဲ့ မွေးနေ့ပွဲတစ်ခုမှာ ရွှေညဝါဆရာတော်က ကိတ်မုန့်ခွင့်ကျွေးလို့ ရွှေပါရမီတောရဆရာတော်က အခွန့်ခံလို့ ဖေးစ်ဘွတ်ပေါ်မှာ တော်တော်များများ တွေ့လိုက်ရတယ်။
အဲဒီတုန်းကလည်း ဦးဝီရသူသာ ဒီလိုခွင့်ကျွေးရင် ဒါမှမဟုတ် အခွန့်ခံရင် ဆဲလိုက်ကျမဲ့ အဖြစ်မျိုးလောက်ပဲ ဝေဖန်ကြတာ တွေ့ရပါတယ်။ ဒါဟာ ဘာကွာတာလဲ စိတ်ထားချင်းကွာတာပါ။ နိုင်ငံရေးသမားတွေမှာ ယောနိသော မနသိကာရ မရှိပါဘူး။
နိုင်ငံရေးသွေးပဲရှိပါတယ်။
အမှန်တရားဆိုတာ မရှိပါဘူး။ သူ့ဘက် ကိုယ့်ဘက်ပဲ ရှိပါတယ်။ ကုသိုလ်ဆိုတာမရှိပါဘူး။ ပုဂ္ဂိုလ်ရေးပဲ ရှိပါတယ်။ အမျိုးသားရေးသမားတွေကတော့ အဲလိုမဟုတ်ဘူးဗျ။
ကုသိုလ်လုပ်ငန်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် နိုင်ငံရေးသမားတွေလုပ်လည်း သာဓုခေါ်နိုင်ပါတယ်။ စစ်သားတွေလုပ်လည်း သာဓုခေါ်နိုင်ပါတယ်။
အမြင်မတော်တာလုပ်တာတွေ့ရင် အချင်းချင်းလည်း ဝေဖန်ထောက်ပြကြပါတယ်။ သူတစ်ပါးကိုလည်း ဝေဖန်ထောက်ပြကြပါတယ်။
ချီးကျူးစရာတွေ့ရင်လည်း ဘယ်သူ့ကိုမှ ချန်မထားပါဘူး။ နှစ်နှစ်ကာကာကို ချီးကျူးကြပါတယ်။ ဒါကြောင့် အမျိုးသားရေးစိတ်ထားက မြင့်မြတ်ပြီး နိုင်ငံရေးစိတ်ထားက နိမ့်ကျလှပါတယ်။
လူသားအားလုံး မြင့်မြတ်တဲ့စိတ်ထား မွေးမြူနိုင်ကြပါစေ…………။
အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)
14.1.2018
PM 8:51